← Chapters

မျိုးရိုးဗီဇ ဆင့်ကဲ ပြောင်းလဲသွားသော နတ်ဆိုးသားရဲ

Vol. 6 Ch. 71

မျိုးရိုးဗီဇ ဆင့်ကဲ ပြောင်းလဲသွားသော နတ်ဆိုးသားရဲ

Vol. 6 Ch. 71

အချိန် အနည်းငယ် အကြာမှာတော့ လီဖူချန်းရဲ့ လူသတ်ချင်စိတ်တွေက လုံးဝ ပျောက်ကွယ် သွားပါပြီ။

“ငါ့ရဲ့ ခန္ဓာကိုယ် ခံနိုင်ရည် အားကြောင့်သာ မဟုတ်ရင်တော့ ငါ့ရဲ့ပြင်ပ ခွန်အားက ဒီထက်နှစ်ဆ ရှိလာရင်တောင် ဒီကောင်တွေဆော်လို့ ငါမှောက်လောက်တယ်”

ဒီတစ်ခါတိုက်ပွဲက လီဖူချန်းရဲ့ ခန္ဓာကိုယ် ကျင့်စဉ်လမ်းကို ကျင့်ကြံချင်စိတ်ကို ပိုပြီးဖြစ်လာ စေပါတယ်။ သိုင်းတာအိုလမ်းကို လျှောက်ရတာက အရမ်းကို အန္တရာယ် များလွန်းလှပါတယ်။ လီဖူချန်းက အပြင်စည်းတပည့်ပဲ ဖြစ်သေးတာကြောင့် အပြင်လောကကို ထွက်ပြီး ကျောင်းတော်က ပေးအပ်တဲ့ တာဝန် စစ်ဆင်ရေးတွေကို မလုပ်ရသေးပါဘူး။

အတွင်းစည်းတပည့် ဖြစ်ပြီးရင်တော့ တစ်နှစ်ကို အနည်းဆုံး တစ်ခါလောက်တော့ ကျောင်းတော်က ပေးအပ်တဲ့ တာဝန်တွေ လုပ်ဆောင်ရမှာပါ။ တာဝန်ချိန် စစ်ဆင်ရေးတွေကို လုပ်ရတဲ့ အချိန်ကျရင် ချောချောမွေ့မွေ့နဲ့ ပြီးသွားရင်တော့ အေးဆေးပါဘဲ။ ဒါပေမဲ့ တာဝန်က ချောချောမွေ့မွေ့နဲ့ မပြီးဘူးဆိုရင်တော့ သေတောင် သေသွားနိုင်ပါတယ်။ အပြင်ဘက် လောကက အရမ်း အန္တရာယ်များပြီး မာယာတွေနဲ့ ပြည့်နှက်နေပါတယ်။ တချို့ အရမ်းအစွမ်းထက်တဲ့ တပည့်တွေတောင် အပြင်လောကကို တာဝန်နဲ့သွားရင် မမျှော်လင့် ဘဲ သေဆုံးခဲ့ကြ ဖူးပါတယ်။

အခုလီဖူချန်းလို အုပ်စုလိုက် ဝိုင်းတိုက်တာ ခံရရင်လည်း သေနိုင်တာပါဘဲလေ။ မင်းက တိုက်ခိုက်ရေးပိုင်းမှာ အရမ်း အစွမ်းထက်ပေမဲ့ ခံနိုင်ရည်ပိုင်းမှာ အားနည်းနေရင် တစ်ဖက်ရန်သူရဲ့ တိုက်ခိုက်မှု တစ်ခုက ချက်ကောင်းကို ထိရင်လည်း မင်းဒဏ်ရာရသွား နိုင်တယ်လေ။ ဒဏ်ရာက မင်းရဲ့ ခန္ဓာကိုယ်ကို အကောင်းဆုံး အခြေအနေတစ်ခုမှာ ထိန်းမထားနိုင်အောင် ဒုက္ခ ပေးနိုင်ပါတယ်။ နောက်ဆုံးမှာတော့ သွေးထွက်လွန်ပြီး သေမှာပါပဲ။

***

နံပါတ်ခြောက်အဖွဲ့ ... နံပါတ်ငါးအဖွဲ့။ ညနေခင်းကို အရောက်မှာတော့ လီဖူချန်းက နံပါတ်ငါးအဖွဲ့နဲ့ နံပါတ်လေး အဖွဲ့တို့ စတည်းချတဲ့ နေရာကို ကျော်တက်သွားပါပြီ။ ဒါပေမဲ့ လီဖူချန်းက ထိုနှစ်ဖွဲ့ကို ကျော်တက် လာခဲ့တယ်ဆိုတာ သူမသိပါဘူး။ တောနက်ကြီးထဲမှာ အရှိန်မြင့်ပြီး ပြေးလွှားနေတုန်းမှာ သူ့ရဲ့နားထဲကို ပုံမှန်မဟုတ်တဲ့ အသံတစ်ခုက ဝင်ရောက် လာပါတယ်။

ဖျောက် ... ဖျောက် ...

ချုံပုတ် တစ်ခုထဲကနေ သွေးကဲ့သို့ ရဲရဲနီနေသော နတ်ဆိုးသားရဲ တစ်ကောင်က ဝုန်းခနဲ ထွက်လာခဲ့ပါတယ်။ အဲဒါက သွေးကျားသစ် တစ်ကောင်ပါ။ ဒါပေမဲ့ ဒီကောင်က သာမန် သွေးကျားသစ် တွေနဲ့ နည်းနည်းကွဲပြား နေပါတယ်။ သွေးကျားသစ်တွေရဲ့ မျက်လုံးတွေက ရဲရဲတောက် နီမြန်းလေ့ ရှိတတ်တာပါ။ ဒီကောင့်ရဲ့ မျက်လုံးတွေကတော့ ခရမ်းနုရောင်တွေ ဖြစ်နေပါတယ်။ လီဖူချန်း ခေါင်းထဲမှာ အတွေးတစ်ခုက ရုတ်ခြည်းဝင်လာပါတယ်။

“ဒါက မျိုးရိုးဗီဇ ပြောင်းသွားတဲ့ နတ်ဆိုးသားရဲများလား"

နတ်ဆိုးသားရဲတွေနဲ့ လူတွေက အတော်လေး ခြားနားပါတယ်။ သူတို့ရဲ့ သွေးမျိုးဆက်နဲ့ အရိုးတည်ဆောက်ပုံတွေက လောကနိယာမနဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်နေတာပါ။

ဥပမာပြောရရင် ကျားသစ်အမျိုးအစား နတ်ဆိုး သားရဲတွေရဲ့ ခန္ဓာကိုယ် ထဲမှာတောင် မတူညီတဲ့ သွေးမျိုးဆက် အတော်များများ ပါဝင်ပါတယ်။ နတ်ဆိုးသားရဲ တစ်ကောင် ပိုပြီး အစွမ်းထက်လာဖို့ ဆိုရင် ရွေးချယ်ရမယ့် လမ်းကြောင်းနှစ်ခု ရှိပါတယ်။ အဲဒါကတော့ မျိုးရိုးဗီဇ ပြောင်းလဲပြီး သန္ဓေပြောင်း သားရဲဖြစ်မလား ဒါမှမဟုတ် ဆင့်ကဲ ပြောင်းလဲမလား ဆိုတာပါဘဲ။

မျိုးရိုးဗီဇ ပြောင်းလဲတာက ခန္ဓာကိုယ်အတွင်းမှာ ရှိနေတဲ့ သွေးမျိုးဆက်တွေ အကုန် ပေါင်းလိုက်ပြီး မျိုးစိတ် အသစ်တစ်မျိုး ဖြစ်သွားတာပါ။

ဆင့်ကဲ ပြောင်းလဲတာကတော့ ခန္ဓာကိုယ် အတွင်းမှာရှိတဲ့ အသန်မာဆုံး သွေးမျိုးဆက်က တခြား သွေးမျိုးဆက်တွေကို ဖိနှိပ်ပြီး ဖယ်ရှားလိုက်တာပါ။ ဒီကျားသစ်ကို ကြည့်ရတာတော့ သန္ဓေပြောင်း ကျားသစ် ဖြစ်မယ့်ပုံပါဘဲ။ သူ့ရဲ့ စွမ်းရည်က သာမန် သွေးကျားသစ်တွေထက် အဆပေါင်းများစွာ ပိုအစွမ်း ထက်ပါတယ်။

“ဝေါင်း ..."

သန္ဓေပြောင်း သားရဲက အနောက်ကို တစ်ချက်ဆုတ်ကာ အရှိန်ယူလိုက်ပြီး လီဖူချန်းကို ခုန်အုပ် လိုက်ပါတယ်။ လီဖူချန်းကလည်း မြေကြီးပေါ် တစ်ချက် လှိမ့်လိုက်ပြီး သန္ဓေပြောင်း သွေးကျားသစ်ရဲ့ တိုက်ခိုက်မှုကို ရှောင်တိမ်း လိုက်ပါတယ်။ သွေးကျားသစ်တွေက အဆင့်တစ် ထိပ်တန်းသားရဲတွေ ဖြစ်ပြီး လျင်မြန်သွက်လက်တဲ့ လှုပ်ရှားမှုတွေကြောင့် အန္တရာယ်များတဲ့ သားရဲတွေအဖြစ် ကျော်ကြား ပါတယ်။ ဒီသန္ဓေပြောင်း သားရဲကျားသစ် ကတော့ သာမန် သွေးကျားသစ် တွေထက်ကို နှစ်ဆလောက် မြန်သဖြင့် လီဖူချန်းတောင် မနည်း ရှောင်လိုက်ရတာပါ။ သူ့နေရာမှာ တခြားတစ်ယောက် ဆိုရင်တော့ သေနေ လောက်ပါပြီ။ အကြီးအကဲတွေ ပြောတဲ့ သေစေနိုင်လောက်တဲ့ မတော်တဆမှုဆိုတာ ဒီလိုမျိုးကို ဆိုလိုတာပင် ဖြစ်မည်။ ခုန်အုပ်တာ လွတ်သွားတဲ့ နောက်မှာတော့ သန္ဓေပြောင်း သွေးကျားသစ်က ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး အမြီးကို ကျာပွတ်သဖွယ် အသုံးပြုကာ လီဖူချန်းကို ရိုက်ချလိုက်ပါတယ်။

ဖုန်း ...

လီဖူချန်းက ဒီရိုက်ချက်ကို မရှောင်နိုင်တော့တဲ့ အတွက် ဘယ်ဘက် လက်မောင်းနဲ့ ခံဆောင် လိုက်ပါတယ်။ လီဖူချန်းရဲ့ ခန္ဓာကိုယ်က ဘေးကို လွင့်ထွက်သွားပါတယ်။ လီဖူချန်းက အနည်းငယ် ကြောင်အ သွားမိပါပြီ။

သူ့ရဲ့ အခုလက်ရှိ စွမ်းရည်နဲ့တောင် ဒီသန္ဓေပြောင်း သွေးကျားသစ်ရဲ့ အမြီးရိုက်ချက်ကို မခံနိုင်ဘဲ လွင့်ထွက် သွားရတယ်တဲ့လား။ တော်ပါသေးတယ်။ သန္ဓေပြောင်း သွေးကျားသစ်ရဲ့ အရည်အသွေးက လျင်မြန်မှုကို ဦးစားပေး နေလို့ပါ။ သူ့ရဲ့ ခွန်အားက သိပ်မကောင်းတဲ့အတွက် လီဖူချန်းရဲ့ ဘယ်ဘက်လက်က အနည်းငယ် ထုံကျင် သွားတာက လွဲပြီး ဘာမှ ထိခိုက်မှု မရှိသွားပါဘူး။ လီဖူချန်း လေထဲမှာပဲ ဓားကို ဆွဲထုတ်ထားလိုက်ပြီး မြေပြင်ပေါ်ကို ရောက်တာနဲ့ချက်ချင်း သန္ဓေပြောင်း သွေးကျားသစ်ဆီကို ခုန်ဝင်သွားပြီး ဓားနဲ့ ပိုင်းလိုက်ပါတယ်။

“ထန်”

သန္ဓေပြောင်း သွေးကျားသစ်မှာလည်း သာမန် သွေးကျားသစ်တွေလိုပဲ သွေးအရိုး အလွှာတစ်ထပ် ရှိပါတယ်။ သွေးကျားသစ်တွေမှာတော့ အနီရောင် သွေးအရိုးရှိပြီး သန္ဓေပြောင်း သွေးကျားသစ်မှာတော့ ခရမ်းနုရောင် သွေးအရိုး ရှိပါတယ်။ လီဖူချန်းရဲ့ သစ်သားဓားက သွေးအရိုးကို ထိမိလိုက်တဲ့ အခါမှာ သွေးအရိုးက ကွဲထွက်သွားပြီး ခရမ်းနုရောင် သွေးတွေက ရေပန်းလို ပန်းထွက်လာပါတယ်။

"သေစမ်း"

လီဖူချန်းက သူ့ရဲ့ဓားကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်လိုက်ပြီး အလွန်ပြင်းထန်တဲ့ အားနဲ့ သန္ဓေပြောင်း သွေးကျားသစ်ရဲ့ လည်ပင်းကို ထပ်မံခုတ်ချလိုက်ပါတယ်

"ကျောက်စိမ်းနီ မရဏခေါ်သံ"

လီဖူချန်းက ဓားကို ပြန်သိမ်းလိုက်တဲ့ အခါမှာတော့ သန္ဓေပြောင်း သွေးကျားသစ်က မြေကြီးပေါ်ကို အရုပ်ကျိုးပြတ် လဲကျသွားပါတော့တယ်။

ဒီသန္ဓေပြောင်း သွေးကျားသစ်က အဆင့် ၁ နတ်ဆိုးသားရဲ ဖြစ်ပေမဲ့ အဆင့် ၂ ရောက်ဖို့ကို သိပ်မလိုတော့ဘူးပဲ။ လူသားမဟုတ်တဲ့ မျိူးနွယ်စုတွေကို နတ်ဆိုးသားရဲတွေက အုပ်စိုးပါတယ်။

အဆင့် ၁ မိစ္ဆာသားရဲ တစ်ကောင်က ခွန်အား ၁၀၀၀၀ ကီလိုရှိပါတယ်။ သူတို့ရဲ့ မိစ္ဆာဓာတ် စွမ်းအင်တွေနဲ့ ပေါင်းလိုက်တဲ့ အခါကျရင်တော့ ဒီနတ်ဆိုး သားရဲတွေက လူသားမဟုတ်တဲ့ မျိုးနွယ်စုတွေ အပေါ်မှာတော့ ဘုရင်လိုပါဘဲ။

သန္ဓေပြောင်း သွေးကျားသစ်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးက တန်ဖိုးရှိပေမဲ့ တကယ့် အဖိုးအတန်ဆုံးကတော့  နတ်ဆိုးအမြုတေပါဘဲ။ သန္ဓေပြောင်း နတ်ဆိုးသားရဲတွေ တိုင်းမှာ နတ်ဆိုးအမြုတေ ရှိဖို့က ၈၀ ရာခိုင်နှုန်းလောက် သေချာပါတယ်။ သန္ဓေပြောင်း သွေးကျားသစ်ကို သေသေချာချာ လှီးဖြတ်ပြီး နောက်မှာတော့ လီဖူချန်းက ခရမ်းရောင် အမြုတေကို ရှာဖွေတွေ့ရှိ သွားပါတယ်။ သာမန်ရိုးရိုး သွေးကျားသစ် တစ်ကောင်ရဲ့ အမြုတေက ရွှေပြား တစ်ထောင်လောက်တာ တန်ပေမဲ့ သန္ဓေပြောင်း သွေးကျားသစ် တစ်ကောင်ရဲ့ အမြုတေကတော့ ရွှေပြား ငါးထောင်လောက် တန်ပါတယ်။

"ငါ့ဆီမှာ အမှတ်တွေ မရှားပေမဲ့လည်း ရွှေပြားတွေတော့ လိုနေသေးတာပဲ"

နတ်ဆိုးအမြုတေက သွေးတွေကို သုတ်လိုက်ပြီး လီဖူချန်းက အတွင်းအိတ်ထဲကို ထည့်လိုက် ပါတယ်။

***

ကောင်းကင်တစ်ခုလုံးက ပိန်းတိတ်အောင် မှောင်သွားတဲ့ အချိန်မှာတော့ သားရဲတစ်ရာ တောအုပ်က  ပိုပြီး ထိတ်လန့်စရာ ကောင်းလာပြီ။ မိစ္ဆာဓာတ်တွေ ပိုထူထပ်လာပြီး ထူးဆန်းတဲ့ မိစ္ဆာအော်သံတွေကလည်း အရပ်မျက်နှာ ပေါင်းစုံကနေ ထွက်ပေါ်နေသဖြင့် မောပန်းနေသည့် တပည့်တွေတောင်မှ လုံးဝမနားရဲဘဲ ခရီး ဆက်နေရပါတယ်။ ဒီလိုနဲ့ တစ်ညတာကို ကုန်ဆုံးပြီးတဲ့ နောက်မှာတော့ တစ်ညလုံး မနားမနေ ခရီးဆက်နေရတဲ့ တပည့်တွေဟာ လုံးဝ အားအင် ဆုတ်ယုတ်နေပါပြီ။

ဒါပေမဲ့ လီဖူချန်းကတော့ အင်အားအပြည့်ပဲ ရှိနေသေးပြီး လျင်မြန်စွာ ခရီးဆက်နေဆဲပါပဲ။

နေ့လယ်ကို ရောက်တဲ့အချိန်မှာတော့ လီဖူချန်းက ရှေ့ဆုံးက လူတွေကို မီလာပါပြီ။

"ခွေးမသား ဖန်လီဟိုင်။ ငါမင်းကို ရှာမတွေ့ပါစေနဲ့လို့ပဲ ဆုတောင်းထားတော့"

လီဖူချန်းက အလျင်အမြန် ပြေးနေရင်းနဲ့ သူ့ရဲ့ အသိစိတ် အာရုံကို ဖြန့်ကျက်လိုက်ပါပြီ။

ဖန်လီဟိုင်က လူတွေလွှတ်ပြီး သူ့ကို ဒီပြိုင်ပွဲကနေ ထွက်ခွာရအောင် ကြံစည်ခဲ့တာလေ။ ဒီလိုကောင်ကို ပြန်ပြီး ကလဲ့စား မချေရင် သူရဲဘောကြောင် သွားမှာပေါ့။ တောရဲ့ ထူထပ်တဲ့ အပိုင်းတစ်နေရာကို အရောက်မှာတော့ လီဖူချန်းက လှပတဲ့ မိန်းမပျို တစ်ဦးကို မြင်လိုက်ရပါတယ်။ သူမကတော့ ဝူကျင်မိန်ပါ။ ဝူကျင်မိန်ကလည်း လှမ်းပြီး နှုတ်ဆက် လိုက်ပါတယ်။

“လီဖူချန်း …”

လီဖူချန်းက သူမကို ဖန်လီဟိုင်အကြောင်း စုံစမ်း ကြည့်လိုက်ပါတယ်။

“အစ်မဝူ … ဖန်လီဟိုင်ကိုတွေ့မိသေးလား"

ဝူကျင်မိန်က ခေါင်းခါ ပြလိုက်ပါတယ်။

“ကျေးဇူးပါဘဲ။

ဒါဆို ကျွန်တော်အရင် သွားလိုက်ဦးမယ်"

လီဖူချန်းက အရှိန်ကို မြှင့်လိုက်ပြီး ဝူကျင်မိန်ကို နောက်မှာ ချန်ထားခဲ့လိုက်ပါတယ်။ ထွက်ခွာ သွားတဲ့ လီဖူချန်းရဲ့ နောက်ကျောကို ကြည့်ရင်း ဝူကျင်မိန်ကတော့ ကျန်ရစ်ခဲ့ပါတယ်။ စစချင်း တွေ့ခဲ့တုန်းကတော့ သူမက လီဖူချန်းကို အရေးမလုပ် မိခဲ့ပါဘူး။

ဒါပေမဲ့အခုတော့ လီဖူချန်းက အပြင်စည်းဂိုဏ်းရဲ့ အစွမ်းထက် တပည့်တစ်ယောက် ဖြစ်လာပြီး တချို့ကဆိုရင် ယုဝူရှန်းနဲ့တောင် နှိုင်းယှဉ်နေကြပါပြီ။

လီဖူချန်းကတော့ မောပန်းနွမ်းနယ်မှုကို မခံစားရသေးတဲ့ အတွက် နေ့လယ်မှာ အနားမယူဘဲ သူ့ရဲ့ခရီးကို ဆက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဆင်းရဲဒုက္ခ မျှော်စင်ရဲ့ ထိပ်ဆုံးအယောက်(၂၀) စာရင်းထဲမှာဆိုရင် ဝူကျင်မိန်က လွဲပြီး တခြား သူတွေကို သူ မမြင်မိသေးပါဘူး။ သူထင်တာကတော့ တခြားလူတွေနဲ့ သူနဲ့ လမ်းကြောင်းမတူလို့ဘဲ ဖြစ်ပါလိမ့်မယ်။ သားရဲတစ်ရာ တောအုပ်ကြီးက အရမ်း ကျယ်ပြန့်တဲ့အတွက် မတူညီတဲ့ လမ်းကြောင်းတွေလည်း အများကြီး ရှိပါသေးတယ်။ ဒုတိယနေ့ရဲ့ ညနေခင်းကို အရောက်မှာတော့ လီဖူချန်းက တိုက်ဆိုင်စွာဘဲ ဂေါင်ချန်းရှန်နဲ့ တွေ့လိုက်တယ်။

ဂေါင်ချန်းရှန်က အံ့သြစွာနဲ့ ကြည့်လိုက်ပြီး

“ငါက မင်းကို ငါ့အရှေ့မှာလို့ ထင်နေတာ"

လီဖူခန်းကို ကြည့်ရင်းနဲ့ ဂေါင်ချန်းရှန်က လေးစား မိလာပါတယ်။ သာမန်အရိုး တည်ဆောက်ပုံနဲ့ ကောင်လေးက ဒီလောက်အထိ အစွမ်းထက်လာအောင် ဘယ်လိုများ ကြိုးစားခဲ့ပါလိမ့်။

“အစ်ကိုဂေါင် ... ဖန်လီဟိုင်ကို တွေ့မိသေးလားဗျ"

လီဖူချန်းက မေးလိုက်ပါတယ်။ ဂေါင်ချန်းရှန်ကခေါင်းခါပြလိုက်ပြီး

“သူက တခြားလမ်းက သွားတာဖြစ်မယ်။ မင်းကဘာလို့ သူ့ကို ရှာနေရတာလဲ"

“ကျွန်တော်သူနဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စလေး နည်းနည်းရှိလို့ပါ"

လီဖူချန်းက အကြောင်းစုံကိုရှင်းပြမနေတော့ပါဘူး။ ဂေါင်ချန်းရှန်ကတစ်ချက်စဉ်းစားလိုက်ပြီး

“သားရဲတစ်ရာ တောအုပ်ရဲ့ လမ်းတွေက နောက်ပိုင်းမှာ သွားဆုံတယ်လေ။ မင်း ရှေ့ဆက် သွားရင်တော့ တစ်နေရာရာမှာ သူနဲ့ တွေ့မှာဘဲ။

“အဲဒီလိုလား ... ကျေးဇူးပါပဲ အစ်ကိုဂေါင်"

လီဖူချန်းက ဂေါင်ချန်းရှန်ကို နှုတ်ဆက်ပြီး ရှေ့ကို ဆက်ပါတော့တယ်။

***

All Chapters