← Chapters

မိစ္ဆာသားရဲတစ်ရာတောအုပ်

Vol. 5 Ch. 69

မိစ္ဆာသားရဲတစ်ရာတောအုပ်

Vol. 5 Ch. 69

ဒီလိုနဲ့ အချိန်တစ်ပတ်ဆိုတဲ့ အရာက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီးတော့

အပြင်စည်း သိုင်းပြိုင်ပွဲ ကျင်းပချိန်တောင် ကျရောက်လာခဲ့ပြီလေ။ ဒီပြိုင်ပွဲကို နှစ်ပိုင်းခွဲခြားပြီး ကျင်းပမှာဖြစ်ပါတယ်။

ပထမအပိုင်းက တပည့်တွေအားလုံး ဝင်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး

ဒုတိယအပိုင်းမှာတော့ ပထမအပိုင်းမှာ အောင်မြင်ခဲ့တဲ့ သူတွေကို အဆင့် သတ်မှတ် ပေးမှာပါ။ သေသေချာချာ ရှင်းပြရရင်တော့ လူသားနယ်ပယ် အဆင့်၈နဲ့ အထက်မှာရှိတဲ့ တပည့်တွေ အားလုံးက မိစ္ဆာသားရဲတစ်ရာ တောအုပ်ကို ဝင်ရောက်ကျရမှာပါ။ အဲဒီမှာ ပထမဆုံး အောင်မြင်တဲ့ တပည့်အယောက်၂၀ က အဆင့် သတ်မှတ်ချက် ပြိုင်ပွဲမှာ ထပ်ပြီး ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရမှာပါ။

မိစ္ဆာသားရဲ တစ်ရာ တောအုပ်ရဲ့အရှေ့မှာတော့ အပြင်စည်းတပည့် ၁၀၀၀၀ က အဆင့်သင့် စီတန်းလျက် အဆင်သင့် ရှိနေကြပါပြီ။ သူတို့ရဲ့ အရှေ့မှာတော့ အပြင်စည်းအကြီးအကဲချုပ် ရှောင်ချန်းဖန်က အသံကျယ်လောင်စွာနဲ့ သြဝါဒ ပေးနေပါတယ်။

" မိစ္ဆာသားရဲတစ်ရာ တောအုပ်ထဲ ရောက်ရင် တပည့်အချင်းချင်း သတ်ဖြတ်တာက လွဲပြီး ကြိုက်တာ လုပ်လို့ရတယ်။ ပထမဆုံး တောအုပ်ကို ကျော်ဖြတ်နိုင်တဲ့ အယောက်၂၀ကိုပဲ နောက်တစ်ဆင့်တက်ဖို့ အတွက်ရွေးမှာဖြစ်တယ်။ ကျန်တဲ့ သူတွေကတော့ ပြိုင်ပွဲက ထွက်ခွာရမယ်။

မင်းတို့အားလုံးကို သတိပေးချင်တာကတော့ ဒီတောအုပ်က အင်မတန် ကြီးမားတာဖြစ်တယ်။

အဆင့်၁ သားရဲ အမျိုးအစား တွေကိုလည်း ဂိုဏ်းတော်က လွှတ်ထားပေးတယ်။

တချို့သားရဲတွေက မျိုးရိုးဆင့်ကဲ ပြောင်းလဲသွားကျပြီး အရမ်း အန္တရာယ်များတဲ့ သားရဲတွေ ဖြစ်သွားကျပြီ။ မင်းတို့ထဲက တချို့ကတော့ တောအုပ်ထဲမှာ သေဆုံးပြီး ပြန်မထွက်လာဖို့ ရှိတာကိုတော့ မမေ့ကြနဲ့။ ဒါတွေအတွက်လည်း ပြင်ဆင်ထားကျပါ”

တကယ်တော့သူက ရည်ရွယ်ချက်ရှိရှိ ပြိုင်ပွဲဝင်တွေကို ခြောက်လန့် လိုက်တာပါ။

အပြင်စည်း အကြီးအကဲ အများအပြားနဲ့ အပြင်စည်း ကြီးကြပ်ရေးမှုး

၁၀၀၀ ကျော်ကလည်း တောအုပ်ထဲကို လျို့ဝှက်ဝင်ရောက်ပြီး အပြင်စည်း တပည့်တွေ အန္တရာယ်မဖြစ်အောင် စောင့်ကြပ် ပေးကျမှာပါ။ ဒါပေမဲ့လည်း တိုက်ပွဲတစ်ရာ တောအုပ်က အရမ်း ကြီးမားတဲ့အတွက် မတော်တဆမှု တွေကတော့ ရှိနေဦးမှာပါပဲ။ အကြီးအကဲတွေ ကတော့ မတော်တဆမှုတွေ လျော့နည်းသွားအောင်ပဲ လုပ်ပေးနိုင်ပါတယ်။ ဒီပြိုင်ပွဲဝင်တွေ ထဲမှာတော့

ယုံဝူးမြို့က ၅ယောက် ပါဝင်ပါတယ်။ သူတို့တွေကတော့ -

ကောင်းရှု

လီဖူချန်း

ကျူးဟောင်ရှု

ယန်ခိုင်နဲ့

ရှန်းတုကျူး တို့ပါ။ လီဖူချန်းနဲ့ ကောင်းရှုတို့ နှစ်ယောက်စလုံးက လူသားနယ်ပယ် အဆင့်၉အထိ ရောက်နေကျပါပြီ။

ကျူးဟောင်ရှု ၊ယန်ခိုင်နဲ့ ရှန်းတုကျူးကတော့ လူသားနယ်ပယ် အဆင့်၈မှာပဲ ရှိပါသေးတယ်။ ကျူးဟောင်ရှုက လူသားနယ်ပယ် အဆင့်၈ရဲ့ အလယ်အလတ်ကို ရောက်နေတာဖြစ်ပြီး

ယန်ခိုင်ကတော့ လူသားနယ်ပယ် အဆင့်၈ရဲ့ အထွတ်အထိပ်ကို ရောက်နေပါပြီ။ ရှန်းတုကျူး တစ်ယောက်တည်း သာလျှင် လူသားနယ်ပယ် အဆင့်၈ရဲ့ အစကနဦး အဆင့်မှာပဲ ရှိနေသေးတာပါ။ လီဖူချန်းကို တိတ်တဆိတ် ကြည့်နေရင်းနဲ့ ယန်ခိုင်ကော ၊ရှန်းတုကျူးကော နှစ်ယောက်စလုံးက စိတ်မကြည်မသာ ဖြစ်နေကျပါတယ်။

ယုံဝူးမြို့မှာတုန်းက ဆိုရင်တော့ သူတို့က ပါရမီရှင်တွေပါ။ သူတို့က ဘုရင်တွေပါပဲ။

ကလန် အသေးလေးတွေရဲ့ ခေါင်းဆောင်တွေ ကတောင် သူတို့ကို အရိုအသေ ပေးကျရပါတယ်။

ဒါပေမဲ့ မိုးပြာရောင် ဂိုဏ်းမှာတော့ သူတို့က ခွေးသာသာပါပဲ။ ဒီကို ပထမဆုံး ရောက်တုန်းကတော့ သူတို့က ယုံဝူးမြို့မှာ နေစဉ်ကလိုပဲ မြောက်ကြွမြောက်ကြွနဲ့ နေခဲ့မိပါတယ်။သူတို့ကို ကြည့်မရတဲ့ အပြင်စည်း ဂိုဏ်းသားကြီးတွေက သင်ခန်းစာ ခဏခဏ လာပေးပြီးတဲ့ နောက်မှာတော့

နှစ်ယောက်စလုံးက အပိုး ကျိုးသွားခဲ့ပါပြီ။

သူတို့နဲ့ယှဉ်ရင်တော့ သာမန်အရိုး တည်ဆောက်ပုံနဲ့ လီဖူချန်းက အများကြီး သာပါတယ်။သူက တခြားတပည့်တွေရဲ့ သင်ခန်းစာပေးခြင်းကို မခံရရုံသာမက ပြိုင်ဘက်ကင်း တစ်ယောက်ကိုပါ နံရိုးကျိုးအောင် ဆော်လိုက်နိုင်တဲ့ သူတစ်ယောက် ဖြစ်နေပါပြီ။ ဒီကိစ္စက သူတို့နှစ်ယောက်စလုံးကို ထိတ်လန့် သွားစေသလို တစ်ချိန်တည်းမှာပဲ မနာလိုလည်း ဖြစ်လာစေပါတယ်" ဟုတ်ပြီ။

မင်းတို့အားလုံး မိစ္ဆာသားရဲတစ်ရာ တောအုပ်ထဲကို ဝင်လို့ရပြီ"

အပြင်စည်း အကြီးအကဲချုပ် ဖြစ်တဲ့ ရှောင်ချန်းဖန်က လက်ကို ဝှေ့ယမ်းလိုက်ပြီး ခွင့်ပြုလိုက်ပါပြီ။ ခွင့်ပြုချက် ရပြီးတဲ့နောက် အပြင်စည်းတပည့် ၁၀၀၀၀ ကျော်က တောအုပ်ထဲကို အလျိုလျိုဝင်ရောက်သွားကျပါပြီ။

" အကြီးအကဲရှောင် ... ဒီတစ်ခေါက်ပြိုင်ပွဲမှာ စောင့်ကြည့်ရမယ့် တပည့်တွေ တော်တော်များများ ပါလာတယ်နော်။ အကြီးအကဲတစ်ယောက်က သူ့အမြင်ကို ရှောင်ချန်းဖန်ကို ပြောလိုက်ပါတယ်။

ရှောင်ချန်းဖန် ခေါင်းညိတ် ပြလိုက်ပြီး

" ငါရဲ့ နှစ်ပေါင်းများစွာသော အတွေ့အကြုံတွေ အရဆိုရင် ဒီနှစ် ပြိုင်ပွဲဝင်တွေက လွန်ခဲ့တဲ့ နှစ်နှစ်က သူတွေနဲ့တောင် ယှဉ်လို့ရမယ်လို့ ထင်တယ်"

လွန်ခဲ့တဲ့နှစ်နှစ်ဆိုတော့ အကြီးအကဲ ပြောချင်တာက ဓားအရူးသူတော် ပေါ်လာတဲ့နှစ်ကို ဆိုလိုချင်တာလား"

တခြား အကြီးအကဲ တစ်ယောက်က ဂုဏ်ယူတဲ့လေသံနဲ့ ပြောလိုက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ဝင်ပြိုင်တဲ့ ပြိုင်ပွဲဝင်တွေ တကယ့် လက်ရွေးစင်တွေ ချည်းပါပဲလေ။ အဲသည် နှစ်တုန်းကဆိုရင် ဓားအရူးသူတော် ၊  ကျားဓားရှင်နဲ့ မေတ္တာမဲ့ဓားသမား တို့ ပေါ်ထွက် လာကျတာပေါ့။

ဒီသုံးယောက်စလုံးက အခုဆိုရင် ဂိုဏ်းတော်ရဲ့ တပည့်ရင်းတွေ ဖြစ်နေကျပါပြီ။

သုံးယောက် စလုံးကလည်း မြေကမ္ဘာအဆင့်ကို ရောက်နေကျတဲ့ သိုင်းစစ်သည်တော် တွေပါ။ ကောလဟာလတွေ အရဆိုရင် ဓားအရူး သူတော်က ဒီနောက်ပိုင်း ရာစုနှစ်မှာ ပေါ်လာတဲ့ ထိပ်တန်း တပည့်တွေထဲမှာ အတော်ဆုံး ပါပဲတဲ့။ ရှောင်ချန်းဖန်က သူ့အမြင်ကို ပြောပြပါတယ်။

" ဒီနှစ်ပါရမီရှင်တွေ ထဲမှာတော့ ပြိုင်ဘက်ကင်း ၁၀ယောက်ထဲက ယုဝူရှန်းက ကျားဓားရှင်နဲ့ အဆင့်တူတူလောက်ပဲ။ ရှန်ကောင်းဟောင်ကတော့ မေတ္တာမဲ့ ဓားသမားထက် နည်းနည်းလေး အဆင့်နိမ့်နေတယ်။ ဒီနှစ်မှာ ပြိုင်ဘက်ကင်း ၁၀ယောက်ရှိပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းကတော့ ၈ယောက်ပဲရှိတယ်။ ပါရမီပိုင်းမှာတော့ ဒီနှစ်ကလူတွေက အရင်လူတွေနဲ့ အတူတူလောက်ပါပဲ "

" ဒါကတော့အမှန်ပဲ"

နားထောင်နေကျတဲ့ အကြီးအကဲတွေ အားလုံးက ထောက်ခံလိုက်ပါတယ်။

***

မိစ္ဆာသားရဲတစ်ရာ တောအုပ်ထဲမှာတော့ လေထုဖိအားက အရမ်းနိမ့်ကျနေပြီးတော့ မှောင်မိုက်လျက် ရှိနေပါတယ်။ ပြီးတော့ မိစ္ဆာဓာတ်တွေကလည်း ပြည့်နှက်လျက် ပါပဲ။ ပြိုင်ပွဲဝင် အယောက် ၁၀၀၀၀လုံး တောအုပ်ထဲကို ရောက်သွားတာတောင် တောအုပ်ကြီးထဲမှာ လူသံတွေ လုံးဝ မကြားရတဲ့ အထိ တောအုပ်ကြီးက ကျယ်ပြန့် လှပါတယ်။ သစ်ပင်တွေရဲ့ ထိပ်ဖျားပေါ်မှာ ဒါမှမဟုတ် ချုံပုတ်တွေ ထဲမှာတော့ အပြင်စည်း ကြီးကြပ်ရေးမှုးတွေက ပုန်းအောင်းလျက် ပြိုင်ပွဲဝင်တွေကို

ကာကွယ် စောင့်ရှောက်ဖို့ အသင့်ရှိနေကျပါတယ်။

မိုးပြာရောင် ဂိုဏ်းထဲမှာ အကြီးအကဲတွေကို အဆင့်အမျိုးမျိုး ခွဲထားပါတယ်။

အဆင့်တွေကတော့ နိမ့်ရာကနေ မြင့်ရာကို စီထားတာပါ။

အပြင်စည်းလက်ထောက်ကြီးကြပ်ရေးမှုး

အတွင်းစည်းလက်ထောက်ကြီးကြပ်ရေးမှုး

အပြင်စည်းကြီးကြပ်ရေးမှုး

အတွင်းစည်းကြီးကြပ်ရေးမှုး

အပြင်စည်းအကြီးအကဲ

အတွင်းစည်းအကြီးအကဲ ဆိုပြီးတော့ပေါ့။

အပြင်စည်း လက်ထောက် ကြီးကြပ်ရေးမှုးတွေက လူသားနယ်ပယ်မှာပဲ ရှိပါသေးတယ်။ အတွင်းစည်း လက်ထောက် ကြီးကြပ်ရေးမှုးတွေနဲ့ အပြင်စည်း ကြီးကြပ်ရေးမှုး တွေကတော့ စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ် ရောက်နေပါပြီ။ အတွင်းစည်း ကြီးကြပ်ရေးမှုးတွေနဲ့ အပြင်စည်း အကြီးအကဲ တွေကတော့ မြေကမ္ဘာအဆင့် နယ်ပယ်တွေဖြစ်ပြီး အတွင်းစည်း အကြီးအကဲ တွေကတော့ ကောင်းကင် ပိုးနယ်ပယ်တွေပါ။ အပြင်စည်း ကြီးကြပ်ရေးမှုး အယောက် ၁၀၀၀ ကျော်ဆိုတာက စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်အဆင့်က ပညာရှင် အယောက်၁၀၀၀ ကျော်ပါပဲ။

မတော်တဆမှုတွေသာ မဖြစ်လာခဲ့ဘူးဆိုရင် အပြင်စည်း တပည့်တွေက  သတ်သေဖို့ ကြိုးစားရင်တောင် အောင်မြင်ဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။ အဲဒါကိုမှ အပြင်စည်း အကြီးအကဲ အတော်များများက ဝင်ပြီး အားဖြည့် ထားပါသေးတယ်။ အပြင်စည်း အကြီးအကဲတွေက မြေကမ္ဘာအဆင့်က ပညာရှင်တွေ ဖြစ်တဲ့အတွက် သူတို့ရဲ့ တည်ရှိမှုကို ဖုံးကွယ်ထားကျပါတယ်။

ဒါကြောင့် စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်က ပညာရှင်တွေတောင် သူတို့ရှိနေတာကို ဂရုမပြုမိကျပါဘူး။

"ဝူး … ဝှစ် … ဝှစ် … ဖတ်  ဖတ် "

မှောင်မိုက်နေတဲ့ တောအုပ်ကြီးထဲမှာတော့ အရိပ် အများအပြားက သစ်ပင်တွေပေါ်ကနေ ဖြတ်ပြီး ပြေးနေကျပါတယ်။ တချို့အရိပ်တွေက အရမ်းမြန်ပြီး တချို့အရိပ်တွေက တော်တော်လေး နှေးပါတယ်။ လီဖူချန်းက သူ လေပွေ ခြေထောက်သိုင်းကို လေ့ကျင့်ခဲ့မိတဲ့အတွက် ဂုဏ်ယူနေမိပါတယ်။

ဒီသိုင်းကြောင့် သူက လျင်လျင်မြန်မြန် ခရီးဆက်နေ နိုင်တာပါ။ သူ့ရဲ့ခြေထောက်တွေက သစ်ပင်တစ်ပင်ကို ခြေစုံကန်ပြီး လေထဲကို မျောလွင့်သွားရင်းနဲ့ လီဖူချန်းက အနောက်ဘက်က တစ်နေရာကို လှည့်ကြည့်လိုက်ပါတယ်။

သူ့ခံစားချက်တွေ အတိုင်းဆိုရင် တစ်စုံတစ်ယောက်က သူ့အနောက်ကို ပုန်းအောင်းပြီး လိုက်နေပါတယ်။ ဟုတ်ပါတယ်။ လီဖူချန်းကို လိုက်နေတဲ့ သူကတော့ အပြင်စည်း ကြီးကြပ်ရေးမှုး တစ်ယောက်ပါ။

အပြင်စည်း ကြီးကြပ်ရေးမှုးတွေက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်က ဖြစ်တဲ့အတွက် ကိုယ်ဖော့ပညာတွေကို လေ့ကျင့်ထားပြီးပါပြီ။ ဒီကိုယ်ဖော့ပညာတွေက ခန္ဓာကိုယ်ကျင့်စဉ်တွေထက် ရှားပါးပါတယ်။

ခန္ဓာကိုယ်ကျင့်စဉ်တွေရဲ့ အနိမ့်ဆုံးအဆင့်က အဝါရောင် အထွတ်အထိပ် ဖြစ်ပေမဲ့

ကိုယ်ဖော့ပညာတွေရဲ့ အနိမ့်ဆုံးအဆင့်က  အဆင့်နိမ့် ဆန်းကြယ်အဆင့် ဖြစ်ပါတယ်။ ကိုယ်ဖော့ပညာကို လေ့ကျင့်ပြီးတဲ့ သူတွေရဲ့ ခန္ဓာကိုယ်က ပျံလွှားတစ်ကောင်လို ပေါ့ပါးပြီး လှုပ်ရှားရာမှာ အသံလုံးဝမထွက်ပါဘူး။ လီဖူချန်းမှာသာ အလွန်အားကောင်းတဲ့ စိတ်ဝိညာဉ်မရှိရင်

ဒီကြီးကြပ်ရေးမှုးကို လုံးဝ သတိပြုမိမှာ မဟုတ်ပါဘူး။

" ဒီကောင်လေးက ငါ့ရှိနေတာကို ရိပ်မိသွားတာလား"

အပင်ကြီးတစ်ပင်ရဲ့ အနောက်မှာတော့

အသက်၄၀ လောက်ရှိသည့် အပြင်စည်း ကြီးကြပ်ရေးမှုး တစ်ယောက် အံ့သြနေပါတယ်။

သူက ဆန်းကြယ် အဆင့်နိမ့် ကိုယ်ဖော့ ပညာဖြစ်တဲ့

" ငွေတိမ်ငန်း"

ပညာကို လေ့ကျင့်ထားတာလေ။

ဒီပညာရပ်ကြောင့် သူလှုပ်ရှား သွားလာတာက အတော်မြန်ပြီး နူးညံ့ညင်သာပါတယ်။ အသံတစ်သံတောင် ထွက်လာတာ မဟုတ်ပါဘူး။ သူ့ရဲ့မြန်နှုန်းကို အရမ်းမြင့်လိုက်တဲ့ အခါမှာမှ အသံထွက် လာတတ်တာပါ။ ဒါက သူကဒီပညာကို မအောင်မြင်သေးလို့ ဖြစ်ပါတယ်။

ဒီပညာကိုသာ အောင်မြင်သွားပြီးရင် အလွန်လျင်မြန်တဲ့နှုန်းနဲ့ သွားလာရင်တောင် အသံထွက် လာတော့မှာ မဟုတ်ပါဘူး။ လေပွေခြေလှမ်းတိုင်းကို တစ်ဖက်ကမ်းခတ် တတ်မြောက်ထားတဲ့ လီဖူချန်းရဲ့ လှုပ်ရှားမှုတွေကတော့ လေရူး လိုပါပဲ။ သူက နောက်ထပ် အပြင်စည်း တစ်ယောက်ကို သစ်ပင်တစ်ပင်ကို ကန်ပြီး ကျော်တက်သွားပါတယ်။

ရှူး ...

ရုတ်တရက် အပြာရောင် ကျားကွက်စပါးအုံး တစ်ကောင်က သူ့ဆီ ပြေးဝင်လာပါတယ်။ အဆင့်၁ အဆင့်မြင့် မိစ္ဆာသားရဲ - အပြာရောင် ရေခဲမြွေအဆင့်၁ အမျိုးအစားတွေထဲက တိုက်ခိုက်နှုန်းမြန်တဲ့ သားရဲတစ်ကောင် ဖြစ်ပါတယ်။

အပြင်စည်းအကြီးအကဲက လက်နက်ပုန်းတစ်ခုကို ထုတ်လိုက်ပြီး

လီဖူချန်းကို ကူညီဖို့ ပြင်လိုက်ပါတယ်။

" ဖုန်း"

တကယ်တမ်းတော့ လီဖူချန်းက အစောကြီးကတည်းက စပါးအုံးမြွေကို မြင်ခဲ့ပြီးပါပြီ။

ဒါပေမဲ့ သူက လားရာကို ပြောင်းလိုက်ရင် အချိန်ပုပ် သွားနိုင်တဲ့အတွက် အဲသည်မြွေရှိနေတဲ့ နေရာကိုပဲ တည့်တည့် ခုန်ဝင်သွားတာပါ။ သူ့ရဲ့ညာဘက်လက်ကို မြှောက်လိုက်ပြီး စပါးအုံးရဲ့ ခေါင်းကို ထိုးချလိုက်ကာ ပြေးနှုန်းကို အရှိန်မလျော့ပဲ ဆက်ပြေးသွားပါတယ်။ အပြာရောင် ရေခဲမြွေကတော့ ခေါင်းပျောက်သွားပြီး အမြီးတလွန့်လွန့်နဲ့ ကျန်နေခဲ့ပါပြီ။

" မြန်လိုက်တဲ့ ပြေးနှူန်း။ ကောင်းလိုက်တဲ့ တုံ့ပြန်မှု"

အပြင်စည်း ကြီးကြပ်ရေးမှုးက ကြောင်အပြီး ကျန်နေခဲ့ပါတယ်။ လီဖူချန်းရဲ့ လက်သီးချက်က စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်က အဆင့်နိမ့် စစ်သည်တော်တွေရဲ့ လက်သီးထက်တောင် ပြင်းနေတာလေ။ ဒီလို မိစ္ဆာသားရဲ တစ်ကောင်ကို ခေါင်းတစ်ခုလုံး ပျောက်သွားအောင် ထိုးနိုင်တယ် ဆိုတာ လွယ်တဲ့အလုပ် မဟုတ်ပါဘူး။ လူသားပဲဖြစ်ဖြစ် မိစ္ဆာသားရဲပဲဖြစ်ဖြစ် ခန္ဓာကိုယ် တစ်ခုလုံးမှာ အမာကြောဆုံးက ဦးခေါင်းခွံပင် မဟုတ်ပါလား"

ဒီတပည့် ကြောက်စရာ ကောင်းအောင် အစွမ်းထက်လွန်းတယ်။ သူ့နောက်ကို လိုက်နေတာက ဘာမှ ထူးလာမှာမဟုတ်ဘူး။ ငါတခြား တပည့်တစ်ယောက်ကို စောင့်ကြည့်တာက ပိုကောင်းမယ်"

သူ့ရဲ့အလုပ်က အပြင်စည်း တပည့်တွေ အန္တရာယ်မကျရောက်အောင် ကာကွယ်ပေးဖို့ပါ။

ဒါပေမဲ့ လီဖူချန်းက အရမ်း အစွမ်းထက်လွန်းတဲ့အတွက် သူ့ရဲ့ကာကွယ်မှုကို မလိုအပ်ပါဘူး။

ပြီးတော့ ဒီတောအုပ်ထဲမှာ အဆင့်၂ သားရဲတွေ ပေါ်လာဖို့က မဖြစ်နိုင်သလောက်ပါပဲ

" သူထွက်သွားပြီလားဟ"

လီဖူချန်းက မျက်ခုံးပင့်လိုက်ပါတယ်။ အမှန်အတိုင်း ပြောရရင်  သူ့ရဲ့နောက်ကို လူတစ်ယောက် နောက်ယောင် ခံလိုက်နေတာကို သူက လုံးဝ မနှစ်သက်ပါဘူး။ ဒါကြောင့်သူက သူ့နောက်ကို မလိုက်လာတော့အောင် အပြာရောင် ရေခဲမြွေကို ထိုးပြီး အစွမ်းအစ ပြလိုက်တာပါ။ သူခန့်မှန်းတဲ့ အတိုင်းပဲ အပြင်စည်းအကြီးက ထွက်သွားခဲ့ပါပြီ။

***

All Chapters