← Chapters

ယင်ကန်း လှုပ်ရှားလာခြင်း

Vol. 55 Ch. 769

ယင်ကန်း လှုပ်ရှားလာခြင်း

Vol. 55 Ch. 769

အောင်းရှန်က အသက်ပြင်းပြင်းရှူကာ အကောင်းဆုံးအခြေအနေမှာ ရှိစေဖို့ သေချာအောင် လုပ်ဆောင်လိုက်သည်။ ထို့နောက် သူက ထိုသွေးမျိုးဆက်များကို ဝါးမျိုလိုက်ပြီး ဟွင်သွမ်းမျိုးစေ့အတွင်း ထည့်ပေါင်းလိုက်၏။

ပထမဦးစွာ အရာအားလုံးက အဆင်ပြေချောမွေ့နေသည်။ ပိုင်ရှယ်မျိုးနွယ်၏ ဝါးမျိုရေးစွမ်းအားဖြင့် ထိုနတ်ဆိုးများ၏ သွေးမျိုးဆက်ကို ဝါးမျိုသည့်ဖြစ်စဉ်က လွယ်ကူချောမွေ့နေသည်။ ထို့အပြင် သူ့ပင်ကိုနဂါးသွေးမျိုးဆက်ကလည်း တခြားနတ်ဆိုးသွေးများစွာ၏ ပုံစံ ပါဝင်နေလေ၏။

သို့သော်လည်း သူက သွေးမျိုးဆက် အရင်းအမြစ်များစွာကို စုပ်ယူလာသည့်အတွက် သူတို့ထဲတွင် ပါဝင်နေသည့် စိတ်ဆန္ဒကို ရင်ဆိုင်နေရသည်။ သူ့လက်အောက်ရှိ စစ်သူကြီးနှင့် တပ်သားအများစုက ဧကရာဇ်သွေးမျိုးဆက်များ ဖြစ်ကြ၏။

သူတို့၏ သွေးမျိုးဆက်ထဲတွင် ဧကရာဇ်အမှတ်အသားနှင့် သူတို့၏ စိတ်ဆန္ဒ အရိပ်အယောင်ပါဝင်နေသည်။ သူက သူတို့သွေးစက်များများကို စုပ်ယူထားသောကြောင့် ထိုစိတ်ဆန္ဒများက သူ့စိတ်ကို ပြောင်းလဲပစ်ဖို့ ကြိုးစားနေလေသည်။

သူက ဘာမှမလုပ်လျှင် သူ့ဝိညာဉ်နှင့် ဟွမ်သွမ်းမျိုးစေ့က ပျက်စီးသွားမည်ဖြစ်ကြောင်း သိလေသည်။ သို့သော်လည်း အောင်းရှန်က ရက်စက်သည့်သူဖြစ်ပြီး သိုင်းပညာအုပ်စိုးသူကမ္ဘာမှ အတွေ့အကြုံများဖြင့် လေ့ကျင့်ပေးခံထားရသည်။

သူက နှစ်ထောင်ချီအမဲလိုက်ခံရပြီး သူ့နဂါးသွေးကို သောက်လိုသည့်သူများ၊ သူ့နဂါးအသားကို စားလိုသည့်သူများ၊ နဂါးကြွက်သားနှင့် လက်နက်ကိုထုတ်ကာ လက်နက်ပြုလုပ်သည့်သူများနှင့် နဂါးဝိညာဉ်ကိုပင် အသုံးပြုသည့်သူများကို တိုက်ခိုက်ကာ ရင်ဆိုင်ခဲ့ရသည်။

ထိုအတွေ့အကြုံများကြောင့် သူက သူ့စိတ်စွမ်းအားသည် အင်မတန် မြင့်မားသည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။ ထို့ကြောင့် သူက ထိုအကြွင်းအကျန် စိတ်ဆန္ဒနှင့် အမှတ်အသားများကို တိုက်ခိုက်လိုက်သည်။

သူတို့က ပုံရိပ်အမျိုးမျိုးဖြစ်ပေါ်လာပြီး သူ့အသိစိတ်ပင်လယ်အတွင်းရှိ ကမ္ဘာဦးစိတ်ဝိညာဉ်ကို တိုက်ခိုက်လာကြသည်။ ထိုပုံရိပ်တစ်ခုချင်းစီက သူ ရှောင်စုန့်ရှီအပေါ် အသုံးပြုခဲ့သည့် တိုက်ကွက်နှင့် ယှဉ်နိုင်သည့် ဝိညာဉ် သို့မဟုတ် စိတ်တိုက်ကွက်များ ပါဝင်နေသည်။

သို့သော်လည်း အောင်းရှန်က လက်မလျှော့ပဲ သူတို့အားလုံးကို တိုက်ခိုက်နေပြီး သူ့ကို တားဆီးဖို့ ကြိုးစားနေသည့်အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

ထိုဖြစ်စဉ်က အန္တရာယ်များပြားလှသော်လည်း သူက သူ့စိတ်စွမ်းအားကို တိုးမြှင့်ရင်း ဝိညာဉ်ကို သန့်စင်ခဲ့သည့်ဖြစ်စဉ်အတွင်း မယုံကြည်နိုင်လောက်သည့် အတွေ့အကြုံမျိုး ရှိခဲ့ဖူးသည်။

ထာဝရအရှင် ပွင့်ချပ် ၆လွှာအင်အားပဲ…

အောင်းရှန်က အသက်ပြင်းပြင်းရှူကာ တွေးလိုက်မိသည်။

ငါ့အစီအစဉ်က အလုပ်ဖြစ်သားပဲ…

ယခင်က သူသည် ထိပ်သီးပွင့်ချပ် ၅လွှာအဆင့်သာ ဖြစ်သော်လည်း အချိန်တိုအတွင်း အဆင့်တက်သွားနိုင်ခဲ့သည်။

သူ့ဟွင်သွမ်းနဂါးသွေးမျိုးဆက် မျိုးစေ့က သူ့ခန္ဓာကိုယ်ကို အားဖြည့်ပေးပြီး ယေဘုယျစွမ်းအားကို ဖြည်းဖြည်းချင်း တိုးမြှင့်ပေးနေကြောင်း ခံစားမိလိုက်သည်။ ထို့အပြင် အောင်းရှန်က သွေးမျိုးဆက်၏ အံ့ဖွယ်စွမ်းရည်များစွာကိုပင် အသုံးပြုနိုင်ကြောင်း သိလိုက်သည်။

ဒါပေမဲ့ မလုံလောက်သေးဘူး။ အလှမ်းဝေးနေသေးတယ်…

သူက မျက်မှောင်ကြုတ်ကာ တွေးလိုက်မိ၏။ ထို့နောက် သူက လက်ဝှေ့ကာ ရှောင်စုန့်ရှီ၏ ခန္ဓာကိုယ်ကို ထုတ်လိုက်သည်။ ထိုသူက အသက်ရှင်နေဆဲဖြစ်သော်လည်း မျှင်းမျှင်းသာ ဖြစ်၏။

အောင်းရှန်က သူ့ပိုင်ရှယ်မျိုးနွယ်၏ သွေးမျိုးဆက်အများစုကို ဖယ်ရှားလိုက်သော်လည်း သူ့ကို မသတ်ခဲ့ပေ။ သူက အံ့ဖွယ်အသိစိတ်ကို သုံးကာ ရှောင်စုန့်ရှီ၏ ဝိညာဉ်ကို ရှာဖွေခဲ့သည်။

သူ့နဂိုအစီအစဉ်က စိတ်ဝင်စားဖို့ကောင်းသားပဲ…

ရှောင်စုန့်ရှီ၏ နဂိုအစီအစဉ်အရ သူက သေမျိုးနှင့် မသေမျိုးကြား အတားအဆီးကို ချိုးဖောက်ထားသည့် လူခုနစ်ယောက်ကို စုစည်းပြီး ထူးကဲသည့် အစီအရင်တစ်ခုကို အသုံးပြုဖို့ လိုအပ်သည်။ ထိုအစီအရင်က သူ့အား ပင်ကိုရတနာစွမ်းအားအများစုကို ထုတ်ယူခွင့်ပြုထားပြီး တာအိုဘိုးဘေးအဆင့် စွမ်းအားကို အချိန်တစ်ခုမျှ ထုတ်သုံးနိုင်လိမ့်မည်။

သူတို့ရောက်ရှိမည့် စွမ်းအားအဆင့်အတွက်မူ လူ ၇ ယောက်၏ အဆင့်အပေါ် မူတည်၏။

သူ့အစီအစဉ်က ပြစ်ချက် များလွန်းတယ်။ ဒီလိုမျိုး ပြိုင်ပွဲနောက်ဆုံးအခြေအနေမှာ တစ်ယောက်နဲ့တစ်ယောက် အတူတကွ ပူးပေါင်းလောက်အောင် ယုံကြည်ရမဲ့ လူ ၇ယောက်ကို ရှာတွေ့ဖို့ဆိုတာ တော်တော်ခက်ခဲတယ်။

ဤမျိုးဆက်က သေမျိုးနှင့် မသေမျိုးကြားမှ အတားအဆီးကို ချိုးဖောက်ထားသည့်သူ ၇ယောက်ကျော် ရှိထားသော်လည်း အဓိကပြဿနာကမူ သူတို့ကို စုဆောင်းပြီး ရည်ရွယ်ချက်တစ်ခုထဲအတွက် အလုပ်လုပ်နိုင်စေဖို့ ဖြစ်သည်။

ဒီအစီအစဉ်ကို ပြီးမြောက်ဖို့ ခက်ခဲတယ်။ အထူးသဖြင့် ငါ့ရဲ့ နတ်ဆိုးမျိုးနွယ်ရဲ့ ဇစ်မြစ်အရပဲ…

အောင်းရှန်က ခေါင်းအသာယမ်းလိုက်သည်။ သူက ရှောင်စုန့်ရှီထက်ပင် အောင်မြင်နိုင်ချေ နည်းပါးသော်လည်း နောက်ဆုံးအနေဖြင့် စမ်းသပ်ကြည့်လိုသည်။ အောင်းရှန်က ပင်လယ်မျိုးနွယ်အစီအရင်ရှိရာ အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။

သူက ခြေတစ်လှမ်းဖြင့် သူတို့နေရာတွင် ပေါ်ထွက်လာသည်။ ရှောင်စုန့်ရှီ၏ မှတ်ဉာဏ်အသိကို သုံးကာ ထိုအစီအရင်ကို ထိန်းချုပ်ခဲ့ပြီး ဝင်ခွင့်ကို ရယူခဲ့သည်။ ထို့နောက် လက်တစ်ချက်အဝှေ့တွင် သူက ပင်လယ်မျိုးနွယ်၏ စစ်သူကြီးများနှင့် တပ်သားများကို သုတ်သင်ပစ်ခဲ့သည်။

သူ့ခန္ဓာကိုယ်မှ ဝါးမျိုရေးဝဲဂယက်တစ်ခု ထွက်ပေါ်လာပြီး ထိုလူများ၏ သွေးမျိုးဆက်ကို စတင်ဝါးမျိုကာ သူ့ဟွင်သွမ်းမျိုးစေ့ကို အားဖြည့်ပေးနေသည်။ အောင်းရှန်က သူ့စွမ်းအားသည် ဖြည်းဖြည်းချင်း ပွင့်ချပ် ၇လွှာအဆင့်သို့ ချဉ်းကပ်လာပြီဖြစ်ကြောင်း ခံစားမိလိုက်၏။

ထို့နောက် သူက ရုတ်ချည်းဆိုသလို သူ့ခန္ဓာကိုယ်ထဲရှိ နောက်ထပ် စွမ်းအားတစ်ခုကို ခံစားမိလိုက်၍ မျက်မှောင်ကြုတ်လိုက်သည်။ ရည်မှန်းချက် ကြီးမားသည့် နဂါးက ထိုစွမ်းအားအသစ်ကို ခံစားရင်း မျက်လုံးအသာမှိတ်ထားလိုက်သည်။

ပင်ကိုဟွင်သွမ်း စည်းမျဉ်းပဲ…

သူက စိတ်လှုပ်ရှားမှုဖြင့် တွေးလိုက်မိသည်။

ဤစည်းမျဉ်းဖြင့် သူ့ဟွင်သွမ်း သွေးမျိုးဆက်၏ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုလွယ်ကူသွားစေလိမ့်မည်။

ပင်ကိုဟွင်သွမ်းစည်းမျဉ်းက ငါ့အတွက် သတင်းကောင်းရော သတင်းဆိုးရော ဖြစ်နေတယ်…

သူက တွေးလိုက်မိသည်။ သတင်းကောင်းကမူ သိသာလှ၏။ သို့သော်လည်း သတင်းဆိုးကမူ သူ့ကောင်းကင်လမ်းစဉ် စမ်းသပ်ချက်သည် ဤဟွင်သွမ်းစည်းမျဉ်းကြောင့် အဆရာချီ ပိုမိုခက်ခဲသွားလိမ့်မည်။

ဒါပေမဲ့ ငါ ဒီအစီအစဉ်ကို ကျရှုံးသွားမှ စမ်းသပ်ချက်ကို စိတ်ပူတော့မယ်…

အောင်းရှန်က မျက်မှောင်ကြုတ်ပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်မှ အပြောင်းအလဲများကို အာရုံစိုက်လိုက်သည်။ သူက ပွင့်ချပ် ၇လွှာ အဆင့်မရောက်ခင် အချိန်တစ်ခု ကြာမြင့်မည်မှန်း မှန်းဆမိလိုက်သည်။ ကံဆိုးစွာဖြင့် အချိန်က အသက် ဖြစ်နေလေ၏။

မလုံလောက်သေးဘူး။ ငါ ပိုပြီးအလားအလာကောင်းတဲ့ သန့်စင်တဲ့ သွေးမျိုးဆက်တွေ လိုအပ်တယ်။ အထူးသဖြင့် ပင်ကိုသွေးမျိုးဆက်တွေပေါ့…

သူက တွေးလိုက်မိသည်။ သူ့စိတ်ထဲ လူတချို့ ပေါ်ထွက်လာကာ သူ့မျက်ဝန်းအထက် ရက်စက်သည့် အကြည့်တစ်ချက် ဖြတ်ပြေးသွားသည်။

ငါ လူသားတွေဘက်က ဧကရာဇ်သွေးမျိုးဆက်ကိုရော ဝါးမျိုသင့်လား…

ထိုအရာကို ခေတ္တမျှ စဉ်းစားကြည့်ပြီးသည့်နောက်တွင် အောင်းရှန်က တခြားအကြောင်းအရင်းတချို့ကြောင့် နောက်တစ်မျိုးသာ ဆုံးဖြတ်လိုက်သည်။ အဓိကအချက်က လူသားမျိုးနွယ်၏ ဧကရာဇ်သွေးမျိုးဆက်သည် တခြားမျိုးနွယ်နှင့် ကွဲပြားလေသည်။

လူသားမျိုးနွယ်၏ မဟာဧကရာဇ်များက သူတို့၏ မျိုးဆက်အား သွေးမျိုးဆက်ဖြင့် ကန့်သတ်မခံစေလိုပေ။ ထို့ကြောင့် ကျင့်ကြံရေးပါရမီ၊ နားလည်နိုင်စွမ်း၊ ထူးကဲသည့်ရုပ်ခန္ဓာ၊ စွမ်းအင်လှုံ့ဆော်ခြင်းပါရမီ၊ အလားအလာနှင့် သန့်စင်သည့်ဝိညာဉ်၊ ခန္ဓာကိုယ်သန့်စင်ရေးပါရမီ အစရှိသဖြင့် ကောင်းချီးပေးခဲ့သည်။ ထို့ကြောင့် ဘိုးဘေးများက အားကောင်းသည့် မဟာဧကရာဇ်များ ဖြစ်နေသည့်တိုင် လူသားကျင့်ကြံသူများတွင် သူတို့၏ သွေးမျိုးဆက်မှ ဆင်းသက်လာသည့် အားကောင်းသည့် အံ့ဖွယ်စွမ်းရည်မျိုး မရှိကြပေ။ အများစုက မျိုးဆက်မှတဆင့် နည်းပါးသည့် သွေးမျိုးဆက်ကြောင့် အလယ်အလတ်ပါရမီသာ ရှိကြ၏။

နောက်ထပ်အကြောင်းအရင်းကမူ နတ်ဆိုးမျိုးနွယ်ဆီ ယူဆောင်လာမည့် အန္တရာယ်ကြောင့် ဖြစ်၏။ သူ့အနေနှင့် ကမ္ဘာကြီးအား သူ့ကို နောက်ထပ် ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်အဖြစ် မမြင်တွေ့စေလိုသလို ဤအကြောင်းပြချက်ကို သုံးပြီး နတ်ဆိုးမျိုးနွယ်ကို သုတ်သင်ပစ်ခြင်းကို မဖြစ်စေလိုပေ။

ငါက ဒီလူတွေရဲ့ သွေးမျိုးဆက်ကို မစုပ်ယူနိုင်ပေမဲ့ ငါ့မှာ တခြားနည်းလမ်းတွေ ရှိတယ်…

အောင်းရှန်က တွေးလိုက်မိသည်။

ဒီတိုက်ပွဲကွင်းပြင်မှာ သွေးမျိုးဆက်ရှိတဲ့လူတွေ အများကြီးရှိနေတာဆိုတော့ တချို့ငြိမ်နေပြီးတော့ မနိုးထသေးတဲ့သူတွေရှိမှာပဲ…

သူ့လက်ရှိအနေအထားဖြင့် သူ့မျိုးစေ့က ထိုလူများဆီမှ လျှို့ဝှက်ကာ သေးငယ်သည့် သွေးမျိုးဆက်ကို အာရုံခံနိုင်စွမ်း ရှိသည်။ ထိုစွမ်းအားက အားနည်းသော်လည်း ဘာမှမရှိသည်ထက် ပိုမိုကောင်းလေသည်။

အောင်းရှန်က ကြိုတင်အစီအစဉ်ချပြီးသည့်နောက်တွင် ချက်ချင်း ထွက်မသွားသေးဘဲ အချိန်တစ်ခု ယူကာ ပြင်ဆင်ဖို့ ဆုံးဖြတ်လိုက်သည်။

……………………………………………………………………

အလယ်ပိုင်းနေရာ

အစီအရင်တစ်ခု၏ အလယ်တွင်ရှိနေသည့် ယင်ကန်းက ရုတ်ချည်းဆိုသလို မျက်လုံးဖွင့်လာသည်။ သူက အံ့ဖွယ်အသိစိတ်ကို သုံးကာ တစ်စုံတစ်ခုကို စစ်ဆေးကြည့်ပြီးသည့်‌နောက် မျက်မှောင်ကြုတ်လိုက်၏။

“စုဆောင်းထားတဲ့ ယင်ချီက ငါ ထင်ထားတာထက် ပိုနည်းနေတာပဲ”

ယင်ကန်းက ခန္ဓာကိုယ်လေ့ကျင့်ရေးနှင့် ယင်ချီတွင် ကျွမ်းကျင်သူတစ်ယောက် ဖြစ်၏။ အကယ်၍ သူသာ စည်းမျဉ်းကို ကျင့်ကြံပါက သူ့တာအိုသည် ယင်တာအိုသာ ဖြစ်လိမ့်မည်။ ထို့ကြောင့် ဤတိုက်ပွဲကွင်းပြင်သို့ ဝင်ရောက်ပြီးသည့်နောက်တွင် သူက သူ့အသုံးပြုဖို့အတွက် ယင်ချီကို စုဆောင်းဖို့ အစီအရင်ကို ခင်းကျင်းခဲ့သည်။

တစ်စုံတစ်ယောက်ကလည်း ငါ့လိုမျိုး လိုက်လုပ်နေတာလား။ ဒါပေမဲ့ ဘာလို့ ဘာမှ အာရုံမခံမိပါလိမ့်…

သူက အတွေးနက်နေရင်း တစ်စုံတစ်ခုကို တွေးမိသွား၏။

မြောက်ဖက်ပိုင်းက သေသွားပြီလား…

သူက မျက်မှောင်ကြုတ်ကာ စောင့်ဆိုင်းနေသည်။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် လူ ၃ယောက်က သူ့ရှေ့ပေါ်ထွက်လာ၏။

“အခြေအနေဘယ်လိုလဲ” ယင်ကန်းက မေးလိုက်သည်။

“အရှေ့ဖက်ပိုင်းမှာ နည်းနည်းပဲ စုဆောင်းမိတယ်။ အန္တရာယ်ကို ခံစားမိတာနဲ့ အရှင့်ရဲ့ အမိန့်အတိုင်း လိုက်နာပြီးတော့ အတင်းအကြပ် မလုပ်တော့တာ”

“ တောင်ဘက်အခြမ်းက ပြဿနာ မရှိဘူး။ ယင်ချီ လုံလုံလောက်လောက် စုဆောင်းမိပေမဲ့ ပမာဏက ထင်ထားတာထက်တော့ နည်းတယ်”

“ကျွန်တော်က အနောက်ဖက်ခြမ်းမှာ နည်းနည်းပဲ စုဆောင်းနိုင်ခဲ့တယ်”

ယင်ကန်းက နောက်ဆုံးစစ်သူကြီးအား မေးခွန်းထုတ်လိုသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

“ကျွန်တော်က အန္တရာယ် ခံစားမိလို့ သတိထားဖို့ ဆုံးဖြတ်လိုက်တာပါ”

ယင်ကန်းက သူ့စစ်သူကြီးသည် ကြောက်ရွံ့နေသည်ဟု တွေးထင်မိသော်လည်း တစ်စုံတစ်ခုကို ရုတ်ချည်းအမှတ်ရသွား၏။ မိုရှင်းယွင်က ဝမ်ဝေ့နှင့် တိထျန်းကို ရင်ဆိုင်ဖို့ မဟာမိတ်ထဲ ဝင်ရောက်ဖို့ ဖိတ်ကြားခဲ့ဖူးသည်။ ထို့အပြင် နောက်ထပ်လျို့ဝှက်ဆန်းကြယ် အဖွဲ့တစ်ခုကလည်း တူညီသည့် အကြောင်းအရင်းအတွက် သူ့ကို ဆက်သွယ်ခဲ့ဖူး၏။

တိထျန်းက ဝမ်ဝေ့လောက် ခြိမ်းခြောက်မှု ဖြစ်နေတယ်ဆိုတဲ့ ကောလဟာလတွေရှိနေတာပဲ။ အဲဒါက အမှန်များလား…

သူက အနောက်ဘက်အခြမ်းကို လှမ်းကြည့်ပြီးသည့်နောက် မျက်မှောင်ကြုတ်လိုက်သည်။

“အဲဒါဆိုလည်း ထားလိုက်ပါ” သူက ပြောလိုက်သည့်အတွက် စစ်သူကြီး ၃ယောက်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။

“လှုပ်ရှားကြစို့။ ငါတို့တွေ အရှေ့ဘက်အခြမ်းကို တိုက်ခိုက်မယ်” ယင်ကန်းက ပြောလိုက်သည်။

“အရှင် မစောလွန်းဘူးလား” ပထမစစ်သူကြီးက မေးလိုက်သည်။

“စောင့်လိုက်တာ ပိုမကောင်းဘူးလား။ လူများများသေရင် ကျွန်တော်တို့ စုစည်းနိုင်မဲ့ ယင်ချီက ပိုပြီးများလာမှာပဲလေ”

“အခြေအနေက စက္ကန့်နဲ့လိုက်ပြီး ပြောင်းလဲနေတာ။ နောက်ထပ် အပြောင်းအလဲများစွာ ရှိသွားနိုင်တယ်။ အဲဒါကြောင့် အရင်တိုက်ခိုက်မယ်။ ငါတို့တွေ တစ်ဖက်လူကို အရင်စမ်းသပ်ပြီးတော့မှ အချိန်ဆွဲရမလားဆိုတာ ဆုံးဖြတ်ကြတာပေါ့”

“ဟုတ်ကဲ့ပါ။ ဒါနဲ့ လျှိုစစ်ကိုရော ဘယ်လိုလုပ်မှာလဲ”

“သူ သေသွားပြီ” ယင်ကန်းက ပြောလိုက်သည်။

“မြောက်ဘက်အခြမ်းက တစ်ယောက်က သူ့ကို သတ်နိုင်တယ်လား”

ယင်ကန်းက ခေါင်းညိတ်လိုက်၏။ သူက ထိုသူများသည် သူ့ကို ဆက်သွယ်သည့် လျှို့ဝှက်ဆန်းကြယ် အဖွဲ့ဖြစ်လိမ့်မည်ဟု မှန်းဆမိသည်။ သူက သူတို့၏ ဇစ်မြစ်သည် ရှင်းလင်းရေး စတင်စဉ်အတွင်း ဝမ်ဝေ့ ပြောခဲ့သည့် သစ္စာဖောက်များနှင့် ပတ်သက်နေမည်ဟုပင် ကောက်ချက်ချမိသည်။

“သူ့အတွက် လက်စားချေသင့်လား”

“အင်း ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး”

ယင်ကန်းက ထိုသူများကို တိုက်ခိုက်ဖို့ အကောင်းဆုံးအချိန် မဟုတ်ကြောင်း သိလေသည်။ ဝမ်ချုန်၏ မျိုးဆက်ကို အနိုင်ယူပြီး သူ့တာအိုနှလုံးသားကို ပြီးပြည့်စုံပြီးသည်မှ ထိုသူများအကြောင်း အမှန်တရားကို သင်ယူကာ ဖြေရှင်းနိုင်သည်။

“ကောင်းပြီ။ လှုပ်ရှားကြစို့”

သူ့အမိန့်အောက်တွင် သူ့အဖွဲ့က အရှေ့ဘက်ခြမ်းဆီ ရောက်ရှိလာသည်။ သူက အချိန်မဖြုန်းဘဲ ဝမ်ဝေ့တို့အဖွဲ့ကို တိုက်ရိုက် တိုက်ခိုက်လိုက်၏။

***

All Chapters