← Chapters

ကြိုတင်ပြင်ဆင်မှု

Vol. 16 Ch. 213

ကြိုတင်ပြင်ဆင်မှု

Vol. 16 Ch. 213

တားမြစ်ဧရိယာသို့ သွားသည့် ခရီးစဉ်က ဆယ်ရက်တာ ကြာခဲ့သော်လည်း ဟန်လိက နှစ်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့သလို ခံစားမိ၏။ ထို့ကြောင့် သူသည် ဆေးဥယျာဉ်ထဲရှိ အိပ်ယာပေါ်တွင် အချိန်အတန်ကြာသည့်အထိ သက်တောင့်သက်သာ လဲလျောင်းနေခဲ့သည်။

နောက်ဆုံး၌ သူသည် သူ့အသက်နှင့် လောင်းကြေးထပ်ကာ သွားခဲ့သော ဒီခရီးစဉ်ကနေ ဘေးမထိရန်မထိ ပြန်ရောက်လာခဲ့ရုံသာမက သူ့ပန်းတိုင်ကိုလည်း ပြီးမြောက်စေခဲ့ပြီ ဖြစ်သည်။ အခု သူသည် အမှန်တကယ် ပူပန်မှု ကင်းမဲ့နေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။

ဟန်လိသည် ဒုတိယမြောက်နေ့၏ နေ့လယ်ခင်းအချိန်ထိ အိပ်ပျော်နေပြီးမှ နိုးလာခဲ့သည်။

သူ နိုးလာသည့်နောက် စိတ်လှုပ်တရှား ဖြစ်နေသည်။ သူက ချက်ခြင်းပင် သူ့အနာဂတ်အတွက် အစီအစဉ်များကို စရေးဆွဲတော့သည်။

သူ အရင်ဆုံး လုပ်ရမည်မှာ အခြေခံတည်ဆောက်ခြင်းဆေးလုံး ဖော်စပ်ရာ၌ အဓိကပါဝင်သော ဆေးပင်အမယ်သုံးမျိုးကို ရင့်မှည့်အောင် လုပ်ရမည် ဖြစ်သည်။ သို့ပေမည့် ထိုအရာအားလုံးအတွက် ပြင်ဆင်မှုက ဆယ်ရက်လောက်၊ လဝက်လောက်ဖြင့် ပြီးမြောက်မည့် ကိစ္စမဟုတ်ပေ။ ဟန်လိ၏ ခန့်မှန်းချက်အရ ထိုသို့သော ပြင်ဆင်မှုများသည် ဆေးလုံးစသန့်စင်နိုင်ဖို့အထိဆို နှစ်အနည်းငယ် ကြာလောက်မည်။

ထို့ကြောင့် ဟန်လိက သူ၏ စိတ်ဝိညာဉ်ဆေးပင်များနှင့် ပတ်သတ်ပြီး အလျင်မလိုပေ။ ထိုအစား သူက တားမြစ်ဧရိယာကနေ သူ ရလာခဲသော အကျိုးအမြတ်များကို စီစဉ်နေ၏။

သူက အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးဆယ်တုံး၊ အဆင့်နိမ့်ကျောက်တုံးရာချီနှင့် ကင်းခြေများ နတ်ဆိုးသားရဲ၏ ကျောရိုးခွံများ၊ အဆင့်အမျိုးမျိုးရှိသော မှော်ပစ္စည်းများ၊ မင်နက်ရေနဂါးထံမှ ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် တခြားအမှိုက်များစွာတို့ကို ရခဲ့ပေသည်။

သို့ပေမည့် ဟန်လိရှေ့၌ သူ စိတ်အဝင်စားဆုံး ပစ္စည်းအမယ်နှစ်ခု ရှိနေ၏။ တစ်ခုမှာ လေးနှင့်မြားကို ကိုင်ထားသော ရုပ်တုငယ်တစ်ခု၊ နောက်တစ်ခုက ငွေရောင်စာအုပ်တစ်အုပ်ပင်။

ထိုရုပ်တုကို သစ်သားဖြင့် အဓိက ထွင်းထုထား၏။ အသက်ဝင်နေသလား ထင်မှတ်ရသည်။ ရုပ်တု၏ ခေါင်းအစခြေအဆုံးကို အစစ်အမှန်ဆန်လှသော သတ္တုချပ်ဝတ်တစ်ခု ဝတ်ပေးထား၏။ လက်ထဲတွင် ကြေးညိုရောင်လေးကို ကိုင်ထားသေးသည်။ ဤသည်မှာ ဟန်လိ အကြီးအကဲများထံမှ ရလာခဲ့သော မှော်ပစ္စည်းပင်။ ၎င်းမှာ ရုပ်သေးလေးသား ဖြစ်၏။ အဆင့်မြင့်မှော်ပစ္စည်းတစ်ခုပင်။

သူက ထိုမှော်ပစ္စည်းကို ရလာခဲ့ပြီးနောက် ၎င်းကို မည်သို့ အသုံးပြုရမှန်း မသိသေးပေ။ အကြောင်းမှာ ထိုမှော်ပစ္စည်းအတွက် စိတ်ဝိညာဉ်ခွဲထုတ်သော လျှို့ဝှက်ပညာရပ်တစ်ခု လိုအပ်၏။ ထိုရုပ်သေးကို ထိန်းချုပ်ဖို့အတွက် စိတ်ဝိညာဉ်အာရုံတစ်ခုက ၎င်းထဲသို့ ဝင်ရောက်ရန် လိုအပ်သည်။

ထိုစိတ်ဝိညာဉ်ခွဲထွက်ခြင်း ပညာရပ်ကို အခြေခံတည်ဆောက်ခြင်းအဆင့်သို့ မရောက်သေးပါက တတ်မြောက်ဖို့ မဖြစ်နိုင်ပေ။ အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် ထိုအဆင့်၏အထက်ရှိ ကျင့်ကြံသူများကသာ လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို ခွဲထုတ်သည့် နာကျင်မှုကို တောင့်ခံနိုင်သော လုံလောက်သည့် စိတ်ဝိညာဉ်အာရုံ ပိုင်ဆိုင်ကြပေ၏။ ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ စိတ်ဝိညာဉ်အာရုံလောက်ဖြင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်း မပြီးမြောက်ခင်မှာပင် ထိုသူသည် ကျရှုံး၍ ရူးသွပ်သွားနိုင်သည်။

ကျင့်ကြံသူတစ်ယောက်၏ စိတ်ဝိညာဉ်အာရုံကို အဘက်ဘက်သို့ ဖြန့်ကျက်ကာ အရာဝတ္ထုများကို စစ်ဆေးကြည့်ဖို့အတွက် အသုံးပြုသည်ဟု ဆိုနိုင်သည်။ သို့သော် ထိုမျှက လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို ခွဲထုတ်ခြင်းနှင့် မသက်ဆိုင်ပေ။ အစတုန်းက စိတ်ဝိညာဉ်အာရုံသည် ပညာရပ်ငယ်တစ်ခုထက်သာ သာလွန်ပြီး ဘာမျှ မဟုတ်ခဲ့ပေ။

သို့သော် လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို ခွဲထုတ်ဖို့ လျှို့ဝှက်ပညာရပ်ကို ကျင့်ကြံပြီးသည့်နောက် ဤသည်က လူတစ်ယောက်သည် နတ်ဘုရားအာရုံများစွာကို ခွဲထုတ်နိုင်ခြင်းနှင့် ညီမျှလာခဲ့၏။ ထိုနတ်ဘုရားအာရုံတစ်ခုချင်းစီက ပစ္စည်းအမယ်များကို ထိန်းချုပ်နိုင်စွမ်း ရှိသည်။ လူတစ်ယောက်သည် သူတို့၏ စိတ်ဝိညာဉ်ကို ပို၍ ခွဲပိုင်းထုတ်နိုင်ပါက မှော်လက်နက်များကို ပို ထိန်းချုပ်နိုင်လေ ဖြစ်သည်။

ချီစုဆောင်းခြင်းအဆင့် တပည့်များက ရန်သူနှင့် ရင်ဆိုင်ရာတွင် အများဆုံးမှ တချိန်တည်းမှာ မှော်ပစ္စည်းနှစ်ခုကိုသာ အသုံးပြုနိုင်၏။ သူတို့က ထိုထက် ပိုအသုံးပြုလျှင်ပင် ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ပေ။

ဟန်လိက သည်ရုပ်တုငယ်ကို သေချာ ကြည့်နေပြီးနောက် ၎င်းကို ပြန်ချကာ ငွေရောင်စာအုပ်ကို ယူကြည့်သည်။

ထိုစာအုပ်က ဟန်လိ ဓားဘီလူးဂိုဏ်းမှ ခြေဗလာနှင့်သူထံမှ ရခဲ့သော အကျိုးအမြတ် ပစ္စည်း ဖြစ်၏။ ထိုစာအုပ်၏ အပေါ်ပိုင်းက မညီမညာဖြစ်ကာ ထူးခြားသော ဒီဇိုင်းများနှင့် ရေးသားထားသည်။ ၎င်းစာအုပ်က အလွန်ဆန်းကြယ်ပုံ ပေါ်သည်။ ဟန်လိသည် တနေ့တာ၏ အများစုကို ဒီစာအုပ်နှင့် ပတ်သတ်ပြီး စဉ်းစားကြည့်သော်လည်း မည်သည့်သဲလွန်စမှ မရခဲ့ပေ။

ထိုသို့ဖြင့် လာမည့်နေ့များတွင် ဟန်လိက ဒီငွေရောင်စာအုပ်ကို ထပ်မံလေ့လာရင်း ဂိုဏ်း၏ အကြီးအကဲများထံမှ သတင်းများကို စောင့်နေသည်။ သူသည် အဘိုးအိုမာ ပြောခဲ့တာ မှန်လား၊မှားလားကို တွေ့ရတော့မည်ဖြစ်၏။ သူရမည့် ဆုလဒ်က လျော့ချခံရမည်လား။

လေးရက်မြောက်နေ့၏ နေ့လယ်ခင်းတွင် အကြီးအကဲ၊ သိုင်းဦးလေးဝမ်နှင့် တခြား သူ မသိသော အကြီးအကဲတစ်ယောက်တို့က အခြေခံတည်ဆောက်ခြင်းဆေးလုံး တစ်လုံး ယူကာ ဟန်လိထံ ရောက်လာ၏။ သူတို့ ပြောပြသည့် အကြောင်းရင်းက အဘိုးအိုမာ ပြောခဲ့သော စကားများနှင့် အတူတူသာ။ ဘိုးဘေးလီက သူ့ တပည့်၏ ဂိုဏ်းထံ ပေးမည့် စိတ်ဝိညာဉ်ဆေးပင်များထဲမှ တစ်ဝက်ကို အမှန်တကယ် ယူခဲ့ပေသည်။

ဟန်လိက သည်စကးကို ကြားသည့်အခါ သူ့ကိုယ်သူ အေးတိအေးစက် လှောင်ရယ်၏။ သို့သော် အပြင်ပိုင်းတွင်မူ သူ့အမူအရာက အနည်းငယ်မျှပင် အထွန့်တက်ဟန် မရှိပေ။ ထိုသည်ကို မြင်သည့်အခါ အကြီးအကဲနှစ်ယောက်က ထွေထွေထူးထူး ရှင်းပြရန် မလိုတော့သည်ကို သိရပြီး စိတ်သက်သာစွာ သက်ပြင်းချသည်။ ထို့နောက် သူတို့က ဟန်လိကို ပြုံး၍ နှုတ်ဆက်ပြီး ထွက်သွားကြသည်။

ဟန်လိက ထိုနှစ်ယောက် ထွက်သွားသည်ကို တွေ့ပြီးနောက် သူ့ကိုယ်သူ ခဏ ရယ်မောကာ သူ၏ အသစ်ရလာသော အခြေခံတည်ဆောက်ခြင်းဆေးလုံးကို သိမ်းဆည်းသည်။ အခုအခါ၌ သူ့ကိုယ်သူ ကွယ်ဖုံးကာ အခြေခံတည်ဆောက်ခြင်း ဆေးလုံးများကို သန့်စင်ရတော့မည် ဖြစ်သည်။

ထိုသို့ဖြင့် တလပြီးတလ ကုန်ဆုံးလာခဲ့၏။ သုံးနှစ်တာသည် ဖြတ်ခနဲအတွင်း ကုန်ဆုံးသွားခဲ့သည်။ ဟန်လိ၏ ဆေးလုံးသန့်စင်ဖို့ ပြင်ဆင်မှုများလည်း နောက်ဆုံး၌ ပြည့်စုံသွားခဲ့ပြီ။ ထိုကာလအတွင်း အဝါရောင်မေပယ်တောင်ကြား၌ တချို့ကိစ္စများ ဖြစ်ပျက်ခဲ့၏။

ဂျူနီယာညီမချန်က သူမ ရရှိသော အခြေခံတည်ဆောက်ခြင်းဆေးလုံးကို သောက်သုံးပြီးနောက် တစ်နှစ်လုံး အပြင်းအထန် ကျင့်ကြံခဲ့သည်။ အဆုံးသပ်၌ သူမက အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ဝင်ရောက်နိုင်ခဲ့သည်။ သို့သော် သူမအစ်ကိုဖြစ်သူ၏ ကံကတော့ သိပ်မကောင်းပါ။ ဤသည်က သူ့အတွက် အခြေခံတည်ဆောက်ခြင်းဆေးလုံး သောက်သုံးတာ ဒုတိယအကြိမ် ဖြစ်သော်လည်း သူသည် အဆင့်ချိုးဖျက်ရာ၌ ကျရှုံးခဲ့ပြီး အခြေခံတည်ဆောက်ခြင်းအဆင့်သို့ မရောက်ခဲ့ပေ။ ချန်ဂိုဏ်း၏ လူငယ်သခင်လေးဖြစ်သူ ထိုသူက သူ၏ အင်မောတယ်လမ်းကြောင်းအပေါ် ယုံကြည်မှုလုံးဝ ဆုံးရှုံးသွားခဲ့ပြီဟု ပြောနိုင်သည်။ သူက တောင်ကြားကနေ ထွက်သွားကာ သူ့ဂိုဏ်း၏ ကိစ္စကိဝများ ကိုင်တွယ်ဖို့အတွက် ပြန်သွားတော့သည်။

ထို့အပြင် အဝါရောင်မေပယ်တောင်ကြားရှိ ဟန်လိ၏ ဂုဏ်သတင်းကလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့၏။

တားမြစ်ဧရိယာတွင်း၌ သူ၏ ကံအကြီးကြီးကောင်းပုံကို ပြန်ပြောကြခြင်း၊ စိတ်ဝိညာဉ်ဆေးပင်များစွာ ရခဲ့ပြီး ဘိုးဘေးလီ၏ အမည်ခံတပည့် ဖြစ်လာခြင်းအကြောင်းတို့မှာ ပထမတစ်နှစ်အတွင်း လူပြောသူပြောများသော ကိစ္စ ဖြစ်ခဲ့သည်။ သို့သော် ဒုတိယမြောက်နှစ်သို့ ရောက်လာသည့်အခါတွင်မူ ထိုကိစ္စက တဖြည်းဖြည်း အထိုင်ပြန်ကျသွားသည်။

သို့ပေမည့် ဒီအတောအတွင်း အသေးအမွှားကိစ္စတစ်ခု ဖြစ်ခဲ့သေး၏။ ဟန်လိကို ပေးရမည့် ကျန်သည့် ပစ္စည်းတဝက်ကို အဘိုးအိုယဲ့က လာပေးခဲ့ခြင်း ဖြစ်သည်။ အပိုအဆောင်း နည်းနည်းပင် ပါလာခဲ့သေးသည်။ ဟန်လိသည် သူ့ထံ၌ နောက်ခံ ကောင်းကောင်း ရှိနေသည့်အပေါ် စိတ်ထဲကနေ ကြိတ်၍ ကျေနပ်မိ၏။ ကြည့်ရတာ ဘိုးဘေးလီ၏ အမည်ခံတပည့် ဖြစ်ရခြင်းက တချို့အရာများ၌ အမှန်တကယ် အကျိုးကျေးဇူး ရှိနေပုံပင်။

သို့ပေမည့် သူ့ဆရာထံ လေးစားမှု ပြသခြင်းကလွဲ၍ ဟန်လိသည် မည်သည့်စကားကိုမျှ မဆိုခဲ့ပေ။ အမည်ခံတပည့်တစ်ယောက်အဖြစ် ဘိုးဘေးလီထံကနေ မိုးပြာအနှစ်သာရဓားပညာရပ် မိတ္ထူကို ရခဲ့သည်ကလွဲ၍ သည်သုံးနှစ်အတွင်း သူ့ထံမှ ဘာစကားကိုမျှ ဟန်လိ မကြားခဲ့ရပေ။ ထိုသူက ဟန်လိကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားခဲ့တာ ကြာနေလောက်ပြီ ထင်ရ၏။

တချို့ကိစ္စရပ်လေး အချို့ကလွဲ၍ ဟန်လိသည် ခုလက်ရှိ သူ့အနေခြေအနေကို အတော်လေး ကျေနပ်မှု ရှိသည်။ အခု သူက အခြေခံတည်ဆောက်ခြင်းဆေးလုံး သန့်စင်ဖို့အတွက် စိတ်ရောကိုယ်ပါ နှစ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။ သူ့အဖို့ တခြားသူများ သူ့ကို လာနှောက်ယှက်မှာကို ပူပန်စရာ မလိုတော့ပေ။

သို့ပေမည့် တကိုယ်တည်း နေနေသော သူ့လက်ရှိ အခြေအနေက နောက်ဆုံး၌ အဆုံးသပ်တော့မည် ဖြစ်သည်။ လွန်ခဲ့သော သုံးရက်ခန့်က သူ့အတွက် လိုအပ်သော ဆေးအမယ်ကို ရင့်မှည့်အောင် လုပ်နိုင်ခဲ့ပြီး ဖြစ်ကာ အခုအခါ၌ သူ့ထံတွင် ဆေးအမယ်အားလုံး စုံလင်သွားခဲ့ပေပြီ။ သူ့အနေဖြင့် နောက်ဆုံးလုပ်ရမည့် တစ်ခုသာ ကျန်တော့သည်။

နောက်ထပ် ရက်အနည်းငယ် ကြာပြီးနောက် ဟန်လိက သူ၏ ဆေးအမယ်များကို သေသေသပ်သပ် စီစဉ် ထုတ်ပိုးကာ ယွဲ့လုခန်းမထံ လျှောက်လာခဲ့သည်။

ယွဲ့လုခန်းမသည် ဟိုးလွန်ခဲ့သော နှစ်အချို့က ဟန်လိ နောက်ဆုံး မြင်ခဲ့သော အခြေအနေနှင့် အတူတူသာ။ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို စောင့်ကြပ်နေသော သူများကတော့ သူ မြင်ခဲ့ဖူးသူများ မဟုတ်တော့ပေ။ သို့ပေမည့် ဟန်လိသည် ယွဲ့လုခန်းမထံ ဘာပြဿနာမရှိဘဲ ဝင်လာနိုင်ခဲ့သည်။

ဆိုင်းဘုတ် မရေးထားသော လမ်းအတိုင်း လျှောက်လာရင်း ဟန်လိက သူ့ကို အတော်လေး မကျေမနပ် ဖြစ်စေခဲ့ဖူးသော ရုပ်စိုးစိုးနှင့်လူကို မြင်သည်။ ခုလက်ရှိ၌ ထိုသူက ကျောက်အခန်းထဲ၌ အိပ်နေသည်။

ဟန်လိက မျက်မှောင်ကြုတ်မိ၏။ ဟန်လိက တကိုယ်တည်း ခပ်တိုးတိုး ရေရွတ်နေပြီးနောက် ခေါင်းလောင်းငယ်မှော်ပစ္စည်းတစ်ခုကို ထုတ်ယူသည်။ ထို့နောက် သူက ထိုရုပ်စိုးစိုးနှင့်သူထံ လျှောက်သွားကာ သူ့နားဘေး ကပ်၍ ခေါင်းလောင်းကို လှုပ်ခါလိုက်သည်။

ထိုခေါင်းလောင်းသံက ဟန်လိအတွက် အများကြီး မကျယ်လောင်နေပေ။ သို့သော် ရုပ်စိုးစိုးနှင့်လူကမူ လန့်ဖျန့်ကာ နိုးလာ၏။ သူက ချက်ခြင်း ထခုန်ကာ ကျယ်လောင်စွာ ဝူးဝူးဝါးဝါး အော်၏။ “ဘာဖြစ်တာလဲဟ…မင်းက ဘယ်သူလဲ။ မင်း ဒီကို ဘာလာရှုပ်တာလဲ…”

ထိုရုပ်စိုးစိုးနှင့်လူက အိပ်မှုန်စုံဖွား ဖြစ်နေတုန်းပင်။ ထိုအခိုက်တွင် သူက ဟန်လိကို ကြမ်းတမ်းသော စကားများဖြင့် ပြောလာ၏။ ဟန်လိကမူ ထိုစကားများသည် ရုန့်ရင်းသည်ဟု မမြင်၊ သူက သူ့အဆင့်အတန်းကို ချက်ခြင်း ထုတ်ဖော်ပြောသည်။

“ဒီတစ်ယောက်ကတော့ ဘိုးဘေးလီဟွာယွမ်ရဲ့ တပည့်ပါ။ ကျုပ် ကိုယ်ရေးကိုယ်တာအတွက် မြေကမ္ဘာမီးကို ငှားချင်လို့ လာခဲ့တာပဲ။ ခင်ဗျားအနေနဲ့ တံခါး ဖွင့်ပေးလို့ ရနိုင်မလား…”

“ဘိုးဘေးလီ…ဟုတ်လား…”

ရုပ်စိုးစိုးနှင့်လူက ဘိုးဘေးလီ၏ အမည်ကို ကြားဖူးတာ သိသာ၏။ သူက ချက်ခြင်း ထခုန်သည်။ သူသည် တောင်းပန်ကြောင်း အခါခါ ပြော၍ ကျောက်တံခါးထံ ချက်ခြင်း လျှောက်သွားသည်။ သူက ခြေနှစ်လှမ်းခန့် လှမ်းပြီးနောက် တခုခုကို တွေးမိသွားပုံရကာ ချက်ခြင်း နောက်လှည့်ကာ ဟန်လိကို သံသယရှိဟန်ဖြင့် ခြေဆုံးခေါင်းဆုံး ကြည့်သည်။

ထိုသည်ကို မြင်သည့်အခါ ဟန်လိက တဖက်သူ၏ ရည်ရွယ်ချက်ကို ကောင်းကောင်း သဘောပေါက်သည်။ ခဏ တွေဝေနေပြီးနောက် သူက လီဟွာယွမ် ကိုယ်တိုင်ပေးခဲ့သော မိုးပြာအနှစ်သာရဓားပညာရပ် စာအုပ်ကို ထုတ်ကာ ရုပ်စိုးစိုးလူထံ လှမ်းပေးသည်။ ၎င်းပေါ်တွင် ဘိုးဘေးလီ၏ကိုယ်ပိုင် လက်မှတ်ပါရှိ၏။

ဟန်လိက ထိုရုပ်စိုးကောင်က ဘိုးဘေးလီ၏ အမည်ကိုသာမက သူ့လက်ရေးကိုပါ အနည်းအကျဉ်း သိနေလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ ရုပ်စိုးစိုးနှင့်လူက စာအုပ်ကို ကြည့်ပြီးနောက် ဟန်လိထံ တလေးတစား ပြန်ပေးလိုက်သည်။ ထို့နောက် သူက ပြုံး၍ ပြောလာ၏။

“ဂျူနီယာညီလေးက ဆေးလုံးဖော်စပ်ချင်တာလား၊ မှော်ပစ္စည်းသန့်စင်ချင်တာလားတော့ ကျုပ်လည်း မသိဘူး။ ဒါပေမဲ့ ကျုပ်က ဂျူနီယာညီလေးအတွက် သေချာပေါက် စီစဉ်ပေးပါ့မယ်…”

ဟန်လိသည် ဘိုးဘေးလီ၏ အမည်ဖြင့် မြေကမ္ဘာမီးနှင့် ပတ်သတ်ပြီး အထူးတလည် အခြေအနေများ ရ၊မရကို မသိခဲ့ပေ။ အခု ထိုရုပ်စိုးကောင်က သည်စကားများကို ချက်ခြင်း ထုတ်ပြောလာသည်ကို မြင်သည့်အခါ သူ စိတ်အေးသွားလေ၏။

“ကျုပ်က ဆေးလုံးအချို့ ဖော်စပ်ချင်လို့ပဲ။ သင့်တင့် ကောင်းမွန်ပြီး တည်ငြိမ်တဲ့ မြေကမ္ဘာမီးနဲ့ အခန်းတစ်ခု စီစဉ်ပေးဖို့ မျှော်လင့်တယ်။ ကျုပ်က ရောင်းရင်းကြီးကို ဒုက္ခ ပေးမိပါပြီ…”

“ဒါက အလွယ်လေးပါ။ ကျုပ် ဂျူနီယာညီလေးအတွက် ချက်ခြင်း စီစဉ်ပေးပါ့မယ်။ ဒါပေမဲ့ အခန်း အသုံးပြုခကတော့…”

ရုပ်စိုးစိုးနှင့်သူက ရှက်ရွှံ့ဟန်ဖြင့် ထိုသို့ ပြန်ဖြေသည်။

ဟန်လိက သည်စကားကို ကြားသည့်အခါ သူက ခပ်ရေးရေး ပြုံးသည်။ သူသည် အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထုတ်၍ ရုပ်စိုးစိုးနှင့်သူထံ ပေးလိုက်သည်။ မထင်မှတ်စရာပင်။ ထို့နောက် သူက ဘာမဟုတ်သည့် လေသံဖြင့် ပြောလိုက်၏။

“ဒါက အခန်းအသုံးပြုခအတွက် ပေးတာ။ ဘာလို့လဲဆိုတော့ ဆေးလုံးသန့်စင်တဲ့အချိန်က ကြာမှာလေ။ ဒီအလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးကို ကြိုပေးထားတဲ့ သဘောအဖြစ် မှတ်ယူနိုင်ပါတယ်။ ဒါက များလွန်းတယ်ဆိုရင်လည်း ကျုပ်ကို အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံးတချို့ ပြန်အမ်းပေါ့…”

All Chapters