← Chapters

ကောင်းကင်ကြယ်ဂိုဏ်းနှင့် အစီအရင်မန္တာန်များ

Vol. 16 Ch. 221

ကောင်းကင်ကြယ်ဂိုဏ်းနှင့် အစီအရင်မန္တာန်များ

Vol. 16 Ch. 221

စိတ်ဝိညာဉ်တွင်းအရာဝတ္ထုများသည် အတော်လေး အံ့ဖွယ်ဆန်၏။ ကျင့်ကြံသူများသည် ယင်းပစ္စည်းများနောက် အသည်းအသန် လိုက်လံတတ်ကြ၏။ စိတ်ဝိညာဉ်တွင်း အရာဝတ္ထုတစ်ခု ကျင့်ကြံခြင်းလောက၌ ပေါ်လာသည့်အခါတိုင်း ထိုနေရာတွင် သွေးမုန်တိုင်းထန်လိမ့်မည်သာ။

ယွဲ့ဒေသ၏ ခုလက်ရှိ ကျင့်ကြံခြင်းလောက၌ ဂိုဏ်းကြီးခုနစ်ဂိုဏ်းသည် စိတ်ဝိညာဉ်တွင်း အရာဝတ္ထုအချို့ကို ပိုင်ဆိုင်ထားကြ၏။ သို့သော် ဂိုဏ်းငယ်များကမူ ယင်းသို့သော ရတနာများကိုသာ ပိုင်ဆိုင်ထားပါက သူတို့ပေါ် သူတို့ ကပ်ဘေးတစ်ခု ဖိတ်ခေါ်သလို ဖြစ်ပေလိမ့်မည်။

အဝါရောင်မေပယ်တောင်ကြား၌လည်း စိတ်ဝိညာဉ်တွင်း ကျောက်တုံးတစ်ခု၊ စိတ်ဝိညာဉ်စမ်းသုံးခုနှင့် တခြားသော စိတ်ဝိညာဉ်တွင်း ပစ္စည်းများ ပိုင်ဆိုင်ထား၏။ ယင်းပစ္စည်းများကို အမြုတေဖွဲ့စည်းခြင်းအဆင့်နှင့် အထက်အဆင့် ကျွမ်းကျင်သူများကြား၌သာ ခွဲဝေအသုံးပြုသည်။ ဂိုဏ်းခေါင်းဆောင်ကျုံးသည်ပင် ထိုသို့သော စိတ်ဝိညာဉ်တွင်း အရာဝတ္ထုတစ်ခုကို မပိုင်ဆိုင်ထားချေ။

စဦးစိတ်ဝိညာဉ်အဆင့် သိုင်းဘိုးဘေးကတော့ ယင်းပစ္စည်း အရေအတွက် အများစုကို ပိုင်ဆိုင်ထားမှာ သဘာဝပင်။

ဟန်လိသည် ဒီလို အမြွှာကြွက်လေးက တနေ့တာ အချိန်အတွင်း စိတ်ဝိညာဉ်တွင်းကဲ့သို့ အရာများကို ရှာနိုင်စွမ်း ရှိလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားမိပါ။

သည်စိတ်ဝိညာဉ်စိမ့်စမ်းချောင်းက စိတ်ဝိညာဉ်တွင်း အမယ်ဝတ္တုများထဲ၌ အဆင့်နိမ့်ဆုံးဖြစ်၏။ ၎င်း၏ စိမ့်စမ်းဝသည် သိသာစွာ သေးငယ်၏။ ၎င်း၏အကျိုးအစွမ်းက အကန့်အသတ် ရှိ၏။ သို့ပေမည့် ဤသည်မှာ စိတ်ဝိညာဉ်တွင်း စိမ့်စမ်းချောင်း ဖြစ်နေဆဲသာ။ အနည်းဆုံးတော့ သူသည် ပုံမှန် စိတ်ဝိညာဉ်ချီ သိပ်သည်းသော နေရာများတွင် ကျင့်ကြံခြင်းထက် ပိုမြန်ဆန်စွာ ကျင့်ကြံနိုင်မည်သာ။ သူ၏ ကျင့်ကြံမှု အမြန်နှုန်းကို အနည်းငယ်မျှ ပိုမြန်စေလျှင်ပင် ဤသည်ကား သတင်းကောင်း ဖြစ်နေလေပြီ။

သို့ပေမည့် ဟန်လိသည် အံ့အားသင့်ပြီး အလွန်ပျော်ရွှင်နေသော်ငြားလည်း နည်းနည်းတော့ စဉ်းစားမရ ဖြစ်နေတုန်းသာ။

စိတ်ဝိညာဉ်တွင်း ဝတ္တုအမယ်များက စိတ်ဝိညာဉ်ချီအသိပ်သည်းဆုံး နေရာများအတွင်း၌သာ ပေါ်ထွန်းလာနိုင်သည် မဟုတ်လား။ သည်တောင်ထိပ်ပေါ်ရှိ စိတ်ဝိညာဉ်ချီက သိသာစွာ ထူထဲမနေ၊ သို့ဖြစ်၍ ၎င်းက မည်သို့များ ဖြစ်ပေါ်လာနိုင်စွမ်း ရှိခဲ့ရသနည်း။

မည်သို့ပင်ဖြစ်စေ မိုးကောင်းကင်က သူ့အပေါ် အရသာရှိလှသော အသားပုံကြီး ပစ်ချပေးနေမှတော့ ဟန်လိက ဤသည်ကို လက်လွှတ်မည် မဟုတ်ပါ။

စိတ်ဝိညာဉ်တွင်းစမ့်စမ်းချောင်းကို ဖယ်ရှားနိုင်စွမ်း ရှိသော်ငြားလည်း အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူကသာ ယင်းသို့ လုပ်ဆောင်နိုင်တာ ဖြစ်၏။ ဟန်လိက ၎င်းစမ့်စမ်းရေကို မရွှေ့ပြောင်းနိုင်သည် ဖြစ်၍ သည်နေရာ၌ သူ၏ အင်မောတယ်လှိုဏ်ဂူကို တည်ဆောက်ရန် ဆုံးဖြတ်ချက် ချသည်။ သို့ဖြစ်၍ သူက သည်စိတ်ဝိညာဉ်တွင်းစိမ့်ရေ ရှိနေသော လှိုဏ်ဂူကို သူ၏ လျှို့ဝှက်လေ့ကျင်ရာ အခန်းအဖြစ် ပြုလုပ်ရန်၊ ၎င်းကို ကောင်းကောင်း ဖုံးကွယ်ထားရန် စီစဉ်ထားသည်။

ဟန်လိက လမ်းကြောင်းတစ်ခုကို ချက်ခြင်း ခုတ်ပိုင်း ဖွင့်လှစ်၏။

သူ၏ လက်တစ်ဖက်ဖြင့် ငွေရောင်ဓားကြီးကို ဝေ့ယမ်းခုတ်ထစ်ပြီး တခြားတဖက်ဖြင့် ရွှေရောင်ဓားသွားများကို ထိန်းချုပ်လျက် ဟန်လိက သူ၏ အင်မောတယ်လှိုဏ်ဂူကို ဖော်ဆောင်လေတော့သည်။ ထိုစဉ်အတွင်း အမြွှာကြွက်ကတော့ စိတ်ဝိညာဉ်စိမ့်ရေတွင်း၌ ပျော်မြူးနေကာ ထွက်လာချင်စိတ် မရှိနေပေ။ ၎င်းသားရဲငယ်၏ နှာခေါင်းရှုံ့သံများကိုပါ ကြားနေရသေးသည်။

ငွေရောင်ဓား၏ ထက်ရှမှု၊ ရွှေရောင်ဓားသွားများ၏ အရည်အတွက်ပေါ် မှီခိုကာ နေ့တဝက်အတွင်း ဟန်လိသည် သူ၏ အင်မောတယ်လှိုဏ်ဂူကို ဖန်တီးနိုင်ခဲ့ပြီ။ သူက အရွယ်မျိုးစုံရှိ အခန်းဆယ့်သုံးခန်းနှင့် ခန်းမသုံးခုတို့ကို ဖန်တီး တည်ဆောက်ခဲ့သည်။

သူ့အခန်းများ၏ လှိုဏ်ဂူနံရံများမှာ အကြမ်းထည် ဆန်နေသေးသော်လည်း အနည်းဆုံးတော့ နေ၍ထိုင်၍ ရသော နေရာတစ်ခုနှင့် တူလာခဲ့ပေပြီ။ ထိုအခါ ဟန်လိသည် အသက်ရှုထုတ်ကာ စိတ်အေးသွား၏။

ရုတ်တရက် ဟန်လိခက အမြွှာကြွက်ကို သတိရသွားသည်။ သူက ထိုအကောင်ကို ဂုတ်ကနေ ဆွဲခေါ်ကာ ကီလိုမီတာရာချီထိ ပျံသန်းလာခဲ့ပြီး မြေပေါ်သို့ ပစ်ချကာ ၎င်းဘာသာ ချီလင်အဆောက်အဦထံ ပြန်သွားစေသည်။

ဟန်လိ၏ အင်မောတယ်လှိုဏ်ဂူတွင် ဝင်ပေါက်တစ်ခုသာ ထားရှိသည်။ သူ အမြွှာကြွက်ကို သွားလွှတ်ပြီး ပြန်လာသည့်နောက်မှာ ချက်ခြင်းပင် အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး ဆယ်ခုကျော်နှင့် အလံငယ်ငါးခုကို ထုတ်ယူပြီး ကျောက်စိမ်းပြားတွင် ဖော်ပြထားချက်အတိုင်း လုပ်ဆောင်ကာ အစီအရင်မန္တာန်တစ်ခုနှင့်အတူ ဒီဝင်ပေါက်ကို လုံးဝ ကွယ်ဖုံးစေသည်။ ထို့ကြောင့် တစုံတစ်ယောက်က အပြင်ကနေ လှမ်းကြည့်လျှင်ပင် ပကတိအတိုင်း ရှိနေသော တောင်နံရံကိုသာ မြင်ရလိမ့်မည်။

အခြေခံအကျဆုံး ကာကွယ်မှုများ အပြီးသပ်ပြီးနောက် ဟန်လိက ငွေရောင်ဓားဖြင့် ရိုးရှင်းသော ကျောက်သားအိပ်ယာတစ်ခုကို ထွင်းထုသည်။ ထို့နောက်တွင် သူက အလျင်စလို အိပ်ယာထက်သို့ လှဲချကာ အိပ်မောကျသွားလေ၏။ သူ အမှန်တကယ် ပင်ပန်းနေခဲ့ပြီ။

လာမည့် ရက်များတွင်လည်း ဟန်လိသည် အတောမသပ်နိုင်စွာ အလုပ်ရှုပ်နေခဲ့သည်။

သူက ဖုံးကွယ်ထားသော သူ့အင်မောတယ်လှိုဏ်ဂူ အနီးအနား၌ မြေပြန့်ဧရိယာတစ်ခု ရှိနေတာကို တွေ့ရှိကာ စိတ်ဝိညာဉ်ဆေးပင်မျိုးစေ့အချို့ကို စိုက်ပျိုးသည်။

ထိုဆေးပင်များကြား၌ သေမျိုးလောကမှ ဆေးပင်အချို့ ပါသလို ဆေးပေါင်းတစ်ရာဥယျာဉ်ကနေ သူ စုဆောင်းထားခဲ့သော ရှားပါး မျိုးစေ့များလည်း ပါသည်။ ဤနေရာမျာ ဟန်လိ၏ ကိုယ်ပိုင် ဆေးဥယျာဉ်တစ်ခု ဖြစ်လာခဲ့သည်။

သူ အင်မောတယ်လှိုဏ်ဂူကနေ အပြင်ဘက်သို့ ထွက်ပြီး ဒီတောင်ပေါ်ရှိ အပြာရောင်ကျောက်ဖျာတချို့ကို ရှာတွ့ခဲ့၏။ သူက ယင်းတို့ကို ဖြတ်တောက်ကာ ကျောက်ပြား၊ စားပွဲနှင့် တခြားပစ္စည်းပစ္စယများအား ထွင်းထုသည်။ ထို့နောက်တွင် ယင်းတို့ကို လှိုဏ်ဂူထဲရှိ အခန်းတစ်ခုချင်းစီထဲမှာ ထည့်သိမ်းသည်။ နောက်ဆုံး၌ သူသည် ဂူနံရံများကို ချောချောမွတ်မွတ် ဖြစ်အောင် လုပ်နိုင်ခဲ့ပြီး ယင်းနံရံများအတါင်း၌ လကျောက်တုံးအချို့ကို နှစ်မြုပ်သည်။ ထိုအခါ လှိုဏ်ဂူ၏ အတွင်းပိုင်းသည် နေ့အခါကဲ့သို့ အလင်းရောင် ရလာ၏။

နောက်ဆုံးမှာတော့ ဟန်လိ၏ အင်မောတယ်လှိုဏ်ဂူ ဖန်တီးတည်ဆောက်တာ အပြီးသပ်နိုင်ခဲ့လေပြီ။

မည်သို့ပင်ဖြစ်စေ ဒီအင်မောတယ်လှိုဏ်ဂူ၏ အကာအကွယ်များကိုမူ တချက်တည်းဖြင့် အလွယ်တကူ ဖျက်စီးပစ်နိုင်တာ ထင်ရှားနေ၏။ သူ့လှိုဏ်ဂူကို အနည်းဆုံးတော့ ဆေးပေါင်းတစ်ရာဥယျာဉ်ကဲ့သို့ အတားအဆီး မန္တာန်လောက်ဖြင့် အကာအကွယ် ဖြစ်စေရမည်ဟု ဟန်လိက တွေးထား၏။ မဟုတ်ပါက သူ ကျင့်ကြံနေစဉ်အတွင်း ရန်သူတစ်ယောက်ယောက်က ကျူးကျော်လာခဲ့ပါက အကျိုးဆက်မှာ မတွေးဝံ့စရာ ဖြစ်သွားလိမ့်မည်။

ဟန်လိကား အစီအရင်မန္တာန်များနှင့် ပတ်သတ်၍ အစိမ်းသပ်သပ် ဖြစ်၏။ သူသည် အခြေခံကျဆုံး အစီအရင်မန္တာန်များကိုပင် ခင်းကျင်းနိုင်စွမ်း မရှိချေ။ အတားအဆီးမန္တာန်များဆို ဆိုဖွယ်ရာ မရှိတော့ပါ။

သို့ပေမည့် ဟန်လိက ထိုအတားအဆီးမန္တာန်များကို သင်ယူလေ့လာဖို့ မစီစဉ်ထား။ အတားအဆီးမန္တာန်များ၏ တာအိုမှာ ပင်လယ်ကဲ့သို့ ကျယ်ပြန့်လှ၏။ သူသာ စိတ်နစ်၍ ထိုပညာရပ်မန္တာန်များကို သင်ယူခဲ့လျှင်ပင် ဆယ်နှစ်၊ နှစ်နှစ်ဆယ်လောက် ကြာသည့်နောက်မှာပင် သူ့အနေဖြင့် အနည်းငယ်မျှတောင် အောင်မြင်ချင်မှ အောင်မြင်လိမ့်မည် ဖြစ်၏။ သူက သူ၏ ကျင့်ကြံမှုကို နည်းနည်းပါးပါး အဟန့်အတား ဖြစ်စေမည့် အရာမှန်သမျှကို မပြုလုပ်မှာ သေချာ၏။

သည်လောက၌ ကျင့်ကြံခြင်းအမြန်နှုန်း၌ အတားအဆီးမရှိဘဲ အစီအရင်မန္တာန်များကို နက်နဲစွာ သိမြင်နိုင်သော ပါရမီရှင်များ ရှိနိုင်၏။ သို့သော် ဟန်လိက သူသည် ထိုကဲ့သို့သော လူစားမျိုးမဟုတ်မှန်း ကောင်းကောင်း သိသည်။

သူ့အဖို့ နည်းနည်းပါး အဟန့်အတား ရှိခဲ့လျှင်ပင် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ဝင်ရောက်နိုင်မည့် သူ၏ နည်းပါးလှစွာသော မျှော်လင့်ချက်များပါ ထာဝရ ပျောက်ကွယ်သွားရနိုင်သည် မဟုတ်လား။

သို့သော် ကံကောင်းစွာဖြင့် သည်လောကမှာ အစီအရင်အလံများ၊ အစီအရင် သတ္တုပြားများနှင့် တခြားမှော်ပစ္စည်းများ ရှိနေသေး၏။ အစီအရင်မန္တာန်များအစား ယင်းတို့ကို အစားထိုးကာ အသုံးပြုနိုင်သည်။

သို့ဖြစ်၍ ခုလက်ရှိ၌ ဟန်လိသည် သူ၏ အင်မောတယ်လှိုဏ်ဂူကို ကာကွယ်ပေးနိုင်မည့် အဆင့်အတန်းတစ်ခုရှိသော အစီအရင်မန္တာန်တစ်ခုကို လိုချင်နေမိ၏။ သို့မှသာ သူသည် များစွာ စိတ်အေးနိုင်လိမ့်မည်။ ထို့အပြင် ဤသည်က မဖြစ်နိုင်ခဲ့လျှင် ဟန်လိက ပမွှားအစီအရင်မန္တာန်များစွာကို အစားထိုးကာ အရည်အချင်းနေရာမှာ အရေအတွက်နှင့် အားဖြည့်ကာ သူ၏ အင်မောတယ်လှိုဏ်ဂူကို ကာကွယ်ထားမည်သာ။

ဟန်လိက ကောင်းကင်ကြယ်ဂိုဏ်း၏ ဈေးမြို့ကို သွားဖို့ စီစဉ်ထား၏။ ယင်းနေရာမှာ အတားအဆီး အမျိုးအစား မှော်ပစ္စည်းများ ရှိနေမှာ သေချာလောက်သည်။

ထို့ကြောင့် ဟန်လိက သည်ရက်များမှာ ဆေးပင်မျိုးစေ့များကို စိုက်ပျိုးထားပြီးနောက် အစိမ်းရောင်အရည်ကို အသုံးပြု၍ ယင်းတို့၏ သက်တမ်းကို တိုးချဲ့ပေးနေ၏။ သူက ကောင်းကင်ကြယ်ဂိုဏ်း၏ ဈေးမြို့၌ သူ့အတွက် လိုအပ်မည့် ပစ္စည်းအမယ်များနှင့် အလဲအလှယ်ပြုရန် နှစ်ပေါင်းတစ်ထောင် သက်တမ်းရှိ ဆေးပင်များကို အသုံးပြုမည်ဟု တွေးထားသည်။ ထိုအခါကျလျှင် သူက နှစ်ပေါင်းတစ်ထောင် သက်တမ်းရှိသော စိတ်ဝိညာဉ်ဆေးပင်ကို တစ်ပင်သာ ထုတ်ပြမည်။ သို့မှသာ တခြားသူများ သူ့ကို လာရန်စမှာ သို့တည်းမဟုတ် သူ့အပေါ် သံသယဝင်မှာတို့ကို ရှောင်နိုင်မည် ဖြစ်၏။

တိုတောင်းသော နှစ်လတာ ကာလ ကြာမြင့်ပြီးနောက် ဟန်လိက သူ၏ ဆေးပင်ကို နှစ်တစ်ထောင် သက်တမ်းအထိ ရင့်မှည်စေနိုင်ခဲ့သည်။

ထို့နောက်တွင် သူသည် တခြားပစ္စည်းများနှင့်အတူ ဒီဆေးပင်ကို ယူကာ မြောက်ဘက်သို့ ပျံသန်းလာခဲ့၏။ ယင်းပစ္စည်းများမှာ သူ အရောင်းအဝယ် ပြုလုပ်ချင်သော မင်နက်ရေနဂါးသားရဲ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ၊ ကင်းခြေများ၏ မာကြောလှသော ကြေးခွံနှင့် တခြားရှားပါးပစ္စည်းများပင်။ တန်ကြေးသင့်ပါက သူသည် ယင်းပစ္စည်းများနှင့် စိတ်ဝိညာဉ်ကျောက်တုံးများ၊ မှော်ပစ္စည်းလက်နက်များကို လှဲလှယ်ဖို့ ဝန်လေးနေမည် မဟုတ်ပေ။

ဟန်လိက ပျံသန်းလာနေလျက် ခေါင်းအစခြေအဆုံး ဖုံးကွယ်ထားသော ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်၏။ သူ၏ မှော်စွမ်းအားက အရင်ထက် များစွာ တိုးတက်လာခဲ့ပြီ ဖြစ်ရာ သူသည် နေ့တဝက်မတိုင်ခင်မှာပင် ကီလိုမီတာငါးဆယ်ကျော်ကို ရောက်လာနိုင်စွမ်း ရှိနေပေပြီ။

ဟန်လိသည် ကောင်းကင်ထက်ကနေ အရှေ့ကနေ အနောက်အရပ်ထိ ကြည့်ရှု၏။ သူသည် ကောင်းကင်ကြယ်ဂိုဏ်း၏ ဈေးမြို့ကို ကြည့်ရုံသပ်သပ်သာ မဟုတ်၊ ယွမ်ဝူဒေသနှင့် ပတ်သတ်၍လည်း စူးစမ်းချင်စိတ် ရှိနေသောကြောင့်ပင်။ သူက မြင်ကွင်းရှုကွက်ကို ကြည့်ပြီးနောက်မှာ ယွမ်ဝူဒေသသည် ယွဲ့ဒေသနှင့် သိသိသာသာ ကွဲပြားမှု ရှိမနေပုံ ပေါ်သည်။

ယွမ်ဝူဒေသနှင့် ယွဲ့ဒေသတို့မှာ အသွင်ပုံစံချင်း ဆင်တူကျ၏။ ဒေသနှစ်ခုလုံးသည် အလယ်အဆင့် နိုင်ငံများ ဖြစ်၏။

ယင်းဒေသနှစ်ခုလုံးက ကြီးမြတ်လှသော ထျန်လောဒေသ၊ ဖန်တုဒေသတို့၏ သုံးပုံတစ်ပုံ အရွယ်အစားသာ ရှိသော်လည်း အနီးအနားရှိ ကျင်းစီရင်စု၊ ချာယွမ်စီရင်စုတို့ထက်မူ များစွာ ကြီးမားနေဆဲသာ။

(T/N ထျန်လောမှာ ကောင်းကင်အစုအဝေး၊ ဖန်တုမှာ လေမြို့တော်ဟု အဓိပ္ပာယ် ရပါသည်။ )

ယင်းဒေသကြီးနှစ်ခုကို တခြားသော နိုင်ငံငယ်(ဝါ) ဒေသငယ် ဆယ်ခုကျော်က ဝန်းရံ တည်ရှိသည်။ ထို့အပြင် သတင်းစကားဆိုကြသည်မှာ အလွန်ဝေးကွာသော ကုန်းမြေတစ်ခု၌ မယုံကြည်နိုင်လောက်အောင် ကြီးမားလှသော မဟာနိုင်ငံကြီးတစ်ခု တည်ရှိသည် ဟူ၍ပင်။

ယွမ်ဝူဒေသ၏ ကျင့်ကြံခြင်းလောက၌ လမ်းမှန်နှင့် မိစ္ဆာဂိုဏ်းများက အင်အားချင်း ညီမျှနေပြီး သူမသာကိုယ်မသာ ရှိနေ၏။ ကောင်းကင်ကြယ်ဂိုဏ်းက အဓိကလမ်းမှန်ဂိုဏ်းကြီးများထဲမှ တစ်ဂိုဏ်း ဖြစ်ကာ အဝါရောင်မေပယ်တောင်ကြားထက် အင်အား မသေးပေ။

(T/N တစ်ခုသိရမည်မှာ ဒေသအများစု၌ လမ်းမှန်နှင့် မိစ္ဆာများကြား၌ စစ်ပွဲ ဖြစ်ပွားနေတာ ဖြစ်၏။ )

ဟန်လိက ကောင်းကင်ကြယ်ဂိုဏ်း၏ ကိစ္စများကို စဉ်းစားနေလျက် သူ၏အောက်မှ မှော်သစ်ရွက်က ရုတ်တရက် ကျုံ့သွားပြီး မြေကမ္ဘာထက်သို့ ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့သည်။ ၎င်းသည် ပျံသန်းနိုင်သော စွမ်းရည် ရုတ်ချည်း ဆုံးရှုံးသွားသည့်အလား။

ထိုအခါ ဟန်လိသည် မထိတ်လန့်သွားပေ။ သူက ပျော်ရွှင်သလိုပါ ဖြစ်မိသွားသေး၏။ ကြည့်ရတာ သူ ကောင်းကင်ကြယ်ဂိုဏ်း၏ ဈေးမြို့ အနီးအနားသို့ ရောက်လာခဲ့ပုံ ရသည်။ မဟုတ်ပါက ပျံသန်းနိုင်သော စွမ်းရည်ကို ကန့်သတ်ပိတ်ဆို့သည့် အတားအဆီးမန္တာန် ရှိနေလိမ့်မည် မဟုတ်ချေ။

မြေပေါ်သို့ ဆင်းသက်လာပြီးနောက် ဟန်လိက မြောက်ဘက်သို့ လေးကီလိုမီတာခန့်ထိ လျှောက်လာခဲ့သည်။ ထို့နောက်တွင် သူသည် အဝါရောင်မေပယ်တောင်ကြား၏ ဈေးမြို့ထက် ပိုကြီးမားသော အဆောက်အဦများကို မြင်ရလေ၏။

ကောင်းကင်ကြယ်ဂိုဏ်း၏ ဈေးမြို့က အလွန်ထူးခြား၏။ ၎င်းသည် အဝါရောင်မေပယ်တောင်ကြား၏ ဈေးမြို့နှင့် လုံးဝ ကွဲပြားသည်။ သည်ဈေးမြို့၏ ဗဟိုချက်မှာ မီတာရာချီမြင့်မားသော အဆောက်အဦကြီးတစ်ခု ရှိ၏။ ထိုအဆောက်အဦ၏ ဘေးပတ်ပတ်လည်မှာ ၎င်း၏ ဆယ်ပုံတစ်ပုံ အရွယ်အစားရှိ အဆောက်အဦများ ရှိနေ၏။

ထိုအဆောက်အဦက ကြီးမားလှသဖြင့် ဟန်လိသည် တစ်ကီလိုမီတာ အကွာကပင် ယင်းအဆောက်အဦကို ရှင်းရှင်းလင်းလင်း လှမ်းမြင်နေရ၏။ ထိုအဆောက်အဦ၏ အမည်မှာ ကြယ်မှုံ ဖြစ်၏။ ယင်းက ကောင်းကင်ကြယ်ဂိုဏ်း၏ အပိုင်ဆိုင်ခန်း ဖြစ်တာ မေးနေဖို့ လိုမည် မဟုတ်ပါ။

မျက်စိတမှိတ်အတွင်း ဟန်လိက သည်အကွာအဝေးကို ဖြတ်လာခဲ့၏။

အလေ့အကျင့် ဖြစ်နေ၍ ဟန်လိက ပေါ့ပေါ့ဆဆ လှုပ်ရှားမသွားလာပေ။ သူက ဈေးမြို့၏ အပြင်ဘက်အပိုင်းကို လှည့်ပတ်ပြီး ဒီဈေးမြို့၏ အခြေအနေများကို စူးစမ်းသည်။

ဟန်လိ၏ အမြင်ကို ကျယ်သွားစေသော ဆိုင်ခန်းများစွာ ရှိနေတာ ပြောနေဖို့ပင် မလိုပါ။

ကျင့်ကြံသူတစ်ယောက်၏ သတ္တုအမယ်များကို လက်ခံကာ ထိုပိုင်ရှင်၏ တောင်းဆိုမှုအတိုင်း မှော်ပစ္စည်းများ သန့်စင်ပေးသော သန့်စင်ခြင်းဆိုင်ခန်းတစ်ခုပါ ရှိနေ၏။ ထို့အပြင် ထိုဆိုင်ခန်း၏ အမည်နာမက မော်ကြွားလှ၏။ သူတို့က ထိပ်တန်းမှော်ပစ္စည်းများကိုပါ သန့်စင်ပေးနိုင်စွမ်း ရှိသည့်အထိ ကျွမ်းကျင်မှု ရှိ၏။ အကယ်၍ သန့်စင်ခြင်း မအောင်မြင်ခဲ့ပါက သူတို့က ဆုံးရှုံးသွားသော သတ္တုအမယ်များ၏ တန်ကြေးနှစ်ဆကို စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် အစားထိုး ပြန်ပေးမည်ဟုပင် ပြောထားသေး၏။ သို့ပေမည့် ထိုကဲ့သို့ သန့်စင်ပေးခကမူ ဈေးကြီးလှသည်။

အဆောင်များကို သန့်စင်ပေးသော တခြားဆိုင်တစ်ခုလည်း ရှိသေး၏။ ၎င်း၏ ဝန်ဆောင်မှုမှာလည်း မှော်ပစ္စည်းများကို သန့်စင်ပေးနိုင်သည်ဟူသော ဆိုင်နှင့် အလားတူ၏။

လေ့ကျင့်ပေးထားသော နတ်ဆိုးသားရဲများကို ရောင်းချပေးသည့် သားရဲစိတ်ဝိညာဉ်ဆိုင်များလည်း ရှိ၏။ ယင်းဆိုင်များတွင် အဆင့်တစ်နတ်ဆိုးသားရဲများထက် သာလွန်သော သားရဲကောင်အချို့ပါ ရှိနေသည်။ ဟန်လိကသာ စိတ်ဝိညာဉ်သားရဲတစ်ကောင်ကို အစောင့်အကြပ်အဖြစ် အသုံးပြုရန် ဝယ်ယူပါကလည်း ဆိုးလှသော အကြံ မဟုတ်လောက်ပါ။

All Chapters