ဆေးလုံးများကို သန့်စင်ခြင်းနှင့် အခြေခံတည်ဆောက်ခြင်း
Vol. 16 Ch. 215
ဟန်လိ၏ ထိန်းချုပ်လုပ်ဆောင်မှုအောက်မှာ မီးနဂါးများမှ ပန်းထုတ်သော ခရမ်းရောင်မီးတောက်သည် လက်ချောင်းတစ်ချောင်းစာနီးပါး ထူလာ၏။ ငွေမျှင်ဒယ်ဇော်က၏ လည်ပတ်မှုနှုန်းက နှေးလာ၏။ ၎င်း၏အလယ်ရှိ မီးတောက်က ရေးတေးတေး တုန်ယင်လာသည်။
အချိန် ကုန်လွန်လာခဲ့၏။ ဒယ်စောက်ငယ်ထံမှ လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို တက်ကြွစေသော ဆေးရနံ့တစ်ခုကို ထုတ်လွှတ်လာသည်။ သို့သော် ဟန်လိက ဆေးလုံးတစ်လုံး ဖြစ်ထွန်းဖို့ အဝေးကြီး လိုသေးတာ သိသည်။ သူ့အနေဖြင့် မီးတောက်များကို ပို၍ ပြင်းထန်အားကောင်းအောင် လုပ်ရဦးမည်၊ ဆေးလုံးကို ချက်ခြင်း ခဲစေအောင် လုပ်ရဦးမည် ဖြစ်၏။ သို့မှသာ သူသည် ထိုဆေးလုံးကို ထုတ်လုပ်နိုင်မည် ဖြစ်သည်။
ထိုအတွေးဖြင့် ဟန်လိ၏ ထိန်းချုပ်မှုအောက်မှ ခရမ်းရောင်မီးတောက်သည် ပိုမို တောက်ပလာသည်။ ခွက်တစ်ခုစာလောက် ထူလာ၏။ ငွေမျှင်ဒယ်စောက်မှာ မီးတောက်များကြား ပိတ်မိနေပြီ။ အဝေးမှ ကြည့်ပါက သည်ဒယ်စောက်မှာ မီးလုံးတစ်ခုနှင့်ပင် တူနေသေးသည်။ ဆေးနံ့က ပို၍ သိပ်သည်းလာသည်။
ဟန်လိက ဆေးမှုန့်များက ဆေးလုံးအဖြစ် ခဲနေပြီကို သိသည်။ ထို့ကြောင့် သူက ပို ဂရုတစိုက် ရှိလာသည်။
သို့သော် ထိုခဏ၌ ဒယ်စောက်အတွင်း၌ ခပ်အုတ်အုတ် ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။ ၎င်း၏အသံက ကျယ်လောင်ခြင်း မရှိသော်လည်း ဟန်လိ၏ စိတ်ထဲ၌ နာကျင်သွားရ၏။ သူ့ဟန်ပန်မှာ ရုပ်စိုးသွားသည်။
ခဏ ချီတုံချတုံ ဖြစ်နေပြီးနောက် ဟန်လိက သက်ပြင်းချ၏။ မြေကမ္ဘာမီးကို ရပ်တန့်စေသည်။ ထို့နောက် သူက လက်ဝေ့ယမ်းကာ ဒယ်စောက်ငယ်၏ အဖုံးကို ပွင့်ဟစေသည်။ သူ့ခေါင်းကို ဆန့်၍ တချက် လှမ်းကြည့်သည်။
ဒယ်စောက်အတွင်း၌ အပြာရောင်အစိုင်အခဲများ တကွဲတပြား ရှိနေသည်။ ယင်းတို့သည် မခဲရသေးသော ဆေးလုံးထံမှ အလကားဟသ ဖြစ်သွားသော ရလဒ်များ ဖြစ်ပုံ ရသည်။
ဟန်လိက ခေါင်းယမ်း၏။ သူက နောက်ထပ် ကျောက်စိမ်းသေတ္တာတစ်ခုကို ထုတ်ယူကာ အောက်သို့ ချ၏။ ထို့နောက်တွင် သူက ငွေမျှင်ဒယ်စောက်ကို ထိန်းချုပ်ကာ မှောက်လှန်သည်။ ထိုအခါ သည်အချည်းနှီး ဖြစ်သွားသော ဆေးလုံးအကျိုးအပျက်များက သေတ္တာပေါ်သို့ ကျဆင်း၏။ သူက ဒီဆေးလုံးအကျိုးအပျက်များကို ဒီအတိုင်း မလွှတ်ပစ်ချင်ပါ။ ယင်းတို့က အနာဂတ်၌ တစ်ခုခု အသုံးတည့်လာ၊ မတည့်လာကို မည်သူက သိနိုင်ပါ့မည်နည်း။
ထိုသို့ ပြုလုပ်ပြီးနောက် ဟန်လိက ကျောက်စိမ်းဖျာပေါ်မှာ ပြန်သွားထိုင်၏။ ငွေမျှင်ဒယ်စောက် အေးသည့်အထိ စောင့်နေပြီးမှ ဆေးလုံးများကို ထပ်မံ၍ စတင် သန့်စင်သည်။
သူက မီးတောက်များကို ထိန်းချုပ်ချိန်၌ တူညီသော နည်းလမ်း၊ တူညီသော ဆေးအမယ်အမှုန့်များကို အသုံးပြုသည်။ သို့သော် ကံမကောင်းစွာဖြင့် အကြိမ်တိုင်း ဆေးလုံးခဲခြင်း အဆင့်မှာ ကျရှုံးနေတုန်းပင်။
သည်တစ်ကြိမ်၌ ဟန်လိ၏ မျက်နှာထက်တွင် ခံစားချက် မရှိတော့ပေ။ သူက နောက်တကျော့ ပြန်စသည်။
တစ်လတာ ကုန်လွန်သွားခဲ့ပြီ။ ရုပ်စိုးစိုးလူက ဟန်လိ ခုထိ ထွက်မလာသေးတာကို မြင်သည့်အခါ အတော်လေး အံ့အားသင့်နေ၏။ သို့သော် သူ့စိတ်လှုပ်ရှားမှုက ပို၏။ အကြောင်းမှာ သည်နည်းဖြင့် သူသည် အခန်းခ ပိုတောင်း၍ ရမည် မဟုတ်လား။
နှစ်လတာ ကုန်လွန်သည့်နောက်မှာလည်း နံပါတ်ဆယ့်ရှစ်အခန်း တံခါးက မပွင့်လာသေးပေ။ ရုပ်စိုးစိုးနှင့်လူမှာ အတော်လေး အံ့အားသင့်နေပေပြီ။
သုံးလတာ။
ခြောက်လ ကုန်ဆုံးပြီးချိန်ထိ ဟန်လိသည် ထွက်လာမည့် အရိပ်အယောင် မရှိသေးပေ။ အခုအခါ၌ ရုပ်စိုးစိုးလူ၏ အပျော်မှာ လုံးဝ ပျောက်သွားခဲ့ပေပြီ။ သူ့စိတ်ထဲ၌ ပူပန်နေကာ ဂနာမငြိမ် ဖြစ်လာခဲ့ပြီပင်။
နှစ်ဝက်ဟူသောအချိန်က ဆေးလုံး သို့မဟုတ် လက်နက်သန့်စင်တာအတွက်ပဲ ဖြစ်ပါစေ ရှားပါးသည်ဟု မဆိုသာပေ။ ထိုရုပ်စိုးစိုးနှင့်လူက သည့်ထက် အချိန်ပိုကြာသည့် အဖြစ်သနစ်များကို မြင်ခဲ့ဖူးသည်။
သို့သော် ထိုမျှသော အချိန်များစွာကို အသုံးပြု၍ မြေကမ္ဘာအခန်းထဲ၌ ရှိနေသူမှာ အနည်းဆုံး အခြေခံတည်ဆောက်ခြင်းအဆင့်အထက်မှ ကျင့်ကြံသူများသာ။ ဟန်လိကဲ့သို့ ချီစုဆောင်းခြင်းအဆင့် တပည့်တစ်ယောက်က အခုလောက် ကြာရှည်စွာ အခန်းထဲ၌ ရှိနေသည့်အဖြစ်မျိုးကို မြင်ရတာ သူ့အတွက် ပထမဆုံးအကြိမ် ဖြစ်နေ၏။
ထို့အပြင် ချီစုဆောင်းခြင်းအဆင့် တပည့်များသည် အများဆုံးမှ တစ်လလောက်သာ မစားမသောက်ဘဲ နေနိုင်ကြသည်။ ဘိုးဘေးလီ၏ ထိုတပည့်က သူနှင့်အတူ စားစရာသောက်စရာများပါ ယူလာခဲ့လေသလား။ ရုပ်စိုးစိုးနှင့်လူသည် သံသယဝင်ဟန် ဖြစ်ပေါ်နေပြီ။
မြေကမ္ဘာမီးအခန်းထဲ၌ ဟန်လိက တင်ပလ္လင်ချိတ်ကာ ကျောက်စိမ်းမြက်ဖျာပေါ်မှာ ထိုင်နေလျက် သူ့ရှေ့ရှိ အပြာရောင် တောက်တောက် အခြေခံတည်ဆောက်ခြင်းဆေးလုံးနှစ်ဆယ်ကျော်ကို ကြည့်နေသည်။ သူ့မျက်နှာထက်တွင်၌ အတွေးထဲ၌ နစ်မြောနေသော ဟန်ပန် ပေါ်နေသည်။
ထိုဆေးလုံးများမှာ သည်နှစ်ဝက်အတွင်း ဟန်လိ၏ သွေး၊ချွေး၊မျက်ရည်တို့ဖြင့် ရင်း၍ ရလာခဲ့သော ဆုလဒ်များသာ ဖြစ်၏။ ယင်းတို့ကို ရဖို့အတွက် မနှိုင်းသာလောက်အောင် ခက်ခဲခဲ့ပေသည်။
ဟန်လိသည် ပထမဆုံး အကြိမ်နှစ်ဆယ် ဆေးလုံးသန့်စင်ခြင်းတွင် ဆေးလုံးခဲခြင်းအဆင့်အား ဖြတ်ကျော်နိုင်စွမ်း မရှိ ဖြစ်ခဲ့၏။ ဆေးလုံးအကျိုးအပျက်များကို ကြည့်ကာ သူ့စိတ်ထဲ၌ လွန်စွာ နာကျင်ခဲ့ရသည်။ သူက လက်လျှော့လုနီးပါး ဖြစ်ခဲ့ပြီး ဒီကနေ ထွက်၍ တခြားဆေးဝါးသခင်များထံမှ ဆေးပညာရပ်များကို သင်ကြားပြီးမှ ပြန်လာရင် ကောင်းမလားဟုပင် တွေးမိခဲ့သည်။
သို့ပေမည့် သူ ထွက်မသွားခင် ဒယ်စောက်ကို ဖွင့်ကာ နောက်ထပ် သန့်စင်ခြင်း ပြုလုပ်ခဲ့၏။ ထိုတစ်ကြိမ်၌ နတ်ဘုရားများကပဲ ကူညီပေးခဲ့လေသလားမသိ၊ ဆေးလုံးက အမှန်တကယ် ခဲသွားခဲ့၏။ ထို့အပြင် သူက မီးပြင်းဖိုဒယ်စောက်ကို ဖွင့်ကာ ဆေးလုံးကို ယူကြည့်သည့်အခါ သူ၏ ပထမဆုံးအကြိမ် ကြိုးစားမှုမှာပင် ဆေးလုံးကို အောင်အောင်မြင်မြင် ယူဆောင်နိုင်ခဲ့သည်။ ထိုသို့ဖြင့် သူ၏ ပထမဆုံး အခြေခံတည်ဆောက်ခြင်းဆေးလုံးကို သူ့လက်သူ့ခြေဖြင့် ဖန်တီးဖော်စပ်နိုင်ခဲ့သည်။
ထိုအခြေခံတည်ဆောက်ခြင်းဆေးလုံးသည် အရွယ်မဆိုသလောက် သေးငယ်သည်ကလွဲ၍ သူ့ထံ၌ ရှိနှင့်ပြီးသော ဆေးလုံးနှင့် ချွတ်ဆွတ်တူသည်။ ထိုအခါ ဟန်လိ၏ စိတ်နှလုံးမှာ တက်ကြွလာရတော့၏။
ဟန်လိက အံတင်းတင်းကြိတ်ကာ ပြန်လှည့်မည့် စိတ်ကူးကို စွန့်လွှတ်ကာ သူ့စိတ်ကိုယ်သူ တည်ငြိမ်စေပြီး ရှေ့ဆက်ခဲ့သည်။
သည်တစ်ကြိမ်အောင်မြင်ပြီးသည့် အတွေ့အကြုံကြောင့် ဟန်လိ၏ ဆေးခဲစေခြင်း အောင်မြင်မှုနှုန်းက ချက်ခြင်းလက်ငင်း ဆထက်တိုးလာခဲ့သည်။ သုံးကြိမ် သန့်စင်ရာတွင် တစ်ကြိမ် အောင်မြင်ခဲ့သည်။ မီးပြင်းဖိုဒယ်စောက်အဖုံးကို ဖွင့်လှစ်ခြင်းတွင်တော့ သူ၏ နဂိုကျွမ်းကျင်မှုတစ်ခု ပိုင်ဆိုင်ထားသည့်အလား။ ပထမဆုံး ကြိုးစားမှုမှာထက် အေးခဲသွားသော ဆေးမီးပြင်းဖိုထဲမှ ဆေးလုံး တစ်ဝက်ကျော်ကို ထုတ်ယူနိုင်စွမ်း ရှိခဲ့သည်။ ဤသည်မှာ ဟန်လိ လုံးဝ မမျှော်လင့်ထားမိသော အဖြစ်ပင်။
သည်အတောအတွင်း ဟန်လိသည် ဗိုက်အလွန်ဆာ၊ ရေအလွန်ငတ်ချိန်၌ အဘိုးအိုမာထံမှ ရခဲ့သော ဆေးပုလင်းများထဲမှ ဆေးတစ်လုံး ထုတ်ကာ သောက်၏။ ထို့သို့ဖြင့် သူသည် နောက်တစ်လကြာထိ အစာရေစာ မစာလောင်ဘဲ နေနိုင်ခဲ့သည်။ သူသည် ထိုအားဖြင့် ဆေးလုံးများ ပါသည့် ပုလင်းကို နှစ်ရာချီသော ဆေးပင်အမယ်အချို့နှင့် လဲလှယ်ခဲ့တာ ဖြစ်၏။
ထိုသို့ဖြင့် ဟန်လိ ပိုင်ဆိုင်သော ဆေးကုန်ကြမ်းအမယ်များ ကုန်လုနီးပါး ဖြစ်သည့်အချိန်တွင် သူ့ထံ၌ အခြေခံတည်ဆောက်ခြင်းဆေးလုံးများစွာကို ရလာခဲ့ပေပြီ။ သည်အရေအတွက်က သူ အစတုန်းက မျှော်လင့်ထားသည်ထက် ပိုများနေသည်။
အစပိုင်းတုန်းက သူသည် ဆေးလုံးသန့်စင်ခြင်းများနှင့် ပတ်သတ်ပြီး ခက်ခဲမှုကို ကြားခဲ့ချိန်၌ ဆေးလုံး ခုနစ်လုံး၊ ရှစ်လုံးလောက် ရနိုင်ခဲ့လောက်မည်ဟု ထင်ထားခဲ့သည်။ သို့သော် ယနေ့၌ ဆေးလုံးဖော်စပ်ခြင်းက ကျင့်ကြံခြင်းလောကတွင် သူ ကြားခဲ့သလောက် မခက်တာ ဖြစ်နိုင်လောက်သည်။ ဆေးဝါးသခင်များက တခြားကျင့်ကြံသူများက အမှားများ နားလည်အောင် လုပ်ခဲ့လေသလား။ သို့မဟုတ် ဆေးလုံးဖော်စပ်ခြင်း၌ သူက ပါရမီပါနေသည်လား။
ဟန်လိသည် ဇဝေဇဝါ ဖြစ်နေမိ၏။
အမှန်တကယ်တော့ သူ့အတွေးက မှားနေတာပင်။ ဆေးလုံးသန့်စင်ခြင်း ပညာရပ်က အပြင်ဘက်လောကတွင် ပျံ့နှံ့နေသော အခက်အခဲများထက် ပိုခက်ခဲ၏။ သာမန်ပါရမီဖြင့် ဆေးဝါးပညာရှင်ဖြစ်ဖို့ နှစ်နှစ်ဆယ်၊သုံးဆယ် အချိန်မပေးဘဲ၊ ကြောက်ဖို့ကောင်းလောက်သည့် ငွေကြေးပမာဏတစ်ခု မသုံးစွဲဘဲ ဖြစ်လာနိုင်မည် မဟုတ်ပေ။
ယနေ့၌ ဟန်လိက အခြေခံတည်ဆောက်ခြင်းဆေးလုံး ဖော်စပ်ခြင်းမှာ ကျွမ်းကျင်သွားခဲ့ပေပြီ။ သည်ဆေးလုံးကို ဖော်စပ်ခြင်း သပ်သပ်ဆို သူသည် ပုံမှန်ဆေးဝါးပညာရှင်များနှင့် ယှဉ်ပါက သာလွန်ပြီဟုပါ ယူဆနိုင်သည်။ ထိုသို့ ဖြစ်ရသော အကြောင်းရင်းက နှစ်ဝက်နီးပါး တူညီသော ဆေးလုံးတစ်လုံးကို ဖော်စပ်နေခဲ့သောကြောင့် ဖြစ်သည်။
တစ်ခု သိရသည်မှာ ချမ်းသာသော ဂိုဏ်းကြီးများပင် တူညီသော ဆေးလုံးကို ဖော်စပ်ဖို့ လိုအပ်သော ဆေးအမယ်များကို အထောက်အပံ့ပေးဖို့ နည်းလမ်း မရှိ ဟူ၍ပင်။
ထိုသို့သော အရာမျိုးက အဆင့်နိမ့်ဆုံး ဆေးလုံးများတွင် ဖော်စပ်ရာတွင်တော့ ဖြစ်နိုင်လောက်၏။ သို့သော် အဆင့်နိမ့်ဆေးလုံးများအတွက် လူတစ်ယောက်က အခေါက်ခေါက်အခါခါ အဘယ်သို့ အချိန်ပေး၍ သန့်စင်ဖော်စပ်ပါ့မည်နည်း။
ဟန်လိက ဤအချက်ကို နားမလည်ပေ။ သူက စူးစမ်း၍လည်း မကြည့်ပေ။ သို့ပေမည့် သူက သည်အတိုင်း ထွက်မသွားသေးဟု စဉ်းစားမိ၏။ အကြောင်းမှာ အခြေခံတည်ဆောက်ခြင်းဆေးလုံးကို ချက်ခြင်း သောက်၍ အဆင့်ချိုးဖျက်မည်ဟူသော အတွေးစိတ်ကူး ပေါ်လာခဲ့သောကြောင့်ပင်။
ထိုအတွေးက အားကောင်းလွန်းနေ၏။ ဟန်လိက ဒီမြေကမ္ဘာမီးအခန်းထဲမှာပင် တံခါးပိတ်ကျင့်ကြံမည်ဟု အလေးအနက် တွေးနေမိသည်။
ဆယ့်တစ်လကြာခဲ့ပြီးနောက် ဟန်လိရှိနေသော မြေကမ္ဘာမီးအခန်းက ပွင့်မလာသေးပေ။
ယနေ့၌ ရုပ်စိုးစိုးလူက ဟန်လိရှိနေသော နံပါတ်ဆယ့်ရှစ်အခန်းကို စိတ်ပူပန်တကြီး ကြည့်နေ၏။
အမှန်တော့ သူက ဟန်လိကို စိတ်ပူနေတာ မဟုတ်ပေ။ ထိုအစား ဟန်လိနောက်မှ ဘိုးဘေးလီနှင့် ပတ်သတ်ပြီး စိတ်ပူနေတာ ဖြစ်၏။ သူ့တပည့်က သည်အခန်းထဲတွင် တစ်ခုခု ဖြစ်သွားသည်ကို သိပါက ဘိုးဘေးလီ၏ ဒေါသက သူ့အပေါ် ကျရောက်လာနိုင်သည် မဟုတ်လား။ သူက ဂိုဏ်းခေါင်းဆောင်ကျုံးနှင့် ဆွေမျိုးနီးစပ် တော်၍ သည်အခန်းကို စောင့်ကြည့်ရသူ ဖြစ်လာခဲ့သော်လည်း ဘိုးဘေးလီကသာ အမှန်တကယ် ဒေါသထွက်လာခဲ့ပါက ဂိုဏ်းခေါင်းဆောင်ကျုံးလည်း ဘာမျှ တတ်နိုင်လိမ့်မည် မဟုတ်တာ သူ သိသည်။
ထိုသို့ဖြင့် သည်ရုပ်စိုးစိုးလူထံ၌ စိတ်ပူခြင်းတို့ ပြည့်နေစဉ် သူ့ရှေ့ရှိ တံခါးမှ အဖြူရောင်အလင်း လင်းလက်သွား၏။ ထို့နောက် ထိုတံခါးက အသံမထွက်ဘဲ ပွင့်ဟလာပြီး လူတစ်ယောက် လှမ်းထွက်လာ၏။ ထိုသူက တစ်နှစ်နီးပါး အခန်းထဲ၌ ရှိနေခဲ့သော ဟန်လိသာ။
ရုပ်စိုးစိုးလူက ဟန်လိကို မြင်သည့်အခါ အံ့အားသင့်မိသလို ပျော်လည်း ပျော်သွား၏။ သူက ရှေ့သို့ အမြန်လှမ်းလာ၏။
ဂျူ”နီယာညီလေး…မင်း ဘာကြောင့် ခုမှ ထွက်လာခဲ့ရတာလဲ။ မင်းသာ ထွက်မလာခဲ့ရင်…ငါတော့…။ မင်း…မင်း…”
သူ့စကားက တိုးလို့တန်းလန်း ရပ်သွား၏။ သူ့မျက်လုံးက ရုတ်တရက် ပြူးသွားသည်။ သူက တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား။ သူက ဟန်လိကို လက်ညှိုးထိုးကာ ပါးစပ်ဟ၏။ သို့သော် သူ ဘာကိုမျှ ပြောနိုင်စွမ်း မရှိ ဖြစ်နေရသည်။
“ဘာလဲ…ကျုပ်နဲ့ ပတ်သတ်ပြီး တစ်ခုခု မှားနေလို့လား…” ဟန်လိက ခပ်ရေးရေး ပြုံး၍ မေး၏။
“မင်း…မင်းရဲ့ ကျင့်ကြံမှုက…။ ငါ…။ မင်း အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်သွားခဲ့ပြီလား…”
ရုပ်စိုးစိုးလူက အချိန်အတန်ကြာပြီးမှ သတိပြန်ဝင်လာကာ အလန့်တကြားဖြင့် ပြောလာ၏။
“ဟုတ်တယ်လေ။ ကျုပ် ဆေးလုံး သန့်စင်ပြီးတဲ့နောက် ဒီနေရာ ပတ်ဝန်းကျင်က သိပ်မဆိုးလှဘူးလို့ ခံစားမိပြီး အခြေခံတည်ဆောက်ခြင်းဆေးလုံးကို သောက်၊ ပြီးတော့ တံခါးပိတ်ကျင့်ကြံခဲ့တာပဲ။ အဆုံးသပ်မှာတော့ ကျုပ်လည်း အဆင့်တစ်ဆို့ခြင်းကနေ အောင်အောင်မြင်မြင် ချိုးဖျက်နိုင်ခဲ့တယ်။ အခု ကျုပ်က အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်သွားတာ အမှန်ပါပဲ…”
တဖက်သူက မေးလာမှတော့ ဟန်လိကလည်း ဝင့်ကြွားစွာ ပြန်ဖြေရမည်သာ။
“ဒီနေရာမှာ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်သွားတာလား…”
ရုပ်စိုးစိုးလူက ဟန်လိနောက်မှ မြေကမ္ဘာအခန်းကို တချက်လှမ်းကြည့်သည်။ ထို့နောက် သူက ဟန်လိကို ကြည့်သည်။ ခုထိ သူ မယုံနိုင်သေးပေ။ မြေကမ္ဘာမီးအခန်းထဲ၌ ဆေးလုံး သန့်စင်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်သွားသည့်အဖြစ်ကို ခုမှ သူ ပထမဆုံး ကြားဖူးတာ မဟုတ်လား။
သို့ပေမည့် သူက မေးခွန်းထပ်မမေးတော့ပေ။ တဖက်သူက ဘိုးဘေးလီ၏ တပည့် ဖြစ်နေရုံသာမက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပါ ဖြစ်နေပြီ မဟုတ်လား။ ထိုသူက သူ့လို ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်တော့ပေ။ သူ ရန်စမိ၍ မဖြစ်နိုင်တော့ပေ။
“ဘာလဲ။ အဲ့လို ခွင့်မပြုထားလို့လား…” ဟန်လိက တဖက်သူကို ကြည့်ကာ အားမနာတမ်း မေးသည်။ သူက ချက်ခြင်းပင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများသာ ထုတ်လွှတ်နိုင်သော ဖိအားကိုပါ ထုတ်လွှတ်၏။ ထိုအခါ သူ့အနီးတွင် ရှိနေသော ရုပ်စိုးစိုးလူမှာ နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားရပြီး ချွေးစေးများ ပြန်သွားသည်။
“အဲ့လို မရှိပါဘူး။ အခုလို တံခါးပိတ်ကျင့်ကြံပြီး အောင်မြင်မှု ရသွားတဲ့အတွက် ဂုဏ်ပြုပါတယ် သိုင်းဦးလေး…”
ရုပ်စိုးစိုးနှင့်လူက လူတော်တစ်ယောက် ဖြစ်၏။ သူက ချက်ခြင်း ခေါင်းညိတ်ကာ ခါးညွှတ်၍ ရယ်မောကာ ထိုသို့ ပြောလာ၏။ ဟန်လိကိုလည်း ဂျူနီယာညီလေးဟု အခေါ်အဝေါ်အစား သိုင်းဦးလေးဟု ချက်ခြင်း ပြောင်းခေါ်သည်။
တဖက်သူက ယနေ့၌ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ အောင်မြင်စွာ ရောက်သွားမှတော့ ထိုရုပ်စိုးလူ၏ အကြီးအကဲတစ်ယောက်အဖြစ် သတ်မှတ်၍ ရနိုင်ပြီ ဖြစ်သည်။
ထိုရုပ်စိုးစိုးနှင့်လူက ကျင့်ကြံခြင်းလောက၌ ပိုစွမ်းအားကြီးသူများအပေါ် မည်သို့မည်ပုံ ချဉ်းကပ် ပြောဆိုရမည်ကို ကောင်းကောင်းသိသူ ဖြစ်လေ၏။