← Chapters

အနိုင်ရသူ

Vol. 16 Ch. 211

အနိုင်ရသူ

Vol. 16 Ch. 211

“မြန်မြန်…ဟိုမှာ ကြည့်ပါအုံးဟ…”

“ဒါက…”

“ကျုပ်တော့ ယုံတောင် မယုံဝံ့ဘူး…”

မြေပေါ်တွင် ဆေးပင်များ အပုံလိုက် ရုတ်တရက် ပေါ်လာချိန်တွင် အမြင်စူးရှသော အချို့က အံ့အားတသင့် ထအော်သည်။

ထိုအခါ တခြားသူများကပါ အာရုံစိုက်လာ၏။ ထိုသူများထဲတွင် ဘိုးဘေးလီနှင့် တာအိုရသေ့ဖန်ယွမ်ဇီတို့လည်း ပါသည်။

သို့ပေမည့် ထိုနှစ်ယောက်က ဟန်လိ ခြေထောက်အောက်ရှိ ဆေးပင်အပုံကို ကောင်းကောင်း မြင်လိုက်ရသည့်အခါတွင် တာအိုရသေ့၏ ပြုံးဖြီးဖြီးမျက်နှာပေးမှာ ချက်ခြင်း တောင့်တင်းသွား၏။ ဘိုးဘေးလီက ခဏ မင်သက်ပြီးနောက် ကျေနပ်အားရစွာ ရယ်မောလေ၏။ ထိုဆေးပင်အပုံက သူ့ကို အူလိုက်အသည်းလိုက်အောင် ပျော်ရွှင်သွားစေသည် မဟုတ်လား။

ဘိုးဘေးလီက သူ့ကိုယ်သူ ထိန်းချုပ်မှု ခဏလွတ်သွားတာကို သဘောပေါက်ပြီးနောက် ရယ်မောတာကို ရပ်ပြီး ဟန်လိကို ကြည့်၏။ သူက ဟန်လိကို ကြည့်မိလေလေ သည်ကောင်လေးက အတော်လေး ကျေနပ်စရာ ကောင်းလှသည်ဟု ခံစားမိလေ ဖြစ်ရသည်။ တဖက်တွင်မူ တာအိုရသေ့၏ မျက်နှာကတော့ ပြာနှမ်းနေပြီ။ သူ အခုလိုပုံစံဖြင့် ရှုံးသွားသည့်အပေါ် မယုံကြည်နိုင် ဖြစ်နေ၏။ ဟန်လိအပေါ် သူ့အကြည့်က စိတ်အလိုမကျန်ဟန် ဖြစ်ပေါ်လာ၏။

“တာအိုရောင်းရင်း…ခင်ဗျားက ဂျူနီယာလေးတစ်ယောက်ကို ပြဿနာ ရှာချင်နေတာလား…”

ဘိုးဘေးလီက ဖန်းယွမ်ဇီ၏ အမူအရာကို တချက် လှမ်းကြည့်ပြီးနောက် ဟန်လိရှေ့ ခုန်ထွက်လာပြီး တည်ကြည်သောမျက်နှာပေးဖြင့် ထိုသို့ ပြော၏။

ယနေ့တွင် ဟန်လိက သူ့ကို များစွာ စွမ်းဆောင်နိုင်ခဲ့၏။ သူက ဒီဂျူနီယာက လူအများရှေ့မှာ ဖန်းယွမ်ဇီ၏အကြည့်ကြောင့် လန့်သွားရမှာကို ခွင့်ပြုမည် မဟုတ်ပေ။ မဟုတ်ပါက သူ မျက်နှာ ပျက်ရလိမ့်မည်။

ဘိုးဘေးလီ၏ အဟောက်ခံလိုက်ရသော တာအိုရသေ့က သူ့အဆင့်အတန်းဖြင့် ချီစုဆောင်းခြင်းတပည့်တစ်ယောက်ကို အခုလိုပုံစံ ကြည့်တာက မှားမှန်းသိ၏။ တခြားသူများက သူသည် ဂျူနီယာတစ်ယောက်ကို အနိုင်ကျင့်ဖို့ ကြိတ်ကြံနေသည်ဟု ထင်သွားလိမ့်မည် ဖြစ်၏။ ထို့ကြောင့် သူက သူ့အကြည့်ကို ဘိုးဘေးလီထံ ခပ်မြန်မြန် ပြန်ရွှေ့ကာ ဟန်လုပ်ကာ ရယ်၏။

“ရောင်းရင်းလီက နားလည်မှု လွဲတာပါ။ ကျုပ်က ဒီကောင်လေးရဲ့ ကျင့်ကြံမှုအဆင့်နဲ့ အခုလောက် စိတ်ဝိညာဉ်ဆေးပင်အများကြီး အရယူလာနိုင်ခဲ့တဲ့အပေါ် တကယ်ပဲ အံ့အားသင့်မိလို့ သူ့ကို ကြည့်နေတာပါ…”

တာအိုရသေ့က သူ့အမူအရာကို ကြိုးစား၍ ပြင်၏။ သို့သော် ရေနဂါး၏ အတွင်းဒျန်အကြောင်း တွေးမိသည့်အခါ သူ့စိတ်ထဲ၌ သွေးစိမ်းရှင်ရှင် ထွက်သကဲ့သို့ ခံစားရ၏။ သူ့အမူအရာကို ပုံမှန်အတိုင်း ပြန်ပြင်ဖို့ သူ့မှာ နည်းလမ်း မရှိတော့ပေ။

ဘိုးဘေးလီက အေးစက်စက် ရယ်မော၏။ သူက ဆက်၍ မပြောတော့ပေ။ တကယ်တော့ သူက ဒီကနေ့ လောင်းကြေးမှာ အနိုင်ရခဲ့ပြီး ဖြစ်ကာ တဖက်သူကို ဆက်၍ စော်ကားချင်စိတ် မရှိတော့ပေ။

သို့ပေမည့် သူကိုယ်တိုင်လည်း ဟန်လိအပေါ် သံသယ ရှိနေသည်သာ။ သည်မျှ များပြားလှသော စိတ်ဝိညာဉ်ဆေးပင်များကို ထိုကောင်လေးက အဘယ်သို့ ရခဲ့သနည်း။ သို့သော် အများရှေ့၌ သူက ဟန်လိကို မေးမြန်းကြည့်ချင်စိတ် မရှိ၍ မသိချင်ယောင် ဆောင်ထားသည်။ သူက ဒီအလောင်းအစားမှာ အနိုင်ရနိုင်သည် ဖြစ်၍ ဟန်လိ စိတ်ဝိညာဉ်ဆေးပင်များ အရယူခဲ့သော နည်းလမ်းတို့အပေါ် အရေးစိုက်နေမည် မဟုတ်ပေ။

တာအိုရသေ့ကလည်း ဘိုးဘေးလီ၏ အသွင်ဟန်ပန်ကို မြင်သည့်အခါ တဖက်သူ၏ အတွေးကို သဘောပေါက်သည်။ သူက ဒီအလောင်းအစားမှာ ရှုံးသွားပြီမလား။ ဘိုးဘေးလီနှင့် စီနီယာချောင်းတို့ကြား အနိုင်အရှုံး ဘယ်သူ ဖြစ်မလဲကိုသာ ဆက်၍ စောင့်ကြည့်နေဖို့သာ ရှိတော့သည်။

သို့သော် စီနီယာချောင်း၏ အမူအရာမှာလည်း တာအိုရသေ့ထက် သိပ်သာလွန်မနေပေ။ လမျက်နှာဖုံးဂိုဏ်းမှ တပည့်အချို့ ထုတ်ပြခဲ့သော ဆေးပင်များက သာမန်သာ ဖြစ်၏။ ထိုအခါ သူသည် ရယ်ပင် မရယ်နိုင် ဖြစ်နေရပြီ။

ဘိုးဘေးလီကတော့ တက်ကြွသည့်ကြက်ဖ ဖြစ်နေတုန်း ရှိသေး အခြေအနေက ရုတ်ချည်း ပြောင်းသွား၏။ လမျက်နှာဖုံးဂိုဏ်း၏ ကျန်သည့် တပည့်အချို့ ထုတ်ပြခဲ့သော ဆေးပင်များ၏ စုစုပေါင်းက အဝါရောင်မေပယ်တောင်ကြားနှင့် ဗလာသန့်စင်ဂိုဏ်းတို့၏ တပည့်များ ထုတ်ပြခဲ့သော စိတ်ဝိညာဉ်ဆေးပင် စုစုပေါင်းထက် ငါးပင်၊ခြောက်ပင်လောက် သာလွန်နေ၏။ ဤသို့ဖြင့် သူတို့သုံးယောက်၏ အလောင်းအစားတွင် နောက်ဆုံး အနိုင်ရသူ ပေါ်လာခဲ့ပေပြီ။

ထိုသို့သော အလှည့်အပြောင်းက ဘိုးဘေးလီကို သတိလစ်မတတ် ဖြစ်သွားစေ၏။ လူထူးဆန်းစီနီယာချောင်းကမူ စိတ်အေးသွားဟန်ဖြင့် သက်ပြင်းရှည် ချနိုင်တော့သည်။ ထို့နောက် သူက စတင် ရယ်မော၏။

“ယူလာခဲ့၊ယူလာခဲ့။ ရေနဂါးရဲ့ အတွင်းဒျန်ကို လာပေးလှည့်။ ကျုပ်က အဲ့ဒါနဲ့ ဆေးလုံးကောင်းတွေ သန့်စင်ချင်ရုံပဲ။ အတွင်းဒျန်ကတော့ အကောင်းဆုံး ပါဝင်ပစ္စည်းပေါ့…”

စီနီယာချောင်းက ဖန်းယွမ်ဇီ လောင်းကြေးထပ်ထားသော အမယ်ကို အားမနာတမ်း တောင်း၏။

ထိုသည်ကို ကြားသည့်အခါ တာအိုရသေ့ ဖန်းယွမ်ဇီသည် အားတင်းပြုံးကာ တစ်ခုခု ပြောချင်ဟန်ဖြင့် ပါးစပ်ဟသည်။ သို့သော် သူ့ထံမှ ဘာစကားမှ ထွက်မလာခဲ့ပါ။

ဤသည်ကို မြင်သည့်အခါ စီနီယာချောင်းက မပျော်မရွှင်ဟန်ဖြင့် တချက်လှမ်းကြည့်သည်။

“ဘာလဲ။ နာမည်ကျော် ဗလာသန့်စင်ဂိုဏ်းရဲ့ ဖန်းယွမ်ဇီက အလောင်းအစားမှာ ကတိပျက်ချင်နေတာလား…”

“အဲ့လိုလုပ်ဖို့လား။ ကျုပ်က ဘယ်လိုလုပ် စီနီယာချောင်နဲ့ လောင်းကြေးထပ်ထားတဲ့ ပစ္စည်းကို ပြန် ရုတ်သိမ်းဝံ့ပါ့မလဲ…”

ဖန်းယွမ်ဇီက အတွင်းဒျန်ပေးရမည့်အပေါ် ကတိဖျက်မည် မဟုတ်ပေ။ ဤကဲ့သို့ အဖိုးတန်ပစ္စည်း ဆုံးရှုံးရခြင်းက သူ့ကို အပြင်းအထန် နာကျင်စေရုံ၊ နှမြောစေရုံသာ ဖြစ်၏။

သို့သော် ယနေ့တွင် စီနီယာချောင်းက အခုလို ပြောလာသည့်အခါ သူ့မျက်နှာက နီလိုက်၊ဖြူလိုက် ဖြစ်သွား၏။ သူက ခြေကို ခပ်ပြင်းပြင်း စောင့်ကာ အဖြူရောင်အဝန်းအဝိုင်းတစ်ခုအား တဖက်သူထံ ပစ်ပေးလိုက်၏။ သူ့မျက်နှာတွင်မူ နာကျင်ဟန်ကတော့ ပေါက်နေဆဲသာ။ ထိုအဝန်းအဝိုင်းက ရေနဂါးသားရဲ၏ အတွင်းဒျန် ဖြစ်၏။

စီနီယာချောင်းက လက်မြှောက်ကာ ၎င်းကို ဖမ်းယူ၏။ သူက ၎င်းကို အနီးကပ် ကြည့်ပြီးနောက် ပျော်ရွှင်ဟန် ပေါက်သည်။ သို့သော် သူက ခပ်တိုးတိုး ရေရွတ်လိုက်တုန်းပင်။

“ဒီပစ္စည်းရဲ့ အရည်အသွေးက အကောင်းကြီးတော့ မဟုတ်ဘူး။ ၎င်းရဲ့ စိတ်ဝိညာဉ်ချီကလည်း လုံလုံလောက်လောက် ရှိမနေဘူး။ လက်သင့်ခံနိုင်ရုံလောက်ပဲ…”

ထိုစကားကို ကြားသည့်အခါ တာအိုရသေ့၏မျက်နှာက နီရဲသွား၏။ သူက ဒေါသထွက်လွန်း၍ သွေးအန်မတတ်ပါ ဖြစ်မိသည်။ သူသည် တကိုယ်တည်း သည်နေရာကနေ အဝေးသို့ ခပ်သုတ်သုတ် ထွက်သွား၏။

“မိတ်ဆွေလီ…မင်းကရော…”

“ကျုပ်လီက လာမယ့်နှစ်နှစ်ဆယ်အတွင်း သံအနှစ်သာရနှစ်တုံးကို ပို့ပေးလိုက်ပါ့မယ်…”

“ဟားဟား…မိတ်ဆွေလီက ဖြောင့်မတ်တဲ့သူပဲ။ ကျုပ် တခြား ဘာမျှ ထူးထူးထွေထွေ ပြောစရာ မရှိပါဘူး…”

စီနီယာချောင်းက ကျေနပ်စွာ ခေါင်းညိတ်၏။ ထို့နောက် သူက လမျက်နှာဖုံးဂိုဏ်းဘက်သို့ ကျေနပ်အားရစွာ လှမ်းသွားသည်။

သည်အလောင်းအစားက အလှည့်အပြောင်းများစွာဖြင့် ထိုသို့ အဆုံးသပ်သွားသည်။ ထိုသည်က တခြားဂိုဏ်းမှ ကျွမ်းကျင်သူများကိုပါ အံ့အားတသင့် ဖြစ်စေခဲ့၏။ အဆုံးသပ်၌ ဘိုးဘေးလီနှင့် တာအိုရသေ့ ဖန်းယွမ်ဇီတို့မှာ ခံလိုက်ရပေပြီ။ စီနီယာချောင်းကသာ အနိုင်ရခဲ့သူ ဖြစ်ခဲ့၏။ မည်သို့ပင်ဖြစ်စေ တားမြစ်ဧရိယာထံ ဒီတခေါက်ခရီးစဉ်က ပြီးဆုံးသွားခဲ့လေပြီ။

ဂိုဏ်းအသီးသီး၏ ခေါင်းဆောင်များက သူတို့ တပည့်များ၏ စိတ်ဝိညာဉ်ဆေးပင်များကို လက်ခံယူပြီး စိတ်ဝိညာဉ်သားရဲများနှင့် စစ်ဆေးကြည့်ကြ၏။ ထို့နောက် သူတို့က နှုတ်ဆက်စကားဆိုကာ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။

လမျက်နှာဖုံးဂိုဏ်းမှ သူများက ဦးဆုံး ထွက်သွားသူများ ဖြစ်၏။ သူတို့က နှုတ်ဆက်စကားပြောပြီး လနတ်လှေပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ခြေလှမ်းတက်၏။ ထိုအုပ်စုထဲရှိ နတ်သမီးနန်းကုန်ထံ ဟန်လိက လှမ်းမကြည့်မိဘဲ မနေနိုင်ပါ။ သို့သော် ထိုအမျိုးသမီးက သူ့ထံ တချက်လေးပင် ကြည့်မသွားခဲ့ပေ။ သို့အတွက် ဟန်လိစိတ်ထဲ၌ တစ်ခုခု မှားယွင်းသလို ခံစားမိရသည်။

သို့ပေမည့် ဟန်လိသည် စိတ်ဓာတ်မာသူ တစ်ယောက် ဖြစ်၏။ သူက ပုံမှန်စိတ်အခြေအနေသို့ ချက်ခြင်း ပြန်ရောက်ကာ တခြားဂိုဏ်းမှ သူများ ထွက်သွားတာကို ဆက်၍ ကြည့်နေလိုက်သည်။

ဝိညာဉ်သားရဲတောင်မှ တပည့်များ ထွက်သွားသည့်အခါ၌ ဟန်ယွမ်ဇီက ဟန်လိထံ တချက် လှမ်းကြည့်ကာ ချစ်ခင်ဖွယ်ပြုံးပြခဲ့၏။ ဟန်လိက နွေးထွေးမှု ခံစားမိရသည်။

တားမြစ်ဧရိယာနှင့် အနီးဆုံးတွင် ရှိသော အဝါရောင်မေပယ်တောင်ကြားမှ သူများက နောက်ဆုံးမှ ထွက်ခွာကြ၏။ ထို့ကြောင့် တခြားဂိုဏ်းများအားလုံး ထွက်သွားချိန်၌ အဝါရောင်မေပယ်တောင်ကြားတစ်ခုသာ ဒီတားမြစ်ဧရိယာအပြင်ဘက်တွင် တစ်ဂိုဏ်းတည်း ကျန်ခဲ့ပေသည်။

သို့ပေမည့် ဘိုးဘေးလီက သူ၏ နောက်လိုက်များကို ထွက်သွားမည်ဟု မပြောသေးပေ။ ထိုအစား သူက တားမြစ်ဧရိယာထံ အကြည့်ရောက်နေသည်။ သို့သော် တခြားသူများအားလုံးက သူတို့၏ ဒီဘိုးဘေးက လောင်းကြေး ရှုံးခဲ့၍ စိတ်ထဲ၌ မပျော် ဖြစ်နေတာကို သိ၏။ ထို့ကြောင့် မည်သူကမျှ သူ့ကို သွားမလောကြပေ။ သူတို့က ဘေးကနေ ရပ်၍ သူ့နောက်ကျောကို ကြည့်နေရုံသာ ရှိတော့၏။

နေ့တဝက်လောက် ကြာပြီးနောက် ဘိုးဘေးလီ၏ စိတ်အခြေအနေက ပြန်ကောင်းမွန်လာပုံ ရသည်။ သူက တဖက်သို့ ပြန်မလှည့်သေးသော်လည်း နောက်ဆုံးတွင် ပါးစပ်ဟလာခဲ့ပြီ။ သူ၏ ပထမဆုံး စကားက ဟန်လိထံ တိုက်ရိုက် ရည်ရွယ်၏။

“စိတ်ဝိညာဉ်ဆေးပင် အများဆုံး ရယူနိုင်ခဲ့တဲ့ တပည့်…မင်း နာမည် ဘယ်လိုခေါ်လဲ။ မင်း တောင်ကြားကို ဝင်ရောက်ခဲ့တာ ဘယ်နှစ်နှစ်လောက် ရှိပြီလဲ…”

တခြားသူများက ဒီစကားကို ကြားသည့်အခါ မနာလို မဖြစ်မိဘဲ မနေနိုင်ကြပေ။ ဘိုးဘေးဟူသော မြင့်မားသည့် အဆင့်အတန်းရှိသူတစ်ယောက်က အမည်မေးခြင်း ခံရသူမှာ ကျိန်းသေပေါက် အကျိုးအမြတ်များ ရမှာ သေချာသည် မဟုတ်လား။ ဟန်လိက နည်းနည်းတော့ မင်သက်သွား၏။ သို့သော် သူက မနှောင့်နှေးဝံ့ပေ။ ချက်ခြင်း တလေးတစားဖြင့် ပြန်ဖြေသည်။

“ဟန်လိပါ။ ဒီတပည့်က လွန်ခဲ့တဲ့ သုံးနှစ်က တောင်ကြားကို ဝင်ရောက်ခဲ့တဲ့သူပါ…”

“ဟန်လိ…”

ဘိုးဘေးလီက ဟန်လိ၏ အမည်ကို ဖြည်းဖြည်းချင်း ရေရွတ်နေ၏။ သူက တစ်ခုခုကို စဉ်းစားနေသည့်အလား။ သူသည် ချက်ခြင်းလက်ငင်း စကားထပ်မဆိုသေးပေ။ ထိုအခါ သူ့နောက်မှ တပည့်များက တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကုန်၏။ သို့သော် ဘိုးဘေးလီ နောက်ထပ် ပြောလာသော စကားကြောင့် ဟန်လိ၏ စိတ်နှလုံးမှာ တုန်ယင်သွားရ၏။ သူ၏ အာရုံစူးနစ်မှုပါ မြင့်တက်လာခဲ့သည်။

“ဟန်လိ…မင်း စိတ်ဝိညာဉ်ဆေးပင်တွေ ဒီလောက်များများ ဘယ်လို ရခဲ့တာလဲ ပြောပါ။ ငါ ကြားချင်တယ်…”

ဘိုးဘေးလီက မေးလာပြီ။

ဟန်လိစိတ်ထဲ၌ သတိအနေအထား ဖြစ်သွားသော်လည်း သူက သည်ကိစ္စကို မည်သို့ ဖြေမည်ဟု ကြိုပြင်ဆင်ထားခဲ့ပြီး ဖြစ်၏။ ထို့ကြောင့် သူက ထိတ်ပျာမသွားပေ။ သူ တည်ငြိမ်စွာ ပြောလိုက်၏။

“ကောင်းပါပြီ…ဘိုးဘေးခင်ဗျ…”

“ကျနော့်အတွက် ကံကောင်းသွားခဲ့လိုပါ။ အဲ့နေ့တုန်းက တားမြစ်ဧရိယာရဲ့ ဗဟိုချက်တောင်တန်းမှာ တပည့် ပုန်းနေခဲ့ပေမယ့် လူနှစ်ယောက်ဟာ အလွန်ချောင်ကျတဲ့ လှိုဏ်ဂူအတွင်းမှာ မှိုဆေးပင်တချို့အတွက် တိုက်ခိုက်နေတာကို တပည့် တွေ့ခဲ့ပါတယ်။ အဲ့ထဲက တစ်ယောက်က ခြေဗလာနဲ့ ပြီးတော့ သူက ငွေရောင်ဓားကြီးတစ်လက်ကို ကိုင်ဆောင်ထားတဲ့ ဓားဘီလူးဂိုဏ်းကပါ။ နောက်တစ်ယောက်ကတော့ မျှော်စင်ရဲတိုက်ကပါ။ အဲ့လူရဲ့ မျက်နှာမှာတော့ အမာရွတ်တွေ ပြည့်နေတာပဲ။ တပည့်ကလည်း လျှို့ဝှက်ပြီး ပုန်းနေခဲ့ပါတယ်…”

ထိုသို့အစချီကာ ဟန်လိက ထိုနှစ်ယောက်၏ တိုက်ပွဲကနေ သူ မည်သို့မည်ပုံ အမြတ်ရခဲ့ပုံကို ပြောပြခဲ့၏။ ထို့အပြင် သူက သူ၏ကံတရားက ကောင်းမွန်လွန်းသည်ဟူသော အချက်အပေါ် အကောင်းဆုံး ဖိ၍ ပြောဆိုခဲ့သည်။ ထိုအခါ ချန်မောင်နှစ်မနှင့် တခြားတပည့်များမှာ မနာလိုဖြစ်ဟန်များ အထင်းသား ဖြစ်ကုန်၏။

ဟန်လိ၏ ရှင်းပြချက်ကို ကြားသည့်နောက် ဘိုးဘေးလီက ခေါင်းညိတ်ပြ၏။ ထိုနည်းဖြင့်သာ ဖြစ်နိုင်လောက်သည်။ မဟုတ်ပါက ဟန်လိကဲ့သို့ ကျင့်ကြံမှုအဆင့်နိမ့်သော တပည့်တစ်ယောက်က အခုလောက် ဆေးပင်အများကြီး ဘယ်လိုလုပ် ရနိုင်ပါ့မည်နည်း။ ဟန်လိက အတော်လေး ကံကောင်းခဲ့တာသာ ဖြစ်နိုင်လောက်မည်။

ဟန်လိ ရှင်းပြသော ကိစ္စကို ဘိုးဘေးလီက ယုံကြည်ပြီးနောက် သူက နောက်ထပ် ထပ်မေးပြီး အချိန်ဖြုန်းမနေတော့ပေ။ သို့ပေမည့် တအောင့်အကြာ၌ သူက အလေးအနက်အသွင်ဖြင့် ဟန်လိကို ရုတ်တရက် မေးလာသည်။

“ဟန်လိ၊ ဂိုဏ်းအတွက် မင်း စွမ်းဆောင်ပေးခဲ့တာက မပေါ့ဘူး။ ငါ့အနေနဲ့ လောင်းကြေး ရှုံးခဲ့ရပေမယ့်လည်း မင်းကို ဆုလဒ်ကောင်းကောင်း ချီးမြှင့်ရမှာပဲ။ မင်း ငါ့ရဲ့ တပည့်အချို့ထဲက တစ်ယောက် ဖြစ်ချင်လား…”

ထိုသည်ကို ကြားသည့်အခါ ဟန်လိမှာ ချက်ခြင်း တောင့်တင်းသွားမိ၏။ သူ ချက်ခြင်း မည်သို့ တုန့်ပြန်ရမှန်း မသိ ဖြစ်သွားမိ၏။

တခြားတပည့်များက သည်စကားကို ကြားသည့်အခါ ပထဆုံးအကြိမ်အဖြစ် အကြီးအကျယ် တုန်လှုပ်သွား၏။ သူတို့က မယုံကြည်နိုင်ဟန်ဖြင့် ဟန်လိကို လှမ်းကြည့်သည်။

ဤသည်က လွန်လွန်း၏။ သူတို့ နားကြား မမှားပေ။ ထိုဘိုးဘေးအကြီးအကဲက တပည့်တစ်ယောက်ကို အခုလို လွယ်လွယ် လက်ခံလေသလား။ ဟန်လိ၏ အရည်အချင်း၊ သို့မဟုတ် ကျင့်ကြံခြင်းက သာမန်မျှသာ ရှိနေသည်မဟုတ်လား။

All Chapters