← Chapters

စိတ်ဝိညာဉ်တွင်းစိမ့်စမ်းချောင်း

Vol. 16 Ch. 220

စိတ်ဝိညာဉ်တွင်းစိမ့်စမ်းချောင်း

Vol. 16 Ch. 220

ထိုအမျိုးသမီးတပည့်က စိတ်ဝိညာဉ်သားရဲကို သွားယူနေသည့်အခါ ဟန်လိက ဒီဧည့်ကြိုဆောင်၌ စောင့်နေရင်း သူ့ဝန်းကျင်မှ အတားအဆီးမန္တာန်များထံ ကြည့်နေသည်။

ဟန်လိ ရှိနေသော တောင်ထိပ်ကလွဲ၍ သည်စိတ်ဝိညာဉ်သားရဲတောင်၏ တခြားဧရိယာများ၌ ရောင်စုံအတားအဆီးမှော်မန္တာန်များ အသီးသီး ရှိနေသည်။

အတားအဆီးများဖြင့် ချိပ်ပိတ်ထားသော ဧရိယာတိုင်း၌ စိတ်ဝိညာဉ်သားရဲ အမျိုးအစားတစ်မျိုးစီကို ခင်းကျင်းပြသထားသည်။ ချီလင်အဆောက်အဦ၌ တာဝန်ကျသော တပည့်များကလွဲ၍ တခြားသူများသည် ထိုနေရာများထံ ဝင်ခွင့် မရှိပေ။

စိတ်ဝိညာဉ်သားရဲတောင်သည် အင်မတန် တိတ်ဆိတ်ပုံ ပေါက်သော်လည်း အမှန်တကယ်တွင်မူ သည်နေရာမှာ မတူညီသော စိတ်ဝိညာဉ်သားရဲ အရေအတွက် အနည်းဆုံး တစ်ထောင်နီးပါး ရှိနေကြသည်။

အမျိုးသမီးတပည့်က ဟန်လိကို ခပ်ကြာကြာ မစောင့်စေပါ။ ဆယ့်ငါးမီနစ်လောက် ကြာပြီးနောက် သူမက လက်သီးစုပ်ခန့် သားရဲငယ်တစ်ကောင်နှင့်အတူ ခပ်သွက်သွက် ပြန်လျှောက်လာ၏။

“ဒါက အမြွှာကြွက်ပါ။ ဒီကောင့်ကို ငှားယမ်းခကတော့ တနေ့ကို အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး ကျသင့်ပါတယ်…”

ထိုအမျိုးသမီးတပည့်က ထိုသားရဲငယ်၏ နူးညံ့‌သော အမွှေးများကို လက်တစ်ဖက်ဖြင့် ပွတ်သပ်လျက် တလေးတစား ပြောသည်။

“ကောင်းပါပြီ။ ဒီမှာ စိတ်ဝိညာဉ်ကျောက်တုံး သုံးတုံးပါ။ ကျုပ်က ဒါကို သုံးရက်လောက် ငှားမယ်…”

ဟန်လိက မထူးခြားနားစွာ ပြော၏။

“သုံးရက်ကြာပြီးရင် သိုင်းဦးလေးက ဒီအမြွှာသားရဲကောင်ကို ပြန်လွှတ်ဖို့ လိုပါတယ်။ ၎င်းက သူ့ဘာသာ ချီလင်အဆောက်အဦကို ပြန်လာပါလိမ့်မယ်။ အဲ့အချိန်အတွင်း သိုင်းဦးလေးက ဒီသားရဲလေးကို ကောင်းကောင်းမွန်မွန် ပြုမူပေးဖို့ ကျမ မျှော်လင့်ပါတယ်။ ဒီအိတ်ထဲမှာ ဒီသားရဲလေး ကြိုက်တဲ့ မြေပုလဲသစ်သီး ပါပါတယ်။ ဂျူနီယာသိုင်းဦးလေးက အချိန်ကျရင် ဒီကောင့်ကို ဒီသစ်သီးနည်းနည်းလောက် ကျွေးပေးပါ…”

ထိုမိန်းကလေးငယ်က စိတ်ဝိညာဉ်ကျောက်တုံးများကို လက်ခံပြီး ဟန်လိထံ စိတ်ဝိညာဉ်သားရဲ ကမ်းပေးလျက် ထိုသို့ ပြောသည်။

ဟန်လိက ခေါင်းညိတ်ကာ ၎င်းသားရဲကို လက်ခံသည်။

ထို့နောက်တွင် သည်မိန်းကလေးငယ်၏ လေးစားသော အကြည့်အောက်မှာပင် သူက ပျံသန်းခြင်းမှော်ပစ္စည်းပေါ်တက်၍ ပျံသန်းထွက်လာသည်။

ဟန်လိက အနောက်မြောက်အရပ်ထံ ဦးတည်၍ ပျံသန်းနေခြင်းပင်။

သူက ထိုနေရာထံ အမြန်သွားနေလျက် သူ့အင်္ကျီရင်ဘက်ထဲမှ ချစ်ခင်ဖွယ်အဆင်းရှိသော အမြွှာကြွက်ကို ထုတ်ကာ မစူးစမ်းကြည့်မိဘဲ မနေနိုင် ဖြစ်ရသည်။

အမှန်တမဲ့ ကြည့်ပါက ထိုအဝါရောင်သားရဲလေးက ပုံမှန်မြေကြွက်များနှင့် အတော်လေး တူ၏။ ထိုကြွက်သားရဲမျိုးစိတ်နှစ်ခုလုံးက ခန္ဓာကိုယ် အရွယ်အစားကော၊ အဝါရောင်အမွှေးအမျှင်ကော၊ သွယ်လျသော အမြှီးရှည်ကော ပိုင်ဆိုင်ထားကြတာ တူညီသည်။

ခြားနားသည်ဟူ၍ ၎င်း၏ မျက်လုံးမှာ ကြီးမားနေခြင်း ဖြစ်ပြီး သာမန်ကြွက်များနှင့် သိသာစွာ ကွဲပြားနေသည်။ သို့ပေမည့် အနှီသားရဲလေးက အတော်လေး ချစ်ဖို့ကောင်းတာ အမှန်ပင်။

၎င်း၏ မျက်လုံးထဲ၌ ငါးရောင်စုံအလင်း အရိပ်အယောင် တောက်ပနေသည်ကို မြင်ရနိုင်သည်။ ဤသည်မှာ ထိုသားရဲ၏ ထူးခြားမှုသာ။

ဟန်လိက ထိုသားရဲကောင်လေး၏ ချစ်ခင်ဖွယ်အသွင်အပြင်ကို မြင်သည့်အခါ တခြားသူများကဲ့သို့ပင် ၎င်း၏ အမွှေးအမျှင်များကို ပွတ်သပ်ကြည့်သည်။

သို့ပေမည့် ဟန်လိက ထိုသားရဲမှာ ချစ်ခင်ဖွယ်ပုံစံ ပေါက်နေသော်လည်း အလယ်အလတ်အဆင့်တစ် နတ်ဆိုးသားရဲတစ်ကောင် ဖြစ်နေတာကို ကောင်းကောင်း သိသည်။

ထိုသို့တွေး၍ ဟန်လိက ၎င်းသားရဲ၏ နားကို ထပ်မံ ပွတ်သပ်ကာ ရယ်မောမိသည်။

ဟန်လိသည် သည်တနေ့လုံး ပျံသန်းလာခဲ့ပြီးနောက် ထိုက်ယွဲ့တောငတန်း၏ အနောက်မြောက်ဘက်အကျဆုံး နေရာမှာ ရပ်တန့်သွားသည်။

သည်နေရာနှင့် မြောက်ဘက် ငါးဆယ်ကီလိုမီတာအကွာထိ ဆက်သွားပါက လူတစ်ယောက်သည် ယွမ်ဝူဒေသသို့ ရောက်သွားလိမ့်မည်။ ထိုနေရာသည် ယွမ်ဝူဒေသ၏ အင်အားအကြီးဆုံး ဂိုဏ်းဖြစ်သော ကောင်းကင်ကြယ်ဂိုဏ်း၏ ပိုင်နက်ပင်။ ထို့အပြင် အဝါရောင်မေပယ်တောင်ကြား၏ ဈေးမြို့ကဲ့သို့ မြို့တစ်မြို့လည်း ၎င်းနေရာ၌ တည်ရှိသည်။

အနောက်ဘက်ကီလိုမီတာ တစ်ရာအကွာတွင်မူ ယွမ်ဝူဒေသနှင့် ကျင်းစီရင်စု၏ အုပ်ချုပ်မှု နယ်မြေတည်ရှိသည်။ ၎င်းနေရာမှာ ရှီစီရင်စု၏ နယ်စပ်ဆိုလည်း ဟုတ်သည်။

ထိုစီရင်စုမှာ ဂိုဏ်းကြီးခုနစ်ဂိုဏ်းမှ ကျင့်ကြံသူများ လုံးဝ ခြေမချသော တစ်ခုတည်းသော နေရာ ဖြစ်၏။ အကြောင်းမှာ ထိုဒေသက မြင့်မားသော သဲတောင်များ ရှိနေသောကြောင့်ပင်။ ထိုစီရင်စု၏ စုစုပေါင်းလူဦးရေသည် တစ်သိန်းလောက်သာ ရှိနိုင်သည်။ ထိုနေရာက ခေါင်ခိုက်ကာ ရင်းမြစ်များလည်း မပေါကြွယ်ပေ။ ဂိုဏ်းကြီးခုနစ်ဂိုဏ်းက ထိုသို့သော နေရာကို မျက်စိမကျတာ သဘာဝပင်။

ဟန်လိက သည်နေရာ၏ အနီးအနား၌ လှိုဏ်ဂူတစ်ခု တည်ဆောက်ရန် ရွေးချယ်ရသည့် အကြောင်းရင်းနှစ်ခု ရှိ၏။

ပထမတစ်ခုက ထိုက်ယွဲ့တောင်တန်း၏ လူသူကင်းမဲ့သောနေရာ ဖြစ်နေခြင်း၊ တဖက်တွင်လည်း ယွမ်ဝူဒေသနှင့် နယ်စပ်တွင် ရှိနေပြီး တခြားတစ်ဖက်တွင် ရှီစုရင်စု ရှိနေခြင်းကြောင့်ပင်။ ယင်းနေရာများသို့ လာရောက်ကျသော ဟန်လိတို့ ဂိုဏ်းမှ ကျင့်ကြံသူမှာ နည်းပါးလှ၏။ ထိုနည်းဖြင့် သူ၏ ကျင့်ကြံမှုကို အနှောက်အယှက် မဖြစ်စေတော့ပေ။

ဒုတိယတစ်ခုက ကောင်းကင်ကြယ်ဂိုဏ်း၏ ဈေးမြို့နှင့် သိပ်မဝေးသောကြောင့်ပင်။ သူက ဆေးပင်များကို ရောင်းချလို၍ ဖြစ်စေ၊ တခုခုကို ဝယ်ယူချင်၍ ဖြစ်စေ ထိုနေရာ၌ တခြားသူများ သူ့ကို သတိပြုမိမည်ကို စိတ်ပူနေရန် မလိုဘဲ အရောင်းအဝယ်များ လွယ်လင့်တကူ ပြုလုပ်နိုင်ပေလိမ့်မည်။

ထိုသို့သော အတွေးများကြောင့် ဟန်လိက စိတ်ဝိညာဉ်ချီများ အကောင်းဆုံး ရှိနေသော တည်နေရာတစ်ခုကို မရေးချယ်ခဲ့တာ ဖြစ်၏။ တခြား အခြေခံတည်ဆောက်ခြင်း တပည့်များကမူ စိတ်ဝိညာဉ်ချီ အသိပ်သည်းဆုံး နေရာများကိုသာ ရွေးချယ်တတ်ကြ၏။

လေပေါ်ကနေ ဆင်းသက်လာခဲ့ပြီးနောက် ဟန်လိက သူ ကြိုပြင်ဆင်ထားသော ကြိုးရှည်ကို ထုတ်ကာ အမြွှာကြွက်၏ လည်တိုင်ကို ချည်၏။ ၎င်းသားရဲ အလျင်အမြန် ပြေးသွားခြင်းကနေ တားဆီးနိုင်ဖို့အတွက် ထိုသို့ ပြုလုပ်ရတာ ဖြစ်သည်။ သို့မှသာ သူသည် အသေးအမွှားအရာများကို သတိမမူခြင်းကနေ ထိန်းသိမ်းနိုင်မည် မဟုတ်လား။

ထို့နောက် သူက သိုလှောင်အိတ်ငယ်ထဲမှ လုံးဝန်းသော အဝါရောင်သစ်သီးတစ်လုံးကို ထုတ်ယူပြီး သားရဲငယ်ထံ ပစ်ပေး၏။ ထိုသားရဲကလည်း ဒီသစ်သီးကို ကိုက်စားလေသည်။

တအောင့်ကြာပြီးနောက် အမြွှာကြွက်က အင်အားပြည့်လာသည်။ သူက ရှု၊ရှု ဟူသော အသံကို နှစ်ကြိမ်နှစ်ခါ အော်မြည်သံ ပြုပြီး အနီးအနားရှိ ခြုံနွယ်များကြား တိုးဝင်ကာ သဲလွန်စမရှိ ပျောက်ကွယ်သွားချေသည်။ ဟန်လိကလည်း ၎င်းသားရဲကို ချည်ထားသော ကြိုးကို ကိုင်ကာ နောက်ကနေ ပျင်းရိပျင်းတွဲ လိုက်လာသည်။

ဟန်လိက မက်စောက်သော တောင်ထိပ်တစ်ခု၏ တဘက်မှာ ရပ်၍ သူနှင့် မျက်နှာချင်းဆိုင်ရှိ ပေသုံးရာလောက် မြင့်မားသော တောင်တစ်လုံးထံ အကြည့်ရောက်နေ၏။

အကြောင်းမှာ သူ၏ လက်ထဲရှိ ကြိုးက ကျောက်တုံးကျောက်ခဲများကြားကနေ ဖြတ်၍ သူနှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသော တောင်နံရံထဲ ချဲ့ကားတိုးဝင်သွားသောကြောင့်ပင်။

အခုအခါက ဒုတိယမြောက်နေ့၏ နေ့လယ်ခင်းချိန်ခါ ဖြစ်၏။ နှစ်ရက်တာ ခက်ခက်ခဲခဲ ရှာဖွေနေခဲ့ပြီးသည့်နောက်မျာ အမြွှာကြွက်က ရုတ်တရက် ထိုတောင်နံရံ အနီးအနားထံ အပြေး တိုးဝင်သွားခဲ့တာ ဖြစ်သည်။ ဟန်လိက ၎င်းသွားသော နေရာထံ နောက်မှ အလျင်စလို လိုက်ပါလာခဲ့ပြီးနောက် ထိုကြွက်သားရဲက အက်ကြောင်းငယ်တစ်ခုထဲကနေ ဖြတ်၍ တောင်ထဲ ဝင်ရောက်သွားခဲ့သည်။

ဟန်လိက လက်ထဲရှိ ကြိုးကို ကြည့်၏။ သူ၏ သိချင်စိတ်က ကဲလာသည်။ သူ ခဏ စဉ်းစားကြည့်သည်။ ထို့နောက်တွင် သူက သူ၏ သိုလှောင်အိတ်ကို ပုတ်သည်။ ထိုအခါ ဟန်လိ၏ လက်ထဲ၌ ငွေရောင်ဓားကြီးတစ်လက် ပေါ်လာသည်။

ဟန်လိက ကြိုးစကို လက်တစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ကာ နောက်လက်တစ်ဖက်ဖြင့် ငွေရောင်ဓားကို ဝေ့ယမ်း၏။ သူက တို့ဖူးကို ခုတ်ပိုင်းဖြတ်သည့်နှယ် သူ၏ရှေ့မှ ကျဉ်းမြောင်းသော တောင်နံရံ အက်ကြောင်းသည် လူတစ်ကိုယ်စွာ တွားသွား ဝင်ရောက်နိုင်သည့် ဝင်ပေါက်တစ်ခုလောက်ထိ ချဲ့ကားသွားသည်။

အရင်ဆုံး ခေါင်းပြူကြည့်ပြီးနောက်မှ ဟန်လိက သူ့ခန္ဓာကိုယ်ပတ်လည်တွင် အကာအကွယ်အရံအတားကို ချက်ခြင်း အသက်သွင်းသည်။ ပြီးနောက်မှာ သူက ကြိုးအတိုင်း ကျောက်သားများကို ခုတ်ပိုင်းလျက် ခြေတလှမ်းချင်း ဖြေးဖြေးမှန်မှန် ဝင်ရောက်လာသည်။

ထိုကဲ့သို့နည်းဖြင့် တစ်နာရှိကျောက်လောက် ဆက်တိုက် လျှောက်လှမ်းလာခဲ့ရာ ပေသုံးဆယ်လောက်ရှိမည့် ရိုးရှင်းသော ကျောက်သားဥမင်လမ်းတစ်ခု ဖြည်းဖြည်းချင်း ပုံပေါ်လာသည်။ ဟန်လိက သူ၏ဓားဖြင့် ထပ်မံ ခုတ်ပိုင်းပြန်သည်။ “ခရက်” ဟူသော မည်သံနှင့်အတူ နောက်ဆုံး၌ တောင်၏ ကျောက်သားနံရံသည် ကျိုးပျက် ပွင့်ဟသွားခဲ့သည်။

ထိုသည်ကို မြင်သည့်အခါ ဟန်လိက အတော်လေး ပျော်သွား၏။

သူ၏ရှေ့တွင် အကြမ်းဖျဉ်းအားဖြင့် ပေသုံးဆယ်လောက် ရှိမည့် သဘာဝလှိုဏ်ဂူတစ်ခု ပေါ်လာ၏။ သူက ဒီနေရာသို့ ဝင်လာရုံ ရှိသေး သိပ်သည်းလှသော စိတ်ဝိညာဉ်ချီများက သူ့ထံ အလုံးအရင်းဖြင့် တိုးဝင်လာကာ သူ့အား ကြီးစွာ မင်သက်သွားစေသည်။

သည်လှိုဏ်ဂူ၏ ဗဟိုချက်ထိ ဆန့်ထွက်နေသော သူ့လက်ထဲရှိ ကြိုးအတိုင်း သူ၏အကြည့်က ရောက်သွားသည်။ ထိုနေရာ၌ စမ်းရေအိုင်တစ်ခု ရှိနေသည်။ ထိုရေအိုင်ထဲရှိ ပေအနည်းငယ် ရှိသော ရေထဲမှ ကျောက်ဖျာတစ်ခု၏ အလယ်နားမှာ အမြွှာကြွက်က အမှန်တကယ် ကူးခတ်နေသည်။

“ဒါက…”

သည်တစ်ကြိမ် ဟန်လိသည် အမှန်တကယ် တုန်လှုပ်အံ့အားသင့်သွား၏။ အကြောင်းမှာ လှိုဏ်ဂူထဲရှိ စိတ်ဝိညာဉ်ချီများက ဒီစိမ့်စမ်းအိုင်ကနေ ထွက်ပေါ်လာနေတာ ဖြစ်သောကြောင့်တည်း။

သူ အလျင်အမြန် လှမ်းလာပြီး စမ်းရေကို လက်ခုပ်ထဲ ခပ်မြန်မြန် ခတ်ယူကာ ၎င်းအား သေချာ စူးစမ်းကြည့်သည်။

“ဒါက စိတ်ဝိညာဉ်စိမ့်စမ်းရေတွင်းပဲ။ မမှားနိုင်ဘူး..” များစွာ အားစိုက်မထုတ်ရဘဲ ဟန်လိက သူ့စိတ်ထဲရှိ ခန့်မှန်းချက်ကို အတည်ပြုနိုင်လိုက်သည်။

“ဒါက အင်မတန် မြင်ရတွေ့ရခဲတဲ့ စိတ်ဝိညာဉ်စိမ့်ရေတွင်းလား…” ဟန်လိသည် မယုံကြည်နိုင်စွာ တကိုယ်တည်း ရေရွတ်မိ၏။

ထို့နောက်တါင် သူက မျက်လုံးမှိတ်ကာ ရေမှ ထုတ်လွှတ်ပေးနေသော စိတ်ဝိညာဉ်ချီ အမျှင်တန်းများကို ခံစားကြည့်သည်။ သူ၏မျက်နှာထက်ရှိ အပြုံးက ပို၍ ပီပြင်လာ၏။

စိတ်ဝိညာဉ်စမ်းရေအိုင်အကြောင်းကို ပြောပါက လူတစ်ယောက်သည် ကျင့်ကြံခြင်းလောကရှိ စိတ်ဝိညာဉ်သွေးကြောများနှင့် စိတ်ဝိညာဉ်ရေတွင်းများအကြောင်းကိုပါ ဖော်ပြရလိမ့်မည်သာ။

လောကရှိ စိတ်ဝိညာဉ်ချီများသည် ညီတူညီမျှ ရှိနေကြတာ မဟုတ်။ တချို့နေရာမှား၌ စိတ်ဝိညာဉ်ချီများက ပိုသိပ်သည်းပြီး တခြားနေရာများမှာ ကျဲပါးသည်။ ထို့ကြောင့် အချိန်ကာလတစ်ခု ကြာမြင့်လာခဲ့ပြီးနောက်မှာ အရွယ်အစားမျိုးစုံ ရှိသော စိတ်ဝိညာဉ်ချီသွေးကြောများသည် စိတ်ဝိညာဉ်ချီ သိပ်သည်းသော ဧရိယာများတွင် များသောအားဖြင့် ဖြစ်ပေါ်လာတတ်သည်။

ကြီးမားသော စိတ်ဝိညာဉ်ချီသွေးကြောများက ကီလိုမီတာ ထောင်သောင်းချီနိုင်သလို၊ သေးငယ်သော စိတ်ဝိညာဉ်ချီသွေးကြောများက ကီလိုမီတာအနည်းငယ်သာ ရှိနိုင်သည်။ သို့ပေမည့် အရွယ်အစားကို ထည့်မတွက်ပါက စိတ်ဝိညာဉ်သွေးကြောများ ဖြစ်ပေါ်သည့်အခါတွင် ယင်းတို့သည် စိတ်ဝိညာဉ်ချီ ပမာဏ တစ်ခုကို အလိုလို ထုတ်လွှတ်ပေးသည်သာ။ ထိုကဲ့သို့သော ဧရိယာများရှိ စိတ်ဝိညာဉ်ရင်းမြစ်များသည် လုံးဝ ခမ်းခြောက်သွားတာမျိုး မရှိနိုင်ပေ။

သို့ပေမည့် မတူညီသော စိတ်ဝိညာဉ်သွေးကြောများ၏ တည်နေရာအလိုက် ထုတ်လွှတ်ပေးနိုင်သော စိတ်ဝိညာဉ်ချီပမာဏသည် မညီမျှပေ။ အသိပ်သည်းဆုံး စိတ်ဝိညာဉ်ချီများ ထုတ်လွှတ်ပေးနိုင်သော နေရာများကား ကျင့်ကြံသူများအတွက် တရားထိုင် ကျင့်ကြံဖို့အတွက် အသင့်တော်ဆုံး ဖြစ်သည်။ ထို့ကြောင့် ကျင့်ကြံခြင်းလောက၌ ယင်းနေရာများကို စိတ်ဝိညာဉ်တွင်းများဟု ခေါ်ဝေါ်သည်။

ထိုသို့သော စိတ်ဝိညာဉ်တွင်းများကို ယေဘုယျအားဖြင့် မျက်စိဖြင့် မမြင်ရပါ။ သူတို့၏ တည်ရှိမှုများကို ကျင့်ကြံသူများ၏ ဝိညာဉ်အာရုံဖြင့်သာ သိရှိနိုင်သည်။ သို့ပေမည့် စိတ်ဝိညာဉ်တွင်းတစ်ခု ရှိသည်ဟု သတ်မှတ်ထားသော နေရာမှာ စိတ်ဝိညာဉ်ချီ အပေါကြွယ်ဆုံးနေရာ ဖြစ်နေမှာ သံသယရှိစရာ မလိုပေ။

စိတ်ဝိညာဉ်တွင်းများက သာမန်အခြေအနေများအောက်မှာ ပုံပန်းသဏ္ဌာန်ကင်းမဲ့၏။ အမည်အားဖြင့်သာ ရှိတတ်ကြသည်။ အကယ်၍ စိတ်ဝိညာဉ်တွင်း၏ စိတ်ဝိညာဉ်ချီက ဆထက်တပိုး များလာခဲ့၊ သိပ်သည်းလာခဲ့ပါက အချိန်ကာလ ကြာလာခဲ့လျှင်မူ ၎င်းသည် ရုပ်ပိုင်းအသွင်ပုံစံပါ ရှိလာနိုင်သည်။ စိတ်ဝိညာဉ်ပုလဲ၊ ကျောက်တုံး၊ ရေတံခွန် စသဖြင့် အရာများ ဖြစ်လာနိုင်၏။ ဒဏ္ဍာရီများထဲ၌ စိတ်ဝိညာဉ်သစ်ပင်များပင် ရှိခဲ့၏။

စိတ်ဝိညာဉ်တွင်းတစ်ခု၏ ရုပ်ပိုင်းပုံစံအသွင်ကို မြင်ရဖို့က အလွန်ရှားပါးသည်။

သို့ဖြစ်၍ ထိုကဲ့သို့ အစစ်အမှန် စိတ်ဝိညာဉ်ချီဝတ္ထုပစ္စည်းမှ ထုတ်လွှတ်သော စိတ်ဝိညာဉ်ချီသည် ပုံမှန်စိတ်ဝိညာဉ်တွင်းများထက် များစွာ ပိုသိပ်သည်းသည်။ ယင်းတို့ အနီးအနားတွင် တရားထိုင်၊ ကျင့်ကြံပါက လူတစ်ယောက်၏ ကျင့်ကြံမှုနှုန်း တိုးတက်မှုအပေါ် များစွာ အကျိုးရှိစေလိမ့်မည်။

အကောင်းဆုံးသော စိတ်ဝိညာဉ်တွင်းဝတ္ထုများက လူတစ်ယောက်၏ ကျင့်ကြံမှု အမြန်နှုန်းကို နှစ်ဆယ်ကနေ သုံးဆယ်ရာခိုင်နှုန်းလောက်ထိကို ပို မြန်ဆန်စေနိုင်သည်။ ထို့အပြင် ယင်းကဲ့သို့ အစစ်အမှန် စိတ်ဝိညာဉ်ချီ ဝတ္ထုများ ဖွဲ့စည်းသည့်အခါ၌ ကျင့်ကြံသူတစ်ယောက်၏ မှော်စွမ်းအားဖြင့် ထိုအရာများကို ဖယ်ရှားကာ အကျိုးအာနိသင် မပြယ်စေဘဲ ယူဆောင်နိုင်သေးသည်။

All Chapters