ရေခဲကဲ့သို့ အေးစက်သောလူ
Vol. 6 Ch. 72
တတိယနေ့ရဲ့ မနက်ခင်းကို အရောက်မှာတော့ လီဖူချန်းက ဖန်လီဟိုင်ကို စမ်းချောင်းလေး တစ်ခုအနားမှာ တွေ့လိုက်ပါတယ်။
“ဖန်လီဟိုင်"
"လီဖူချန်း"
သူတို့ရဲ့ အကြည့်ချင်း ဆုံမိတဲ့အခါမှာတော့ ထွက်ပေါ်လာတဲ့ အတွင်းအားတွေက ဘေးနားက သစ်ပင်တွေပေါ်က သစ်ရွက် တွေကိုတောင် ကြွေကျ လာပါစေတယ်။
"မင်းငါ့ကို တကယ် လိုက်မီလာတာဘဲ။ ကြည့်ရတာ သူတို့တွေက မင်းကို မတားနိုင်ဘူး ထင်တယ်"
လီဖူချန်းက အေးစက်စက် ရယ်လိုက်ပြီး
“မင်းလို ပြိုင်ဘက်ကင်းဘွဲ့ရ တစ်ယောက်က ဒီလို အောက်တန်းကျတဲ့ နည်းတွေကို သုံးပြတာက ငါ့အတွက် အင်မတန်မှ ဗဟုသုတ ရစေပါတယ်။"
ဖန်လီဟိုင်ကလည်း အားရပါးရ ရယ်လိုက်ပြီး
“သားရဲတစ်ရာ တောအုပ်ထဲမှာ သတ်ဖြတ်တာကလွဲပြီး အကုန်လုံးကို ခွင့်ပြုထားတာဘဲ။ ငါကငါ့ရဲ့ အားသာချက်ကို ငါ အသုံးပြုတာလေ။ ဒါကို အောက်တန်းကျတယ်လို့ ဘယ်လို သတ်မှတ်လို့ ရမှာလဲ"
လီဖူချန်းက စကားပြိုင်ငြင်းဖို့ အဲဒီလောက်ကြီး စိတ်မပါတာနဲ့ အတွင်းအားကို ထုတ်လိုက်ပြီး
“မင်းကိုငါဒဏ်ရာ နည်းနည်းလောက် ရအောင် လုပ်လိုက်ရင်ကော မင်းထိပ်ဆုံး အယောက်(၂၀) အတွင်းမှာ ဝင်နိုင်ဦးမလား ဆိုတာ ငါသိချင်မိတယ်"
"လီဖူချန်း ... မင်းက ငါ့ကိုလွန်ခဲ့တဲ့ ခြောက်လတုန်းက ဖန်လီဟိုင်လို့ ထင်နေတာလား။ ငါဘယ်လောက်ထိ တိုးတက်လာလဲ ဆိုတာ မင်းကို ပြရသေးတာပေါ့။"
ဖန်လီဟိုင်ကလည်း သူ့အတွင်းအားကို ထုတ်လိုက်ပြီး လျင်မြန်စွာနဲ့ လီဖူချန်းဆီ ပြေးဝင် လာခဲ့တယ်။
“ကျား"
မာန်သွင်းသံနဲ့အတူ ဖန်လီဟိုင်က လီဖူချန်းကို လက်သီးတစ်ချက် ပစ်ထိုးလိုက်ပါတယ်။ နှစ်ဝက်လောက် လေ့ကျင့်အပြီးမှာတော့ ဖန်လီဟိုင်ရဲ့ သံမဏိကြေးခွံ ပညာရပ်က အဆင့်ကိုး အထွတ် အထိပ်ကို ရောက်နေပါပြီ။ သူ့ရဲ့ သံရိုင်းငှက်ခန္ဓာကိုယ် ကျင့်စဉ်ကလည်း အဆင့်သုံးကို ရောက်နေပြီ ဖြစ်သဖြင့် ပြင်ပ ခွန်အား (၇၀၀၀) ကီလိုဂရမ်အားကို ရရှိနေပါပြီ။
“မင်းကအတော်လေး တိုးတက် လာသားပဲ။ နှမြောစရာ ကောင်းတာက ဒါက ငါ့အတွက်တော့ မဆိုစလောက် ကလေးဘဲ"
ဘယ်ခြေကို မြှောက်လိုက်ပြီး လီဖူချန်းက ဖန်လီဟိုင်ရဲ့ လက်သီးကို လှမ်းကန်လိုက်ပါတယ်။
“ဖုန်း"
ဖန်လီဟိုင်က မိုးကြိုးပစ်ခံ လိုက်ရတဲ့ စာကလေးလိုဘဲ စုတ်ပြတ်သတ်ပြီး ချောင်းထဲကို လွင့်ထွက်သွားပါတယ်။
“ဖန်လီဟိုင် ... မင်းနဲ့ငါနဲ့က အကြီးအကျယ် တိုက်ခိုက် ရလောက်အောင် ဘာရန်ငြိုးမှ ရှိခဲ့ကြတာ မဟုတ်ဘူး။ ဒါကိုမင်းက ငါ့ကို အကြိမ်ကြိမ် ရန်လာရှာခဲ့တယ်။ အခုတော့ မင်းငါ့ကို ဒီလို လုပ်ခဲ့တာတွေ အတွက် ပြန်ပြီး ပေးဆပ်ရမယ့် အချိန် ရောက်ပြီ"
လီဖူချန်းက ဖန်လီဟိုင်ကို လွယ်လွယ်နဲ့ လွှတ်ပေးလိုက်ဖို့ မရှိပါဘူး။ သူက တစ်လှမ်းချင်း ဖန်လီဟိုင်ဆီ တိုးကပ် သွားပါတယ်။
“မဖြစ်နိုင်ဘူး။ ဒါကလုံးဝမဖြစ်နိုင်ဘူး"
ဖန်လီဟိုင်က လီဖူချန်း သူ့အနားကို တဖြည်းဖြည်း နီးကပ်လာတာနဲ့ အမျှ သူကိုယ်တိုင်တောင် သတိမထားမိဘဲ စကားတစ်ခွန်းကို အထပ်ထပ် အခါခါ ပြောနေပါတယ်။ သူဒီလို သတိလက်လွှတ် ပြုမူနေမိတာကို အပြစ်တင်လို့တော့ မရပါဘူး။ ဘာလို့လဲဆိုတော့ လီဖူချန်း ခန္ဓာကိုယ်က ထွက်လာတဲ့ အငွေ့အသက်တွေက တကယ်ကို ကြောက်စရာကောင်းလွန်း နေလို့ပါ။
လွန်ခဲ့တဲ့ ခြောက်လတုန်းကတောင် လီဖူချန်းကို သူက ကိုယ်တင်သူတင် တိုက်ခိုက်နိုင်ခဲ့ သေးတယ်လေ။ အခုကျတော့ လီဖူချန်းရဲ့ ကန်ချက် တစ်ချက်ကိုတောင် မခံနိုင်တော့ပါဘူး။ ဒီလိုကိစ္စကို သူဘယ်လိုမှယုံကြည်လို့မရဘူးလေ။ မင်းပြိုင်ဘက်က မင်းကို နှာတစ်ဖျားစာလေး ကပ်ပြီး အနိုင်ယူသွားတယ် ဆိုရင်တောင် မင်းက ကလဲ့စားချေဖို့ မျှော်လင့်လို့ ရပါသေးတယ်။ ဒါပေမဲ့ တစ်ချက်တည်းနဲ့ အနိုင်ယူသွားတယ် ဆိုရင်တော့ ကလဲ့စားချေဖို့ကို မေ့လိုက်တာက အကောင်းဆုံးပါဘဲ။ လီဖူချန်းက သူ့ရှေ့ကို ရောက်ဖို့ ဘယ်လောက်မှ မလိုတော့တဲ့ အခါမှာတော့ ဖန်လီဟိုင်က အကြောက်လွန်ပြီး လုပ်မိလုပ်ရာ လုပ်ပါတော့တယ်။ စမ်းချောင်းထဲက ရေတွေကို ပေါက်ကွဲစေလိုက်ပြီး လီဖူချန်းရဲ့ မြင်ကွင်းကို ကွယ်လိုက်ကာ စမ်းချောင်းထဲက ခုန်ထွက်ပြီး ပြေးပါတော့တယ်။ ဒါပေမဲ့ လီဖူချန်းက အရမ်းမြန်လွန်း ပါတယ်။ မျက်စိတစ်မှိတ် အတွင်းမှာဘဲ သူက ဖန်လီဟိုင်ကို လိုက်မီ လာတယ်လေ။
“မဖြစ်နိုင်ဘူး"
ဖန်လီဟိုင်က ချောင်ပိတ်ရိုက်ခံရတဲ့ ခွေးတစ်ကောင်လို လီဖူချန်းကို ပြန်တိုက် ပါတော့တယ်။ သူ့ရဲ့ကောင်းနေသေးတဲ့ ဘယ်ဘက်လက်နဲ့ သစ်သားဓားကို ဆွဲထုတ်လိုက်ပြီး လီဖူချန်းကို ပစ်ပေါက် လိုက်ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်က ထွက်ပြေးဖို့ အချိန်ပို ရလာအောင်လို့ပါ။ ဒါပေမဲ့ လီဖူချန်းက အသာအယာပဲ ရှောင်တိမ်းလိုက်ပြီး ဖန်လီဟိုင်ရဲ့ ဖင်ကို ဆောင့်ကန် ထည့်လိုက်ပါတယ်။
“ဖုန်း"
ဖန်လီဟိုင်က ကန်ချက်ကြောင့် မြေပြင်ပေါ်မှာ လိမ့်ထွက်သွားပါတယ်။ လိမ့်နေတာ ရပ်သွားတဲ့ အချိန်မှာတော့ လီဖူချန်းက အေးအေးဆေးဆေးဘဲ သူ့ဆီကို တစ်လှမ်းချင်း လာနေတာကို တွေ့မြင်လိုက်ရပါတယ်။ ဖန်လီဟိုင်ရဲ့ တစ်ကိုယ်လုံးက တုန်ယင်နေပြီး မျက်လုံးတွေ ထဲမှာလည်း ကြောက်ရွံ့မှုတွေက အထင်းသား ပေါ်နေပါပြီ။
“ခွေးမသားလေး ... သွားစမ်း"
ရုတ်တရက် ဘယ်နေရာကမှန်း မသိဘဲ လူတစ်ယောက်က ထွက်လာပြီး လီဖူချန်း တစ်ခါမှ မမြင်ဖူးတဲ့ အမြန်နှုန်းနဲ့ သူ့ကို တိုက်ခိုက်တာကို ကြုံလိုက်ရပါတယ်။ လီဖူချန်းက အလျင်အမြန်ဘဲ လက်သီးနဲ့ ပြန်ခုခံ လိုက်ပါတယ်။
ဝေါ့ ... ...
လီဖူချန်းက သွေးတစ်လုတ် အန်လိုက်ရပြီး အနောက်ကို လွင့်ထွက်သွားပါတယ်။ အရှိန်က ဘယ်လောက်ပြင်းသလဲ ဆိုရင် လီဖူချန်း တိုက်မိလိုက်တဲ့ သစ်ပင်ကတောင် နှစ်ပိုင်းပြတ်သွားတဲ့ အထိပါဘဲ။ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်က ပညာရှင်စစ်သည်တော်။ လီဖူချန်းကို တိုက်ခိုက်လိုက်တဲ့သူက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်က ပညာရှင် တစ်ယောက်ပါ။ မဟုတ်ရင် လီဖူချန်းက တစ်ချက်တည်းနဲ့ ဒီလောက်အထိ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားစရာ အကြောင်းမရှိပါဘူး။ လီဖူချန်းက ခေါင်းမော့ ကြည့်လိုက်တဲ့ အခါမှာတော့ အပြင်စည်း ကြီးကြပ်ရေးမှုး ဝတ်စုံဝတ်ထားတဲ့ ထိပ်ပြောင်ပြောင် လူတစ်ယောက်ကို မြင်လိုက်ရပါတယ်။ ထိုလူက လီဖူချန်းကို အေးစက်စက်နဲ့ ကြည့််နေပါတယ်။ လီဖူချန်းရဲ့ ခံနိုင်ရည်က အတော်လေး ကောင်းနေတဲ့အတွက် ထိုသူရဲ့ တိုက်ခိုက်မှုက ကြီးကြီးမားမားတော့ မထိခိုက်စေပါဘူး။ ဒဏ်ရာ အနည်းအကျဉ်းလေးလောက် ရရုံပါဘဲ။
“အပြင်စည်း ကြီးကြပ်ရေးမှုး တစ်ယောက်ဖြစ်ပြီး ခင်ဗျားက ဂိုဏ်းတော်ရဲ့ ပြိုင်ပွဲကို ဝင်နှောင့်ယှက်ရဲတယ် ဆိုတော့ ခင်ဗျားက ဂိုဏ်းတော်ကို မျက်စိထဲမှာ မရှိတာလား"
လီဖူချန်းက မတ်တတ် ထလိုက်ရင်းနဲ့ မေးလိုက်ပါတယ်။ ထိပ်ပြောင်ပြောင် လူကြီးက
“ဒီလောက်အရွယ် ငယ်ငယ်လေးနဲ့တောင် ရက်စက်တတ်နေတာ မင်းရဲ့မိဘတွေက မင်းကို သေသေချာချာ မဆုံးမ ခဲ့ဘူးလား"
“ခေါင်းစဉ်ပြောင်းဖို့ ကြိုးစားမနေနဲ့ ထိပ်ပြောင်ကြီး။
ကျွန်တော်မေးတာက ခင်ဗျားက ဂိုဏ်းတော်ကို မျက်စိထဲမှာ မထည့်လို့ ဒီလိုလုပ်တာလားလို့ မေးတာ"
လီဖူချန်းက ထပ်မေးလိုက်ပါတယ်။ ဖန်လီဟိုင်ကို ဖေးမလိုက်ပြီး ထိပ်ပြောင်ကြီးက လီဖူချန်းရဲ့ မေးခွန်းကို ဝေ့လည်ကြောင်ပတ် ဖြေလိုက်ပါတယ်။
“ငါသာမင်းကို သတ်ချင်စိတ်ရှိရင် ငါ့အားရဲ့ ဆယ်ရာခိုင်နှုန်း လောက်ကိုပဲ အသုံးပြုခဲ့မှာ မဟုတ်ဘူး။
မင်းကိုယ်မင်း ကံကောင်းတယ်လို့ မှတ်ယူပြီး ဒီကိစ္စကို ဒီမှာပဲ ထားလိုက်ရအောင်"
သူက ဖန်ကလန်ရဲ့ အဖွဲ့ဝင် တစ်ဦးပါ။ ဝါစဉ်အလိုက်ဆိုရင် ဖန်လီဟိုင်က သူ့ရဲ့ဝမ်းကွဲတူ တော်စပ်ပါတယ်။ ပထမအဆင့် ပြိုင်ပွဲ စကတည်းက သူက ဖန်လီဟိုင်ရဲ့ နောက်ကို တိတ်တဆိတ် လိုက်ပြီး ကာကွယ်စောင့်ရှောက် ပေးနေခဲ့တာလေ။ ဖန်လီဟိုင်နဲ့ လီဖူချန်း တိုက်ခိုက်တုန်းကတော့ သူက ဖန်လီဟိုင်ကို တစ်ကွက်တည်းနဲ့ ရှုံးသွား လိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ လီဖူချန်းကသာ ဒီအတိုင်း တိုက်ခိုက်ပြီး ထွက်သွားမယ်ဆိုရင် သူက ဝင်ပါဖို့ စိတ်ကူးမရှိပါဘူး။ ဒါပေမဲ့ လီဖူချန်းက ဖန်လီဟိုင်ကို ရက်ရက်စက်စက်လုပ်ဖို့ပြင်နေတဲ့အချိန်မှာတော့ သူက လီဖူချန်းကို ပညာပေးဖို့ဝင်ပါလိုက်ရတာပါ။
“ကျေအေး စေချင်တာလား။ ဆုတောင်းလေ။ ကျွန်တော်ီဒကိစ္စကို အကြီးအကဲချုပ်အထိ တက်တိုင်ဦးမှာ"
လီဖူလျန်းက မကျေလည်သေးတဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။
“ကောင်စုတ်လေး အလိုက်ကန်းဆိုး မသိ မလုပ်စမ်းနဲ့။ မင်းက ဘာအဆင့်မှ ရှိတဲ့သူ မဟုတ်သေးဘူးနော်"
ထိပ်ပြောင်ကြီးက လူသတ်ချင်သည့် လေသံဖြင့် လီဖူချန်းကို ခြိမ်းခြောက်လိုက်တယ်။
“ဘာလဲ ... ခင်ဗျားက ကျုပ်ကို နှုတ်ပိတ်ချင်လို့လား"
လီဖူချန်းက သူ့ရဲ့ အသိစိတ်အာရုံထဲမှာ စွမ်းအား ပြင်းထန်တဲ့ အငွေ့အသက်တွေ ခံစားနေရတဲ့ အတွက် အပြင်စည်း အကြီးအကဲ တစ်ယောက်တော့ ရောက်လာပြီ ဆိုတာကို သတိပြုမိ လိုက်သဖြင့် ထိပ်ပြောင်ကြီးကို လုံးဝ မကြောက်မရွံ့ ပြန်ပြောလိုက်ပါတယ်။
“မင်းက သေချင်နေမှတော့ ငါက မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့"
အတွင်းအားတွေကို ထုတ်လိုက်ပြီး ထိပ်ပြောင်ကြီးက လီဖူချန်းကို တိုက်ခိုက်ဖို့ ဒူးကွေး လိုက်ပါတယ်။
“ဖန်တိုင်းဟီ ... အခု မင်းဘာလုပ်နေတာလဲ"
ကျယ်လောင်တဲ့ အသံတစ်ခုက ထွက်ပေါ်လာပါတယ်။
“အကြီးအကဲ ချူ "
ဖန်တိုင်းဟီက မျက်နှာ ပျက်သွားပြီး သစ်ကိုင်း တစ်ကိုင်းပေါ်မှာ ရပ်နေတဲ့ အကြီးအကဲတစ်ဦးကို အရိုအသေ ပေးလိုက်ပါတယ်။ ဒီအကြီးအကဲက အပြင်စည်း အကြီးအကဲဝတ်စုံကို ဆင်မြန်းထားပါတယ်။ သူက အေးစက်စက် လေသံဖြင့်
“မင်းက စိတ်ထင်တိုင်း လျှောက်လုပ်ပြီး ပြိုင်ပွဲကို နှောင့်ယှက်တယ် ပေါ့လေ။
မင်းဘယ်လို ပြစ်ဒဏ်မျိုး ကျခံသင့်သလဲဆိုတာ ငါ့ကိုပြောစမ်း"
ဖန်တိုင်းဟီက တုန်လှုပ်စွာနဲ့ ပြန်ဖြေ လိုက်ပါတယ်။
“အကြီးအကဲချူ ... ကျွန်တော်က သူ့ကို ခြောက်ရုံ ခြောက်လိုက်တာပါ။ အကြီးအကဲချူ ကျွန်တော့်ကို ခွင့်လွှတ် ပေးစေချင်ပါတယ် ခင်ဗျာ"
“ခြောက်ရုံ ခြောက်လိုက်တာ ဟုတ်လား။ ဒီကလေးကို ကြည့်စမ်း ... ဒါကမင်း ခြောက်လိုက် တာတဲ့လား"
“မင်း ပြန်ရောက်တာနဲ့ အပြစ်ပေး ခန်းမကို သွားပြီး ပြစ်ဒဏ်ခံယူလိုက်"
အကြီးအကဲချူက လေသံ အေးစက်စက်နဲ့ အမိန့်ပေးလိုက်တယ်။
“ဟုတ်ကဲ့"
ဖန်တိုင်းဟီက ခေါင်းငိုက်စိုက် ကျလျက် ဖြစ်သွားခဲ့ပါပြီ။ သူ့ရဲ့ အကြည့်ကို လီဖူချန်းဆီသို့ လွှဲလိုက်ပြီး အကြီးအကဲချူက
“လီဖူချန်း ဘာမှ စိုးရိမ်မနေနဲ့။ ဒီကိစ္စကို အပြင်စည်း အကြီးအကဲချုပ်က ဖြေရှင်း ပေးပါလိမ့်မယ်"
လို့ ကတိ ပေးလိုက်ပါတယ်။
“ကျေးဇူးတင်ပါတယ်။ အကြီးအကဲချူ ခင်ဗျား ..."
လီဖူချန်းရဲ့ ပုံစံက အရမ်းရိုကျိုးတဲ့ ပုံစံ ဖြစ်နေပေမယ့် သူ့နှလုံးသားကတော့ ရေခဲတမျှ အေးစက်တည်ငြိမ် နေပါတယ်။ အကြီးအကဲချူရဲ့ ကတိပေးမှုကို ရပြီးတဲ့ နောက်မှာတော့ သူက ဖန်တိုင်းဟီကို စိတ်ထဲ မထားတော့ပါဘူး။ ဖန်လီဟိုင်နဲ့ ဖန်တိုင်းဟီကို အနောက်ကနေ ရှန်ဟိုင်းမြို့စားက ကျောထောက်နောက်ခံ လုပ်ထား ပေးတာကို သူမမေ့ပါဘူး။ ရှန်ဟိုင်းမြို့စားက သာမန် မြို့စားတစ်ယောက် မဟုတ်ပါဘူး။ သူက မိုးပြာရောင်ဂိုဏ်းရဲ့ အတွင်းစည်း အကြီးအကဲ တစ်ယောက်နဲ့ အဆင့်ချင်း ညီတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။
ဒါကြောင့် ဖန်တိုင်းဟီက အပြစ်ကြီးကြီးမားမား ခံရမှာ မဟုတ်ဘူး ဆိုတာကိုလည်း သူခန့်မှန်း ပြီးပါပြီ။ လီဖူချန်း ထွက်သွားပြီးတဲ့ အခါမှာတော့ အကြီးအကဲချူက ဖန်တိုင်းဟီ ဆီကို ဆေးလုံးတစ်လုံး ပစ်ပေး လိုက်ပါတယ်။
“ဒီဆေးလုံးက သူ့ဒဏ်ရာတွေကို အမြန်သက်သာ လာစေလိမ့်မယ်"
ပြောပြီးတာနဲ့ အကြီးအကဲက အလင်းတန်း တစ်ခုလို ပျောက်ကွယ် သွားပါတော့တယ်။
“ဦးလေး တိုင်းဟီ ... အကြီးအကဲတွေက ဦးလေးကို အပြစ်ပေးမှာလား"
ဖန်လီဟိုင်က စိုးရိမ်စွာဖြင့် မေးလိုက်ပါတယ်။ ဖန်တိုင်းဟီက ရယ်လိုက်ပြီး
“စိတ်မပူပါနဲ့။ မင်းအဖေ ရှိနေသေးသရွေ့ ငါ အပြစ်ကြီးကြီး ခံရမှာ မဟုတ်ပါဘူး။"
“တော်သေးတာပေါ့"
ဖန်လီဟိုင်က အခုမှ စိတ်သက်သာ ရသွားပါတယ်။
***