← Chapters

ရုတ်တရက် နားလည်သဘောပေါက်မှု

Vol. 16 Ch. 212

ရုတ်တရက် နားလည်သဘောပေါက်မှု

Vol. 16 Ch. 212

ပုံမှန်အားဖြင့် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်က ကျင့်ကြံမှုအဆင့်နိမ့်သော သာမန်ကျင့်ကြံသူတစ်ယောက်ကို တပည့်အဖြစ် လက်ခံခြင်းသည် အံ့ချီးဖွယ်ကိစ္စတစ်ခု ဖြစ်ပေသည်။ ထိုအခြေအနေကို လူတစ်ယောက်က အိပ်မက်ပင် မက်ဖူးလိမ့်မည် မဟုတ်ပေ။ သို့သော် ဟန်လိကတော့ သည်စကားများကို ကြားသည့်အခါ တစ်ခုခုမှားနေသည်ဟု ထင်၏။

သူ၏ ပါရမီနှင့်မှော်ပညာရပ်များအရ ထိုသို့သော ကံကောင်းမှုမျိုးသည် သူ့ပုခုံးပေါ် အဘယ်သို့ ကျရောက်လာနိုင်ပါ့မည်နည်း။ အဝါရောင်မေပယ်တောင်ကြားအတွက် သူ၏ ကြီးမားသော အကျိုးဆောင်မှုအတွက်ဟု ဆိုလျှင်ပင် ဟန်လိက ထိုသို့ မထင်ချေ။ ထိုဘိုးဘေးက အလောင်းအစားတွင် နိုင်ခဲ့လျှင်တော့ စိတ်လှုပ်တရှား ဖြစ်ကာ သူ့ကို တပည့်အဖြစ်လက်ခံတာ ဖြစ်ကောင်း ဖြစ်နိုင်သေးသည်။ သို့သော် အခု သည်ဘိုးဘေးက လောင်းကြေး အကြီးအကျယ် ရှုံးခဲ့တာတောင်မှ သူ့ကို တပည့်အဖြစ် လက်ခံချင်နေသေးသည်။ ထိုအချက်က ဟန်လိကို မတွေးစေဘဲ မနေနိုင် ဖြစ်ရ၏။

ဟန်လိသည် အမျိုးမျိုး စဉ်းစားနေချိန်မှာ ဘိုးဘေးလီက မကျေမနပ် စဖြစ်လာ၏။

သူက ဟန်လိကို တပည့်အဖြစ် လက်ခံမည်ဟု ပြောသည့်အချိန်၌ တဖက်သူက အင်မတန် ပျော်ရွှင်သွားကာ ချက်ခြင်း သဘောတူလိမ့်မည်ဟု တွေးထားခဲ့၏။ သို့သော် ဟန်လိကမူ နေရာတွင် အကြောင်သား ရပ်နေ၏။ သူ့အမူအရာက အံ့အားသင့်ဟန် ဖြစ်ပေါ်နေသေးသည်။ သူက ချက်ခြင်း ပြန်မတုန့်ပြန်သေးပေ။ ဤသည်က ဘိုးဘေးလီကို မကျေမနပ် ဖြစ်သွားစေ၏။

သို့ပေမည့် အပြင်ပိုင်းတွင်မူ ဘိုးဘေးလီက သူ့အဆင့်အတန်းကိုသူ ထိန်းထားဆဲပင်။ ထို့ကြောင့် သူက မထူးခြားနားဟန်ဖြင့် ပြောလိုက်၏။

“ဟန်လိ…မင်း ငါ့ကို ဆရာအဖြစ် မသတ်ချင်ရင်လည်း ရှင်းရှင်းလင်းလင်း ပြောပါ။ ငါ မင်းကို တွန်းအား မပေးဘူး…။ ငါ့အနေနဲ့ မင်းရဲ့ အကျိုးဆောင်မှုအတွက် မှော်ပစ္စည်းအချို့ ချီးမြှင့်ပေးနိုင်တယ်…”

ဟန်လိက သည်စကားကို ကြားသည့်အခါ တဖက်သူ၏ စကားလုံးများက လှသော်လည်း ထိုသူ၏ စိတ်ထဲ၌ မပျော်မရွှင် ဖြစ်သွားတာ ကျိန်းသေနေတာကို သူ သိသည်။ ဟန်လိသည် ဘိုးဘေးတစ်ယောက်ကို ရန်စမိပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို စဉ်းစားနေရန်မလိုဘဲ ကောင်းကောင်းသိသည်။ သူကသာ ဒီကမ်းလှမ်းမှုကို ငြင်းဆန်ပါက ပြဿနာများ ပိုရှိလာနိုင်၏။

ထိုသို့တွေးကာ သူ အံတင်းတင်းကြိတ်၏။ တဖက်သူ၏ သူ့အပေါ် ရည်ရွယ်ချက်က မည်သို့ပင် ဖြစ်ပါစေ ဦးဆုံးအနေနှင့် သူ့ရှေ့မှ အခြေအနေကို ရင်ဆိုင်ရမည်သာ။

“တပည့်က ဘိုးဘေးရဲ့ အဲ့လိုပြောဆိုမှုကြောင့် ကျေနပ်အားရဝမ်းသာလုံး စို့သွားလို့ စကားပြန်ပြောဖို့ပါ မေ့သွားခဲ့တာပါ။ ကျေးဇူးပြုပြီး ဘိုးဘေး ကျနော့်ကို ခွင့်လွှတ်ပေးပါ…”

ဟန်လိက ခပ်သွက်သွက် ပြန်ပြောသည်။ သူ့မျက်နှာမှာလည်း ဝင်းပသွား၏။ သူက အာရုံစိုက်မှု ပြန်ရလာဟန် ဆောင်သည်။

ထို့နောက် ဟန်လိက ဘိုးဘေးလီကို အကြိမ်အနည်းငယ် ဦးညွှတ်ကာ အရိုအသေပေး၏။ တပည့်တစ်ယောက် ဖြစ်လာသည့်အတွက် လုပ်ထုံးလုပ်နည်းအတိုင်း ချက်ခြင်း ပြုမူသည်။

“သိပ်ကောင်းတယ်။ အခုချိန်ကစပြီး…မင်းဟာ ကျုပ် လီဟွာယွမ်ရဲ့ တပည့်ပဲ။ ဒီကျောက်စိမ်းအလင်းဓားကို မင်းအတွက် တွေ့ဆုံရခြင်းလက်ဆောင်အဖြစ် မှတ်ယူနိုင်တယ်…”

လီဟွာယွမ်၏မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာကာ သူက ဟန်လိထံ ဓားရှည်တစ်လက် လှမ်းပေးသည်။ ၎င်းဓားပေါ်ရှိ စိတ်ဝိညာဉ်ချီက လင်းလက်နေပုံကို ထောက်ရှု၍ ၎င်းဓားသည် ထိပ်တန်းမှော်ပစ္စည်းတစ်ခု ဖြစ်တာ ထင်ရှားသည်။

ဟန်လိက အနှီဓားကို လက်နှစ်ဖက်ဖြင့် တရိုတသေ ယူ၏။ ထို့နောက် သူက ထပ်မံ၍ ဦးညွှတ်ကာ လေးစားမှုပြသည်။

တခြားတပည့်များက ပါးစပ်ဟောင်းလောင်း ဖြစ်နေ၏။ သူတို့၏ မျက်လုံးထဲတွင် မီးတောက်နေလေပြီ။ ဟန်လိအပေါ် သူတို့၏အကြည့်က တမျိုးတမည် ဖြစ်နေ၏။

ဟန်လိသည် တခြားသူများ၏ စိတ်ထဲရှိ အတွေးများနှင့် ပတ်သတ်၍ ရှင်းရှင်းလင်းလင်း မရှိသော်လည်း သူ့အပေါ် ကျရောက်နေသော အကြည့်များကြောင့် ထိုသူများ၏ စိတ်အတွေးကို အကြမ်းဖျဉ်းတော့ ခန့်မှန်းမိသည်သာ။ ဟန်လိသည် စိတ်ထဲ၌ ခါးသီးစွာ မရယ်မိဘဲ မနေနိုင် ဖြစ်ရသည်။

ဖြစ်နိုင်လျှင် သူသည် ဘိုးဘေးထံမှ ဒီလိုအခြေအနေကို တခြားတစ်ယောက်ပေါ်သို့ ကျရောက်စေချင်၏။ သူက သူ၏ ဆရာဟောင်းသမားတော်မော့ထံမှ သင်ခန်းစာ ကောင်းကောင်း ရခဲ့ပြီးသူ မဟုတလား။ ယနေ့ သူ ထပ်တွေ့ရသော ဆရာဖြစ်သူက ပို၍ စွမ်းအားကြီးကာ ဉာဏ်လည်းပိုများမည့်သူ ဖြစ်နေသည်။ သို့အတွက် ဟန်လိမှာ စွံ့အမိရသည်။

“မင်း အခြေခံတည်ဆောက်ခြင်းအဆင့်ကို အောင်မြင်ပြီးတဲ့အခါကျရင် ငါ မင်းကို ကိုယ်တိုင်ကိုယ်ကျ ငါ့နေရာကို ခေါ်ပြီး တရားဝင်တပည့်အဖြစ် လက်ခံမယ်။ မင်း အခြေခံတည်ဆောက်ခြင်း အဆင့်ကို မရောက်သေးရင်လည်း ကိစ္စတော့ မရှိဘူး။ ၍ါ မင်းရဲ့ ကျင့်ကြံမှု ပညာရပ်အပေါ် သင်ကြားမှုအချို့ ပေးမှာပါ…”

ဘိုးဘေးလီက ဟန်လိကို ထိုသို့ ညွှန်ကြားသည်။

“ဟုတ်ကဲ့ပါ…ဆရာ…” ဟန်လိသည် နောက်ထပ် အတွေးများ ရှိမနေတော့၊ သူက ရိုကျိုးစွာ ပြန်ဖြေသည်။

“ကောင်းပြီ။ အချိန်က သိပ်မစောတော့ဘူး။ အဝါရောင်မေပယ်တောင်ကြားကို ပြန်ကြစို့…”

ကောင်းကင်ထက်သို့ တချက် မော့ကြည့်ပြီးနောက် ဘိုးဘေးလီက ထိုသို့ ပြောလိုက်၏။

ထို့နောက်တွင် လူတိုင်းက ဘိုးဘေးလီ၏ ငွေရောင်စပါးအုံးပေါ်သို့ တက်ရောက်သည်။ ရက်အနည်းငယ် ပျံသန်းလာပြီးနောက် သူတို့က အဝါရောင်မေပယ်တောင်ကြားသို့ ပြန်ရောက်လာသည်။

သူတို့ တောင်ကြားထံ ဝင်လာချင်းချင်း ဘိုးးဘေးလီက သူနှင့်အတူ အကြီးအကဲနှစ်ယောက်ကို ခေါ်ကာ တရားဝင်ခန်းမထံ ဦးတည်သွားသည်။ တခြားသူများက တစ်ယောက်ပြီး တစ်ယောက် သူတို့၏ ကိုယ်ပိုင်နေအိမ်များထံ ထွက်သွားကြပြီး နောက်ရက်အနည်းငယ် ကြာလျှင် လက်ခံရမည့် ဆုလဒ်များကို စောင့်နေမည် ဖြစ်သည်။

အဝါရောင်မေပယ်တောင်ကြား၏ ဆေးပေါင်းတစ်ရာဥယျာဉ်ထဲရှိ အိမ်ငယ်လေးတစ်ခုအတွင်းမှာ အကြီးအကဲမာက မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် ဟန်လိကို စိုက်ကြည့်နေ၏။ သူက တစ္ဆေတစ်ကောင်ကို မြင်နေရသည့်အလား။ သူက ပါးစပ်ကနေလည်း မရပ်တန်း တတွတ်တွတ် ပြောနေ၏။

“မဖြစ်နိုင်ဘူး။ မင်းက မသေတဲ့အပြင် တားမြစ်ဧရိယာကနေ ကံကောင်းမှုပါ ရလာနိုင်ခဲ့တာပဲ။ မင်းက စိတ်ဝိညာဉ်ဆေးပင် နှစ်ဆယ်ကျော်ကို ထုတ်ပေးနိုင်ခဲ့တာပေါ့။ ပြီးတော့ ဘိုးဘေးလီကလည်း မင်းကို အမည်ခံတပည့်အဖြစ် လက်ခံခဲ့သေးတယ်…”

“ဟုတ်ပါတယ်…အကြီးအကဲမာ။ ဒါက ကျနော့်ရဲ့ ကံဟာ အင်မတန် ကောင်းလို့မလား…”

ဟန်လိက ပြုံးတုံ့မပြုံးတုံ့ဟန်ဖြင့် ပြော၏။ သူက အဘိုးအိုမာ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေ၏။ ဟန်လိသည် အတော်လေး ကျေနပ်ပျော်ရွှင်နေသည့်အလား။

ဟန်လိ၏ စကားကို ကြားသည့်နောက် အဘိုးအိုမာ၏ မျက်နှာအမူအရာက ပုံမှန် ပြန်ဖြစ်လာ၏။ သို့သော် ဟန်လိထံ သူ့အကြည့်က ထူးခြားနေသည်။ ခါတိုင်းနှင့် မတူတော့ပေ။ ထိုအကြည့်ကြောင့် ဟန်လိက တမျိုး ဖြစ်သွား၏။ တဖက်သူ၏ ရည်ရွယ်ချက်ကို သူ မသိနေပေ။

“မိတ်ဆွေလေးဟန်…ဒီတစ်ကြိမ် တားမြစ်ဧရိယာမှာ မင်း ရိတ်သိမ်းနိုင်ခဲ့တာဟာ မပေါ့ဘူး။ ဒါက ငါ မျှော်လင့်ထားတာထက် ပိုလွန်နေတယ်…”

အဘိုးအိုမာက သက်ပြင်းရှည်ချကာ ထိုသို့ ပြောလိုက်၏။

“ကျနော်လည်း အဲ့လို မမျှော်လင့်ထားမိပါဘူး…” ဟန်လိက အေးဆေး ပြန်ဖြေသည်။

“ဒါပေမဲ့ ဂျူနီယာဦးလေးလီက မင်းကို တပည့်အဖြစ် ဘာကြောင့် လက်ခံခဲ့တယ်ဆိုတဲ့ ရည်ရွယ်ချက် အမှန်ကို မင်း သိလား…”

ထိုအဘိုးအိုမာ၏ အမေးကြောင့် ဟန်လိမှာ အံ့အားသင့်သွား၏။ သို့သော် သူက ချက်ခြင်း ပျော်ရွှင်သွားသည်။ သို့သော် သူ၏ စိတ်လှုပ်ရှားမှုကို စိတ်ထဲ၌ ထိန်းသိမ်းထားပြီး သူက စိတ်ရှုပ်ထွေးဟန်ဆောင်ကာ အံ့အားတသင့် မေးလိုက်၏။

“အကြီးအကဲမာ။ ဘိုးဘေးလီ ကျနော့်ကို တပည့်အဖြစ် လက်ခံတာ တခြားအကြောင်းရင်းတစ်ခု ရှိသေးလို့လား…”

“အကြီးအကဲမာတဲ့လား။ ဂျူနီယာညီလေးဟန်က ဘိုးဘေးလီရဲ့ တပည့် ဖြစ်မှတော့ မင်းက ကျုပ်ကို စီနီယာအစ်ကိုလို့ ခေါ်ရင် ရပါပြီ။ ကျုပ်က အကြီးအကဲဆိုတဲ့ ဂုဏ်ပုဒ်ကို မခံယူဝံ့ပါဘူး…”

အဘိုးအိုမာက ဖြည်းဖြည်းချင်း ပြော၏။

“အဟွတ်…။ အကြီးအကဲမာက ကျုပ်ကို ဘာကြောင့် လှောင်ရယ်ရတာလဲ။ ကျုပ်က ကျင့်ကြံခြင်းလောကရဲ့ စီနီယာဖြစ်ခြင်းအကြောင်းတွေကို မသိဘူးလို့များ ထင်လိုက်တာလား။ ကျုပ်က အခြေခံတည်ဆောက်ခြင်းအဆင့်ကို မဝင်ရောက်သေးတဲ့အတွက် အကြီးအကဲဟာ ကျုပ်ရဲ့ အကြီးအကဲ ဖြစ်နေတုန်းပါပဲ…”

ဟန်လိက နှိမ့်နှိမ့်ချချ ပြန်ပြော၏။ သူက အဘိုးအိုမာအတွက် ခွက်ထဲသို့ ရေနွေးကြမ်း ချက်ခြင်း ငှဲ့ပေးကာ ကမ်းပေးလိုက်သည်။

“မဆိုးဘူး။ မင်းက တကယ့်ကို သိတတ်သားပဲ။ ဒီကိစ္စကြောင့် မင်းရဲ့ အသိဉာဏ် လွတ်သွားပုံ မရဘူး။ ဒါ့ကြောင့် ငါကလည်း မင်းကို ပြောပြပါ့မယ်။ တကယ်တော့ ဒါကို ငါ မပြောပြခဲ့ရင်တောင် နောက် သုံးလေးရက်ဆို မင်း သိသွားမှာပဲ…”

အဘိုးအိုမာက ကျေနပ်စွာ ခေါင်းညိတ်၍ ထိုသို့ ပြောလိုက်သည်။

ထိုစကားကိုကြားသည့်အခါ ဟန်လိက နည်းနည်းတော့ မင်သက်သွား၏။ သို့သော် သူက တဖက်သူ ဆက်ပြောမည့် စကားကို အာရုံစိုက်ကာ နားစွင့်နေသည်။ သူ့အနေဖြင့် ဘိုးဘေးလီ သူ့ကို ရုတ်တရက် တပည့်အဖြစ် လက်ခံသည့် အကြောင်းရင်းနှင့် ပတ်သတ်ပြီး သိနိုင်သလောက် သိမှ ဖြစ်မည်။

“ဂိုဏ်းကို မင်း ပေးခဲ့တဲ့ စိတ်ဝိညာဉ်ဆေးပင် အများကြီးအတွက် မင်း ရမယ့် ဆုလဒ်တွေအကြောင်းကို တွေးကြည့်ပြီးပြီလား…”

အဘိုးအိုမာက ရုတ်တရက် ထိုသို့ မေးလာသည်။

“အခြေခံတည်ဆောက်ခြင်းဆေးလုံး နှစ်လုံးလောက်တော့ ဖြစ်မယ် ထင်တယ်။ ကျနော် အစောပိုင်းတည်းက မေးမြန်းကြည့်ပြီးပြီ။ လူတစ်ယောက်က စိတ်ဝိညာဉ်ဆေးပင် ဆယ်ပင် ယူလာပေးနိုင်ရင် အခြေခံတည်ဆောက်ခြင်းဆေးလုံး တစ်လုံး ရနိုင်တယ်လို့ ပြောတယ်…”

ဟန်လိက ကောင်းကောင်းမွန်မွန် ပြန်ဖြေသည်။ သူက တဖက်သူ ထိုသို့ မေးခြင်း၌ အကြောင်းရင်း ရှိတာကို သိသည်။

“ဟက်…ပြီးခဲ့တဲ့ ရက်အချို့တုန်းက ဆုလဒ်တွေ သတ်မှတ်တဲ့အချိန်မှာ မင်းဟာ အခြေခံတည်ဆောက်ခြင်းဆေးလုံးတစ်လုံးပဲ ရမယ်တဲ့။ မင်းအနေနဲ့ နှစ်လုံးရဖို့ စိတ်ကူးယဉ်နေတာကို ရပ်လိုက်တော့…”

အဘိုးအိုမာက လှောင်သည့်သဘောဖြင့် ပြောလိုက်သည်။

“ဘာလို့လဲ…။ ဘာလို့ အဲ့လိုဖြစ်ရတာလဲ…ဆုလဒ်တွေကို အလွဲသုံးစား လုပ်တဲ့သူများ ရှိနေလို့လား…” ဟန်လိ၏ မျက်နှာထက်၌ မယုံကြည်နိုင်ဟန် ဖြစ်ပေါ်လာသည်။ သူက ထခုန်မတတ် ဖြစ်မိသွား၏။

“အဲ့လို မဟုတ်ဘူး။ ဘယ်သူမှ အဲ့လို့ မလုပ်ဝံ့ဘူး။ မင်းရဲ့ ဆုလဒ်က လျော့သွားတာသာ ဖြစ်တယ်။ တခြားသူတွေအားလုံးကတော့ သူတို့ရမယ့် ဆုလဒ်ကို အပြည့်အဝ ရကြလိမ့်မယ်။ မဟုတ်ရင် နောက်လာမယ့် သွေးနဲ့မီးစမ်းသပ်ကွင်းကို ဘယ်သူက ဝင်ပါတော့မလဲ…”

အဘိုးအိုမာက ထိုသို့ ရှင်းပြသည်။

“ဘိုးဘေးလီကြောင့်များလား…” ဟန်လိက တခုခုကို တွေးမိကာ ထိုသို့ အလေးအနက် မေးလိုက်၏။

“မင်းက ခုလောက် မြန်မြန် သဘောပေါက်မှတော့ မတုံးဘူးပဲ။ ဒါ့ကြောင့်လည်း မင်းကို ဘိုးဘေးလီက တပည့်အဖြစ် လက်ခံတာ ဖြစ်ချင်ဖြစ်နိုင်တယ်…”

အဘိုးအိုမာက ခေါင်းညိတ်ပြ၏။ သူ့မျက်လုံးထဲတွင် အသိအမှတ်ပြုဟန် ဖြတ်ပြေးသွားသည်။

“ဂိုဏ်းမှာ တရားဝင် မဟုတ်တဲ့ အလေ့အထ တစ်ခု ရှိတယ်။ ဆရာတပည့် ဆက်ဆံရေး ရှင်းရှင်းလင်းလင်း ရှိတယ်ဆို တပည့်က ဂိုဏ်းအတွက် စွမ်းဆောင်ပေးတဲ့အထဲက တဝက်ကို ရပိုင်ခွင့် ရှိတယ်။ ဆရာ့ကို ကျေးဇူးတင်ကြောင်း ပြတဲ့အနေနဲ့ လက်ဆောင်တစ်ခုပေါ့။ တကယ်တော့ ဒါဟာ တစ်ကြိမ်ပါပဲ။ ထပ်ခါထပ်ခါတော့ မဟုတ်ဘူး…။ မင်းက တားမြစ်ဧရိယာမှာ စိတ်ဝိညာဉ်ဆေးပင်တွေ အများကြီး ရခဲ့တဲ့အတွက် ဂိုဏ်းကို အများကြီး အကျိုးဆောင် ပေးတာလို့ သတ်မှတ်နိုင်တယ်…”

“အဲ့တာကြောင့် ဘိုးဘေးလီက မင်းကို တပည့်အဖြစ် လက်ခံခဲ့တာလို့ ထင်တယ်။ သူက လက်ဆောင်အဖြစ် မင်းရဲ့ စိတ်ဝိညာဉ်ဆေးပင်ဆယ်ပင်ကို ရယူချင်လို့ ဖြစ်နိုင်တယ်။ ဒါ့ကြောင့် မင်းအနေနဲ့ အခြေခံတည်ဆောက်ခြင်းဆေးလုံး နှစ်လုံး ရဖို့ မျှော်လင့်မနေတော့နဲ့…”

အဘိုးအိုမာက ဟန်လိကို ထိုသို့ ရှင်းပြသည်။

ဟန်လိက မျက်မှောင်ကြုံ့နေ၏။ သို့သော် သူ့ထံ၌ မကျေနပ်ဟန်၊ ဒေါသဖြစ်ဟန် အရိပ်အယောင်တို့ ပေါ်မနေပေ။ သူက ခေါင်းငုံ့လျက်သာ ရှိ၏။ ဤသည်က အဘိုးအိုမာကို တုန်လှုပ်သွားစေသည်။ ဟန်လိသည် ဒေါသ မဖြစ်သွားရုံသာမက သက်ပြင်းရှည်ချကာ သူ့စိတ်ထဲရှိ တင်းကြပ်မှုပါ သက်သာသွား၏။

သူ၏ဆရာသစ်က သူ့ စိတ်ဝိညာဉ်ဆေးပင်များကို လိုချင်နေသည်။ ဤသည်ကို သူ မမျှော်လင့်ထားမိပေ။ သို့သော် ၎င်းအချက်က ဟန်လိကို စိတ်အေးသွားစေမိ၏။ အခြေခံတည်ဆောက်ခြင်းဆေးလုံးများကို သန့်စင်တော့မည့် ဟန်လိအဖို့ သည်ဆေးလုံးတစ်လုံးက မပြောပလောက်သော ပမာဏပင်။ သူသည် ဆေးလုံးများ သန့်စင်ခြင်း၌ အောင်မြင်ခဲ့ပါက တလုံးတလေလောက် ဆုံးရှုံးရခြင်းကို အရေးစိုက်နေမည် မဟုတ်ပေ။

အဘိုးအိုမာကတော့ ဟန်လိ၏ စိတ်ရင်းကို သိမနေပါ။ သူက ဟန်လိ အသံတစ်သံမျှ မထွက်ပေါ်သည်ကို မြင်သည့်အခါ ဟန်လိသည် စိတ်ထဲ၌ နာကျင်နေရသည်ဟု ထင်မိ၏။ ထို့ကြောင့် သူက ပေါ့ပေါ့ပါးပါး ရယ်မောကာ ဟန်လိကို နှစ်သိမ့်ပေးသည်။

“မင်းက အခြေခံတည်ဆောက်ခြင်းဆေးလုံးတစ်လုံး ဆုံးရှုံးခဲ့ရပေမယ့် မင်းအနေနဲ့ ဘိုးဘေးလီရဲ့ အမည်ခံတပည့် ဖြစ်လာခဲ့တာပဲ မလား။ အပြန်အလှန်ပေါ့။ မင်းလည်း ကြီးကြီးမားမား မဆုံးရှုံးပါဘူး။ မင်းရဲ့ ပါရမီက သိပ်မကောင်းဘူးမလား။ မင်းအနေနဲ့ အခြေခံတည်ဆောက်ခြင်းဆေးလုံး နှစ်လုံး အသုံးပြုမယ်ဆိုရင်လည်း အဲ့အဆင့်ကို အောင်အောင်မြင်မြင် ရောက်ဖို့ အများကြီး မမျှော်လင့်ထားစေချင်ဘူး…”

“ဘိုးဘေးလီကို နောက်ခံအနေနဲ့ ရခဲ့တာက မင်းအတွက် ပိုတောင် တန်သေးတယ်နော်။ အနာဂတ်မှာ မင်းက ချီစုဆောင်းခြင်းအဆင့်မှာ ရှိနေသေးရင်တောင် ဂိုဏ်းထဲမှာ တော်တော်များများက မင်းကို ရန်စဝံ့မှာ မဟုတ်ဘူး…”

ထိုစကားကို ကြားသည့်အခါ ဟန်လိသည် စိတ်လှုပ်ရှားရ၏။ သည်အဘိုးအိုမာက သူ တားမြစ်ဧရိယာထံ သွားခဲ့ချိန်ကလည်း ဆေးပုလင်းနှစ်ပုလင်း ပေးခဲ့ပြီး အခုလည်း သူ့အပေါ် နှစ်သိမ့်အားပေးနေသည်။ ထိုသူက အပြင်ပိုင်း အေးစက်သော်လည်း သူ့စိတ်နေစရိုက်ကတော့ သိပ်မဆိုးပုံပေါ်သည်။ သို့သော် ဟန်လိက စိတ်ထဲ၌သာ အဘိုးအိုမာ၏ စကားများကို မှတ်သားထားသည်။ တဖက်သူက သူနှင့် ဆက်ဆံရေးကောင်း တည်ဆောက်ချင်နေတာလည်း ဖြစ်နိုင်သည်။

ဟန်လိသည် သူ့စိတ်ထဲ၌ ထိုသို့ တွေးမိသော်လည်း အပြင်ဘက်တွင်မူ အဘိုးအိုမာ၏ စကားများကြောင့် စိတ်လှုပ်ရှားသွားဟန်ဆောင်သည်။ အကြိမ်အနည်းငယ် ခါးသီးစွာ ရယ်မောပြီးနောက် သူက သိပ်အရေးမစိုက်ဟန်ဖြင့် ပြောလိုက်၏။

အကြီးအကဲမာက ဟန်လိ စိတ်ဓာတ်ကျရာကနေ ပြန်ကောင်းမွန်လာသည်ကို မြင်သည့်အခါ သူ့စိတ်ထဲ၌ ကျေနပ်သွား၏။ ထို့နောက်တွင် သူက နှုတ်ဆက်စကားပြောပြီး ထွက်သွားတော့၏။ ဆေးပင်တစ်ရာဥယျာဉ်သည် ဟန်လိလက်ထဲ တဖန် ပြန်ကျရောက်လာခဲ့ပြန်ပြီ။

All Chapters