တစ်ယောက်နှင့် အယောက်တစ်ရာ
Vol. 5 Ch. 70
မိစ္ဆာသားရဲတစ်ရာ တောအုပ်က တကယ်ကို ကျယ်ပြန့်လှပါတယ်။
ဒီတောအုပ်ရဲ့ အဆုံးကို ရောက်ဖို့ဆိုတာ ၃ရက်လောက် အချိန်ယူရမှာပါ။ အာရုဏ်ဦးကနေ စလိုက်တဲ့ ပြိုင်ပွဲက အခုဆိုရင် နေ့လယ်ကိုတောင် ရောက်လာပါပြီ။ လီဖူချန်းက သိပ်ပြီး အလျင်မလိုတာနဲ့ သူယူလာတဲ့ ရိက္ခာခြောက်တွေကို ထုတ်ပြီး နေ့လယ်စာ စားနေပါတယ်။
အနားလည်း ယူရင်းနဲ့ပေါ့လေ။
ဘယ်သူမှ ၃ရက်လုံးလုံး မအိပ်မစားပဲ မနေနိုင်ပါဘူး။ ဒါကြောင့် နားသင့်တဲ့ အချိန် အနားယူတာက ခန္ဓာကိုယ်ကို အမြင့်ဆုံး အခြေအနေ တစ်ခုမှာ ထိန်းသိမ်း ထားနိုင်မှာပါ။ တစ်နာရီလောက် အနားယူပြီး နောက်မှာတော့ လီဖူချန်းက သူ့ရဲ့ခရီးကို ဆက်ပါတယ်။
တကယ်လို့ ဆရာကျတဲ့ ပညာရှင်တွေသာ သားရဲတစ်ရာ တောအုပ်အပေါ်စီးကနေ ပျံပြီး ကြည့်လိုက်မယ် ဆိုရင် ဂိုဏ်းတော်က တပည့်တစ်သောင်း ကျော်ဟာ အဖွဲ့တွေ အများကြီး ဖွဲ့လိုက်ပြီး ခရီးဆက်နေတာကိုတွေ့ရမှာပါ။ ရှေ့ဆုံးမှာ ရောက်နေတဲ့ အဖွဲ့ကတော့ ယုဝူရှန်းနဲ့ သူ့နောက်လိုက်တွေပါပဲ။
သူတို့က ဒုတိယအဖွဲ့ကို နောက်မှာ တော်တော်ကြီး ပြတ်ကျန်နေအောင် လုပ်ထား နိုင်ပါတယ်။ လီဖူချန်းကတော့ ဆယ်ဖွဲ့မြောက် အဖွဲ့ထဲမှာ ရောက်နေပါတယ်။ ဒီအဖွဲ့က သာမန်တပည့်တွေပဲ စုစည်းပြီး ဖွဲ့ထားတာ ဖြစ်တဲ့အတွက် သူတို့ရဲ့ ကန့်သတ်ချက်ကို သူတို့သိကျပါတယ်။
သူတို့က ဖြေးဖြေးနဲ့ မှန်မှန်ပဲ ခရီးဆက်နေကျပါတယ်။ တစ်နာရီလောက် ကြာတဲ့ အခါမှာတော့ လီဖူချန်းက သူတို့အဖွဲ့ကို ကျော်တက် သွားပါပြီ။ နောက်ထပ် တစ်နာရီ အကြာမှာတော့ နံပါတ်ကိုးက အဖွဲ့ကိုပါ ထပ်ကျော်တက်သွား ပြန်ပါတယ်။ နောက်ထပ် တစ်နာရီ အကြာမှာတော့ လီဖူချန်းက နံပါတ်ရှစ်က အဖွဲ့ကိုပါ ကျော်တက် သွားပြန်ပါပြီ။
သူက နံပါတ်၇က အဖွဲ့ကို မီတော့မယ့် ဆဲဆဲမှာပဲ လူအယောက်၁၀၀ လောက်စုထားတဲ့ ဂိုဏ်းအဖွဲ့တစ်ဖွဲ့က လီဖူချန်းကို ဖြတ်တား လိုက်ပါတယ်။ ဒီအဖွဲ့ရဲ့ ခေါင်းဆောင်တွေကတော့ ဖန်လီဟိုင်ရဲ့ လက်ရွေးစင် ၇ယောက်ပါ။ နဲ့မင်က လီဖူချန်းကို ပြောလိုက်ပါတယ်။
" လီဖူချန်း ... မင်းက ဒီမှာရှိနေတဲ့ တပည့်တွေထဲမှာ အစွမ်းဆုံးဆိုတာ ငါသိတယ်။
ဒါပေမဲ့ ငါတို့ အယောက်၁၀၀ရဲ့ အားကို မင်းဖြတ်ကျော်နိုင်ပါ့မလား"
လီဖူချန်းက မီတာ အနည်းငယ်မြင့်တဲ့ သစ်ကိုင်း တစ်ကိုင်းပေါ်မှာ ရပ်နေပြီး သူတို့အားလုံးကို ငုံ့ကြည့်နေပါတယ်။
" ကြည့်ရတာ မင်းတို့အားလုံးက ဒီပြိုင်ပွဲကို လက်လျော့လိုက်ပြီနဲ့ တူတယ်"
" မှန်တယ်။ အယောက်၂၀ပဲ ပြိုင်ခွင့်ရမယ့် ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖို့ ငါတို့က အဆင့်မမီသေးဘူးလေ"
ချူတိုင်းက ပြန်ဖြေလိုက်တယ်။ လီဖူချန်းက သူသိချင်တာကို မေးလိုက်ပါသေးတယ်။
" ငါနားမလည်တဲ့ အရာတစ်ခု ရှိသေးတယ်။ ဖန်လီဟိုင်က သူ့အတွက် မင်းတို့ကို စတေးခံခိုင်းရလောက်တဲ့ အထိ ခိုင်းလို့ရအောင် မင်းတို့ကို ဘာတွေ ကတိပေးထားလို့လဲ"
လီဖူချန်းဆိုတာ တကယ်အစွမ်းထက်တဲ့ သူတစ်ယောက်ဆိုတာ ဒီအယောက်၁၀၀ လုံးက ကောင်းကောင်းကြီး သိပါတယ်။ ဒါတောင်မှ သူတို့က လီဖူချန်းကို လာတိုက်ခိုက်တယ် ဆိုမှတော့ ကြားထဲမှာ အကြောင်းပြချက် တစ်ခုတော့ ရှိမှာအမှန်ပါပဲ။ မိန်ယုလုံက
" မင်းသိစရာမလိုပါဘူး" လို့ပြန်ဖြေလိုက်ပါတယ်။
တကယ်တော့ သူတို့က ဖန်လီုဟိုင်ရဲ့ အနာဂတ်ကို မျှော်ကိုးပြီး အခုလို လုပ်ခဲ့တာပါ။ ပြိုင်ဘက်ကင်း တစ်ယောက်အဖြစ် သတ်မှတ်ခံထားရတဲ့ ဖန်လီဟိုင်က အနည်းဆုံးတော့ တစ်နေ့ကျရင် ကောင်းကင် ပိုးနယ်ပယ်ကို ရောက်ကိုရောက်မှာပါ။ ကောင်းကင်နယ်ပယ် ပညာရှင်တစ်ယောက်က သူတို့ရဲ့ မိသားစုတွေနဲ့ ကလန်တွေကို ကောင်းကောင်းကြီး ကျောထောက်နောက်ခံ လုပ်ပေးနိုင်ပါတယ်။
လီဖူချန်းကိုတော့ သူတို့က ဘာမှသိပ်ပြီး မမျှော်လင့် ထားကျပါဘူး။ သာမန်အရိုး တည်ဆောက်ပုံပဲရှိတဲ့ လီဖူချန်းက အမြင့်ဆုံး ရောက်မယ်ဆိုရင် မြေကမ္ဘာ အဆင့်ပါပဲ။
" လီဖူချန်း ... ငါမင်းကို ဒီနေရာမှာပဲ ရပ်လိုက်ဖို့ အကြံပေးပါရစေ။
မင်းကို လူအယောက်၁၀၀ ဝိုင်းတိုက်ရတယ် ဆိုတာကြီးက ငါတို့လည်း ဒီလိုမဖြစ်ချင်ဘူး”
" ငါတို့အယောက်၁၀၀ ဝိုင်းတိုက်ရင်တော့ မင်းလည်း အနည်းဆုံးတော့ ဒဏ်ရာရမှာပဲ "
" မင်းကလူတော်တစ်ယောက်ပါ။ မင်းရဲ့ရွေးချယ်မှုကို မင်းကောင်းကောင်းလုပ်နိုင်ပါတယ်" ဖန်လီဟိုင်ရဲ့ နောက်လိုက်တွေက လီဖူချန်းကို ဖြောင်းဖျ နေကျပါတယ်။ လီဖူချန်းက ခပ်အုပ်အုပ် ရယ်လိုက်ပြီး
" မင်းတို့ သိထားရမှာက ခွေးအတွေ ဘယ်လောက်ပဲ အရေအတွက်များများ တကယ့် နဂါးတစ်ကောင်ကို အနိုင်မယူနိုင်ဘူးဆိုတာပဲ။ မင်းတို့တွေက ငါ့ကို တားနိုင်ရလောက်အောင် အဆင့်မမီသေးဘူး"
သူ့ရဲ့ စကားဆုံးတာနဲ့ လီဖူချန်းက သစ်ကိုင်းပေါ်က အရှိန်ဖြင့် ခုန်ဆင်းလာပါတယ်။
ချူတိုင်းက အော်လိုက်တယ်။
" သူ့ကိုဝိုင်းတိုက်ကျစမ်း။ သူမတော်တဆ သေသွားမှာ မပူနဲ့။ သူ့အရေပြားတွေက သံမဏိထက်တောင် မာသေးတယ်။ ငါတို့သူ့ကို သတ်ချင်ရင်တောင် သူသေမှာ မဟုတ်ဘူး”
လူသားနယ်ပယ် အဆင့်၉က တပည့် အယောက်၁၀၀နဲ့ လီဖူချန်းတစ်ယောက် တိုက်ခိုက်နေတာကို ကြည့်ရတာ လူသား လှိုင်းလုံးကြီးတစ်လုံးက လီဖူချန်းကို ဝါးမျို လိုက်သလိုပါပဲ။ လီဖူချန်းက ဘာကိုမှအမူမထားပဲ အော်ရယ်နေပါတယ်။
" မင်းတို့ကောင်တွေက ငါ့ကိုတားချင်တယ်ပေါ့လေ"
သူ့ရဲ့လက်မောင်းတွေကို ဆန့်လိုက်ပြီး သိမ်းငှက်တစ်ကောင် သူ့ရဲ့သားကောင်ကို ဖမ်းဖို့မြေပြင်ပေါ်ကို ထိုးဆင်းသွားသလို ပြေးဝင် သွားပါတော့တယ်။ ဖြစ်ပေါ်လာတဲ့ မြင်ကွင်းကတော့ လုံးဝမယုံနိုင်စရာပါပဲ။ လူသားလှိုင်းလုံးကြီးသဖွယ် ဖြစ်နေတဲ့ တပည့် အယောက်၁၀၀က လီဖူချန်းကို လုံးဝမခုခံနိုင်ပါဘူး။
လီဖူချန်းရဲ့ လက်တစ်ဖက် ဝှေ့ယမ်း လိုက်တိုင်းမှာ လူတစ်ယောက်က မြောက်တက်သွားပါတယ်။ ပတ်ဝန်းကျင် တစ်ခုလုံးမှာလည်း သွေးတွေက နေရာအနှံ့မှာ ရှိနေပြီး
အရိုးကျိုးလို့ ထိုင်အော်နေကျတဲ့ အသံတွေကလည်း ဆူညံနေပါတယ်။
" မင်းတို့အားလုံးက ငါ့ကိုဆန့်ကျင်ဖို့ ဆုံးဖြတ်ပြီးပြီ ဆိုတော့ ဖြစ်ပေါ်လာမယ့် အကျိုးဆက်ကိုလည်း ခံနိုင်ရည် ရှိရမှာပေါ့"
လီဖူချန်းက အရမ်းကို မြန်လွန်းပါတယ်။ သူရောက်သွားတဲ့ နေရာတိုင်းမှာ ရှိနေတဲ့ တပည့်တွေက စုတ်ပြတ်သတ် သွားအောင် သမခံလိုက်ရတာ ချည်းပါပဲ။
" လီဖူချန်း။ မင်းကိုယ်မင်း အရမ်း အထင်ကြီးမနေနဲ့"
ချူတိုင်းက လက်ရွေးစင် ခုနစ်ယောက်ကို ဦးဆောင်ပြီး လီဖူချန်းကို တိုက်ခိုက်လိုက်ပါတယ်။
သူတို့ရဲ့ ဓားချက်တွေက ပိုက်ကွန် တစ်ခုလို လီဖူချန်းအပေါ်ကို လွှမ်းခြုံသွားပါပြီ။
" သွားစမ်း"
လီဖူချန်းက ခန္ဓာကိုယ်ကို တစ်ပတ်လည် လိုက်ပြီး လေပွေမုန်တိုင်း ကန်ချက်နဲ့ ကန်လိုက်ပါတယ်။ ကန်ချက်တွေက အရပ်မျက်နှာတိုင်းမှာ အဆုံးမရှိ ထွက်ပေါ် လာတယ်လေ။
လက်ရွေးစင် ခုနစ်ယောက်စလုံးက အနောက်ကို ပြန်ဆုတ်လိုက်ရပါတယ်။
" ဝေါ့……"
တချို့ဆိုရက် လီဖူချန်းရဲ့ ကန်ချက် မိသွားတဲ့အတွက် သွေးတွေတောင် အန်ထုတ် လိုက်ရပါပြီ။ သူတို့ရဲ့ မျက်နှာတွေ ပေါ်မှာတော့ ကြောက်ရွံ့မှုတွေက အထင်းသားပင်။ လွှမ်းမိုးနိုင်စွမ်းက ကြီးမား လွန်းလှတယ်။
လီဖူချန်းရဲ့ စွမ်းရည်က လူသားနယ်ပယ် အဆင့်မှာတင်မကပဲ
စိတ်တန်ခိုးဖွဲ့စည်း ပုံနယ်ပယ်က အဆင့်နိမ့် စစ်သည်တော်တွေကိုတောင် အနိုင်ယူနိုင် နေပါပြီ။ ပြောချင်တာက စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်က စစ်သည်တော်တွေက အစွမ်းမထက်ဘူးလို့ ပြောချင်တာ မဟုတ်ပါဘူး။ သူတို့ရဲ့ ခံနိုင်ရည်အားက လီဖူချန်းကို ယှဉ်လို့မရတာပါ။
အစောပိုင်းတုန်းက သူတို့ရဲ့ ဓားချက်တွေက လီဖူချန်းကို ထိသွားပေမဲ့ လီဖူချန်းကတော့ ဘာဒဏ်ရာမှမရပဲ သူတို့ကိုတောင် သွေးအန်အောင် ပြန်ကန် ခဲ့ပါသေးတယ်။
" သူ့ရဲ့ခံနိုင်ရည်က အရင်တစ်ခါက ထက်တောင် နှစ်ဆလောက်ကို ကောင်းလာသေးတယ်"
ချူတိုင်းကလည်း ခေါင်းကြီးနေပါပြီ။ မိုင်ယုလုံကတော့ လက်မလျော့ချင် သေးပါဘူး။
" ဒီကောင် ငါတို့ရဲ့ ဓားချက်ကို ဘယ်လောက်အထိ ခံနိုင်မလဲ ဆိုတာကို ငါသိချင်သေးတယ်”
ဘယ်လောက် ကောင်းတဲ့ ခန္ဓာကိုယ်ကျင့်စဉ်ပဲ ဖြစ်ဖြစ် အဓိက နေရာတွေကို ထိမိရင်တော့ ထုတ်သုံးထားတဲ့ အတွင်းအားတွေ ပိုကုန်လာမှာပါပဲ။ ကျောက်တုံး တစ်တုံးကို တူနဲ့ထူသလိုပေါ့။
ပထမတစ်ချက်တည်းနဲ့ ကျောက်တုံးကို ကွဲကျေသွားအောင် မလုပ်နိုင်ပေမဲ့ တစ်နေရာတည်းကို အကြိမ်ကြိမ် ထုရိုက်နေရင်တော့ အမာဆုံးဆိုတဲ့ ကျောက်တုံးကလည်း ကွဲသွားနိုင်တာပါပဲ။ မိုင်ယုလုံက အော်ဟစ်ပြီး အမိန့်ပေးလိုက်ပါတယ်။
" မတ်တတ် ရပ်နိုင်သေးတဲ့ လူတွေအားလုံး ဝင်တိုက်စမ်း"
လူသားလှိုင်းလုံးကြီးက လီဖူချန်းဆီကို တဖန် ပြန်တိုးဝင်ပြန်ပါပြီ။ ဒီတစ်ခါတော့ လီဖူချန်းက အရင်လို မဟုတ်တော့ပါဘူး။
" မင်းတို့အားလုံးက ငါအလျော့ ပေးထားတာကို သဘောမပေါက်မှတော့ ငါ့အဆိုး မဆိုနဲ့တော့"
ရုတ်တရက် မီးလိုပူတဲ့ အတွင်းအား လှိုင်းတွေက လီဖူချန်းဆီကနေ ထွက်ပေါ်လာပါတယ်။
ထို့နောက်မှာတော့ လီဖူချန်းရဲ့ မိုးသီးမိုးပေါက်လို ကန်ချက်တွေက လေပြင်းမုန်တိုင်းတွေ ကျရောက်လာသလို ပြောင်းလဲသွားပါပြီ။ သူ့ကန်ချက်တွေ ထိမိတဲ့လူတိုင်းက နေရာမှာတင်ကို တန်းပြီး တုန်းခနဲ လဲကျသွားကုန်ပါတယ်။ လီဖူချန်းက အစောပိုင်းမှာ အင်အားတွေကို အတတ်နိုင်ဆုံး ထိန်းထားခဲ့တာပါ။ အခုတောင်သူက အားရဲ့ သုံးပုံတစ်ပုံလောက်ပဲ အသုံးပြုရ ပါသေးတယ်။
သူသာ ဒီထက် အားအင် စိုက်ထုတ်လိုက်မယ် ဆိုရင်တော့ သူ့ကန်ချက်ကို ထိမိတဲ့လူတွေက သေတောင် သေသွားနိုင်ပါတယ်။
ဖုန်း ...
လီဖူချန်းရဲ့ ကန်ချက်က မိုင်ယုလုံရဲ့ ပခုံးကို ထိမိသွားပြီး
မိုင်ယုလုံရဲ့ လက်မောင်းက ခန္ဓာကိုယ်ကနေ ပြုတ်ထွက် သွားခဲ့ပါတယ်။ ထို့နောက်မှာတော့ ဆက်တိုက် ဆိုသလို နဲ့မင် ကလည်း မြေပြင်ပေါ်မှာ သွေးအလူးလူးနဲ့ လှိမ့်နေပါပြီ။
" တော်ကျတော့။ အခုချက်ချင်း ရပ်လိုက်ကျစမ်း"
ပုန်းအောင်းနေကျတဲ့ အပြင်စည်း ကြီးကြပ်ရေးမှုးတွေက ဆက်ပြီး ပုန်းအောင်း မနေနိုင်တော့ပါဘူး။ ဒီအတိုင်း ဆက်သွားရင် လီဖူချန်းရဲ့ အရှိန်ရနေတဲ့ တိုက်ခိုက်မှုတွေ ကြောင့် တစ်ယောက် ယောက်ကတော့ သေတော့မှာပါ။ ချူတိုင်းကတော့ သူ့လူတွေကို မြေပေါ်မှာ လူးလိမ့်နေအောင် သမထားတဲ့ လီဖူချန်းဆီကို လူသတ်တော့မယ့် မျက်လုံးတွေနဲ့ ချည်းကပ် သွားနေဆဲပါ"
"မင်းကသေချင်နေပြီလား"
အပြင်စည်း ကြီးကြပ်ရေးမှုး တစ်ယောက်က ချူတိုင်းကို မာန်မဲလိုက်ပါတယ်။
" မင်းသွားလို့ရပြီ။ ဒီကောင်တွေကို ငါတို့နဲ့ထားခဲ့လိုက်တော့"
ခေါင်းဆောင် ဖြစ်ဟန်တူသော ကြီးကြပ်ရေးမှုးက လီဖူချန်းကို ပြောလိုက်ပါတယ်။ လီဖူချန်းက သက်ပြင်း တစ်ချက်ချလိုက်ပြီး သူ့ရဲ့ လူသတ်ချင်စိတ်တွေကို ပြန်ထိန်းလိုက်ပါတယ်။
" ကျေးဇူးတင်ပါတယ် ကြီးကြပ်ရေးမှုး"
ပြောပြီးတာနဲ့ လီဖူချန်းက လှည့်ထွက် သွားပါတော့တယ်။
" သရဲမရဲ စီးသလို ကြောက်စရာ ကောင်းလိုက်တဲ့ ကောင်ပါလား"
စကားသံနဲ့အတူ လေဟာနယ်ထဲကနေ အပြင်စည်းအကြီးအကဲတစ်ယောက်ပေါ်လာပါတယ်။
"အကြီးအကဲ"
ကြီးကြပ်ရေးမှုး အားလုံးက ခါးကိုင်းပြီး အရိုအသေ ပေးလိုက်ပါတယ်။
အကြီးအကဲက လက်ကို ဝှေ့ယမ်းလိုက်ပြီး
" ဒီတပည့်လေးရဲ့ တိုက်ခိုက်မှုတွေက တကယ်တိကျပြီး ပြင်းထန်တယ်။
ကံကောင်းတာက ဒီတိုက်ပွဲက ဂိုဏ်းသား အချင်းချင်း ဖြစ်တာကြောင့်ပဲ။ အပြင်လောကမှာဆိုရင် တပည့် တစ်ဝက်လောက်က ပွဲစ ကတည်းက သေနေလောက်ပြီ”
တစ်ယောက်နဲ့ အယောက်၁၀၀။ အပြင်စည်း ဂိုဏ်းထဲမှာ ဒီလိုကြောက်ဖို့ ကောင်းတဲ့ တပည့်တစ်ယောက်က ဘယ်တုန်းက ပေါ်လာတာပါလိမ့်။ အပြင်စည်း အကြီးအကဲက ခံစားချက်တွေ ရှုပ်ထွေးစွာဖြင့် မှတ်ချက် ချလိုက်ပါတယ်။
***