← Chapters

ဆွေးနွေးမှုများ

Vol. 16 Ch. 219

ဆွေးနွေးမှုများ

Vol. 16 Ch. 219

“စီနီယာအစ်ကိုဂိုဏ်းခေါင်းဆောင်…ဂျူနီယာညီက အခြေခံတည်ဆောက်ခြင်းအဆင့်ကို ကံကောင်းထောက်မပြီး ရောက်သွားခဲ့ပါတယ်။ ဒါ့ကြောင့် ဒီကိစ္စကို ဂိုဏ်းခေါင်းဆောင်ဆီ လာပြီး သတင်းပို့တာပါ။ စီနီယာခေါင်းဆောင်က ကျုပ်အတွက် အင်မောတယ်လှိုဏ်ဂူတစ်ခု ဆုချီးမြှင့်ပေးဖို့ မျှော်လင့်မိပါတယ်…”

ဟန်လိသည် ရှည်ရှည်ဝေးဝေး ပြောမနေ။ သူ လာရင်းကိစ္စကိုသာ တည့်ပြောလိုက်၏။

“ညီလေးက ခုမှ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ဝင်ရောက်ခဲ့တာလား…”

ကျုံးလင်းတောက်က ဟန်လိကို စိုက်ကြည့်ကာ ထိုသို့ မေး၏။ မကြာမီ သူ သဘောပေါက်သွားသည်။

အခြေခံတည်ဆောက်ခြင်းဆေးလုံး တစ်လုံးကို သုံးစွဲ၍ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ဝင်ရောက်ခြင်းမှာ ရှားပါးကိစ္စတော့ မဟုတ်ပေ။ ဟန်လိသည်လည်း ထိုသူများထဲမှ တစ်ယောက် အပါအဝင် ဖြစ်ပေလိမ့်မည်။

“ဟားဟား…ဂုဏ်ယူပါတယ်…ဂျူနီယာညီလေးဟန်။ ဂိုဏ်းရဲ့ အဆင့်မြင့်တပည့်တွေထဲ တစ်ယောက်တော့ ထပ်တိုးလာခဲ့ပြန်ပြီ။ ဒါက တကယ့်ကို ချီးကျူးထောပနာ ပြုရမယ့် ကိစ္စပါပဲ…”

ကျုံးလင်းတောက်က ပြုံးယောင်သမ်းကာ ဆိုသည်။

“ဒါက ကံကောင်းသွားလို့ပါ။ ပြီးတော့ ဒါက ဂိုဏ်းက ချီးမြှင့်ပေးခဲ့တဲ့ အခြေခံတည်ဆောက်ခြင်းဆေးလုံးကြောင့်လည်း ဟုတ်ပါတယ်…”

ဟန်လိက နှိမ့်နှိမ့်ချချ ပြန်ဖြေသည်။

ကျုံးလင်းတောက်က ဟန်လိ၏ နှိမ့်ချသော စကားများကို ကြားသည့်ခါ သူက ဟန်လိကို အသေအချာ စူးစမ်းကြည့်သည်။ တအောင့်အကြာ၌ သူက ဟန်လိကို သိဖူးသကဲ့သို့ ပိုမို ခံစားမိလာရ၏။ သူ့အနေဖြင့် ဟန်လိကို အရင်က တွေ့ဖူးခဲ့ပြီး ဖြစ်ရမည်။ သို့သော် တအောင့်စဉ်းစားကြည့်ပြီးသည့်ထိ ဘယ်နေရာ၊ ဘယ်အချိန်မှာ ဟန်လိကို တွေ့ဖူးသလဲဟု မသိဘဲ ဖြစ်နေဆဲပင်။

ကျုံးလင်းတောက်က ခေါင်းညိတ်ပြလျက် တီးတိုးရေရွတ်ကာ အတွေးထဲ နစ်မြောသွား၏။

ဟန်လိက ထိုသည်ကို မြင်သည်။ သူက အတော်လေး ရယ်ချင်နေ၏။ သူက ကျုံးလင်းတောက်ကို မနှောက်ယှက်ပေ။ သူ့ကိစ္စကိုယ်သာ သူ့စိတ်ထဲထားပြီး လဘ္ဘက်ရည်ခွက်ကို ကောက်ယူ၍ ဖြည်းဖြည်းချင်း အရသာခံပြီး သောက်နေသည်။

တအောင့်ကြာပြီးနောက် ဖြတ်ခနဲ သဘောပေါက်သွားခြင်းနှင့်အတူ ကျုံးလင်းတောက်က အင်မောတယ်အထက်ဘုံ တံဆိပ်ပြားကိစ္စအကြောင်း အမှန်တကယ် တွေးမိလိုက်၏။ သူက ထိုကိစ္စနှင့် သူ့ရှေ့တွင် တည်ငြိမ်စွာ ရပ်နေသော လူငယ်တို့ကို ချိတ်ဆက် မကြည့်မိဘဲ မနေနိုင် ဖြစ်ရသည်။

ကျုံးလင်းတောက်က ဆက်ခနဲ ခေါင်းမော့လာ၏။ သူ့မျက်နှာထက်တွင် အံ့အားသင့်ဟန် အပြည့်ဖြင့် ထုတ်ပြောလာ၏။ “မင်းပဲကို။ အင်မောတယ်အထက်ဘုံ တံဆိပ်ပြားနဲ့ ဂိုဏ်းကို ဝင်လာခဲ့တဲ့ တစ်ယောက် မလား။ မင်းက တကယ်ပဲ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ဝင်ရောက်နိုင်ခဲ့တာပေါ့လေ…”

“စီနီယာအစ်ကို ဂိုဏ်းခေါင်းဆောင်က ကျနော့်ကို တကယ်ပဲ မှတ်မိသားပဲ။ ကျုပ် ဂိုဏ်းကို ဝင်နိုင်ခဲ့တာဟာ ဂိုဏ်းခေါင်းဆောင်ရဲ့ အကူအညီကြောင့်ပါ…”

ဟန်လိက ဂိုဏ်းခေါင်းဆောင်ကျုံး သူ့ကို မှတ်မိသည်ကို မြင်သည့်အခါ ထိပ်ပျာမသွားခဲ့ပေ။ ထိုအစား သူက ခေါင်းဆောင်ကျုံးထံ ပြုံး၍ ကြည့်နေပြီး ကျေးဇူးတင်ကြောင်း ပြသသည်။

ဟန်လိ၏ စကားကို ကြားသည့်အခါ ခေါင်းဆောင်ကျုံးက သဘောပေါက်၏။ သူ့ရှေ့တွင် ရှေ့နေသော လူငယ်မှာ အရင်ကကဲ့သို့ လေလွင့်ကျင့်ကြံသူတစ်ယောက် မဟုတ်လေတော့။ သူကဲ့သို့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေချေပြီ။ တအောင့်ကြာ အံ့အားတသင့် ဖြစ်သွားပြီးနောက် သူက ပြန်တည်ငြိမ်လာပြီး စကားဆိုသည်။

“မဟုတ်တာ။ ဒီဂိုဏ်းခေါင်းဆောင်က နှစ်ပေါင်းများစွာ ရှိခဲ့တဲ့ ဂိုဏ်းစည်းကမ်းအတိုင်း လုပ်ဆောင်ပေးခဲ့ရုံပါ။ ဒါပေမဲ့လည်း ဂျူနီယာညီလေးဟန်က စိတ်ဝိညာဉ်ရင်းမြစ်အတုတွေနဲ့တောင် အခြေခံတည်ဆောက်ခြင်းအဆင့်ကို ဝင်ရောက်နိုင်ခဲ့သေးတယ်။ ဒါက တကယ့်ကို မယုံနိုင်စရာပဲ။ ဒီအကြောင်းသာ ပျံ့နှံ့သွားခဲ့ရင် ဂျူနီယာညီက ကျင့်ကြံခြင်းလောကမှာ ကျော်ကြားသွားလိမ့်မှာ သေချာတယ်…”

ကျုံးလင်းတောက်၏ အပြင်ပိုင်း အမူဟန်ပန်က တည်ငြိမ်သည့်ပုံ ပေါ်နေသော်လည်း သူ၏ စကားလုံးများက အံ့အားတသင့်ဖြစ်ဟန်ကို ပြသနေပေသည်။

ဤသည်မှာ အံ့ဩစရာ မရှိပါ။ ဂိုဏ်းခေါင်းဆောင်ကျုံးက ဟန်လိ၏ မူလအခြေအနေများကို ကောင်းစွာ သိခဲ့သူ ဖြစ်၏။ စိတ်ဝိညာဉ်ရင်းမြစ်လေးခုဖြင့် လူတစ်ယောက်က အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ဝင်ရောက်နိုင်ခဲ့ခြင်းသည် လက်သင့်ခံဖို့ ခက်ခဲလွန်းသည် မဟုတ်လား။

ဟန်လိက ထိုသည်ကို မြင်၏။ သူက ပြုံးသည်။ လှောင်တဝက်ရယ်တဝက် လေသဖြင့် သူက ပြော၏။

“ကျနော်ကိုယ်တိုင်လည်း အခြေခံတည်ဆောက်ခြင်းဆေးလုံး တစ်လုံးကို သောက်ခဲ့တဲ့ အချိန်မှာ ဒီအဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ မိုးကောင်းကင်က ကျနော့်ကို ကူညီခဲ့တာလို့ပဲ ဆိုရတော့မယ်…”

ဟန်လိက ထိုသို့ ပြောသည့်အခါ၌ တဖက်သူက အမှန်တကယ် ရယ်မောသွား၏။

“ဒါပေမဲ့ ညီလေးဟန်…မင်းရဲ့ အခြေခံတည်ဆောက်ခြင်းဆေးလုံးကို ဂျူနီယာညီလေးယဲ့ရဲ့ တူကို ပေးခဲ့တာမလား။ မင်းအနေနဲ့ နောက်ထပ် ဆေးလုံး တစ်လုံး ဘယ်ကနေ ဘယ်လို ရလာခဲ့ရတာလဲ…”

ဂိုဏ်းခေါင်းဆောင်ကျုံးက အားပါးတရ ရယ်မောပြီးနောက် သူ စဉ်းစားမရသော အတွေးကို မေးလာ၏။

“ဟားဟား…ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင်ပဲ ကျုပ်ကို အဲ့ဆေးလုံး ပေးခဲ့တာ မဟုတ်ဘူးလားဗျ…”

ထိုအမေးကို ကြားသည့်အခါ ဟန်လိက ရယ်ကာမောကာဖြင့် ပြန်တုန့်ပြန်သည်။

“ကျုပ်ကလား…” ကျုံးလင်းတောက် ပဟေဠိဖြစ်စွာ ပြန်ဖြေမိသည်။ ထိုကိစ္စကို သူ အဘယ်သို့ မေ့နေသနည်း။

“ခေါင်းဆောင်ကျုံးက မေ့သွားပြီ ထင်တယ်။ တားမြစ်ဧရိယာကနေ အသက်ရှင်လျက် ပြန်လာခဲ့တဲ့ သူတွေထဲမှာ အခြေခံတည်ဆောက်ခြင်းဆေးလုံး ချီးမြှင့်ခံရတဲ့ သုံးယောက် ပါတယ်လေ။ ကျုပ်က အဲ့သူတွေထဲက တစ်ယောက်ပါ…”

ဟန်လိက သူ့အပြုံးကို ပြန်ရုတ်သိမ်းပြီးနောက် ထိုသို့ ဖြည်းဖြည်းချင်း ပြောပြသည်။

“မင်းက ဘိုးဘေးလီရဲ့ အမည်ခံတပည့်လား…” ကျုံးလင်းတောက် စိတ်လှုပ်တရှား ဖြစ်လာ၏။ သူ၏ တည်ငြိမ်သော ဟန်ပန်ကို ဆက်၍ ထိန်းထားနိုင်စွမ်း မရှိတော့ပေ။

“အမှန်ပါပဲ။ ကျုပ်က ဆရာလီဟွာယွမ် တားမြစ်ဧရိယာခရီးစဉ်က ပြန်လာတော့ လက်ခံခဲ့တဲ့ တပည့်ပါပဲ…”

ဟန်လိက မငြင်းပေ။

“အော်…အဲ့လိုကို။ ဒါ့ကြောင့် ဟန်လိဆိုတဲ့ အမည်ကို ရင်းနှီးနေသလို ဖြစ်နေတာ။ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက လူတိုင်းပါးစပ်ဖျားမှာ ပြောနေခဲ့တဲ့ အဲ့တပည့်ရဲ့ အမည်က ဂျူနီယာညီလေးရဲ့ အမည် ဖြစ်နေတာကို…”

ကျုံးလင်းတောက်၏ မျက်လုံးထဲ၌ အံ့အားသင့်ဟန် ပိုပေါ်လာ၏။ သူ၏ လေသံမှာလည်း ပို၍ ပျော့ပျောင်းလာသည်။

ကျုံးလင်းတောက်၏ ရည်ရွယ်ချက်မှာ ထင်ရှား၏။ ဟန်လိက အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ရှိပြီးဖြစ်၍ သိုင်းဘိုးဘေးလီ၏ တရားဝင်တပည့်ဖြစ်လာပြီဟု သတ်မှတ်ပြီး ဖြစ်သည်။ သူသည် ဟန်လိအပေါ် အထင်မသေးတော့တာ သဘာဝပင်။

ကျုံးလင်းတောက်က တမျိုးတမည် ခံစားနေရသော်လည်း ဟန်လိကို ကောင်းကောင်းမွန်မွန်သာ ပြောလာ၏။ ထို့နောက်တွင် ဟန်လိကို ခဏ စောင့်ခိုင်းကာ သူက ခဏ ထွက်သွား၏။

ဟန်လိက သဘောတူကာ သူ့ပြန်အလာကို စောင့်နေသည်။

ဆယ့်ငါးမီနစ်ခန့် ကြာပြီးနောက် ကျုံးလင်းတောက်သည် အဖြူရောင်ကျောက်စိမ်းပြားတစ်ခုနှင့်အတူ ပြန်လာခဲ့သည်။ ထို့နောက်တွင် သူက ဟန်လိရှေ့တွင် ရပ်ကာ ရွှေရောင်စုတ်တံ အသုံးပြု၍ အမည်စာရင်းများ၏ အောက်ခြေ၌ ဟန်လိ၏ အမည်ကို ရေးသားသည်။ ဤသည်မှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူဟန်လိကို ဂိုဏ်းက မှတ်တမ်းတင်တာ ဖြစ်သည်။

ဟန်လိက ထိုသည်ကို မြင်သည့်အခါ သူက ပို၍ စိတ်ပေါ့ပါးလာ၏။ သူက အခုအခါ၌ သူ၏ ကိုယ်ပိုင်လှိုဏ်ဂူ ရပြီဟု သိလိုက်ပြီ။

ကျုံးလင်းတောက်က အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်သစ်များအတွက် ကိစ္စအမျိုးမျိုးကို စီမံခန့်ခွဲရသူ ဖြစ်၏။ သူက ဟန်လိ၏ ပြုံးနေသော မျက်နှာကို မြင်သည့်အခါ ဟန်လိ ဘာတွေးနေသလဲဆိုတာ ခန့်မှန်းမိသည်။ ထို့ကြောင့် သူက ခပ်ရေးရေး ပြုံးကာ အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးသုံးတုံးနှင့် အဖြူရောင်မြူများ ခြုံလွှမ်းထားသော ပါးလှပ်သော အလံငယ်ငါးခုကို ထုတ်ကာ ဟန်လိထံ ကမ်းပေးသည်။

“ဒါက ဘာများလဲ…”

ဟန်လိက အလယ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးများ ပေးအပ်ခံရခြင်းကို သဘောပေါက်သည်။ ဤသည်မှာ ဂိုဏ်း၏ အခြေခံတည်ဆောက်ခြင်း တပည့်များအတွက် ဆုလဒ်ဖြစ်၏။ သို့သော် လက်ဝါးအရွယ်သာ ရှိသော အလံငယ်ငါးခုက ဘာအတွက်နည်း။ ယင်းအလံငယ်များက သာမန် မှော်ပစ္စည်းများ မဟုတ်သည့်နှယ် ထူးခြားနေပုံ ပေါ်သည်။

ဟန်လိ၏ အမေးကို စောင့်မနေဘဲ ကျုံးလင်းတောက်က ကျောက်စိမ်းပြားတစ်ခုကို ဟန်လိထံ ထပ်ပေးကာ ရှင်းပြလာသည်။ “ဒီစိတ်ဝိညာဉ်ကျောက်တုံးတွေက အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်အသစ်တိုင်းအတွက် ပထမတစ်ကြိမ် ဆုချီးမြှင့်မှုပဲ။ ခုကစပြီး နှစ်စဉ်နှစ်တိုင်း ညီလေးဟန်က ဂိုဏ်းရဲ့ အလုပ်ကိစ္စတွေ လုပ်စရာမလိုဘဲနဲ့ အလယ်အဆင့် ကျောက်တုံးတစ်တုံးကို လက်ခံရရှိမယ်…”

“ဒီအလံငယ်တွေကတော့ ညီလေးဟန်ရဲ့ အင်မောတယ်လှိုဏ်ဂူအတွက် မရှိမဖြစ် ပစ္စည်းတွေပဲ။ ဒါတွေကို မှော်အစီအရင် ချခင်းရာမှာ အသုံးပြုနိုင်တယ် ဆိုပေမယ့် ဒါက အရိုးရှင်းဆုံး အစီအရင်မန္တာန်တွေလည်း ဟုတ်တယ်။ ဒါပေမဲ့ အဲ့တာက သေမျိုးတွေနဲ့ တိရိစ္ဆာန်သားရဲတွေကို မင်း လှိုဏ်ဂူရဲ့ အနီးအနားကနေ ဖြတ်သန်းမသွားနိုင်ဖို့အတွက်တော့ လုံလောက်ပါတယ်…”

“ဂျူနီယာညီလေးက မန္တာန်အစီအရင်တွေမှာ ကျွမ်းကျင်ရင်တော့ ဒီအလံငယ်တွေကို အသုံးပြုစရာ မလိုပါဘူး။ ဒါ့အပြင် ဒီကျောက်စိမ်းပြားထဲမှာ အစီအရင်ချခင်းခြင်း ပညာရပ်နဲ့ ထိန်းချုပ်တဲ့ နည်းလမ်းတွေ ပါတယ်။ အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်တွေနဲ့ သက်ဆိုင်တဲ့ ကိစ္စအချို့အကြောင်းလည်း ဒီထဲမှာ ပါတယ်…။ ဂျူနီယာညီလေး ထွက်သွားရင် ကျေးဇူးပြုပြီး ဒါတွေကို ယူသွားပေးပါ…”

“ဒုက္ခများစေတဲ့အတွက် ကျေးဇူးပါ…စီနီယာဂိုဏ်းခေါင်းဆောင်…” ဟန်လိက ကျောက်စိမ်းပြားကို လက်နှစ်ဖက်ဖြင့် လက်ခံယူကာ ကျေးဇူးတင်ကြောင်း ပြသသည်။

ထိုပစ္စည်းများသည် ခုလက်ရှိ၌ ဟန်လိ အလိုအပ်ဆုံးများ မဟုတ်လား။ သို့ဖြစ်၍ သူ့ပျော်ရွှင်မှုကို သူ မထိန်းထားနိုင်တော့ပါ။

ကိစ္စဝစ္စများ ပြီးစီး၍ ဟန်လိက ဂိုဏ်းခေါင်းဆောင်ကျုံးနှင့် အမွှေးတိုင်တစ်တိုင်စာလောက် စကားစမြည် ပြောနေသေးသည်။ ထို့နောက်တွင် သူက နှုတ်ဆက်၍ သည်ပင်မခန်းမထဲကနေ ထွက်လာခဲ့သည်။

ခန်းမထဲကနေ ထွက်လာခဲ့ပြီးနောက် ဟန်လိက အဝါရောင်မေပယ်တောင်ကြားကနေ ပျံသန်းထွက်ကာ သူ၏ အင်မောတယ်လှိုဏ်ဂူအတွက် နေရာရှာဖို့ တွေးထားခဲ့၏။

သို့ပေမည့် လမ်းမှာ သူက ဂိုဏ်းခေါင်းဆောင်ကျုံး ပေးခဲ့သော ကျောက်စိမ်းပြားကို ကြည့်၍ သူ့ စိတ်ကူးသည် ချက်ခြင်း ပြောင်းသွားသည်။ ထို့နောက်တွင် သူသည် သူ၏ ပျံသန်းနိုင်သော မှော်ပစ္စည်းကို လမ်းကြောင်းပြောင်းကာ တခြားနေရာတစ်ခုထံ ဦးတည်သည်။

“ချီလင်အဆောက်အအုံ…” အမည်အားဖြင့်ပင် ခမ်းနားနေချေပြီ။ ၎င်းမှာ အဝါရောင်မေပယ်တောင်ကြား၏ အရေးကြီးဆုံး နေရာများထဲမှ တစ်ခု ဖြစ်လေ၏။

အကြောင်းကား ဂိုဏ်း၏ စိတ်ဝိညာဉ်သားရဲများကို ယဉ်ပါး ပျိုးထောင်ပေးသော နေရာ ဖြစ်နေသောကြောင့်တည်း။

စိတ်ဝိညာဉ်သားရဲများကား အမှန်တကယ်တော့ နတ်ဆိုးသားရဲများသာ။ နတ်ဆိုးသားရဲများကို ကျင့်ကြံသူများက ယဉ်ပါးအောင် ပြုလုပ်ပြီးသည့်နောက်မှာ ယင်းတို့ကို စိတ်ဝိညာဉ်သားရဲများဟု ခေါ်ဝေါ်ကြခြင်းပင်။

ချီလင်အဆောက်အဦ၏ စိတ်ဝိညာဉ်သားရဲ အများစုသည် အဆင့်တစ်များသာ။ အဆင့်နှစ်သာရဲအချို့ ရှိသော်လည်း ယင်းတို့ကို စိတ်ကြိုက် အမိန့်မပေးနိုင်၍ တခြားသူများ ချန်ထားခဲ့ကြတာ ဖြစ်သည်။

သို့ပေမည့် အဆင့်တစ်သားရဲများသာ ဖြစ်သော်လည်း ယင်းတို့က ဂိုဏ်းမှ တပည့်များ၏ များစွာလှသော အရေးကိစ္စများအတွက် အထောက်အပံ့ ဖြစ်ကြ၏။ ဥပမာ လူအများကို သယ်ဆောင်ပေးခြင်း၊ နေအိမ်များကို စောင့်ကြပ်ခိုင်းခြင်း၊ စိတ်ဝိညာဉ်ဆေးပင်များ ရှာဖွေခြင်း၊ ရန်သူကို တိုက်ခိုက်ရာ၌ ကူညီပေးခြင်း…စသဖြင့်။ ဟန်လိက ထိုနေရာသို့ ရောက်ပါက အမွှာကြွက်အမည်ရသော သားရဲအကြောင်း မေးမည်ဟု စဉ်းစားထားသည်။

ထိုကြွက်သည် တွေ့ရမြင်ရများသော သားရဲတစ်မျိုး ဖြစ်၏။ သို့သော် ၎င်းထံ၌ မွေးရာပါ နတ်မျက်စိကို ပိုင်ဆိုင်ထား၏။ သူ၏ အင်မောတယ်လှိုဏ်ဂူအတွက် သင့်တော်သော နေရာရဖို့ ယင်းကြွက်သားရဲက ကူညီပေးနိုင်ကြောင်းကို ကျုံးလင်းတောက်ပေးခဲ့သော ကျောက်စိမ်းပြားထဲ၌ ဖော်ပြထားခဲ့သည်။

ထိုအလယ်အလတ်အဆင့်တစ် စိတ်ဝိညာဉ်သားရဲကြွက်က သိပ်သည်းသော မြူများ၊ မြစ်များ၊ သစ်ပင်များနှင့် ကျင့်ကြံသူတစ်ယောက်၏ အမြင်ကို အဟန့်အတား ဖြစ်စေသော အရာများကို အလွယ်တကူ မြင်နိုင်စွမ်း ရှိကြသည်။ သည့်အပြင် ၎င်းက စိတ်ဝိညာဉ်ချီ ပေါကြွယ်ဝသော ဧရိယာများ၌ ၎င်း၏ အသိုက်ကို တည်ဆောက်ရတာ သဘောကျသော သားရဲများ ဖြစ်သည်။

နည်းနည်းပါးပါး လေ့ကျင့်ပေးထားခြင်းဖြင့် ထိုအမြွှာကြွက်ကို စိတ်ဝိညာဉ်ချီ ပေါသော ဧရိယာများအား ရှာဖွေခိုင်းရာတွင် အသုံးပြုနိုင်သည်။ ယင်းကြွက်များက ဂိုဏ်း၏တပည့်များကြား သဘောကျသော သားရဲတစ်မျိုးပင်။

ဟန်လိသည် ချီလင်အဆောက်အဦသို့ ပထမဆုံး ရောက်ဖူးတာ မဟုတ်ပေ။ အရင်တုန်းကလည်း သူ ရောက်ခဲ့ဖူး၏။ သူက ရှေ့မှ ဂိတ်တံခါးများကို အလျင်စလို ဖြတ်လာခဲ့သည်။

ဟန်လိက ချီလင်အဆောက်အဦ၏ ပိုင်နက် အစိမ်းရောင်တောင်၊ ဧည့်ကြိုနေရာတွင် ပေါ်လာသည်။ အဆင့်နိမ့် အမျိုးသမီးကျင့်ကြံသူတစ်ယောက်က ဟန်လိကို ကြိုဆိုဖို့ လှမ်းလျှောက်လာ၏။ “သိုင်းဦးလေး…စိတ်ဝိညာဉ်သားရဲ တစ်ကောင် လာငှားတာများလား…”

သူမ၏အသံက ပီပြင်ရှင်းလင်း၏။ သည်ဆယ့်ခြောက်၊ဆယ့်ခုနစ်သာ ရှိလောက်အုံးမည့် မိန်းကလေးက ဟန်လိကို မျှော်လင့်စောင့်စားသော အကြည့်ဖြင့် လှမ်းကြည့်နေ၏။

ထိုသည်ကို ဟန်လိ မြင်သည့်အခါ ခပ်ရေးရေး ပြုံး၍ ပြောသည်။ “ဟုတ်တယ်။ အမွှာကြွက်များ ရနိုင်မလား။ ငါ အဲ့ကြွက်တစ်ကောင်ကို နှစ်ရက်လောက် ငှားချင်တယ်…”

“ဟုတ်…။ ရပါတယ်။ ကျမ သိုင်းဦးလေးအတွက် တစ်ကောင် ယူလာခဲ့ပေးပါမယ်…”

အမျိုးသမီးတပည့်က ဟန်လိ၏စကားကို ကြားသည့်အခါ ပြုံး၍ ပျော်ပျော်ရွှင်ရွှင် ပြန်ဖြေသည်။

All Chapters