ကောင်းကျိုးနှင့်ဆိုးကျိုး
Vol. 16 Ch. 218
စီနီယာအစ်ကိုမာ၏ စကားက ဤနေရာသို့ ရောက်သည့်အခါ သူက ခဏ စကားရပ်သွားသည်။ သူ့မျက်နှာထက်တွင် နောင်တရဟန် ပေါ်လာပြီးမှ သူက ဆက်ပြောသည်။
“ကံမကောင်းစွာနဲ့ ဒီဓားပညာရပ်ကို ပိုနက်နဲတဲ့ အဆင့်တစ်ခုကို ကျင့်ကြံပြီးရင် အားနည်းချက်ကြီး တစ်ခု ရှိလာတာပဲ။ လေးဆင့်မြောက်ကနေ စလို့ မိုးပြာအနှစ်သာရဓားပညာရပ်ကို အသုံးပြုပြီး ပတ်ဝန်းကျင်က စိတ်ဝိညာဉ်ချီကို အသုံးပြုတဲ့အခါ လူတစ်ယောက်ရဲ့ ကျင့်ကြံမှုမှာ ထူးခြားတဲ့ ဖြစ်စဉ် ကြုံရတာပဲ။ အဲ့ဖြစ်စဉ်ကတော့ ဒီပညာရပ်ကနေ ကျင့်ကြံပြီး ရရှိခဲ့တဲ့ မှော်စွမ်းအား အစိတ်အပိုင်းငယ်ဟာ နောက်ရက်အနည်းငယ်ကြာရင် သူ့အလိုလို လွင့်ပြယ်ပျောက်ကွယ်သွားတာ ဖြစ်တယ်။ ဒါက လူများစွာကို အကျပ်ရိုက်စေခဲ့တယ်…”
“အဲ့ဓားပညာရပ်ရဲ့ လေးဆင့်မြှောက်မှာ ဆုံးရှုံးသွားတဲ့ အမြန်နှုန်းက သိပ်ဆိုးရွားတာတော့ မဟုတ်ဘူး။ အသစ် ကျင့်ကြံထားတဲ့ မှော်စွမ်းအားရဲ့ ဆယ်ပုံတစ်ပုံလောက်သာ ပျောက်ကွယ်သွားခဲ့တာ။ ကျင့်ကြံသူတစ်ယောက်က နောက်ထပ် နည်းနည်း ပိုထပ်အားစိုက်ထုတ်ရင် ဒီဆုံးရှုံးမှုလောက်ကိုတော့ ကောင်းကောင်း ပြန်ဖာထေးနိုင်တယ်။ ဒါပေမဲ့ အဆင့်ငါး ဒါမှမဟုတ် အဆင့်ခြောက်လောက်မှာဆိုရင်တော့ ကျင့်ကြံသူတစ်ယောက် အပင်ပန်းခံ ကျင့်ကြံထားခဲ့တဲ့ မှော်စွမ်းအား ဆုံးရှုံးမှုနှုန်းက ကြောက်ဖို့ ကောင်းလာတယ်။ ဒါ့အပြင် လေးဆင့်မြှောက်မှာ ဆုံးရှုံးထားတဲ့ မှော်စွမ်းအားရဲ့ ဆယ်ပုံတစ်ပုံကိုပါ ထပ်ပေါင်းရင် ငါးဆင့်မြောက်မှာ ဆုံးရှုံးမှာဟာ နှစ်ဆယ်ရာခိုင်နှုန်းလောက်ထိ ဖြစ်သွားတယ်။ ခြောက်ဆင့်မြောက်မှာဆို သုံးဆယ်ရာခိုင်နှုန်းပေါ့။ ဒါ့ကြောင့် ဒီမိုးပြာအနှစ်သာရဓားပညာရပ်ကို ဘယ်သူက ဆက်ပြီး ကျင့်ကြံရဲတော့မှာလဲ…”
“ဒါ့အပြင် ကျုပ်တို့ ဂိုဏ်းရဲ့ တပည့်တွေ ကျင့်ကြံခဲ့တဲ့ မိုးပြာအနှစ်သာရဓားပညာရပ်ရဲ့ အမြင့်ဆုံးအဆင့်ဟာ အဆင့်ခြောက်ပဲ။ အဆင့်ခြောက်ထက် ပိုပြီး ကျင့်ကြံဖို့အတွက်ကတော့ လူတစ်ယောက်ဟာ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်နေဖို့ လိုအပ်တယ်။ ဒါပေမဲ့ အဲ့ပညာရပ်ကို ကျင့်ကြံတဲ့အခါ အဆင့်ခြောက်ကို ရောက်ရင် အဲ့လူရဲ့ စိတ်ဝိညာဉ်စွမ်းအား သုံးပုံတစ်ပုံ နီးပါးကို ဆုံးရှုံးနေပြီ ဖြစ်တယ်။ အဆင့်ခုနစ်ကို ဆက်ပြီး ကျင့်ကြံရင် ပိုများပြားတဲ့ စိတ်ဝိညာဉ်စွမ်းအား ဆက်ပြီး ဆုံးရှုံးနေအုံးမှာ မဟုတ်လား…အဲ့တာကြောင့် ဘယ်ကျွမ်းကျင်သူကများ ဒီပညာရပ်ကို ကျင့်ကြံပါ့အုံးမလဲ…”
“တစ်ခု သိရမှာက အမြုတေဖွဲ့စည်းခြင်းမှာ အဆင့်တစ်ဆင့် တိုးတက်ဖို့အတွက် အလွန်ခက်ခက်ခဲခဲ ကျင့်ကြံရတယ် ဆိုတာပဲ။ မိုးပြာအနှစ်သာရဓားပညာရပ်ဟာလည်း ကျင့်ကြံဖို့ ခက်ခဲတာပဲ။ ဒါ့ကြောင့် ဘယ်သူက ဒီပညာရပ်ကို မိုက်မိုက်မဲမဲနဲ့ ဆယ်စုနှစ်ကျော် အချိန်ပေးပြီး ကျင့်ကြံပါတော့မလဲ။ ဒါ့အပြင် ဒီပညာရပ်ဟာ မပြည့်စုံဘူးလေ…”
“ဒါပေမဲ့လည်း ဒီဓားပညာရပ်ရဲ့ ဓားအလင်းတန်း နတ်စွမ်းရည်ကတော့ တကယ်ပဲ လက်တွေ့ ကျလှတယ်။ ဒါ့ကြောင့် တချို့သူတွေကတော့ ဒီပညာရပ်ရဲ့ ပထမဆုံး သုံးဆင့်ကိုတော့ ကျင့်ကြံကျတုန်းပဲ။ အဲ့သုံးဆင့်ထိက လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်စွမ်းအင် ဆုံးရှုံးမှာကို စိတ်ပူစရာလည်း မလိုဘူးလေ။ ပြီးတော့ ဓားအလင်းတန်းကိုလည်း အသုံးပြုနိုင်အုံးမှာ။ တကယ်တော့ လူတစ်ယောက်ဟာ အဲ့ဓားအလင်းတန်းနတ်စွမ်းရည်ကို ရရှိဖို့အတွက် ကျင့်ကြံမယ်ဆို အချိန် လေးငါးနှစ်လောက်ပေးမှ အောင်မြင်နိုင်မှာ ဖြစ်တယ်…”
အဘိုးအိုမာ၏ ရှည်လျားသော ရှင်းပြချက်ကို ကြားပြီးနောက် ဟန်လိသည် ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေမိသည်။ နောက်ဆုံး၌ သူ အသိပြန်ဝင်လာချိန်တွင် ခါးသီးစွာ ခံစားမိပေသည်။
သူသည် ဒီဓားပညာရပ်၏ အဆင့်လေးထိ ကျင့်ကြံခဲ့ပြီး မဟုတ်လား။ ထိုအဘိုးအိုမာ ပြောသည့်အတိုင်းဆို သူသာ ဒီဓားပညာရပ်ကို ဆက်ပြီး ကျင့်ကြံပါက သူ ကျင့်ကြံခဲ့သော မှော်စွမ်းအား၏ ဆယ်ပုံတစ်ပုံက အကြောင်းရင်းမရှိ ပျောက်ကွယ်သွားရလိမ့်မည်။ သည့်အပြင် ပိုမြင့်သော အဆင့်သို့ ရောက်လာလေလေ မှော်စွမ်းအားဆုံးရှုံးမှုကလည်း ပိုများလာလေပင်။
သူက ထိုသို့သော ပညာရပ်ကို အဘယ်သို့ ဆက်၍ ကျင့်ကြံမည်နည်း။
သူသာ ဆက်၍ ကျင့်ကြံပါက တုံးအမိုက်မဲရာ ကျပေမည်။
ထိုသို့ ဆုံးဖြတ်ဖို့ ဟန်လိအတွက် အချိန် သိပ်မယူခဲ့ရပေ။ သို့သော် အဘိုးအိုမာ၏ နောက်ထပ် ပြောလာသော စကားကြောင့် ဟန်လိ၏ စိတ်နှလုံးမှာ လှုပ်ရှားသွားရလေ၏။
“ဒီမိုးပြာအနှစ်သာရ ဓားပညာရပ်မှာ အဲ့လို အားနည်းချက် အကြီးကြီး ရှိနေပေမယ့် ၎င်းရဲ့ ကိုယ်ပိုင်ဝိသေသတော့ ရှိနေတုန်းပဲ။ မဟုတ်ရင် အတိတ်တုန်းက ဒီပညာရပ်ဟာ ဂိုဏ်းတစ်ခုရဲ့ အထူးပညာရပ်တစ်ခု ဘယ်ဖြစ်ခဲ့ပါ့မလဲ…”
အဘိုးအိုမာက ရုတ်တရက် ပြောလာသည်။
“ကျုပ် ကြားဖူးတာကတော့ ဒီဓားပညာရပ်ကို ကျင့်ကြံတဲ့နှုန်းဟာ အလွန်နှေးကွေးပေမယ့် အဆင့်တစ်ဆင့် အောင်မြင်တိုင်း သူ့ရဲ့ သွေးကြောတွေကို ပိုကြီးမားထည်ဝါ လာစေနိုင်တယ်တဲ့။ ဒန်တျန်ပေါ်မှာလည်း အံ့အားသင့်ဖွယ်ကောင်းတဲ့ သက်ရောက်မှုတွေ ဖြစ်စေနိုင်သေးတယ်။ ဒါ့ကြောင့်လည်း ဒီဓားပညာရပ်ကို ကျင့်ကြံတဲ့ ကျင့်ကြံသူတွေရဲ့ မှော်စွမ်းအားဟာ အဆင့်တူမှာရှိတဲ့ ကျင့်ကြံသူတွေရဲ့ မှော်စွမ်းအားထက် ပိုပြီး နက်နဲတယ်…”
“ဒါပေမဲ့ အတိအကျ ဘယ်လောက်ထိ ပိုနက်နဲလဲတော့ မသိနိုင်ဘူး။ ဒါကတော့ လူတစ်ယောက် ကျင့်ကြံခဲ့တဲ့ အဲ့ဓားပညာရပ်ရဲ့ အဆင့်က ဘယ်လောက်များလဲပေါ် မူတည်နိုင်တယ်…”
“ဒါပေမဲ့ အရင်တုန်းက မှတ်တမ်းတွေအရ ဒီမိုးပြာအနှစ်သာရဓားပညာရပ်ကို အဆင့်ခြောက်ထိ ကျင့်ကြံခဲ့တဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေဟာ တခြားကျင့်ကြံသူတွေထဲ သုံးပုံတစ်ပုံ ပိုများပြားတဲ့ မှော်စွမ်းအားကို ပိုင်ဆိုင်နိုင်တယ်တဲ့။ အဲ့ အပိုစွမ်းအားဟာ မိုးပြာအနှစ်သာရဓားပညာရပ်ကို သူတို့ကျင့်ကြံခဲ့စဉ်က ဆုံးရှုံးသွားတဲ့ မှော်စွမ်းအားနဲ့ တူညီနေတယ်။ ဒီလို တိုက်ဆိုက်မှုကို ပြောကိုပြောမှ ဖြစ်မှာ။ ဒီအချက်ဟာ ဒီပညာရပ်ရဲ့ အမှန်တကယ် လေးနက်ဆန်းကြယ်မှုပဲ မဟုတ်လား…”
အဘိုးအိုမာက အဇူရာဓားပညာရပ်ကို အတော်အတန် လေ့လာခဲ့ဖူးပုံ ပေါ်သည်။ သူက ပို၍ ပြောပြလေလေ ပိုတက်ကြွလာလေ ဖြစ်နေသည်။ သို့အတွက် ဟန်လိက တခြားကိစ္စများကို ခပ်မြန်မြန် စကားလမ်းကြောင်း လွှဲရတော့၏။ သို့မှသာ ဒီစီနီယာအစ်ကိုမာက ပုံမှန်အတိုင်း ပြန်ဖြစ်လိမ့်မည်။
ဟန်လိအဖို့ သည်ပညာရပ်၏ တခြားသော ဆန်းကြယ်သည့် ဝိသေသများကို ထပ်မံ ကြားရလျှင်ပင် သူသည် ၎င်းပညာရပ်ကို ကျင့်ကြံအုံးမည် မဟုတ်ပေ။
သူ၏ ပါရမီက နဂိုတည်းက မကောင်းပေ။ သို့ဖြစ်၍ ထိုမျှ တိုးတက်ရန် နှေးကွေးသော ပညာရပ်ကိုသာ ကျင့်ကြံဖို့ စိတ်အားထက်သန်နေပါက သူ့ဦးနှောက်သည် တစ်ခုခု မှားနေပြီဟုပင် ဆိုရတော့မည်။ သူက အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ မရောက်ချင်မှသာ ထိုသို့သော မပြည့်မစုံ ပညာရပ်ကို ကျင့်ကြံချင် ကျင့်ကြံလိမ့်မည်။
တခြားသော လူအများကျင့်ကြံသည့် ပညာရပ်များဖြင့် ဟန်လိက သူသာ ဆေးညွှန်းအချို့ကို ရှာတွေ့နိုင်ခဲ့ပါက သူ့အဖို့ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်နိုင်ချေ ရှိလောက်မည်ဟု မှတ်ယူထားသည်။
ဟန်လိက အဘိုးအိုမာနှင့် အချိန်အတော်ကြာ စကားအပြန်အလှန် ပြောပြီးနောက် သူ ထွက်ခွာလာ၏။
အခုအခါ၌ ဟန်လိသည် အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ရှိပြီ ဖြစ်၍ သည်ဆေးဥယျာဉ်ကို တခြားသူတစ်ယောက်အတွက် စောင့်ကြည့်ပေးနေဖို့ မလိုတော့ပေ။ သို့ဖြစ်၍ သူက သူ ပုံမှန် နေထိုင်သော နေရာထံ ပြန်လာခဲ့သည်။ ထိုအခန်းကို အနည်းငယ် သန့်ရှင်းရေး လုပ်ပြီးနောက် ပြန်ထွက်လာခဲ့၏။
သူ အခု ဦးတည်သွားနေသည်မှာ ဂိုဏ်း၏ တရားဝင်ခန်းမထံ ဖြစ်၏။ ထိုနေရာတွင် သူ့အတွက် ပြီးပြည့်စုံသော အခွင့်အရေးကို ဖန်တီးရမည်။ သူ့အတွက် အကျိုးစီးပွားရအောင် လုပ်ရမည်။
အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်လာခဲ့ရသည့် စိတ်လှုပ်ရှားမှုများကို ဟန်လိက လုံးဝ ထိန်းချုပ်ပြီး ဖြစ်၏။ အခု သူ တွေးနေသော တခုတည်းသော အရာမှာ သူ့အကျိုးစီးပွားအတွက်သာ ဖြစ်၏။ ထို့နောက်တွင် သူက သူကိုယ်တိုင်အတွက် လှိုဏ်ဂူတစ်ခုကို သွားရှာမည်။
သူ့အတွက် သီးသန့်နေရာတစ်ခု ရပါက သူ့ စိတ်ကြိုက် လုပ်ဆောင်နိုင်မည် ဖြစ်ကာ ဘာကိစ္စကိုမဆို ခိုးကြောင်ခိုးဝှက် လုပ်နေဖို့ မလိုတော့ပေ။
ထိုအကြောင်းကို တွေးမိလေလေ ဟန်လိက ပို၍ စိတ်လှုပ်တရှား ဖြစ်ရလေပင်။ သူသည် ထိုအတွေးဖြင့် တရားဝင်ခန်းမထံ မသိလိုက်မသိဘာသာဖြင့် ရောက်လာခဲ့သည်။
ထိုခန်းမတံခါးကို စောင့်နေသော တပည့်နှစ်ယောက်က ဟန်လိကို မမှတ်မိတာ သိသာသည်။ သို့သော် သူတို့က အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူဟူသော သူ၏ အဆင့်အတန်းကို ကောင်းစွာ တွေ့မြင်၏။ သို့ဖြစ်၍ သူတို့က ဟန်လိ၏ ငယ်ရွယ်မှုကြောင့် အချိန်ဖင့်မနေဝံ့ပေ။
ထိုနှစ်ယောက်က ရှေ့သို့ လှမ်းလာကာ ဟန်လိကို တလေးတစားဖြင့် နှုတ်ဆက်၏။
“ဒီက သိုင်းဦးလေး…ကျနော်တို့ သင့်ကို ကူညီနိုင်တာ တစ်ခုခုများ ရှိပါသလား…”
“သိုင်းဦးလေးလား…”
(T/N ရှေ့အခန်းတွေမှာ သိုင်းဦးလေးဟူသော အခေါ်အဝေါ်အစား အကြီးအကဲဟု သုံးနှုန်းခဲ့ပါသည်။ အခုနေရာမှစ၍ အမည်ဂုဏ်ပုဒ်ကို သိုင်းဦးလေး၊ အကြီးအကဲ စသဖြင့် သင့်လျော်သလို သုံးနှုန်းသွားပါမည်။ )
ဟန်လိက သည်စကားကို ကြားသည့်အခါ ရွှင်မြူးသွား၏။ လွန်ခဲ့သော တစ်နှစ်ကသာ သူက ဒီနှစ်ယောက်နှင့် တွေ့ရပါက ထိုနှစ်ယောက်ကို စီနီယာအစ်ကိုတို့ဟု ခေါ်ချင် ခေါ်ရနိုင်သည်။ ယနေ့တွင် သူ၏ အဆင့်အတန်းမှာ ကြီးစွာ မြင့်တက်လာခဲ့လေပြီ။ အကြောင်းမှာ သူက အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်လာခဲ့ပြီ မဟုတ်လား။ သူက ချက်ခြင်းပင် သူတို့၏ စီနီယာ ဖြစ်လာခဲ့ပေပြီ။ ဤသည်အပေါ် ဟန်လိက အသားမကျသေးသကဲ့သို့ ခံစားမိ၏။
သို့ပေမည့် သူနှင့် သက်တူရွယ်တူ နှစ်ယောက်က သူ့ကို တလေးတစားဖြင့် နှုတ်ဆက်လာသည်ကို မြင်သည့်အခါ သူက အတော်လေး ခံစား၍ ကောင်းနေ၏။
“ဂိုဏ်းခေါင်းဆောင်ကျုံး…ဒီမှာ ရှိလား။ ကျုပ် သူနဲ့ ဆွေးနွေးစရာ ရှိတယ်…”
ဟန်လိက မောက်မာစွာ ပြော၏။
ဟန်လိ၏ အမေးကို ကြားသည့်အခါ ချီစုဆောင်းခြင်းအဆင့် တပည့်နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်မိ၏။ ညာဘက်မှ တပည့်တစ်ယောက်က တလေးတစားဖြင့် ချက်ခြင်း ပြန်ဖြေသည်။ “ဂိုဏ်းခေါင်းဆောင်က အခွင့်အရေးတစ်ရာခန်းမဆီ ကိစ္စရှိလို့ ရောက်နေပါတယ်။ ဒါပေမဲ့ သူ မကြာခင် ပြန်ရောက်လာတော့မှာပါ။ သိုင်းဦးလေးက ဒီခန်းမမှာ ခဏလောက် စောင့်ပေးလို့ အဆင်ပြေမလား…”
ဟန်လိက မျက်မှောင်နည်းနည်း ကြုံ့သွား၏။ သို့သော် ချက်ခြင်းပင် သူ့အမူဟန်ပန်က ပုံမှန် ပြန်ဖြစ်သွားကာ သူက အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“အဲ့လို ဆိုမှတော့ ကျုပ် ခဏတော့ စောင့်ရမှာပေါ့…”
“ဟုတ်ကဲ့ပါ…။ ကျေးဇူးပြုပြီး သိုင်းဦးလေး…ဒီလမ်းက ကြွပါ…”
နောက်တစ်ယောက်မှာလည်း အကင်းပါး အလိုက်သိသူ ဖြစ်၏။ သူက နောက်သို့ ခြေလှမ်းနှစ်လှမ်း လှမ်းကာ ဟန်လိကို လမ်းပြ ခေါ်ဆောင်သည်။
ထိုသူ၏ နောက်မှ လိုက်ပါလာလျက် ဟန်လိက ခန်းမအဆောက်အဦထဲရှိ
အခန်းလွတ်ကြီးတစ်ခုကို ဖြတ်လာပြီး အတန်ငယ် ပိုကျဉ်းသော အခန်းတစ်ခုထံ ရောက်လာသည်။ ထိုအခန်းက သန့်ရှင်းသပ်ရပ်နေရုံသာမက အခန်းနံရံလေးဘက်လေးလံတွင် ပန်းချီကားချပ် အချို့ ရှိနေသေး၏။
“သိုင်းဦးလေး…ဒီမှာပဲ ခဏလောက် စောင့်ပေးပါအုံး။ ဂိုဏ်းခေါင်းဆောင် ပြန်လာတဲ့အခါ ဒီတပည့်က ချက်ခြင်း သူ့ကို တင်ပြလိုက်ပါ့မယ်…”
ထိုလူငယ်တပည့်က ဟန်လိအတွက် ရနံ့အရသာ ပြည့်စုံသော လဘ္ဘက်ရည်အိုးဖြင့် တည်ခင်းပေးကာ ထို့နောက်တွင် နောက်ဆုတ်ကာ ပြန်ထွက်သွား၏။
ထိုထွက်ခွာသွားသော လူငယ်၏ပုံရိပ်ကို ကြည့်ကာ ဟန်လိက ခေါင်းညိတ်၏။ သို့သော် ထို့နောက်တွင် သူက ချက်ခြင်း ပြန်ခေါင်းယမ်းသည်။
သူ ဦးဆုံး ခေါင်းညိတ်ရသည့် အကြောင်းရင်းမှာ ထိုလူငယ်၏ အပြုအမူအပေါ် ကျေနပ်၍ ဖြစ်သည်။
သို့သော် သူ ခေါင်းယမ်းမိသည်မှာ ထိုအဆင့်နိမ့်တပည့်အပေါ် စိတ်မကောင်းဖြစ်မိ၍ပင်။
ကျင့်ကြံသူတစ်ယောက်အတွက် တံခါးပိတ်ကျင့်ကြံရမည့်အစား အစေခံသာသာ တံခါးစောင့်ဖွင့်၊ လဘ္ဘက်ရည်အိုး ပြင်ပေး စသဖြင့် လုပ်ပေးနေရ၏။ ဤသည်မှာ အမှန်တကယ် သနားဖို့ ကောင်းသည်။
အခုကဲ့သို့ တွေးမိသည့်အခါ သူသာ အဝါရောင်မေပယ်တောင်ကြားကို စရောက်တုန်းက အခြေခံတည်ဆောက်ခြင်းဆေးလုံးကို အကြီးအကဲယဲ့ထံ ပေးဝယ်ခွင့် မပြုပါက သည်လူငယ်ထက် ပိုကောင်းနေလိမ့်မည် မဟုတ်ပေ။
အခန်းထဲ၌ ဟန်လိ စောင့်နေလျက် လဘ္ဘက်ရည်ကို အရသာခံကာ သောက်နေရုံရှိသေး ဂိုဏ်းခေါင်းဆောင်ကျုံးက တအောင့်အကြာ၌ ပြန်ရောက်လာသည်။
သူက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က သူ့ကို လာတွေ့ကြောင်းကို တပည့်ငယ်သားတစ်ယောက်က သတင်းပို့သည့်အခါ အံ့အားသင့်မိသွား၏။ အကြောင်းမှာ ထိုတပည့် ပြောပြသော ပုံပန်းသွင်ပြင်နှင့် ကျင့်ကြံသူကို သူ မသိနေ၍ပင်။
“အသားမည်းမည်းနဲ့ အသက် နှစ်ဆယ့်ငါး၊ နှစ်ဆယ့်ခြောက်လောက် ရှိတဲ့ လူငယ်တစ်ယောက် ဟုတ်လား။ ဘယ်သူများလဲဟ…” ဂိုဏ်းခေါင်းဆောင် ကျုံးလင်းတောက်သည် အံ့အားသင့်မိသလို သိချင်စိတ်လည်း ဖြစ်မိ၏။ ထို့ကြောင့် သူက ဟန်လိ ရှိနေသော ဧည့်သည့်အခန်းထံ ခပ်သွက်သွက် လျှောက်လာခဲ့သည်။
သူ အခန်းထဲ ဝင်သည်နှင့် အဝါရောင်မေပယ်တောင်ကြား၏ ဝတ်စုံဖြင့် လူငယ်တစ်ယောက်ကို လှမ်းမြင်သည်။ ထိုလူငယ်၏ ပုံပန်းသွင်ပြင်က သာမန်သာ ဖြစ်၏။ ထိုလူငယ်က ခုလက်ရှိ၌ အခန်းနံရံပေါ်မှ ပန်းချီကားကို စိတ်ဝင်တစားဖြင့် ကြည့်ရှုနေသည်။
သို့ပေမည့် ဂိုဏ်းခေါင်းဆောင်ကျုံးဝင်လာသည်ကို ထိုလူငယ်က ကြားသိသည်။ သို့ဖြစ်၍ သူက တဖက်သို့ လှည့်ကာ တလေးတစား နှုတ်ဆက်သည်။
“စီနီယာအစ်ကို ဂိုဏ်းခေါင်းဆောင်၊ ဂျူနီယာညီလေး၊ဟန်လိက ဂိုဏ်းခေါင်းဆောင်ကို တွေ့ဖို့ လာခဲ့တာပါ…”
“ဟန်လိလား…”
ဂိုဏ်းခေါင်းဆောင်ကျုံးက ထိုအမည်ကို ကြားသည့်အခါ အရင်က ကြားဖူးသည့်အလား သိနေသလို ခံစားမိသည်။ သို့သော် သူက တဖက်သူကို ကြည့်သည့်အခါ သိရှိဟန်ရသော မျက်နှာကလွဲ၍ ထိုသူ မည်သူမည်ဝါမှန်း တကယ် မမှတ်မိဘဲ ရှိသည်။ ထိုအခါ သူသည် တမျိုးတမည် ခံစားမိကာ ကသိကအောက် ဖြစ်နေသည်။
“ဟန်…ဂျူနီယာညီလေးဟန်…ကျေးဇူးပြုပြီး ထိုင်ပါအုံး။ ယဉ်ကျေးနေဖို့ မလိုပါဘူးကွ။ စီနီယာအစ်ကိုက…ဂိုဏ်းခေါင်းဆောင်တစ်ယောက်အနေနဲ့ အလုပ်ရှုပ်နေလို့ နည်းနည်း နောက်ကျမှ ရောက်လာခဲ့တာ။ ဂျူနီယာညီလေးဟန်က ဒါကို စိတ်ထဲမထားပါနဲ့…”
ကျုံးလင်းတောက်က အတွေ့အကြုံ ကြွယ်သော အကင်းပါးသည့် မြေခွေးအို ဖြစ်၏။ သူသည် စကားအနည်းငယ်ဖြင့် တဖက်သူကို မသိနေ၍ ဖြစ်ပေါ်လာသော ကသိကအောက် ခံစားမှုကို ချက်ခြင်း ဖြေရှင်းနိုင်ခဲ့သည်။
ဟန်လိသည် ခေါင်းဆောင်ကျုံးက သူ့ကို မသိသည့်အပေါ် အံ့အားမသင့်သွားပေ။
ထိုခေါင်းဆောင်က သူ့ကို နောက်ဆုံးမြင်ခဲ့ဖူးတာ လွန်ခဲ့သော ငါးနှစ်က ဖြစ်၏။ ထိုအချိန်တုန်းက သူသည် ပါရမီနိမ့်သော၊ အဆင့်နိမ့်သော ချီစုဆောင်းခြင်းအဆင့် တပည့်တစ်ယောက်သာ ဖြစ်ခဲ့သေးသည်။ သို့ဖြစ်၍ ဂိုဏ်းခေါင်းဆောင်ကျုံးက သူ့ကို စိတ်ထဲ ထည့်မထားတာ သဘာဝပင်။
အကယ်၍ တဖက်သူက သူ့ကို မှတ်မိနေမှသာ ဟန်လိသည် ကြီးစွာ တုန်လှုပ်ရလိမ့်မည် ဖြစ်၏။