မြေကမ္ဘာမီးအခန်း
Vol. 16 Ch. 214
“ဟားဟား…ကောင်းတယ်…ကောင်းတယ်…။ ဂျူနီယာညီလေးအတွက် ကျုပ် အကုန်လုံး ခုချက်ခြင်း ပြင်ဆင်ပေးမယ်…”
ရုပ်စိုးစိုးလူသည် ဟန်လိက သူ့ကို အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ပေးသည့်အခါ ချက်ခြင်းပင် ပျော်ရွှင်သွား၏။
ကျင့်ကြံသူများ၏ လောက၌ အဆင့်နိမ့်ကျောက်တုံးတစ်ရာသည် အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးနှင့် ညီမျှသည်။ သို့သော်လည်း တကယ့်လက်တွေ့တွင်မူ အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို သုံးကာ အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံးတစ်ရာနှင့် လဲလှယ်သူသည် ရှားပါးလွန်းသည်။
အကြောင်းမှာ တူညီသောအခြေအနေများအောက်၌ အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးမှ စိတ်ဝိညာဉ်ချီကို စုပ်ယူသည့်နှုန်းသည် အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံးကို အသုံးပြုခြင်းထက် များစွာ ပိုမြန်သည်။ ထိုအချက်ကြောင့် လူတိုင်းက အလယ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးကိုသာ ထိန်းသိမ်းထားချင်ပြီး အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံးများအပေါ် အလေးသိပ်မထားကြပေ။
ထိုအခြေအနေက အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးနှင့် အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးများ လဲလှယ်ရာတွင်လည်း အတူတူ ဖြစ်သည်။
ရုပ်စိုးစိုးနှင့်လူက ထိုမီးဓာတ်စိတ်ဝိညာဉ်ကျောက်တုံးကို ပျော်ပျော်ရွှင်ရွှင် လက်ခံပြီးသည့်နောက် သူက ဟန်လိကို ပိုရိုကျိုးစွာ ဆက်ဆံလေ၏။ သသူက ဟန်လိကို ချက်ခြင်းပင် ငါးရောင်စုံကျောက်တံခါးကြီးရှေ့သို့ ဦးဆောင် ခေါ်သွား၏။ သူ့ခါးမှ တံဆိပ်ပြားတစ်ခုကို ထုတ်ယူကာ ထိုကျောက်တံခါးထံ ညွှန်ကာ ၎င်းကို လှုပ်ခါယမ်းသည်။
ခရမ်းရောင်တံဆိပ်ပြားထံမှ အနီရောင်အလင်း လင်းလက်သွား၏။ ၎င်းထံမှ အနီရောင်အလင်းတန်းတစ်ခု ထိုးထွက်ကာ တံခါးနှင့် ထိမှန်သည်။ ထိုအခါ ငါးရောင်စုံတံခါးသည် ကျွီခနဲ ဟူသော မည်သံနှင့်အတူ ဖြည်းဖြည်းချင်း ကြွတက်ကာ ၎င်းနောက်မှ မှောင်မိုက်နေသော လျှောက်လမ်းတစ်ခု ပေါ်လာသည်။ ထိုဥမင်လျှောက်လမ်းသည် ဆယ်ပေကျော် မြင့်ကာ လေးထောင့်ပုံစံ ရှိ၏။
“ဂျူနီယာညီလေး…ဒီလမ်းအတိုင်း သွားလိုက်ရင် မြေကမ္ဘာမီးနဲ့ အခန်းကို ရောက်သွားလိမ့်မယ်…”
ရုပ်စိုးစိုးလူက ပြုံးဖြီးဖြီးဖြင့် ထိုသို့ ပြောသည်။
ဟန်လိက ခေါင်းညိတ်ပြ၏။ ထို့နောက် သူက ဥမင်လမ်းထံ လှမ်းသွားသည်။
“ဒီတံခါးကို ဖန်တီးထားတဲ့ ကျောက်သားက ရှားပါးပစ္စည်း မဟုတ်ပေမယ့် ဒီလောကမှာ ပေါပေါများများတော့ မရှိဘူး။ ဒီလိုကျောက်တုံးတွေကို အသုံးပြုပြီး ဥမင်လမ်းနဲ့ အခန်းတည်ဆောက်ဖို့အတွက် အရင်တုန်းက ဘိုးဘေးတွေဟာ များစွာ အားစိုက်ထုတ်ခဲ့ရတယ်။ ဒီကျောက်သားတွေရဲ့ စွမ်းရည်ဟာ သန့်စင်ဖို့ မြေကမ္ဘာမီးကို အသုံးပြုတဲ့အချိန် ထူးခြားတဲ့ သက်ရောက်မှုနဲ့ မြင့်မားတဲ့အပူချိန်ကို ခုခံဖို့အတွက်ပဲ။ ဒီကျောက်သားနဲ့ ဖွဲ့စည်းထားတဲ့ အခန်းကြောင့် မြေကမ္ဘာမီး စလောင်ကျွမ်းတဲ့အချိန်တည်းက ဘာမတော်တဆမှ ကြီးကြီးမားမား ဖြစ်ခဲ့တာ မရှိဘူး…”
ရုပ်စိုးစိုးနှင့်လူက ရှေ့ကနေ လျှောက်လာရင်း ရှင်းပြပေးနေသည်။
ဟန်လိက ထိုသည်ကို ကြားသည့်အခါ စိတ်ဝင်စားမိ၏။ သူက ဘေးတစ်ဖက်ရှိ အနက်ရောင်ကျောက်သားများကို ထိကြည့်မိသည်။ ၎င်းတို့က ချောမွေ့ အေးစက်နေသည်ကို သူ တွေ့ရ၏။
“ဒီကျောက်သားမျိုးကို ဘယ်နေရာကနေ ထုတ်လုပ်တာလဲ…။ ဒါက တကယ်ပဲ မြေကမ္ဘာမီးဒဏ်ကို ခံနိုင်တာပေါ့။ တကယ်ကို ထူးခြားတာပဲ…”
ဟန်လိက ထိုသို့ မေး၏။
“အဲ့တာကလား…။ ကျုပ်ကတော့ ဒီကျောက်မျိုးဟာ မရှားပါးလှပေမယ့် ကျုပ်တို့ ယွဲ့ဒေသက ဒါကို မထုတ်လုပ်နိုင်ဘူးလို့တော့ ကြားဖူးတယ်။ ဒီကျောက်တုံးတွေကို ဘိုးဘေးတွေက ဝေးကွာလှတဲ့ အနောက်အရပ်က နယ်မြေတစ်ခုကနေ ရလာခဲ့ကြတာ။ ဒါက အတော်လေး ဒုက္ခများခဲ့မှာတော့ သေချာတယ်…”
ရုပ်စိုးစိုးနှင့်လူက ထိုသို့ ရှင်းပြပေးသည်။
ထိုသို့ဖြင့် ဟန်လိက ထိုသူ့နောက်ကနေ ကပ်၍ လိုက်ပါလာ၏။ သူတို့က အလားတူ ကျောက်တံခါးချပ်ကြီး နှစ်ခုကို ဖြတ်ကျော်လာခဲ့ပြီးနောက် နောက်ဆုံး၌ ဥမင်လမ်းထဲကနေ လှမ်းထွက်လာခဲ့သည်။ သူတို့ရှေ့တွင် ကြီးမားကာ လုံးဝန်းသော အသွင်ရှိသည့် အခန်းကြီးတစ်ခု ပေါ်လာသည်။
ထိုအခန်းကြီးကိုလည်း အလားတူ ကျောက်သားကျောက်တုံးများဖြင့် တည်ဆောက်ထားတာ ဖြစ်၏။ သို့သော် ၎င်းအခန်းက အချင်းပေငါးရာလောက် ရှိပြီး အမြင့်က ပေတစ်ရာလောက် ရှိနေသည်။ ကြီးမားလွန်းလှ၏။
သည်အခန်းကြီး၌ တခြားသူများ၏ အရိပ်အယောင်ကို မတွေ့ရပေ။ ခုလေးမှ ရောက်လာသော ဟန်လိနှင့် ရုပ်စိုးစိုးလူတို့သာ ရှိနေသည်။
ဟန်လိက ဒီနေရာကို စူးစမ်းကြည့်ရှုပြီးနောက် ရုပ်စိုးစိုးလူထံမှ ရယ်ရယ်မောမော ပြောလာသော စကားကို ကြားရသည်။
“ဒီအခန်းအောက်မှာ မြေကမ္ဘာမီး စုဝေးပြီး အတောက်ပဆုံး လောင်ကျွမ်းနေတဲ့ နေရာ ရှိတယ်။ ဒါ့ကြောင့် ဂိုဏ်းက ဒီနေရာမှာ သန့်စင်တဲ့အခန်းပေါင်း သုံးဆယ်ခြောက်ခုကို ဖွဲ့စည်းတည်ဆောက်ထားတယ်။ ဆေးလုံးသန့်စင်ဖို့ အကောင်းဆုံး အခန်းကတော့ နံပါတ်ဆယ့်ရှစ်နဲ့ ဆယ့်ကိုးပဲ…”
“ဒါပေမဲ့လည်း အခန်းဆယ့်ရှစ်ကို အကြီးအကဲတစ်ယောက်က အသုံးပြုနေတယ်။ ဒါ့ကြောင့် ဂျူနီယာညီလေးက အခန်းဆယ့်ကိုးကိုပဲ အသုံးပြုရတော့မယ်။ ဒါက အခန်းဆယ့်ရှစ်လောက် မကောင်းပေမယ့် ဒီအခန်းရဲ့ မီးတောက်ရဲ့ ပြင်းအားနဲ့ တည်ငြိမ်မှုက အတော်လေး ကောင်းမွန်ပါတယ်…”
သူက ထိုသို့ ပြောနေလျက် ဟန်လိကို ဆယ့်ကိုးဟု ရွှေရောင်စာလုံးဖြင့် ရေးထားသော အခန်းတံခါးတစ်ခုရှေ့သို့ ခေါ်သွားပေးသည်။
ထိုသည်ကို ကြားသည့်အခါ ဟန်လိက ဘာမျှ မပြောပေ။ သူက ခေါင်းသာ ညိတ်ပြ၏။
ရုပ်စိုးစိုးလူက အနက်ရောင်ကျောက်စိမ်းပြားတစ်ခုကို ချက်ခြင်း ထုတ်ယူပြီး တံခါးပေါ် တင်သည်။ ထိုအခါ အဖြူရောင်တံခါးချပ်သည် အလိုလို ပွင့်သွား၏။ သည့်နောက်တွင် ရုပ်စိုးစိုးလူနှင့် ဟန်တို့က အခန်းထဲ ဝင်လာသည်။
သည်အခန်းက လေးထောင့်ကျ၏။ ၎င်း၏ မျက်နှာပြင်ဧရိယာက ပုံမှန်သာ။ အရွယ်အစားအားဖြင့် စတုရန်းပေ ရှစ်ဆယ်၊ကိုးဆယ်လောက် ရှိနိုင်သည်။ သို့ပေမည့် အခန်း၏ အလယ်၌ ကျောက်ဝိုင်းပြားတစ်ခု ရှိနေသည်။ ၎င်းက တစ်ပေဝက်လောက် ရှိမည်။ အခန်းထောင့်လေးခုတွင်လည်း လက်သီးဆုပ်ခန့် ဘူးသီးခြောက်တစ်ခုစီကို ချိတ်ဆွဲထား၏။ အခန်းထောင့်တစ်နေရာတွင် အစိမ်းရောင်ကျောက်စိမ်းဖျာတစ်ချပ် ရှိသည်။
ထိုကျောက်ဝိုင်းပြား၏ အစွန်းများ၌ မီးနဂါးပုံရိပ် ရှစ်ခုလည်း ရှိနေ၏။ ထိုနဂါးပုံရိပ်တို့က သက်ဝင်လှသည်။ ထို့အပြင် ၎င်းနဂါးတို့၏ ပါးစပ်များက ကျောက်ဝိုင်းပြား၏ အလယ်နေရာထံ ချိန်ရွယ်၍ ဟထားသည်။ ယင်းနဂါးပုံရိပ်များက ထွေးထုတ်မည့် ပုံစံအနေအထားအတိုင်း သက်ဝင်စွာ ရှိနေသည်။
အခန်းအတွင်း အခြေအနေကို မြင်သည့်နောက် ဟန်လိက စိတ်ထဲ၌ အံ့အားသင့်မိ၏။ သို့သော် သူ မမေးခင်မှာပင် ရုပ်စိုးစိုးလူက လုံးဝန်းသောကျောက်ပြားနေရာနား ရောက်နေပြီးဖြစ်ကာ ဟန်လိကို လှမ်း၍ ရှင်းပြသည်။
“ဂျူနီယာညီလေး…ဒါက ဒီအခန်းရဲ့ မြေကမ္ဘာမီး ဝင်ပေါက်ပဲ။ ဒီနဂါးခန္ဓာကိုယ်ရှစ်ခုကနေ ထုတ်လွှတ်မယ့် မြေကမ္ဘာမီးတောက်တွေနဲ့ ဆေးလုံးတွေကို သန့်စင်ရမှာ ဖြစ်တယ်။ ဒါ့အပြင် မီးတောက်တွေရဲ့ ပြင်းအားကိုလည်း လိုသလို ချိန်ညှိနိုင်တယ်။ အဲ့လို ထိန်းချုပ်တဲ့ ပညာရပ်ကိုတော့ ဒီလုံးဝန်းတဲ့ကျောက်ပြားပေါ်မှာ ရေးသားထားတယ်…”
ထို့နောက် သူက အခန်းနံရံထောင့်များတွင် ချိတ်ဆွဲထားသော ဘူးသီးခြောက်လေးခုထံ လက်ညွှန်ကာ ပြောသည်။
“ဒီဘူးသီးခြောက်တွေကတော့ မီးပွားသဲတွေ ထည့်ထားတဲ့ ဟာတွေပဲ။ ဒီသဲကို ထည့်ပေါင်းပြီး မြေကမ္ဘာမီးရဲ့ ပြင်းအားကို ယာယီ ပိုအားကောင်းစေနိုင်တယ်။ ဂျူနီယာညီလေးက မြေကမ္ဘာမီးရဲ့ အပူချိန်က လုံလောက်အောင် မမြင့်မားဘူးလို့ ခံစားရရင် ၎င်းရဲ့ ပြင်းအားကို တိုးမြှင့်ဖို့အတွက် ဒီသဲတွေကို အသုံးပြုနိုင်တယ်။ ဒါ့ပေမဲ့ အဲ့လို မီးပြင်းအားကတော့ အချိန်အတိုင်းအတာကတော့ သိပ်ကြာမှာ မဟုတ်ဘူး။ ဒါ့အပြင် ဂျူနီယာညီလေးက ဒီကျောက်စိမ်းပြားကို သေချာ သိမ်းထားပါ။ အခန်းတံခါး ပိတ်သွားတာနဲ့ အပြင်ဘက်လောကနဲ့ ထိတွေ့ဆက်ဆံမှုအားလုံး ပြက်တောက်သွားလိမ့်မယ်။ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတွေ အတူတူ ပူးပေါင်းပြီး ဖွင့်လှစ်တာ မဟုတ်ရင် ဘယ်သူကမှ ဒီအခန်းရဲ့ အပြင်ကနေ အထဲကို ဝင်လာလို့ မရဘူး။ ဒါ့ကြောင့် ဂျူနီယာညီလေးက ဒီမှာ စိတ်ချက်လက်ချ နေနိုင်တယ်။ ဘယ်သူမှ မင်းကို နှောက်ယှက်နိုင်မှာ မဟုတ်ဘူး…”
ထိုစကားကို ကြားသည့်အခါ ဟန်လိသည် စိတ်ထဲကနေ ကြိတ်၍ ပျော်သွား၏။ ထိုသို့သော ပတ်ဝန်းကျင်မျိုးကို သူ တကယ် လိုအပ်နေတာ မဟုတ်လား။
လုံလောက်သည်များကို ရှင်းပြပြီးနောက် ရုပ်စိုးစိုးလူက ဟန်လိကို နှုတ်ဆက်စကားပြောပြီး ထွက်သွားတော့သည်။
ရုပ်စိုးစိုးနှင့်လူက အခန်းထဲကနေ ထွက်သွားပြီးနောက် ဟန်လိက ချက်ခြင်းပင် ကျောက်စိမ်းပြားကို သုံးကာ အခန်းတံခါးကို ပိတ်ချသည်။ ထို့နောက် သူသည် စိတ်လှုပ်တရှားဖြင့် ကျောက်ဝိုင်းပြားရှိရာထံ ဦးတည်လျှောက်လာပြီး ၎င်းကို အကြိမ်ကြိမ် လှည့်ပတ် လျှောက်ကြည့်ပြီး ပါးစပ်များ ဟနေသော နဂါးရှစ်ကောင်ကို စူးစမ်းသည်။
ပြီးခဲ့သော နှစ်အချို့မှာတုန်းက ဟန်လိသည် ဆေးလုံးများ သန့်စင်သည့် ပညာရပ်များကို အချိန်ပေးကာ လေ့လာခဲ့ပေ၏။ အခြေခံတည်ဆောက်ခြင်းဆေးလုံး သန့်စင်ခြင်းနှင့် ပတ်သတ်သည့် ဆေးလုံးဖော်စပ်သန့်စင်နည်းများကို သူ လေ့လာခဲ့တာ ဖြစ်သည်။ ထို့ကြောင့် သူ့အဖို့ ဆေးဝါးပညာရပ် တာအိုနှင့် အစိမ်းသပ်သပ် ဖြစ်မနေပေ။ သူက ဆေးလုံး တစ်လုံး အောင်အောင် မြင်မြင် ဖော်စပ်နိုင်၊ မဖော်စပ်နိုင်က မီးကို ထိန်းချုပ်ခြင်း၊ မီးပြင်းဖိုကို ဖွင့်၍ ဆေးလုံးကို ချိန်သားကိုက် ထုတ်ယူနိုင်ခြင်းတို့နှင့် အဓိက ပတ်သတ်နေတာကို သိခဲ့သည်။
သို့ပေမည့် အပြောက လွယ်၊ အလုပ်က ခက်သည် မဟုတ်လား။
ဆေးမီးပြင်းဖို၏ မီးကို တိတိပပ ထိန်းချုပ်ပြီးသည့်နောက် လူတစ်ယောက်က ဆေးမီးပြင်းဖိုကို ချိန်သားကိုက် ဖွင့်ပုံဖွင့်နည်းကို ဖမ်းဆုပ်နိုင်ရမည်။ ဆေးလုံး ဖော်စပ်ရာ၌ ထိုပြဿနာကြီးနှစ်ခုကြောင့် စိတ်တိုကာ ခြေမကိုင်လက်မကိုင်မိ ဖြစ်ခဲ့ရသော ဆေးဝါးပညာရှင် မည်မျှ ရှိသည်ကို ဘယ်သူ သိပါ့မည်နည်း။
ခုလက်ရှိ၌ ကျော်ကြားလှသော ဆေးဝါးသခင်များသည်ပင် သူတို့ကိုယ်သူတို့ ဆေးလုံးဖော်စပ်တိုင်း တစ်ရာ ရာခိုင်နှုန်း အောင်မြင်မည်ဟု အာမမခံရဲပေ။ အောင်မြင်နိုင်ချေက ငါးဆယ် ရာခိုင်နှုန်းသာ ရှိ၏။
ဆေးလုံးဖော်စပ်ရာ၌ ထိုသို့သော အောင်မြင်မှုနှုန်းက ဆေးဝါးသခင်၏ အတွေ့အကြုံ မည်မျှ ရှိသည်၊ မရှိသည်အပေါ် လုံးဝ မူတည်သည်။ ဆေးလုံး တစ်လုံးထက် ပိုမို သန့်စင်လေလေ ထိုဆေးလုံးအတွက် သူတို့၏ အောင်မြင်နှုန်းက ပိုမြင့်မားလေ ဖြစ်မည်။ ထို့ကြောင့်လည်း ကျင့်ကြံခြင်းလောက၌ ဆေးဝါးသခင်များနှင့် အဆောင်သခင်များသည် အရှားပါးဆုံးသူများ ဖြစ်နေကြခြင်းပင်။
ဟန်လိက တင်ကြိုလေ့လာထား၍ သည်အခြေအနေများကို ကောင်းကောင်း သိထား၏။ သူက ခုချက်ခြင်း အခြေခံတည်ဆောက်ခြင်းဆေးလုံးကို ဖော်စပ်နိုင်မည်ဟု တွေးပါက အိပ်မက် မက်နေတာသာ ဖြစ်လိမ့်မည်။ သို့ဖြစ်၍ ဟန်လိက အခြေခံတည်ဆောက်ခြင်းဆေးလုံးများကို တစ်လုံးပြီးတစ်လုံး စတင် ဖော်စပ်ကြည့်မည်ဟု စီစဉ်ထားခဲ့သည်။
သူ့အတွက် အကြိမ်မည်မျှ ကျရှုံးပါစေ အချည်းနှီးဖြစ်သွားမည့် စိတ်ဝိညာဉ်ဆေးပင်များနှင့် ပတ်သတ်ပြီး စိတ်ပျက်နေမည် မဟုတ်ပေ။ သူ ပြင်ဆင်ထားခဲ့သော စိတ်ဝိညာဉ်ဆေးပင်များက ဆေးလုံးတစ်ရာကျော် ဖော်စပ်သန့်စင်ဖို့အတွက် ကောင်းကောင်း လုံလောက်သည်။ သူက ထိုမျှ များပြားလှသော ဆေးအမယ်များဖြင့် ကြိုးစားပါက သူ့အတွက် လုံလောက်သော အတွေ့အကြုံ ရလိမ့်မည်ဟု ယုံကြည်ထားသည်။
ဆုံးဖြတ်ချက် ချပြီးနောက် ဟန်လိက ဒီနဂါးများကို မည်သို့ မည်ပုံ အသုံးပြုရမည့် နည်းလမ်းကို မှတ်သားသည်။ ထို့နောက်တွင် သူက လက်ဟန်များ စတင် ပြုလုပ်၏။ နဂါးများထံ အနီရောင်အလင်းတန်းရှစ်ခု တပြိုင်နက်တည်း ဦးတည်သည်။ ယင်းနဂါးများက ၎င်းအလင်းကို ချက်ခြင်း စုပ်ယူသည်။ သူတို့၏ ပါးစပ်များ ပွင့်ဟလာကာ မြေဖြူသာသာ အထူရှိသော ခရမ်းရောင်မီးတောက်များက အနှီနဂါးများ၏ ပါးစပ်များထံမှ ပန်းထွက်လာ၏။ ချက်ခြင်းပင် မီးတောက်၏ အပူချိန်သည် အခန်းထဲရှိ လေထုကို ဖြတ်သန်း ပျော်ဝင်သွားသည်။ ဟန်လိသည် တုန်လှုပ်မိရသည်။
ထို့နောက်တွင် ဟန်လိက မီးတောက်၏ အထူကို ညှိုယူဖို့ ကြိုးစားသည်။ သူက မီးတောက်များကို ထိန်းချုပ်နိုင်သည့်အခါ နဂါးများထံမှ မီးတောက်များကို ငြှိမ်းသေပစ်သည်။ ထို့နောက်တွင် သူက ကျောက်စိမ်းဖျာထံ လျှောက်လာပြီး တင်ပလ္လင်ခွေ ထိုင်ချကာ သူ၏ စွမ်းအင်ကို ပြန်စုစည်းသည်။
ဟန်လိသည် နေ့တဝက်ကျော် ထိုင်နေခဲ့သည်။ သူ၏ စွမ်းအင်နှင့် ရုပ်ပိုင်းခွန်အားတို့က အင်ပြည့်အားပြည့် အခြေအနေ ပြန်ရောက်မှ သူ မျက်လုံး ဖွင့်ကာ ထရပ်သည်။ ဆေးလုံးများကို သန့်စင်ဖို့ စပြင်ဆင်သည်။ ကံကောင်းသည်မှာ ဟန်လိ၏ ကျင့်ကြံမှုအဆင့်က အဆယ့်တစ်ဆယ်ကို ချိုးဖျက်နိုင်ခဲ့တာ ဖြစ်၏။ ထို့ကြောင့် သူက အစာခံနိုင်သွားကာ အစားအသောက်များ စားရန် မလိုတော့ပေ။
အခု ဟန်လိက သူ သို့လှောင်အိတ်ထဲမှ ငွေရောင်ကြိုးမျှင်ဖြင့် မီးပြင်းဖို ဒယ်စောက်တစ်ခုကို ထုတ်၍ ၎င်းပေါ်သို့ လွင့်မြောစေသော ပညာရပ် အသုံးပြုသည်။ ထိုအခါ အနှီဒယ်စောက်က ကျောက်ဝိုင်းပြား၏ အထက်ရှိ လေထဲ၌ ရပ်တန့်ကာ နေသည်။ ထိုမှော်ပညာရပ်ကို ယနေ့အတွက် သူ ကျင့်ကြံခဲ့တာ ဖြစ်၏။ သူ ဒီပညာရပ်ကို သင်ယူခဲ့တာ ရက်ပေါင်းများစွာ ရှိခဲ့လေပြီ။
ဟန်လိက နဂါးများထံ အနီရောင်အလင်းများကို ထပ်မံ ပစ်သွင်းကာ ခရမ်းရောင်မြေကမ္ဘာမီး ထုတ်လွှတ်အောင် စေ့ဆော်ပေးသည်။
ဒယ်စောက်အတွင်း၌ ဆေးအမယ်များကို မထည့်ထားရသေးသောကြောင့် ဟန်လိက မီးကို ထိန်းချုပ်ကာ ၎င်းအား ပါးလွှာသထက် ပါးစေသည်။ ပိုးသားမျှင် တစ်ခုနှယ် ဖြစ်လာသည့်အထိ ဒီမီးအထူကို ထိန်းချုပ်သည်။ ထို့နောက်တွင် မီးတောက်ရှစ်ခု၏ အပူချိန်အောက်မှာ ငွေမျှင်ဒယ်စောက်က လေထဲ၌ စတင် လှည့်ပတ်လာသည်။
ဆယ့်ငါးမိနစ်လောက် ကြာပြီးနောက် ထိုဒယ်စောက်က ပူပြင်းလာကာ မြင့်မားသော အပူချိန်ကို တုန်လှုပ်ဖွယ် ထုတ်လွှတ်လာသည်။
ထိုသည်ကို မြင်သည့်အခါ ဟန်လိက ၎င်းထံ လက်ညွှန်၏။ ဒယ်စောက်၏ အဖုံးက လေထဲသို့ ချက်ခြင်း ပျံသန်းသွားကာ ဒယ်စောက်သည် ပွင့်ဟသွားသည်။ သူက သူ့ညာလက်ကို ဖြတ်ခနဲ လှုပ်ရှား၏။ သူ့လက်ထဲ၌ အဖြူရောင်ကျောက်စိမ်း ပုလင်းတစ်ခု ပေါ်လာသည်။ ၎င်းပုလင်းထဲ၌ သူ အစောတည်းက ပြင်ဆင်ထားခဲ့သော စိတ်ဝိညာဉ်ဆေးပင် အမှုန့်များ ပါဝင်သည်။
ထိုပုလင်းငယ်ကို ထိန်းချုပ်ကာ ဟန်လိက အထဲရှိ ဆေးမှုန့်များကို ဒယ်စောက်ထဲ အားလုံး သွန်းလောင်းထည့်သည်။ ထို့နောက်တွင် သူက ပုလင်းကို ဘေးသို့ လွှတ်ပစ်ကာ သိုလှောင်အိတ်ထဲမှ နောက်ထပ် ပုလင်းတစ်ခုကို ထပ်ထုတ်သည်။ ထိုသို့သော အပြုအမူ ဟန်ပန်ဖြင့် သူ ထပ်ခါထပ်ခါ ပြုလုပ်သည်။
ထိုသို့ဖြင့် ဟန်လိသည် စိတ်ဝိညာဉ်ဆေးပင်ဆယ်ပင်ကျော်၏ အမှုန့်များအားလုံးကို ဒယ်စောက်ထဲ သွန်းလောင်းချပြီး ဖြစ်၏။ နောက်ဆုံး၌ သူက ဒယ်စောက် အဖုံးကို ပြန်ပိတ်စေသည်။ ပထမခြေလှမ်းကတော့ ပြီးသွားခဲ့ပြီ။ ပြီးပြည့်စုံသော အနေအထားဖြင့် ဘာအမှားအယွင်းမှ မရှိသည့်ပုံ ပေါ်သည်။