မှော်ပစ္စည်းသန့်စင်ခြင်း ကျွမ်းကျင်သူ
Vol. 16 Ch. 222
ဟန်လိက အပြင်ဘက်ဧရိယာ၌ ကျင့်ကြံသူ နှစ်ဆယ်၊ သုံးဆယ်လောက်ကိုသာ တွေ့၏။ ဒီနေရာတွင် လူများများ ရှိမနေပုံ ပေါ်သည်။
“လူတိုင်းက ဈေးမြို့ ဗဟိုချက်ရှိ ကြယ်မှုန့်အဆောက်အဦထံပဲ ရောက်နေကြတာလား…”
ဟန်လိသည် စိတ်ထဲကနေ ထိုသို့ ရေရွတ်မိ၏။
သို့ပေမည့် သူသည် ကြယ်မှုန့်အဆောက်အဦထံ တန်းသွားဖို့ စိတ်ကူးမရှိပေ။ အကြောင်းမှာ မှော်ပစ္စည်းများကို သန့်စင်ပေးနိုင်သော ဆိုင်၏ ဝံ့ကြွားလွန်းမှုကြောင့်ပင်။ ထိုဆိုင်က သန့်စင်ခြင်း မအောင်မြင်ပါက အလုပ်အပ်သူ ပေးခဲ့သော သတ္တုအမယ်ပစ္စည်းများ၏ နှစ်ဆကို စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် အစားပြန်ပေးမည်ဟု ဆိုထားသည် မဟုတ်လား။ ဤသည်က ဟန်လိကို စူးစမ်းချင်စိတ် ဖြစ်မိစေသည်။ ထို့ကြောင့် ဟန်လိက လှည့်ပတ်သွားလာကြည့်ပြီးနောက် ၎င်းဆိုင်အတွင်းသို့ လှမ်းဝင်လာခဲ့သည်။
ဆိုင်အရှေ့ပိုင်းက ကြီးမားသည်ဟု မဆိုသာ။ အခန်းသုံးခန်းနှင့် အပြင်ဘက်ခြံဝန်းတစ်ခုသာ ရှိသည်။
ဟန်လိက အပြင်ဘက်အကျဆုံးအခန်းသို့ ဝင်လာသည့်အခါ သူက သက်လတ်ပိုင်းအရွယ်ရှိသော လူတစ်ယောက်က ဆံဖြူအဘိုးအိုတစ်ယောက်နှင့် ဆွေးနွေးစကားဆိုနေသည်ကို မြင်သည်။ သက်လတ်ပိုင်းအရွယ်ရှိသော သူမှာ ကွန်းဖြူးရှပ်ကျောင်းတော်သား ဝတ်ရုံကို ဝတ်ထားပြီး အဘိုးအို၏ မျက်နှာကမူ နီစပ်စပ် ရှိလေ၏။
သက်လတ်ပိုင်းလူနှင့် အဘိုးအိုတို့သည် ဟန်လိ ဆိုင်ထဲ ဝင်လာသော်လည်း စကားစ မပြတ်ပေ။ ထွားထွားကြိုင်းကြိုင်းဖြင့် ယောက်ျားတစ်ယောက်ကသာ ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလာပြီးနောက် ယဉ်ယဉ်ကျေးကျေး မေးလာ၏။
“ဒီဧည့်သည်က မှော်ပစ္စည်းဝယ်ချင်တာလား။ ဒါမှမဟုတ် မှော်ပစ္စည်းတစ်ခုခု သန့်စင်ဖို့ အပ်ချင်တာလား…”
“ဦးဆုံး မင်းတို့ဆိုင်ရဲ့ မှော်ပစ္စည်းတွေကို တချက် ကြည့်ပြီးမှ ဆုံးဖြတ်မယ်…”
ဟန်လိက ပြန်ဖြေ၏။
“ကောင်းပါပြီ။ ဧည့်သည်တော်က အလယ်အဆင့်၊ ဒါမှမဟုတ် အဆင့်မြင့် မှော်ပစ္စည်းတွေကို ကြည့်ချင်တာလား…”
ကိုယ်လူထွားက ရွှင်မြူးစွာ မေး၏။ သူက အရောင်းအဝယ် ကိစ္စတစ်ခုက သူတို့၏ တံခါးရှေ့သို့ ရောက်လာပြီကို မြင်သည် မဟုတ်လား။
“ထိပ်တန်းမှော်ပစ္စည်းတွေ။ ဒါ့အပြင် ငါ့အနေနဲ့ မင်းတို့ဆိုင်မှာ ရှိတဲ့ ထိပ်တန်းမှော်ပစ္စည်းတွေထဲက အကောင်းဆုံး ဆိုတာတွေကို ကြည့်ချင်တယ်…”
ဟန်လိ၏ အသံက မကျယ်ပါ။ သို့သော် သူ၏ စကားက လူထွားကို ချက်ခြင်း တုန်လှုပ်ကာ မင်သက်သွားစေ၏။ စကားပြောနေသော လူနှစ်ယောက်သည်ပင် ချက်ခြင်း ပါးစပ်ပိတ်ကာ ဟန်လိထံ ခေါင်းထောင် ကြည့်လာသည်။
“ဒီဧည့်သည်တော်က ထိပ်တန်း မှော်ပစ္စည်းတွေကို ကြည့်ချင်တာလား။ ဒါ့အပြင် အကောင်းဆုံးဆိုတဲ့ ဟာတွေကို ကြည့်ချင်တယ်လို့ ပြောလိုက်တာများလား…”
လူထွားက သူ ကြားလိုက်ရသော စကားမှန်လား၊မှားလားကို အတည်ပြုနိုင်ဖို့ ထိုသို့ ပြန်မမေးမိဘဲ မနေနိုင် ဖြစ်ရ၏။
ထိပ်တန်းမှော်ပစ္စည်းများမှာ သာမန်ကျင့်ကြံသူများ ဝယ်ယူနိုင်သော အရာ မဟုတ်ပေ။ ယင်းအတွက် အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး ရာချီ ကုန်ကျနိုင်၏။ ပုံမှန်ဆို လူအများသည် တစ်သက်လုံး စိတ်ဝိညာဉ်ကျောက်တုံးများကို စုဆောင်းထားခဲ့လျှင်ပင် ထိုသို့သော ထိပ်တန်းမှော်ပစ္စည်းတစ်ခုကို ဝယ်နိုင်ချင်မှ ဝယ်နိုင်ပေလိမ့်မည်။ ဟန်လိက အကောင်းဆုံး ထိပ်တန်းမှော်ပစ္စည်းများကို ကြည့်ချင်ဝယ်ချင်သည်ဟု မေးလာသည့်အခါ ထိုလူထွား ခဏတာ မင်သက်တုန်လှုပ်သွားတာ အံ့အားသင့်စရာ မရှိတော့ပေ။
“လူမည်းလေး…ပြန်လာခဲ့။ မင်း ဒီစီနီယာကို မလေးမစား လုပ်လို့ မရဘူး…”
ဆံဖြူအဘိုးအိုက ဟန်လိသည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်မှန်း နောက်ဆုံး၌ သဘောပေါက်သွား၏။ သူ၏ အမူအရာပါ ပြောင်းလဲသွားသည်။ သူက လူထွားကို နောက်ဆုတ်ရန် အလျင်စလို အမိန့်ပေးသည်။
“ကျနော်က ဒီဆိုင်ရဲ့ ပိုင်ရှင်ပါ။ စီနီယာ ဘာကိစ္စပဲရှိရှိ ပြောနိုင်ပါတယ်…”
ထိုအဘိုးအိုနှင့် လူလတ်ပိုင်းလူတို့မှာ ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူများသာ ဖြစ်၏။ ဟန်လိကဲ့သို့ ကျွမ်းကျင်သူတစ်ယောက်က သူတို့ဆိုင်လေးကို လာရောက်သည့်အခါ သူသည် ဂနာမငြိမ် မဖြစ်မိဘဲ မနေနိုင် ဖြစ်ရသည်။
“သိပ်မများပါဘူး။ မင်းတို့ဆိုင်မှာ မှော်ပစ္စည်းကောင်းတွေ ရှိ၊မရှိပေါ် မူတည်တယ်။ မင်းတို့မှာ သင့်တော်တဲ့ဟာ ရှိတာနဲ့ ကျုပ်က တစ်ခု၊နှစ်ခုလောက် ဝယ်မယ်…”
ဟန်လိထံမှ စကားကို ကြားသည့်အခါ ထိုအဘိုးအိုသည် သက်ပြင်းချတော့၏။ သို့သော် သူက ကိုးရိုးကားရား ပြောလိုက်ရတုန်းပင်။
“ကံမကောင်းစွာနဲ့ ကျနော်တို့က စီနီယာ့ကို စိတ်ပျက်စေပြီ။ ကျနော်တို့ဆိုင်မှာ ထိပ်တန်းမှော်ပစ္စည်း နှစ်ခု၊ သုံးခု ရှိပါတယ်။ ဒါပေမဲ့လည်း အဲ့တာတွေက ဒီဆိုင်ကို ဂုဏ်မြင့်ဖို့အတွက်ပဲ အသုံးပြုတာပါ။ ပြီးတော့ ဒီဟာတွေကလည်း တကယ့်ကို ထူးကဲမနေပါဘူး…”
အဘိုးအိုက ဟန်လိကဲ့သို့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်ရသည့်အခါ သူသည် ဘာကိုမျှ မဖုန်းကွယ်ထားဝံ့ပေ။ ထို့ကြောင့် သူက အမှန်တိုင်းသာ ပြော၏။
ဤစကားကို ကြားသည့်အခါ ဟန်လိက စိတ်ပျက်သွားမိ၏။ သူ၏ တုံးအမှုအပေါ်လည်း ကျိတ်၍ အပြစ်တင်မိ၏။ ဆိုင်၏ အပြင်ဘက် ဆိုင်းဘုတ်အမည်က ခမ်းနားလွန်းနေခဲ့လျှင်ပင် ဤသည်မှာ အရောင်းအဝယ် ကိစ္စများအတွက် စွဲဆောင်နိုင်ဖို့ နည်းလမ်းတစ်ခုမျှသာ။
ဟန်လိက ခေါင်းယမ်း၏။ သူက တဖက်သို့ လှည့်ကာ ထွက်သွားရန် ဟန်ပြင်သည်။ သို့ပေမည့် သူ တံခါးနား ရောက်လာသည့်အခါ နောက်သို့ ပြန်လှည့်ကြည့်၍ မပျော်မရွှင်လေသံဖြင့် ပြောသည်။
“ဒီတော့ မင်းတို့က ထိပ်တန်းမှော်ပစ္စည်းတွေကို သန့်စင်နိုင်စွမ်း ရှိတယ်ဆိုတာ အလကား စကားတွေပေါ့…”
“မဟုတ်ပါဘူး။ စီနီယာ အထင်လွဲနေပါပြီ။ ဒီဆိုင်လေးက အပြင်ဘက်မှာ ရေးထားတဲ့အတိုင်း တကယ်ပဲ လုပ်ဆောင်ပေးနိုင်ပါတယ်။ စီနီယာမှာ သင့်တော်တဲ့ သတ္တုအမယ်တွေ ရှိနေသ၍ အကြီးအကဲရှုက ထိပ်တန်းမှော်ပစ္စည်းတစ်ခုကို အမှန်တကယ် သန့်စင်ပေးနိုင်ပါတယ်…”
ဆိုင်၏ ဂုဏ်သတင်းကိစ္စပါ ပါဝင်လာသည်ကို မြင်သည်နှင့် ဆံဖြူအဘိုးအိုက အလျင်စလို ပြန်ဖြေ၏။
“မင်းက ထိပ်တန်း မှော်လက်နက်ပစ္စည်းတွေကို သန့်စင်နိုင်တာလား…” ဟန်လိက အံ့အားသင့်သွား၏။ သူ၏မျက်လုံးထဲတွင် သံသယဖြစ်ဟန် အကြည့် ဖြတ်ခနဲ ပေါ်သည်။ သူ၏ စကားလုံးများထဲ၌ အမေးဖြင့် ပြည့်၏။
သူက မှော်ပစ္စည်းများကို သန့်စင်နိုင်သူမှာ တခြားတစ်ယောက်ယောက် ဖြစ်မည်ဟု ထင်ထားခဲ့၏။ အခုအဘိုးအို ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။
ဟန်လိ မယုံတာ အံ့အားသင့်စရာ မရှိချေ။ ထိပ်တန်းမှော်ပစ္စည်းများကို သန့်စင်ခြင်းသည် အလယ်နှင့် အဆင့်မြင့် မှော်ပစ္စည်းများကို သန့်စင်ခြင်းနှင့် မတူ၊ သာမန်မီးများဖြင့် မသန့်စင်နိုင်ပေ။ အခြေခံတည်ဆောက်ခြင်းဆေးလုံးနှင့် အလားတူစွာ ၎င်းပစ္စည်းများကို သန့်စင်ဖို့ မြေကမ္ဘာမီး သို့မဟုတ် မူလအစစ်အမှန်မီးတို့ဖြင့် အပူပေးရန် လိုအပ်သည်။
သို့သော် ထိုအကြီးအကဲက ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သာ၊ မူလအစစ်အမှန်မီးကို ပိုင်ဆိုင်လိမ့်မည် မဟုတ်၊ ထို့အပြင် သည်နေရာမှာ မြေကမ္ဘာမီး ရှိနေသော နေရာတစ်ခု ဟုတ်ပုံလည်း မရပါ။
“စီနီယာက အစ်ကိုကြီးရဲ့ဆိုင်ကို အခုမှ ပထမဆုံး ရောက်ဖူးတာ ဖြစ်မယ်။ ဒါ့ကြောင့် အဲ့တာကို နားမလည်နိုင်တာ သဘာဝကျပါတယ်။ ဒီအစ်ကိုကြီးရှုရဲ့ မှော်ပစ္စည်းသန့်စင်ခြင်း တာအိုပညာရပ်ဟာ သူ့ဂိုဏ်းကနေ အရင်းတည်လာခဲ့တာပါ။ ဒီပညာရပ်မှာ သူ့ရဲ့ ပါရမီဟာလည်း တခြားဂိုဏ်းကြီးတွေက မှော်ပစ္စည်းသန့်စင်ခြင်း ပညာရှင်တွေထက် မနိမ့်ပါဘူး။ ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီတုန်းက ရှုဂိုဏ်းဟာ စဦးအဆင့် မီးကျီးကန်းနက်နှစ်ကောင်ကို ဂရုတစိုက် မွေးမြူခဲ့ပါတယ်။ ၎င်းမီးကျီးကန်းနက်က ထုတ်လွှတ်ပေးတဲ့ နတ်ဆိုးမီးဟာ မူလအစစ်အမှန်မီးထက်တောင် ပိုအားကောင်းပါသေးတယ်။ ဒါ့ကြောင့် ထိပ်တန်းမှော်ပစ္စည်းတွေကို သန့်စင်ဖို့အတွက် လုံလောက်တာထက်တောင် ပိုပါသေးတယ်…”
ဘေးတွင် ငြိမ်သက်စွာ ရှိနေသော သက်လတ်ပိုင်းလူက ရုတ်တရက် ဝင်ပြောလာ၏။ သို့ပေမည့် ဤသည်က ဟန်လိ၏ သံသယကို ပို၍ တိုးသွားစေသည်။
“နတ်ဆိုးမီးလား။ ကျုပ်တော့ မှော်ပစ္စည်းတွေ၊ ဆေးလုံးတွေကို သန့်စင်တဲ့နေရာမှာ အစစ်အမှန်မီးနဲ့ မြေကမ္ဘာမီးတို့ကို အသုံးပြုတယ်ပဲ ကြားဖူးတယ်။ နတ်ဆိုးမီးကို အသုံးပြုတာ ဖြစ်နိုင်တယ်လို့ တခါမှ မကြားဖူးဘူး…”
ဟန်လိက မျက်မှောင်ကြုတ်၍ မယုံကြည်နိုင်ဟန် ဖော်ပြသည်။
“ဟားဟား…စီနီယာ မသိတဲ့ အရာတွေ ရှိပါသေးတယ်ဗျ၊ မှော်ပစ္စည်းတွေ၊ ဆေးလုံးတွေကို သန့်စင်တဲ့အခါမှာ နတ်ဆိုးမီးကို အသုံးပြုဖို့အတွက် ဂိုဏ်းကြီးတွေက တရားဝင် အသိအမှတ် မပြုထားတဲ့ အထူးကျွမ်းကျင်မှုအချို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ဒီပညာရပ်တွေဟာ ပျံ့နှံ့မှုလည်း မရှိပါဘူး။ ကျုပ်တို့ဂိုဏ်းက အဲ့မီးကျီးကန်းနက်ကိုသာ မရခဲ့ရင် ကျုပ်တို့လည်း ဒီလမ်းကြောင်းကို စူးစမ်းလေ့လာဖို့အတွက် အချိန်ရခဲ့မှာ မဟုတ်ပါဘူး…”
အဘိုးအိုက စကားထပ်ဆက်ပြီး ဟန်လိ၏ သံသယတချို့တလေကို ထုတ်ဖော် ပြောပြသည်။
“အော်…အဲ့လိုကိုး…” ဟန်လိသည် တဖက်သူ၏ ပြောပြချက်ကို ကြားရ၏။ သို့သော် ဤသည်ကို သူ ကိုယ်တိုင် မကြုံရသေးသဖြင့် မယုံမကြည် ဖြစ်နေဆဲပင်။
“စီနီယာက ထိပ်တန်းမှော်ပစ္စည်းတစ်ခု ဖန်တီးသန့်စင်ဖို့များ အပ်ချင်ပါသလား…”
ထိုအဘိုးအိုက စူးစမ်းကာ မေးလာ၏။
“ကျုပ်က ခင်ဗျားကို ထိပ်တန်းမှော်ပစ္စည်း ဖော်စပ်ဖို့အတွက် လုံလောက်တဲ့ သတ္တုအမယ်တွေ ပေးခဲ့ရင် အဲ့မှော်ပစ္စည်းကို လုပ်ပေးနိုင်မှာ သေချာလား…”
ဟန်လိက ခေါင်းမော့ကာ ထိုသို့ မေး၏။
“ဒါက စီနီယာ ပေးတဲ့ သတ္တုအမယ်တွေပေါ် မူတည်ပါတယ်။ သတ္တုအမယ်တွေက သာမန်ပဲ၊ မှော်ပစ္စည်းအတွက် လိုအပ်ချက်တွေဟာ သာမန်ပဲဆို အောင်မြင်နိုင်ဖို့ အခွင့်အရေး သုံးပုံတစ်ပုံ ရှိပါတယ်။ ဒါပေမဲ့ ထိပ်တန်းမှော်ပစ္စည်း သန့်စင်တာ ကျရှုံးသွားခဲ့ရင်တော့ ဒီဆိုင်က လျော်ကြေး ပြန်ပေးမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ထိပ်တန်းမှော်ပစ္စည်း သန့်စင်တာဟာ အလယ်နဲ့အဆင့်မြင့် မှော်ပစ္စည်းတွေ သန့်စင်တာနဲ့ မတူဘဲ ကျရှုံးနိုင်ချေ မြင့်မားလို့ပါ…”
ဟန်လိ၏ အမေးကို ကြားသည့်အခါ ထိုအကြီးအကဲသည် စိတ်ထဲကနေ ကြိတ်ပျော်သွားပြီး တလေးတစား ပြန်ဖြေသည်။
သူ့လို မှော်ပစ္စည်းသန့်စင်ခြင်း ကျွမ်းကျင်သူတစ်ယောက်သည် အများဆုံး သန့်စင်ရသည်မှာ အဆင့်မြင့်သတ္တုအမယ်များသာ ဖြစ်၏။ ထိပ်တန်းမှော်ပစ္စည်းတချို့ကို သန့်စင်ရမည့် ဖြစ်စဉ်က သူ၏ သန့်စင်ခြင်းစွမ်းရည်ကို ကြီးစွာ တိုးတက်စေမည် မဟုတ်လား။
ထို့အပြင် သူ့ရှေ့မှ သူက အသက်မကြီးသေးသော်လည်း အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လေ၏။ ထိုကျင့်ကြံသူ ယူလာမည့် သတ္တုအမယ်များက သာမန်မဟုတ်မှာ သေချာသည်။
“ကျုပ်မှာ သတ္တုအမယ် တချို့တလေ ရှိတယ်။ မင်း တခါလောက် ကြိုးစားကြည့်ခွင့် ပေးလိုက်မယ်။ ဒါပေမဲ့ မင်း မှော်ပစ္စည်း သန့်စင်နေတဲ့ အချိန်မှာ ကျုပ်က ဘေးကနေ စောင့်ကြည့်နေမှာ။ ဒါပေမဲ့ မင်း စိတ်ချပါ။ ကျုပ် မင်းကို မနှောက်ယှက်ဘူး။ မင်း အောင်မြင်တာနဲ့ ဖော်စပ်ရာမှာ ပိုတဲ့ သတ္တုအမယ်တွေကို ဆုလဒ်အဖြစ် ကျုပ် မင်းကို ပေးမယ်…”
ဟန်လိက စိတ်ပိုင်းဖြတ်ကာ ထိုသို့ ပြော၏။
ဟန်လိအတွက် မင်နက်ရေနဂါး၏ အဖိုးတန်သတ္တုအမယ်များကို စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် လဲလှယ်ခြင်းထက် ယင်းတို့ကို အသုံးပြု၍ အသုံးတည့်သော မှော်ပစ္စည်းတစ်ခု သန့်စင်ခြင်းက ပို၍ အကျိုးများသည်။
ခုလက်ရှိ သူ၌ ရှိနေသော ထိပ်တန်းမှော်ပစ္စည်းများသည် ချီစုဆောင်းခြင်းအဆင့် တပည့်များကြား၌ မြင့်မားသော်လည်း အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများနှင့် ယှဉ်သည့်အခါ ဤအချက်ကို မရှင်းပေ။
“သိပ်ကောင်းပါတယ်။ စီနီယာက ခုချက်ခြင်း သန့်စင်ချင်ပါသလား။ ဒီအဘိုးကြီးက အချိန်မရွေး စတင်ပေးနိုင်ပါတယ်…” ဆိုင်ရှင်အဘိုးအိုက မျှော်လင့်ချက်အပြည့်ဖြင့် ပြော၏။ ဟန်လိက သူ့ကို ထိပ်တန်းမှော်ရတနာတစ်ခု သန့်စင်ခိုင်းချင်တာ သူ တွေ့မြင်နေရသည် မဟုတ်လား။ သူသည် ချက်ခြင်းပင် စိတ်လှုပ်တရှားဖြစ်ကာ ဟန်လိ၏ တောင်းဆိုမှုများကို သဘောတူသည်။
“ကျုပ် သွားဝယ်ရမယ့် တချို့အရာလေးတွေ ရှိသေးတယ်။ ကျုပ် ကိစ္စပြီးတာနဲ့ ပြန်လာခဲ့မယ်။ အဲ့ကျမှပဲ ကျုပ်တို့ စကြတာပေါ့…” ဟန်လိက ခေါင်းယမ်းကာ ပြော၏။
“ကောင်းပါပြီ။ ဒီလိုဆိုလည်း ဂျူနီယာက စောင့်နေပါ့မယ်…” ထိုအဘိုးအိုက ဟန်လိသည် သူ့ကို ချက်ခြင်း အလုပ်မစစေချင်ပုံ ရသည်ကို မြင်သည့်အခါ စိတ်ပျက်မိ၏။ သို့သော် သူက ချက်ခြင်းပင် သူ့စိတ်အခြေအနေကို ပြင်ဆင်သည်။ သူက ထိုသို့ တလေးတစား ပြောလိုက်၏။
ကိစ္စရပ်များ ပြီးသည်ကို သိ၍ ဟန်လိက ဒီမှာ ဆက်၍ မနေချင်တော့ပေ။ သူက နှုတ်ဆက်ခဲ့ပြီးနောက် လှည့်၍ ဆိုင်ထဲကနေ ထွက်လာသည်။
သို့သော် သူ ခြေဆယ်လှမ်းလောက် လှမ်းလာခဲ့ပြီးသည့်နောက်မှာ သက်လတ်ပိုင်းလူ၏ အသံက ရုတ်တရက် သူ့နောက်မှ ထွက်ပေါ်လာသည်။
“စီနီယာ…ကျေးဇူးပြုပြီး ခဏလောက် ရပ်ပါအုံး…”
ဟန်လိက ခဏရပ်၏။ ထို့နောက် သူက တဖက်သို့ လှည့်ကြည့်သည်။ သူ့နောက်သို့ ဆိုင်ထဲမှ သက်လတ်ပိုင်းလူ လိုက်လာတာ သူ မြင်သည်။ ထိုသူက ဟန်လိကို ပြုံး၍ ကြည့်နေ၏။
“ ဘာဖြစ်လို့လဲ…” ဟန်လိက မျက်မှောင်ကြုံ့ကာ အေးစက်စက် မေးသည်။
သူသည် အကြောင်းရင်းမရှိဘဲ သူ့ကို နှောက်ယှက်သူများကို သဘောမတွေ့ပေ။
“ဂျူနီယာက စီနီယာအနေနဲ့ ဒီဈေးမြို့ကို လာခဲ့တာ တစ်ခုခု ဝယ်ချင်လို့များလားလို့ မေးချင်မိပါတယ်။ ဂျူနီယာရဲ့ နာမည်က ဝမ်ကျီလင်းပါ။ ကျုပ်က ဒီဈေးကို မကြာမကြာ ရောက်လာတတ်တဲ့သူပါ။ ဒါ့ကြောင့် ကျုပ်ရဲ့ အကူအညီက စီနီယာအတွက် အချိန်ကုန်တာ ပိုသက်သာစေမှာပါ…”
ထိုသည်ကို ကြားသည့်အခါ သူက ထိုသူ့ကို စူးစမ်းကြည့်၏။ ရုတ်တရက် သူက ပြုံး၍ မေးလိုက်သည်။
“မင်းက ပွဲစားလား…”
သက်လတ်ပိုင်းလူက ဟန်လိက ဝတ်ရုံရှည်ကြီး ဝတ်ထားသဖြင့် ဟန်လိ၏ အမူဟန်ပန်ကို မမြင်ရသော်လည်း သူက ဟန်လိ၏ ရယ်ကာမောကာ အသံကို ကြားသည့်အခါ စိတ်ထဲ၌ သက်သာသွား၏။ သူက ချက်ခြင်း ပြန်ဖြေသည်။
“စီနီယာ ခန့်မှန်းတာ မှန်ပါတယ်။ ဂျူနီယာက ဒီမှာ အချိန်ကုန်တာ များပါတယ်…”
ဟန်လိက ဂရုမစိုက်ဟန်ဖြင့် ခေါင်းညိတ်ပြ၏။ ထို့နောက် သူက မထူးခြားနားစွာ ဆိုသည်။
“မင်းကို အဲ့ဆိုင်က ငှားယမ်းထားတာ၊ မငှားယမ်းထားတာ ငါ စိတ်မဝင်စားဘူး။ ငါ့အနေနဲ့ အစီအရင်အလံအချို့နဲ့ အစီအရင်သတ္တုပြားတချို့ ဝယ်ချင်တယ်။ ကြယ်မှုန့်အဆောက်အဦဆီ သွားတာ အကောင်းဆုံး ဆုံးဖြတ်ချက် ထင်တယ်။ ငါ့အတွက် အကူအညီ လိုလိမ့်မယ်လို့ မထင်ဘူး…”