← Chapters

ဓားပညာရပ်

Vol. 16 Ch. 217

ဓားပညာရပ်

Vol. 16 Ch. 217

ထိုဓားပညာ နောက်ဆုံးသုံးဆင့်၏ နတ်စွမ်းရည်မှာ ဓားပုံရိပ် ဖြစ်၏။ တနည်းအားဖြင့် ထိုအဆင့်များကို ကျင့်ကြံပါက ဓားမှော်ရတနာတစ်ခုကို ပိုင်ဆိုင်ခြင်းနှင့် အလားသဏ္ဌာန်တူလေမည်။

၎င်းဓားပညာရပ်ကို ပြည့်စုံစွာ ကျင့်ကြံပြီးပါက ရန်သူများနှင့် ရင်ဆိုင်ရသည့်အခါ အနှီနတ်စွမ်းရည်ကို အသုံးပြုပါက ဓားအရိပ် ပုံရိပ်ယောင်တစ်ခုမှ ဓားအလင်းကို ငှားယူအသုံးပြုနိုင်မည် ဖြစ်သည်။ ထိုသည်က ရန်သူ၏ အမြင်အာရုံကို အနှောက်အယှက် ပေးနိုင်ကာ မူလဓားနှင့်အတူ ရန်သူ့ကို တိုက်ခိုက်နိုင်မည် ဖြစ်သည်။ ဓားအရိပ်၏ စွမ်းအားက မူလဓား၏ ဆယ်ရာခိုင်နှုန်းသာ ရှိသော်လည်း လူတစ်ယောက်၏ ဓားပညာရပ်အပေါ် အဆင့်က တိုးတက်လာပါက ၎င်းဓားအရိပ်၏ ခွန်အားမှာလည်း တိုးတက်လာလိမ့်မည်။ အဆင့်ကိုးသို့ ရောက်ပါက မူလဓား၏ သုံးပုံတစ်ပုံ စွမ်းအားကို ရရှိမည် ဖြစ်သည်။

ထို့အပြင် ဓားအရိပ်ကို ကျင့်ကြံပါက လူတစ်ယောက်သည် ဓားပုံရိပ်ယောင်တစ်ခုကိုသာ ထုတ်ဖော်နိုင်မည် မဟုတ်၊ ခုနစ်ဆင့်မြောက်မှသည် နောက်ထပ် အဆင့်တိုင်းတွင် အပိုဓားပုံရိပ်ယောင်တစ်ခုကို ထပ်မံ ထုတ်ဖော်နိုင်မည်သာ။ ထိုနည်းဖြင့် လူတစ်ယောက်သည် မိုးပြာအနှစ်သာရဓားပညာရပ်၏ အထွတ်အထိပ်အဆင့်ထိ ကျင့်ကြံနိုင်ပါက မူလဓားနှင့် ထပ်တူတူညီသော ဓားအရိပ်သုံးခုကို ထုတ်ဖော်နိုင်လိမ့်မည်။

ထိုသို့သော စွမ်းရည်ကြောင့် ဓားပုံရိပ်ပညာရပ်ကို ကျင့်ကြံခြင်းသည် မဆိုးလှဟု ထင်ရသည်။

သို့သော် ဟန်လိက သည်ဓားပညာရပ်နှင့် ပတ်သတ်သည့် ဆိုးရွားသော အချက်များ ရှိနေသည်ကို သိထား၏။ အဝါရောင်မေပယ်တောင်ကြား၌ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတိုင်းသည် သည်ပညာရပ်ကို အချိန်ပေး၍ နက်နက်နဲနဲ မကျင့်ကြံကျပေ။ ဝမ်လင်းက ထိုသို့ မကျင့်ကြံကြသည့် နောက်ကွယ်မှ အကြောင်းရင်းကို သေချာ နားမထောင်ခဲ့သည့်အပေါ် အခုအခါ၌ နောင်တကြီးစွာ ရနေမိသည်။ သူက ဒီမိုးပြာအနှစ်သာရဓားကို လုံးဝ မကျင့်ကြံရလောက်ဟု ထင်ထားခဲ့သဖြင့် ပေါ့ပေါ့တန်တန် သဘောထားခဲ့တာ ဖြစ်၏။

အခုတွင်မူ ဟန်လိသည် ထိုမှော်ပညာရပ်၌ ပြဿနာကြီးတစ်ခု ရှိနေတာကို ကောင်းကောင်းသိသော်လည်း နောက်ဆုံး၌ သတ္တိမွေးကာ မကျင့်ကြံရဘဲ မနေရ ဖြစ်လာ၏။ သူက သည်ပညာရပ်ကို ကျင့်ကြံသည့်အခါ သူ့အပေါ် မည်သည့်ဆိုးကျိုးမျှ ရှိမလာဖို့သာ မျှော်လင့်ရန် တတ်နိုင်တော့သည်။

သို့ပေမည့် သေချာ စဉ်းစားကြည့်သည့်အခါ တခြားသူများက ဒီဓားပညာရပ်ကို နက်နက်ရှိုင်းရှိုင်း မကျင့်ကြံခဲ့သော်လည်း သူတို့က အဆင့်နှစ်၊ အဆင့်သုံးလောက်ထိတော့ ကျင့်ကြံခဲ့တုန်းပင်။ ကြည့်ရတာ ဒီပညာရပ်ကို အနည်းငယ်မျှ ကျင့်ကြံရုံလောက်ဖြင့် ပြဿနာ ကြီးကြီးမားမား မရှိပုံ ပေါ်သည်။

ထိုသို့တွေးကာ ဟန်လိသည် မိုးပြာဓားပညာရပ် နည်းလမ်းအတိုင်း စတင်ကျင့်ကြံသည်။

ဟန်လိသည် ဒီပညာရပ်ကို တစ်ကြိမ် လှည့်လည်ရုံ ရှိသေး ရုတ်တရက် တုန်ဟည်းသွားသည်။ ဆေးစွမ်းအား စုပ်ယူခဲ့စဉ် သူ၏မှော်စွမ်းအား များစွာ တိုးတက်လာသည်ဟု ခံစားမှုက ဟန်လိကို ပျော်ရွှင်မှုကြောင့် အော်ဟစ်မိမတတ် ဖြစ်စေခဲ့သည်။

ထိုသို့သော အံ့ဖွယ်ခံစားချက်ကြောင့် ဟန်လိသည် ဒီမှော်ပညာရပ်ကို နောက်တစ်ကြိမ် ထပ်မံ လှည့်ပတ်သည်။

နေရာတွင် အချိန်မည်မျှကြာကြာ ထိုင်နေမှန်း မသိ၊ သူ၏ ခန္ဓာကိုယ်ထဲရှိ နောက်ဆုံး လက်ကျန်ဆေးစွမ်းအားများကို ရှင်းလင်းပြီးသည့်နောက် ဟန်လိသည် နောက်ဆုံး၌ သူ၏ အံ့အားသင့်ဖွယ် အတွေ့အကြုံကနေ ပြန်နိုးထ အသိဝင်လာခဲ့သည်။

ဟန်လိက ခဏတော့ ကြောင်ရီနေသေး၏။ သို့သော် သူက ချက်ခြင်း ထရပ်ကာ သူ့မျက်လုံးကို ကစား၍ ခဏ တွေးတောသည်။ ရုတ်တရက် သူက လက်ပင့်မြှောက်ကာ သူ၏ခန္ဓာကိုယ်ရှေ့တွင် လက်ဟန် ဖြစ်ပေါ်စေသည်။ ပေအနည်းငယ် ရှည်လျားသော မိုးပြာရောင်ဓားအလင်းတန်းတစ်ခုက ချက်ခြင်းလိုလို သူ့လက်ချောင်းကနေ ထိုးထွက်သည်။ ၎င်း၏ အေးစိမ့်လှသော အော်ရာက ချိန်းခြောက်နိုင်စွမ်း ရှိနေသည်။ ပေါ်ထွက်လာသော အနှီဓားအလင်းက ထက်ရှလွန်းသည်။

သည်အေးစက်စက်အလင်းကို မြင်သည့်အခါ ဟန်လိသည် ပျော်ရွှင်မှု မခံစားရ၊ ထိုအစား သူက ခါးသီးစွာ ရယ်မောမိ၏။ ထို့နောက်တွင် သူ့ လက်ကို လှုပ်ယမ်းလိုက်သည့်အခါ မိုးပြာဓားအလင်းသည် ကြမ်းကြုတ်စွာ ဆန့်ကားထွက်သည်။ ချက်ခြင်းပင် ၎င်းက ဆယ်ပေကျော်ထိ ရှိလာ၏။

“သေစမ်း…. ဒီဆေးကြွင်းဆေးကျန်ရဲ့ စွမ်းအားက အခုလောက် အားကောင်းလွန်းနေလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး။ ငါက ချက်ခြင်းလိုလို ဒီဓားပညာရပ်ရဲ့ အဆင့်လေးထိ ရောက်အောင် အမှန်တကယ် ကျင့်ကြံနိုင်ခဲ့တာပဲ။ အဲ့အတွက် ဆိုးကျိုး ကြီးကြီးမားမား ရှိ၊မရှိ ဘယ်သူ သိနိုင်ပါ့မလဲ…”

ဟန်လိက တကိုယ်တည်း တီးတိုး ရေရွတ်၏။ သူ၏ မျက်နှာပေါ်၌ မရေမရာ အသွင်ဟန်ပန် ဖြစ်ပေါ်နေသည်။

“ကိစ္စမရှိလောက်ပါဘူး။ ငါ့အနေနဲ့ နောက်ကျရင် ဒီဓားပညာရပ်ကို ထပ်မကျင့်ကြံရုံပေါ့…”

ဟန်လိက ထိုသို့ ရေရွတ်ကာ သူ့လက်ကို ပြန်ချသည်။ မိုးပြာဓားအလင်းမှာ လုံးဝ ပျောက်ကွယ်သွားသည်။

သို့ပေမည့် ဟန်လိ၏ စူးစမ်းချင်စိတ်က မြင့်တက်နေခဲ့ပေပြီ။ သူသည် မိုးပြာဓားပညာရပ်ကျမ်းကို ကောက်ယူကာ ဓားကို ဒိုင်းအဖြစ် အသုံးပြု၍ ခန္ဓာကိုယ်ကို ကာကွယ်နိုင်သည် ဟူသော ကျမ်းစာအပိုင်းများအား လှန်လှောကြည့်ရှုကာ သေချာ မှတ်သားသည်။

ထို့နောက်တွင် ဟန်လိက ခေါင်းငုံ့ကာ ငြိမ်သက်သွား၏။ သူက မျက်လုံး မှိတ်သည်။ ချက်ခြင်းပင် သူ မျက်လုံး ပြန်ဖွင့်သည်။ သူ၏ခန္ဓာကိုယ် ပတ်လည်တွင် ထူးခြားသောဒိုင်းတစ်ခု ပေါ်လာ၏။

မိုးပြာရောင်ဒိုင်းက တခြားအကာအကွယ်ပစ္စည်းများနှင့် အရွယ်အစား အတူတူလောက်ပင်။ သို့သော် ၎င်း၏ အပြင်ပိုင်းအသွင်အပြင်က ချောမွေ့နေခြင်း မရှိ။ ဖြူကောင်ကဲ့သို့ ရှိနေ၏။ ထို့အပြင် မကောင်းဆိုးဝါးဝိညာဉ် အရိပ်အယောင်များကိုလည်း ထုတ်လွှတ်ပေးနေပုံ ရသည်။

“ဒါက အကာအကွယ်ဓားဒိုင်းလား…” ဟန်လိက သူ့ရှေ့ရှိ ဒိုင်းကို အံ့အားသင့်ဟန်ဖြင့် စူးစမ်းကာ ကြည့်နေသည်။

“ဓားကျမ်းအရဆို ဒီဒိုင်းက ဓားအလင်းတန်းတွေကို ထုတ်လွှတ်ပြီး ရန်သူကို တန်ပြန်တိုက်ခိုက်နိုင်တယ်လို့ ဆိုတယ်။ စိတ်မကောင်းစရာက ဒီအချက်ကို ခုချက်ခြင်း ငါ စမ်းသပ်ဖို့ နည်းလမ်း မရှိတာပဲ…”

ဟန်လိက ထိုသို့ တွေးမိ၏။

ထို့နောက်တွင် သူ့ခြေလက်များကို လှုပ်ရှားကြည့်၏။ သူ၏ ခန္ဓာကိုယ်တွင်းရှိ အစစ်အမှန်အနှစ်သာရကို သေချာ စူးစမ်းသည်။ မည်သို့ မှားယွင်းမှုမျှ မတွေ့မှ သူ စိတ်အေးသွားပြီး သူ့ ပိုင်ဆိုင်မှုများကို သေချာ သိမ်းဆည်းကာ ဒီမြေကမ္ဘာမီးအခန်းထဲကနေ ထွက်ခွာလာခဲ့သည်။ ထို့နောက်တွင် သူက ရုပ်စိုးစိုးလူထံ တိုက်ရိုက်‌ ပြေးလာခဲ့တာ ဖြစ်လေ၏။

သူက ရုပ်စိုးစိုးလူ၏ သူ့အပေါ် တုန်လှုပ်နေသော အမူအရာအကြောင်း ပြန်တွေးမိသည့်အခါ စိတ်ထဲ၌ ရယ်မိလေ၏။

အခုအခါ၌ ကောင်းကင်သည် အလင်းဓာတ် ပိုရလာခဲ့ပေပြီ။ ဟန်လိက ဆေးပေါင်းတစ်ရာဥယျာဉ်ထံ ပြန်ရောက်လာခဲ့သည်။

ဟန်လိက ဥယျာဉ်ထဲ ဝင်လာသည့်အခါ အဘိုးအိုတစ်ယောက်သည် သူ့အိမ်ရှေ့၌ မျက်စိမှိတ်ကာ သူ့ဝန်းကျင်မှ စိတ်ဝိညာဉ်ချီကို စုပ်ယူနေသည်။ သူက မျက်လုံး မဖွင့်လာသော်လည်း ဟန်လိ၏ အမည်ကို မှန်မှန်ကန်ကန် ခေါ်လိုက်တုန်းပင်။ ဤသည်မှာ အံ့အားသင့်စရာတော့ မရှိပါ။ ဆေးဥယျာဉ်ထဲရှိ အတားအဆီးများကြောင့် ထိုအဘိုးအိုကလွဲ၍ စိတ်ကြိုက်ဝင်ရောက်နိုင်သူမှာ ဟန်လိတစ်ယောက်သာ ရှိပေသည်။

သို့ပေမည့် ထိုအဘိုးအို(ဝါ) အကြီးအကဲမာက ဟန်လိ၏ အမည်ကို ခေါ်မည်ဟု ဟန်ပြင်စဉ် ရုတ်တရက် သူက တစုံတစ်ခုကို ခံစားမိကာ မျက်လုံး ဖွင့်လာပြီး ဟန်လိကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်သည်။

“မင်း အခြေခံတည်ဆောက်ခြင်းအဆင့်ကို အမှန်တကယ် ဝင်ရောက်သွားတာလား…”

“အကြီးအကဲမာ…ဒီတပည့်က ကံကောင်းထောက်မပြီး အဲ့အဆင့်ကို ဝင်ရောက်နိုင်ခဲ့ပါတယ်…” ဟန်လိက ယဉ်ယဉ်ကျေးကျေး ခါးညွှတ်ကာ နှုတ်ဆက်၍ ရယ်မောကာ ပြောလိုက်သည်။

ထိုအဘိုးအိုမာက အချိန်တစ်ခုကြာ တုန်လှုပ်စွာဖြင့် အကြောင်သား စိုက်ကြည့်နေသော်လည်း သူက ဖြည်းဖြည်းချင်း ပုံမှန် ပြန်ဖြစ်လာသည်။ သို့သော် သူက တကိုယ်တည်း ရေရွတ်မိလိုက်တုန်းပင်။

“ဒါက အတော့်ကို မယုံနိုင်စရာပဲ။ သူက အခြေခံတည်ဆောက်ခြင်းအဆင့်ကို တကယ်ကြီး ဝင်ရောက်နိုင်ခဲ့တာပဲ…”

ထိုစကားများကို ရေရွတ်ပြီးသည့်နောက် ရုတ်တရက် သူက သူ့အမူဟန်ပန်ကို ပြင်ကာ လေးစားသည့်လေသံဖြင့် ပြောလိုက်သည်။

“ကျုပ်တို့ နှစ်ယောက်လုံးက ခုချိန်မှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေပဲ။ မင်းအနေနဲ့ ကျုပ်ကို စီနီယာအကြီးအကဲလို့ ခေါ်ဝေါ်စရာ မလိုတော့ပါဘူး။ ဒီကနေ့ စပြီး ကျုပ်တို့ဟာ သိုင်းညီအစ်ကိုတွေအဖြစ် တစ်ယောက်ကိုတစ်ယောက် ရည်ညွှန်းနိုင်ပြီ။ ကျုပ်က အသက်ပိုကြီးတဲ့အတွက် ဂျူနီယာညီလေးက စိတ်မရှိဘူးဆိုရင် ကျုပ်ကို စီနီယာအစ်ကိုမာလို့ ခေါ်နိုင်ပါတယ်…”

ထိုစကားကို ကြားသည့်အခါ ဟန်လိက ပြုံး၍ ခေါင်းညိတ်၏။ သူက မငြင်းပေ။ စီနီယာကျ၊မကျကို လူတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်ပေါ် မူတည်၍ ဆုံးဖြတ်ခြင်းမှာ ကျင့်ကြံခြင်းလောက၏ ဓလေ့ထုံးတမ်း ဖြစ်ပေ၏။

ဟန်လိ၏ စီနီယာအစ်ကိုမာက ဟန်လိနှင့်အတူ အခန်းထဲ ဝင်လာ၏။ သူတို့က စားပွဲတစ်ခုနား၌ ထိုင်ချကာ လဘ္ဘက်ရည်အိုးကို အရသာခံ၍ စသောက်ကျ၏။

များမကြာမီ အဘိုးအိုမာက ဟန်လိကို အခြေခံတည်ဆောက်ခြင်းအဆင့်သို့ မည်သို့မည်ပုံ ရောက်ခဲ့လေသနည်းဟု မေးလာသည်။

ဟန်လိသည် တဖက်သူကို သူ၏အခြေအနေမှန် အားလုံးကို ပြောမပြမှာ သဘာဝပင်။ သို့ပေမည့် သူက မြေကမ္ဘာမီးအခန်းထဲ၌ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ခဲ့သည့် အကြောင်းကိုမူ ဖုံးကွယ်မထားပေ။

သူက ယွဲ့လုခန်းမရှိ မြေကမ္ဘာမီးအခန်းကို ငှားယမ်းကာ အခြေခံတည်ဆောက်ခြင်းဆေးလုံးကို သောက်၍ တစ်နှစ်နီးပါး တံခါးပိတ်ကျင့်ကြံခဲ့ကြောင်းကို ပြောပြခဲ့သည်။ သူ ကံကောင်း၍ ထိုအဆင့်သို့ ရောက်ခဲ့တာဟု ပြောပြခဲ့၏။

ဟန်လိ ပြောပြသည်ကို နားထောက်ပြီးနောက် အဘိုးအိုမာက မျက်လုံးကစားကာ ဟန်လိကို ပြောသည်။

“ညီလေးဟန်…။ မင်း ပြောပုံအရ အခြေခံတည်ဆောက်ခြင်းအဆင့်ကို မင်း ရောက်ခဲ့တဲ့ အတွေ့အကြုံက တခြားသူတွေနဲ့ သိပ်မကွာပါဘူး။ ဒီလိုပုံစံနဲ့ မင်းက အဲ့အဆင့်ကို ရောက်နိုင်ခဲ့တာဟာ အတော်လေး ကံကောင်းတယ်လို့ ပြောနိုင်တယ်။ တစ်ရာခိုင်နှုန်းလောက်ပဲ ရှိတဲ့ အောင်မြင်နိုင်ချေဟာ မင်းအတွက် လုံလောက်ခဲ့ပုံ ရတယ်…”

ပြီးခဲ့သောနှစ်များတည်းက ထိုအဘိုးအိုနှင့် ဟန်လိတို့သည် ရင်းနှီးသူများ ဖြစ်ခဲ့ပြီး ဖြစ်၏။ ထို့ကြောင့် သူက ပွင့်ပွင့်လင်းလင်းပြောကာ ဟန်လိအပေါ် မနာလိုမှုကို ဖုံးကွယ်မထားခဲ့ပေ။ သူ့မျက်နှာထက်တွင် မနာလိုအားကျဟန် ပေါ်နေသေး၏။

“ဟားဟား…ဂျူနီယာညီလေးက အတော်လေး ကံကောင်းခဲ့တာ အမှန်ပါပဲ။ ကျုပ်အနေနဲ့ အဲ့အဆင့်ကို ဝင်ရောက်နိုင်ခဲ့မယ်လို့ တကယ်ပဲ မထင်ထားခဲ့တာပါ…”

ဟန်လိက ရယ်မောကာ ပြော၏။

“ဒါပေမဲ့လည်း ဂျူနီယာညီလေးဟန်က အခြေခံတည်ဆောက်ခြင်းအဆင့်ကို အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ခဲ့မှတော့ မင်းအနေနဲ့ ဒီအကြောင်းကို ဂိုဏ်းခေါင်းဆောင်ကျုံးဆီ အသိပေးရမယ်။ ဒါမှသာ မင်းရဲ့ နာမည်ကို စာအုပ်မှတ်တမ်းတွေထဲ သူက မှတ်သားနိုင်လိမ့်မယ်။ အဲ့နည်းနဲ့ဆို ညီလေးဟန်က အဆင့်မြင့်တပည့်တွေကို ပြုမူဆက်ဆံတဲ့အတိုင်း ပြုမူခံရလိမ့်မယ်။ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်တဲ့နောက် ဂိုဏ်းက ပေးတဲ့ စိတ်ဝိညာဉ်ကျောက်တုံး ပမာဏကလည်း ပမွှားတော့ မဟုတ်လေဘူး…”

အဘိုးအိုမာက ရယ်ကာမောကာဖြင့် ပြောသည်။

“ခုလို ညွှန်ပြတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ဗျ…”

ဟန်လိက တလေးတစား ပြန်ပြောသည်။

“မဟုတ်တာ။ မင်း သိတဲ့အတိုင်း ကျုပ်တို့ သိခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူးလေ။ မင်း သိသင့်တဲ့ ကိစ္စတွေကို ငါ အကောင်းဆုံး ကြိုးစားပြီး ပြောပြရမှာပေါ့…”

အဘိုးအိုမာက သာမန်ကာလျှံကာ လက်ဝေ့ယမ်း၍ ထိုသို့ ပြန်ပြောသည်။

“အမှန်တကယ်တော့…အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်တဲ့နောက် ဂိုဏ်းက ပေးတဲ့ အကောင်းဆုံး အကျိုးရလဒ်ကတော့ အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်တွေဟာ ထိုက်ယွဲ့တောင်တန်းရဲ့ တစ်နေရာကို ရွေးချယ်နိုင်တာ ဖြစ်တယ်။ အဲ့နေရာမှာ လူတစ်ယောက်ဟာ သူတို့ရဲ့ ကိုယ်ပိုလှိုဏ်ဂူတွေကို ဖန်တီးနိုင်မယ်။ တကိုယ်ရေ ကျင့်ကြံနိုင်မယ်။ အဲ့တာအပြင်…”

ဟန်လိက အဘိုးအိုမာ ပြောပြနေသည့် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ပြီးနောက် သိရှိရမည့် အသေးစိတ်ကိစ္စများကို ခေါင်းတဆတ်ဆတ် ညိတ်ကာ နားထောင်နေ၏။

တဖက်သူ ပြော၍ ပြီးသည့်အခါ ဟန်လိက သူ သိချင်နေသော မိုးပြာအနှစ်သာရဓားပညာရပ်အကြောင်း မမေးမိဘဲ မနေနိုင်ဖြစ်ကာ မေးလာ၏။

“မိုးပြာဓားအနှစ်သာရလား…” အဘိုးအိုမာ၏ မျက်နှာထက်တွင် အံ့အားသင့်ဟန် ဖြတ်ပြေးသွားသည်။

သို့သော် သူက ဟန်လိကို လေးလေးနက်နက် တချက် ကြည့်ပြီးနောက် တခြားအရာများ ထပ်မမေးတော့။ ခဏာစဉ်းစားပြီး သူက စကားဟလာသည်။

“မိုးပြာဓားအနှစ်သာရ ပညာရပ်။ အဲ့ပညာရပ်နဲ့ ပတ်သတ်ပြီး တခြားသူတွေဆီကနေ ကျုပ် ကြားခဲ့ဖူးပါတယ်။ တချို့ကတော့ ဒီပညာရပ်ကို အဆင့်သုံးထိ ကျင့်ကြံခဲ့ကျတယ်။ ဒီဓားပညာရပ်ဟာ အမှန်တကယ်တော့ အဝါရောင်မေပယ်တောင်ကြားရဲ့ ပညာရပ် မဟုတ်ဘူး။ အဲ့တာက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကျုပ်တို့ဂိုဏ်းက အမြစ်ဖျက်ခဲ့ဖူးတဲ့ လေးနက်ဓားဂိုဏ်းလို့ ခေါ်တဲ့ ဂိုဏ်းရဲ့ ပညာရပ်ပဲ။ ဒါ့အပြင် အဲ့ပညာရပ်ဟာ မူလတုန်းက အဆင့်ကိုးထိပဲ ရှိတာ မဟုတ်ဘူး။ အဆင့်ဆယ့်သုံးထိ ရှိခဲ့တာ…”

“လေးနက်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်က သူ့ဂိုဏ်း ဖျက်စီးခံရတော့မှာကို မြင်တဲ့အချိန် သူဟာ ဓားပညာရပ်ကို ဖျက်စီးပစ်ချင်ခဲ့တယ်။ ဒါပေမဲ့ ကျုပ်တို့ ဂိုဏ်းရဲ့ ဘိုးဘေးတချို့က အလျင်အမြန် လှုပ်ရှားခဲ့ပြီး ဒီပညာရပ်ရဲ့ တဝက်ကျော်ကို အတင်းအကြပ် ရယူနိုင်ခဲ့တယ်။ ကျန်တဲ့ တဝက်ကတော့ ဖျက်စီးခံခဲ့ရပြီး ထာဝရ ပျောက်ကွယ်သွားခဲ့တာပဲ…”

“ဒါ့ကြောင့် လူတစ်ယောက်ဟာ ဒီပညာရပ်ကို အမြုတေဖွဲ့စည်းခြင်းအဆင့်ထိပဲ ကျင့်ကြံနိုင်တော့တယ်။ ဒီ့ထက်ပိုပြီး ကျင့်ကြံဖို့ နည်းလမ်း မရှိတော့ဘူး။ ကြားဖူးသလောက်တော့ အပြည့်အစုံရှိတဲ့ မူလဓားပညာရပ်ဟာ နတ်အသွင်ပြောင်းလဲခြင်းအဆင့်ထိတောင် ကျင့်ကြံနိုင်တယ်ဆိုပဲ။ ဒါပေမဲ့ အဲ့တာကမှန်လား၊ မှားလားတော့ ဘယ်သူက သိမှာလဲ…”

အဘိုးအိုမာက သူ့စကား ထိုနေရာသို့ ရောက်သည့်အခါ ခေါင်းယမ်း၍ ရှေ့မှ လဘ္ဘက်ရည်ခွက်ကို လှမ်းယူကာ တငုံသောက်သည်။ ထို့နောက်တွင် သူက ဆက်ပြောလာသည်။

“မိုးပြာအနှစ်သာရဓားပညာရပ်ဟာ နောက်ပိုင်းအဆင့်တွေ ပျောက်ကွယ်ကုန်ပေမယ့် တခြား ကျင့်ကြံခြင်းအဆင့်တွေနဲ့ နှိုင်းယှဉ်ရင် ၎င်းရဲ့ စွမ်းပကား သိပ်မဆိုးလှဘူး။ ဒီပညာရပ်ရဲ့ ဓားအလင်းတန်းနဲ့ အကာအကွယ်ဓားဒိုင်းတို့ကြောင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတော်တော်များများက ဒါကို ကျင့်ကြံခဲ့ကျတယ်…။ တကယ်တော့ စဦးစိတ်ဝိညာဉ်အဆင့် ပညာရပ်တွေဟာ ကျုပ်တို့အတွက်တော့ အလှမ်းဝေးလှတယ် မဟုတ်လား။ အဲ့ပညာရပ်တွေကို အသုံးပြုနိုင်တဲ့ နည်းလမ်း ကျုပ်တို့မှာ မရှိနိုင်ဘူးလေ…”

All Chapters