ဧကရာဇာဓားသမား
Vol. 6 Ch. 73
ဖန်ကလန်ရဲ့ အဆင့်အတန်းနဲ့ ဆိုရင်တော့ အပြင်စည်း အကြီးအကဲတွေက ဖန်တိုင်းဟီကို အပြစ်ကြီးကြီး ပေးမှာတော့ မဟုတ်ဘူး။ လီဖူချန်းကလည်း ဖြစ်လာမဲ့ အရာတွေကို ကြိုတင်တွေးတော ထားပြီးသားပါ။ သူကလောကကြီးရဲ့ မမျှတမှုတွေကို ပါရမီတွေ ပျောက်သွားတုန်း ကတည်းက ကောင်းကောင်း ကြီး ကြုံပြီးပါပြီ။ ဒါက ဒီလောကကြီးရဲ့ လည်ပတ်ပုံပါဘဲ။ မင်းမှာ ရာထူးအာဏာ သို့မဟုတ် အစွမ်းအစ မရှိရင် ဒီလောကမှာတော့ အမှိုက်တစ်စ လိုပါဘဲ။
“တကယ်လို့ မိုးပြာရောင်ဂိုဏ်းက ငါ့ကို တန်ဖိုး ထားစေချင်ရင်တော့ ငါဒီလို နိမ့်ချပြီး နေလို့ မဖြစ်တော့ဘူး။ ငါ့အစွမ်းအစကို ပြမှကို ရတော့မယ်”
လီဖူချန်းက ဆုံးဖြတ်ချက် တစ်ခုကို ပြတ်ပြတ်သားသား ချလိုက်ပါတယ်။ တကယ်လို့ အခုလို ကြုံရတာ သူမဟုတ်ဘဲ ယုဝူရှန်းဆိုရင် ဂိုဏ်းတော်က ဖန်တိုင်းဟီကို ချက်ချင်းတောင် သတ်ပစ် လိုက်နိုင်ပါတယ်။ ရှန်ဟိုင် မြို့စားတောင် ဒါကိုဝင်ပြီး စောဒက တက်ရဲမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ရှန်ဟိုင်းမြို့စားက အတွင်းစည်း အကြီးအကဲ အဆင့်အတန်းလောက်ပဲ ရှိသေး လို့ပါဘဲ။ ဂိုဏ်းတော်ထဲမှာ အတွင်းစည်းအကြီးအကဲရဲ့ အထက်မှာ စည်းကမ်း ထိန်းသိမ်းရေးမှုးတွေ၊ ဂုဏ်ထူးဆောင် အကြီးအကဲတွေနဲ့ နောက်ဆုံး ဂိုဏ်းချုပ်ကြီး အဆင့်အထိ ရှိပါသေးတယ်။
***
မှောင်မိုက်နေတဲ့ တောနက်ကြီးထဲမှာတော့ လီဖူချန်းက ကြယ်တစ်စင်း ကြွေကျလာသလို အရှိန်နဲ့ ပြေးလွှားနေပါတယ်။ သူ့ရဲ့ပြေးနှုန်းက အရင်ကထက်ကို ပိုပြီး မြန်လာပါသေးတယ်။
ရွှမ်း ... …
လင်းနို့ ပုံသဏ္ဌာန် နတ်ဆိုးသားရဲ တစ်ကောင်က လီဖူချန်းရဲ့ ဓားချက်ကြောင့် နှစ်ပိုင်းပြတ်ထွက် သွားခဲ့တယ်။
“ဘုန်း"
ငွေရောင် အကွက်တွေနဲ့ ကျားတစ်ကောင်က ချုံပုတ်ထဲမှာ ပုန်းအောင်းရင်းနဲ့ လီဖူချန်းကို ချောင်းနေရာကနေ ဘယ်ကနေ ဘယ်လို ဖြစ်သွားသည်မသိ လွင့်ထွက် သွားပြန်တယ်။ ခံနိုင်ရည် ကောင်းလှပါတယ် ဆိုတဲ့ သံမဏိကြံ့လို သားရဲတောင်မှ လီဖူချန်းရဲ့ ကန်ချက် လေးချက်တိတိ ထိမှန် ပြီးနောက်မှာ မြေပြင်ပေါ်မှာ ဝပ်ဆင်းသွားခဲ့ရပါပြီ။
လီဖူချန်းက ဆက်လက် ပြေးလွှားနေရာမှ နှစ်နာရီလောက် အကြာမှာတော့ တောအုပ်ရဲ့ အဆုံးကို မြင်တွေ့ လိုက်ရပါပြီ။ တောအုပ်ရဲ့ အဆုံးမှာတော့ လူတစ်ယောက်က ကြိုတင်ရောက်နှင့် နေခဲ့ပြီလေ။ ဘာမှ အံ့သြနေစရာတော့ မရှိပါဘူး။ အဲဒါက ယုဝူရှန်း ပါဘဲ။ လီဖူချန်းကို မြင်လိုက်တဲ့ အခါမှာ ယုဝူရှန်းက အံ့သြသွားသလို ခံစားလိုက်ရ ပါတယ်။ သူက ဘာစကားမှတော့ မပြောပေမယ့် အသိအမှတ်ပြုတဲ့ အနေနဲ့ ခေါင်းတစ်ချက်တော့ ညိတ်ပြလိုက်တယ်။
“ဒီကောင်လေးက မဆိုးဘူးဘဲ။ မိစ္ဆာသားရဲတစ်ရာ တောအုပ်ကို ရှန်ကောင်းဟောင် ထက်တောင် မြန်မြန် ရောက်လာတယ် ဆိုတော့ ခေမယ်တော့ မထင်ဘူး"
အပြင်စည်း အကြီးအကဲ အများစုက ကျေနပ်နေတဲ့ မျက်လုံးတွေနဲ့ လီဖူချန်းကို ကြည့်လိုက်ပြီး ခေါင်းတညိတ်ညိတ် လုပ်နေကျပါတယ်။
“ကြည့်ရတာ ငါက ဒီကောင်လေးကို လျော့တွက်မိလိုက်တဲ့ ပုံဘဲ"
အကြီးအကဲတွေကြားမှာ ရပ်နေတဲ့ ချန်ဇောင်မင်က လီဖူချန်း တောအုပ်ထဲကနေ ထွက်လာတာကို မြင်လိုက်ရတဲ့ အချိန်မှာ မအံ့သြဘဲ မနေနိုင်တော့ပါဘူး။
မိစ္ဆာတစ်ရာ တောအုပ်ကို ဒုတိယမြောက် ဖြတ်သန်းလာနိုင်တဲ့ သူဆိုတာက အပြင်စည်း တပည့်တွေထဲမှာ ဒုတိယမြောက် အတော်ဆုံးလူလို့ မသတ်မှတ် နိုင်ပေမဲ့ လီဖူချန်းနဲ့အစွမ်းက အနည်းဆုံး ထိပ်ဆုံး (၁၀)ယောက် အတွင်းမှာ ရှိနေပါပြီ။
ဒီလိုကိစ္စဆိုတာ ကြယ်သုံးပွင့်အရိုး တည်ဆောက်ပုံနဲ့ သူတွေတောင် လုပ်နိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ သာမန်အရိုး တည်ဆောက်ပုံနဲ့ သူတွေ ဆိုရင်တော့ လုံးဝလုံးဝ ပါဘဲ။ ဒါပေမဲ့ လီဖူချန်းကတော့ လုပ်ပြ သွားခဲ့ပါပြီ။ တစ်နာရီလောက် အကြာမှာတော့ ရှန်ကောင်းဟန်လည်း ရောက်လာပါပြီ။ ယုဝူရှန်းကို မြင်လိုက်ရတဲ့ အခါမှာတော့ ရှန်ကောင်းဟန်ရဲ့ မျက်လုံးထဲမှာ အမုန်းတရားတွေ ဖြစ်ပေါ် လာပါတယ်။ ဒါပေမဲ့ ယုဝူရှန်းဘေးမှာ လီဖူချန်းကိုပါ တွေ့လိုက်ရတဲ့ အခါမှာတော့ သူက မျက်နှာ ပျက်သွားပါတယ်။
ယုဝူရှန်း ပထမရသွားတာကို သူလက်ခံနိုင်ပါတယ်။ သူ အသိအမှတ်ပြုသည် ဖြစ်စေ၊ အသိအမှတ် မပြုသည် ဖြစ်စေ ယုဝူရှန်းကတော့ သူ့ထက်သာတာ အမှန်ပါဘဲလေ။ ဒါပေမဲ့ လီဖူချန်းကဘာလဲ။ ဒီကောင်က မိစ္ဆာသားရဲတစ်ရာ တောအုပ်ကို သူ့ထက် စောစီးစွာ ဖြတ်ကျော်ပြီး ဒုတိယ ရောက်ခဲ့တယ်။
“လခွီးဘဲကွာ။ ငါက ဘယ်လိုလုပ် သုံးယောက်မြောက် ရောက်လာတဲ့သူ ဖြစ်ရတာလဲ။ ဒီကောင်လေးက လမ်းမှာ ဘာအန္တရာယ်မှ မကြုံရလို့ ငါ့ထက် စောရောက်နေတာပဲ ဖြစ်ရမယ်"
ရှန်ကောင်းဟောင်က သူ့ကိုယ်သူဖြေသိမ့်လိုက်ပါတယ်။ လီဖူချန်းရဲ့ ဘေးနားကို ရောက်တဲ့ အခါမှာတော့ သူက မတူမတန်သလိုနဲ့ နှာခေါင်း ရှုံ့လိုက်ပါတယ်။ လေးယောက်မြောက် ရောက်လာတဲ့ သူကတော့ ဟောင်ဖန်း လို့ခေါ်တဲ့ တပည့်တစ်ယောက်ပါ။ သူက ပြိုင်ဘက်ကင်း (၁၀)ယောက် ထဲကတော့ မဟုတ်ပေမဲ့ သူက အားလုံးထက် အနည်းဆုံး အသက် နှစ်နှစ်လောက်တော့ ကြီးနေပါပြီ။ ဒီနှစ်ဆိုရင်သူက (၁၈)နှစ်ပြည့်တော့မှာပါ။ သူက ဆင်းရဲဒုက္ခ မျှော်စင်မှာ အဆင့်သုံး ချိတ်ထားပါတယ်။ ငါးယောက်မြောက် ရောက်လာတဲ့ သူကတော့ ဂေါင်ချန်းရှန်ပါ။ ဂေါင်ချန်းရှန်က ဖန်လီဟိုင်ရဲ့ အနောက်မှ ရောက်လာရမှာ ဖြစ်ပေမဲ့ လီဖူချန်း သမခဲ့တဲ့ ဒဏ်ရာတွေကို ဆေးကု နေရတာကြောင့် ဖန်လီဟိုင်က နောက်ကျ ကျန်နေခဲ့တယ်လေ။ ခြောက်ယောက်မြောက်ကတော့ စွန်းကျန်း ဖြစ်ပါတယ်။ သူကတော့ ပြိုင်ဘက်ကင်း (၁၀)ယောက် စာရင်းထဲက တစ်ယောက်ပါ။ ခုနှစ်ယောက်မြောက် ကတော့ အလှမယ် လေးပါးထဲက ဇောင်မင်းယွီပါ။
ကောင်းရှုက အေးစက်စက် အလှပိုင်ရှင်။
ဝူကျင်မိန်က တောက်ပတဲ့ အလှပိုင်ရှင်။
ကျူးဟောင်ရှုက စွဲမက်စဖွယ် အလှပိုင်ရှင် ဆိုရင် ဒီဇောင်မင်းယွီကတော့ အလှတွေအားလုံး ပေါင်းစုနေတဲ့ အလှပိုင်ရှင် ပါဘဲ။ အရိုးသားဆုံး ပြောရမယ်ဆိုရင် ဇောင်မင်းယွီရဲ့ အလှက တခြားအလှမယ် သုံးပါးထက်ကို လွန်လွန်ကဲကဲ သာလွန်နေတာပါ။ လီဝူချန်းက သူမကို ရင်ထဲကနေ ကျိတ်ပြီး အသိအမှတ် ပြုလိုက်မိပါတယ်။
“သူမက အတွင်းစည်း အကြီးအကဲချုပ်ရဲ့ မြေးမလေးဆိုတာ ဘယ်လိုမှ သံသယဖြစ်စရာ အကြောင်း မရှိပါလား။ လှပသလောက် အစွမ်းထက်ပါ ပေတယ်"
ဇောင်မင်းယွီရဲ့ အဆင့်အတန်းက ဂိုဏ်းတော်ထဲမှာ အတော်လေးမြင့်ပါတယ်။ သူမက အတွင်းစည်း အကြီးအကဲချုပ်ရဲ့ တစ်ဦးတည်းသော မြေးမလေးပါ။ ဖန်လီဟိုင်လို ရှန်ဟိုင်း မြို့စားသားတောင်မှ သူမလောက် အဆင့်အတန်း မမြင့်ပါဘူး။ ဇောင်မင်းယွီ ရောက်လာတာနဲ့ ယုဝူရှန်း၊ ရှန်ကောင်းဟောင်တို့ တစ်သိုက်ကတော့ လိုချင်တပ်မက်တဲ့ မျက်လုံးတွေနဲ့ သူမကို စိုက်ကြည့် နေကျပါတယ်။
ဇောင်မင်းယွီက စက်စက်ယိုနေအောင် လှတဲ့အပြင် သူမရဲ့ပါရမီနဲ့ အဆင့်အတန်းကလည်း လုံးဝ ထိပ်တန်းပါဘဲ။ သူမရဲ့ ချစ်သူခင်ပွန်း မဖြစ်ချင်တဲ့သူ ဘယ်သူရှိပါ့ မလဲလေ။ နှမျောစရာက ဇောင်မင်းယွီရဲ့ ရည်မှန်းချက်က တအား မြင့်နေတာပါဘဲ။
ကောလာဟလတွေ အရဆိုရင် ယုဝူရှန်းက ဇောင်မင်းယီကို ချစ်ရေး ဆိုခဲ့ပေမယ့် အငြင်းခံခဲ့ ရပါတယ်တဲ့။ အံ့သြစရာကောင်းတာ တစ်ခုကတော့ ပြိုင်ဘက်ကင်း (၁၀)ယောက်ထဲက လူရည်မွန် တစ်ယောက် ဖြစ်တဲ့ ဂေါင်ချန်းရှန်ရဲ့ မျက်လုံးတွေထဲမှာတော့ တပ်မက်တဲ့ အကြည့်တွေ ရှိမနေတာကို လီဖူချန်းက သတိပြုမိလိုက်ပါတယ်။
“အင်း ... အစ်ကိုဂေါင်ကတော့ တကယ့်ကို လူကြီးလူကောင်း ဆန်တာဘဲ"
လီဖူချန်းက တစ်ချက်တွေးမိ လိုက်ပါသေးတယ်။ ရှစ်ယောက်မြောက် ရောက်လာတဲ့ သူကတော့ ကောင်းရှု ဖြစ်ပါတယ်။ ကျော့ရှင်းတဲ့ ခန္ဓာကိုယ် အလှနဲ့ ကောင်းရှု ပေါ်လာတဲ့ အခါမှာတော့ တောအုပ်အဆုံးက ပိုပြီးတောင် ကျက်သရေ တိုးလာပါပြီ။
သူမရဲ့ အေးစက်စက် အလှကလည်း ဆန့်ကျင်ဘက် လိင်တွေကို တစ်မျိုးတစ်ဖုံဖြင့် ဆွဲဆောင်နိုင်သည် မဟုတ်ပါလား။ ကိုးယောက်မြောက် ရောက်လာတဲ့ သူကလည်း ပြိုင်ဘက်ကင်း (၁၀)ယောက်ထဲက တစ်ယောက်ပါပဲ။ (၁၀)ယောက်မြောက်မှာတော့ ဝူကျင်မိန် ရောက်လာပါပြီ။
ပတ်ဝန်းကျင် တစ်ခုလုံးကို တောက်ပစွာ ဆွဲဆောင်နိုင်တဲ့ ဝူကျင်မိန်က အခု မောပန်းနွမ်းနယ်ပုံ ရနေတဲ့ အခါမှာလည်း နေထိပန်းလေးလို အလှနဲ့ ဆွဲဆောင် နေတုန်းပါဘဲ။ ဖန်လီဟိုင်ကတော့ (၁၄)ယောက်မြောက် ကျမှပဲ ပေါ်လာပါတော့တယ်။ သူက မရောက်ခင် ကတည်းကတည်းက လီဖူချန်းကို လူသတ်ချင်တဲ့ အကြည့်တွေနဲ့ ကြည့်လာခဲ့တာပါ။ သူ့ရဲ့ အကြည့်ကသာ လူသတ်နိုင်မယ် ဆိုရင်တော့ လီဖူချန်းက (၁၀)ခါမက သေပြီး နေပါပြီ။ ဒီကို ရောက်နေတဲ့ တပည့်တွေ အားလုံးက ဖန်လီဟိုင်ရဲ့ ပုံစံကို ကြည့်လိုက်တာနဲ့ လီဖူချန်းနဲ့ ဖန်လီဟိုင် တစ်နေရာရာမှာ တိုက်ခိုက် ခဲ့ကျပြီး ဖန်လီဟိုင် ရှုံးသွားခဲ့တယ် ဆိုတာကို မပြောဘဲနဲ့တောင် ခန့်မှန်း လိုက်နိုင်ကျပါတယ်။ နောက်ဆုံးမှာတော့ လူအယောက် (၂၀) ပြည့်သွားခဲ့ပါပြီ။
“ကောင်းတယ်။ လူ(၂၀)လည်း ပြည့်သွားပြီ ဆိုတော့ ပထမအဆင့် ပြိုင်ပွဲလည်း ပြီးပြီပေါ့။ အဆင့် သတ်မှတ်ချက် ပြိုင်ပွဲကိုတော့ နောက်သုံးရက်နေရင် စမယ်။ မင်းတို့အားလုံး ကောင်းကောင်း အနားယူပြီး ပြိုင်ပွဲအတွက် အကောင်းဆုံး ပြင်ဆင်ထားပေတော့”
ရှောင်ချန်းဖန်က တပည့် အယောက်(၂၀)ကို မျှော်လင့်ချက် မျက်လုံးတွေနဲ့ ကြည့်ပြီး အနားယူခွင့် ပေးလိုက်ပါတယ်။
***
သုံးရက် အကြာမှာတော့ ... ... …
-မိုးပြာရောင်ဂိုဏ်းအပြင်စည်းနယ်မြေ-
ဒီမှာတော့ လူဦးရေ တစ်သောင်းမက ဆံ့တဲ့ ပြိုင်ပွဲကွင်းကြီး တစ်ခု ဆောက်လုပ်ထားပါတယ်။ ပြိုင်ပွဲကို လာရောက် အားပေးကျတဲ့ တပည့်တွေကလည်း တစ်ယောက်တစ်ပေါက်နဲ့ ဆွေးနွေး နေကျပါတယ်။
"ငါကြားတာတော့ ဒီနှစ် ပြိုင်ပွဲဝင်တွေထဲမှာ အရမ်းစွမ်းတဲ့ သူတွေ ပါတယ်ဆိုဘဲ။ အစ်ကိုကြီး ဓားသူတော် အရူး ပါဝင် ယှဉ်ပြိုင်ခဲ့တဲ့ နှစ်တုန်းကနဲ့တောင် ယှဉ်လို့ ရတယ်တဲ့။ အဲဒီသတင်း အမှန် ဟုတ်မဟုတ်ဆိုတာ အခု ကြည့်ရမှာဘဲ"
“ဒါက အလွန်အကျူး ချဲ့ကားပြောဆို ကျတာ နေမှာပါကွာ။ ဒီနှစ်မှာ ကြယ်ငါးပွင့်အရိုး တည်ဆောက်ပုံ ပိုင်ရှင် ယုဝူရှန်းရှိပေမဲ့ အရင်ပြိုင်ပွဲ တုန်းကလည်း အစ်ကိုကြီး ဧကရာဇာ ဓားသမား ပေါ်လာ ခဲ့တာဘဲ မဟုတ်ဘူးလား"
“ချဲ့ကား ပြောကျတာလား တကယ်လား ဆိုတာ ငါတို့ သိရတော့မှာ ပါကွာ”
ပွဲကြည့် ပရိသတ်တွေ ထဲမှာတော့ အတွင်းစည်းတပည့် တော်တော်များများလည်း ပါဝင် နေပါတယ်။ သူတို့တွေက ဒီနှစ် အတောအတွင်းမှာမှ အတွင်းစည်းတပည့် ဖြစ်သွားတဲ့ သူတွေ များပါတယ်။ သူတို့ နောက်မှာတော့ အပြင်စည်းတပည့်တွေက နေရာယူထားပါတယ်။
“ဟိုမှာကြည့်စမ်း ... တိမ်တိုက် ဓားသမား ရောက်လာပြီကွ။ သူက လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက အတွင်းစည်း ဂိုဏ်းထဲကို ဝင်ခွင့် ရခဲ့တာလေ။ အခုဆိုရင် စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်အဆင့် သုံးကိုတောင် ရောက်နေပြီကွ”
“ဒါက သာမန်ပါဘဲကွာ။ တိမ်တိုက်အစ်ကိုကြီးက အပြင်စည်း ဂိုဏ်းမှာကတည်းက ပြိုင်ဘက်ကင်း စာရင်းထဲမှာ ပါနေပြီးသားပဲကို"
“ပန်းပွင့်ဓား နတ်မိမယ်လည်း ဒီမှာ ရောက်နေပြီကွ။ သူမရဲ့ပါရမီက ကြောက်စရာပဲ။ သူမက စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်ငါးကိုတောင် ရောက်နေပြီလေ။ ဒါတောင် နတ်မိမယ်က အပြင်စည်း သိုင်းပြိုင်ပွဲကို စိတ်ဝင်စားနေသေးတာလား"
“မဟုတ်မှလွဲရော။ သူမနဲ့ပတ်သက်တဲ့ သူတစ်ယောက်များ ဒီပြိုင်ပွဲမှာ ပါလို့လား"
အတွင်းစည်း တပည့်တွေက ရှေ့ဆုံးတန်းမှာ ထိုင်နေကျတာ ဖြစ်တဲ့အတွက် အပြင်စည်း တပည့်တွေက သူတို့သိတဲ့ တပည့်တစ်ယောက် ရောက်လာတိုင်းမှာ အော်ကြီးဟစ်ကျယ်နဲ့ ရှင်းပြ နေပါတယ်။ တိမ်တိုက် ဓားသမားနဲ့ ပန်းပွင့်ဓား နတ်မိမယ်ဆိုတဲ့ ဂုဏ်ပုဒ်တွေက ထူးချွန်လွန်းတဲ့ သူတွေသာ ရတဲ့ ဂုဏ်ပုဒ်တွေပါ။ ကိုယ်တိုင်ပေးထားတာမဟုတ်ဘဲ လူအများက ဝိုင်းသမုတ်ကျတဲ့ နာမည်တွေပါ။ ပွဲကြည့် ပရိသတ်တွေ ဆူညံနေတုန်း မှာပဲ (၁.၉)မီတာလောက် မြင့်တဲ့ လူငယ် တစ်ယောက်က ပြိုင်ပွဲခန်းမထဲကို ဝင်ရောက်လာပါတယ်။
သူကအတွင်းစည်းတပည့်တွေထိုင်နေတဲ့ရှေ့ဆုံးတန်းကို မသွားပဲ။ အနောက်နားက ချောင်ကျကျ နေရာ တစ်နေရာမှာဘဲ မီပြီး ရပ်နေပါတယ်။
“ဒီမှာ ဧကရာဇာဓားသမား ရောက်နေပြီဟေ့"
အော်သံတစ်ခုက ပြိုင်ပွဲကွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားပါတယ်။
***