← Chapters

လျှို့ဝှက်ဆိုင်၊ လေလံပွဲ

Vol. 16 Ch. 223

လျှို့ဝှက်ဆိုင်၊ လေလံပွဲ

Vol. 16 Ch. 223

ထိုသက်လတ်ပိုင်းလူက ဟန်လိ၏ စကားများကို ကြားသည့်အခါ သူက ခဏ ငေးကြောင်ကြောင် စိုက်ကြည့်ပြီးနောက် ချက်ခြင်း ပြုံးသည်။ ထို့နောက်တွင် သူက ဝမ်းမြောက်ဝမ်းသာဟန်ဖြင့် ပြောလိုက်သည်။ “စီနီယာ…ဒီအကြောင်းကို ကျုပ်ကို ပြောတာ ကံကောင်းတာပဲ။ မဟုတ်ရင် စီနီယာဟာ ကြယ်မှုန်အဆောက်အဦကို သွားလည်း အချည်းနှီး ဖြစ်ရလိမ့်မယ်။ ကောင်းကင်ကြယ်ဂိုဏ်းရဲ့ အစီအရင်မန္တာန်တွေဟာ အတော်လေး ထင်ရှားပေမယ့် သူတို့ဟာ ကြယ်မှုန်အဆောက်အဦကိုတော့ ထိပ်တန်း အစီအရင်အလုံတွေ၊ အစီအရင်သတ္တုပြားတွေကို မထောက်ပံ့ထားဘူး…”

“ကြယ်မှုန်အဆောက်အဦမှာ အစီအရင်အလံ၊ သတ္တုပြားတွေ များစွာ ရှိပေမယ့် အဆင့်နိမ့်ဂိုဏ်းတွေနဲ့ လေလွင့်ကျင့်ကြံသူတွေကို ရောင်းချတဲ့ဟာတွေကတော့ အများစုက အမှိုက်သာသာပဲ။ တကယ် အရည်အသွေးရှိတဲ့ မှော်ပစ္စည်းတွေကို‌တော့ ကောင်းကင်ကြယ်ဂိုဏ်းက အပြင်ကို မထုတ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အကောင်းဆုံး အစီအရင်မှော်ပစ္စည်းတွေကို အပြင်လူတွေရှိ ထုတ်ရောင်းရင် သူတို့ရဲ့ အစီအရင်ပညာရပ်ကို ဖြတ်မြင်နိုင်ကြမှာ ဖြစ်လို့ပဲ။ ဒါဆို အကျိုးအမြတ်ထက် အရှုံးက ပိုသွားလိမ့်မယ်လို့ သူတို့က ဆိုတယ်…”

သက်လတ်ပိုင်းလူက ထိုသို့ ရှင်းပြနေလျက် ဟန်လိကို တချက် လှမ်းခိုးကြည့်သည်။ သို့သော် ဟန်လိက ခေါင်းအစခြေအဆုံး ဖုံးထားသော ဝတ်ရုံရှည်ကို ဝတ်ထားသဖြင့် သူ့မျက်နှာကို မမြင်ရပေ။ ထိုအခါ အနှီသက်လတ်ပိုင်းလူသည် ဟန်လိ၏ စိတ်ခံစားချက်ကို နည်းနည်းမျှ မထောက်လှမ်းမိနိုင် ဖြစ်ရသည်။

“မင်း ပြောပုံအရ မင်းက ငါ လိုချင်တဲ့ ပစ္စည်းတွေကို ရှာလို့ ရမယ့် နေရာကို သိနေတဲ့ပုံပဲ…”

ဟန်လိသည် တဖက်သူ၏ စကားကြောင့် အတော်လေး အံ့အားသင့်သွားသော်လည်း သူက သူ့လေသံကို အတည်ငြိမ်ဆုံး ထိန်းထား၏။ သူ၏ စိတ်ထဲက တုန်လှုပ်မှုကို လုံးဝ ဖုံးကွယ်ထားသည်။

ထိုသူက ဟန်လိ၏ စကားကို ကြားသည့်အခါ ဦးဆုံးအနေဖြင့် ဘေးဘီဝဲယာကို အရင်ကြည့်သည်။ မည်သူမျှ မရှိသည်ကို မြင်မှ သူက ခပ်တိုးတိုး ပြောသည်။ “စီနီယာက ဒီဂျူနီယာ့ကို ယုံတယ်ဆိုရင် လူအနည်းငယ်သာ သိတဲ့ လျှို့ဝှက်ဆိုင်ခန်းတစ်ခုအကြောင်း ပြောပြပေးပါ့မယ်။ အဲ့နေရာဟာ အတိတ်တုန်းက ပြဿနာတစ်ချို့ ရှိခဲ့ပေမယ့် အရည်အသွေးမြင့်ပြီး ရှားပါးတဲ့ ပစ္စည်းကောင်းတွေ ရှိတယ်။ စီနီယာအနေနဲ့ အဲ့မှာ စိတ်ကျေနပ်စေမယ့် အစီအရင်မန္တာန် မှော်ပစ္စည်းတွေကို ရှာတွေ့နိုင်လိမ့်မယ်လို့ ကျုပ် ယုံတယ်…”

“လျှို့ဝှက်ဆိုင်ခန်းလား…”

ဟန်လိ၏ လေသံက တိုးသော်လည်း ထိုသက်လတ်ပိုင်းလူ၏ စကားကြောင့် သူသည် အမှန်တကယ် မင်သက်မိသွားရသည်။

လွန်ခဲ့သော နှစ်များက ဟန်လိသည် လျှို့ဝှက်ဆိုင်အကြောင်းကို တခါနှစ်ခါ ကြားခဲ့ဖူး၏။ သူက ထိုသက်လတ်ပိုင်းလူ ပြောတာ အမှန် ဖြစ်ခဲ့ပါက ထိုလျှို့ဝှက်ဆိုင်သည် သူ့အမြင်ကို ကျယ်စေမည့် နေရာ ဖြစ်လိမ့်မည်ကို သိသည်။

“စီနီယာက အဲ့လျှို့ဝှက်ဆိုင်အကြောင်း အနည်းအကျဉ်း သိထားပုံပဲ။ ဟားဟား…အဲ့တာ သိပ်ကောင်းတယ်။ အဲ့လိုဆိုမှတော့ ဂျူနီယာအနေနဲ့ ရှင်းပြပြီး အချိန်ဖြုန်းနေစရာ မလိုတော့ဘူး။ လျှို့ဝှက်ဆိုင်ခန်း ဖွင့်ဖို့ အချိန်က လေးငါးခြောက်နာရီလောက်ပဲ လိုတော့မယ်။ စီနီယာ သွားချင်ရင် မြန်မြန် ဆုံးဖြတ်ပါ။ ကျနော် ချက်ခြင်း လမ်းပြပေးပါ့မယ်…”

သက်လတ်ပိုင်းလူက စိတ်ထဲကနေ ကြိတ်ပျော်နေ၏။

“အဲ့နေရာက ဝေးလား…” ဟန်လိက ရုတ်တရက် မေးသည်။

“သိပ်မဝေးပါဘူး။ ဒီဈေးမြို့အတွင်းမှာပဲ။ စီနီယာ သွားချင်ပါသလား…”

ထိုသက်လတ်ပိုင်းလူ၏ စိတ်လှုပ်ရှားမှုက အနည်းငယ် ပိုတိုးလာသည်။ လျှို့ဝှက်ဆိုင်ခန်းကို ဖောက်သည်ကောင်းတစ်ယောက် ခေါ်လာပေးနိုင်ပါက သူ့အဖို့ စိတ်ဝိညာဉ်ကျောက်တုံး အရေအတွက်ကို ရာခိုင်နှုန်းတစ်ခု အကျိုးအမြတ် ရနိုင်မည် မဟုတ်လား။

“သွားကြစို့…” ဟန်လိ၏ လေသံက ဆက်လက် အေးစက်နေခြင်း မရှိတော့ပေ။

“ကျနော် လမ်းပြပေးပါ့မယ်…” သက်လတ်ပိုင်းလူက ပျော်ရွှင်ဟန် အမူအရာဖြင့် ချက်ခြင်း လမ်းပြကာ ရှေ့မှ ဦးဆောင်သည်။

ထိုသူသည် လမ်းချိုးလမ်းကွေ့များကို ဖြတ်သန်းလာခဲ့ပြီးနောက်မှာ ဟန်လိကို အိမ်တစ်ခုရှေ့ ခေါ်လာသည်။ ထိုအိတ်တံခါးက ပိတ်ထားလျက်၊ တံခါးပေါ်တွင် မည်သည့်ဆိုင်းဘုတ် အမှတ်အသားမျှ ရှိမနေ။

ထိုသူက တံခါးကို စည်းချက်မှန်မှန် ခပ်ဖွဖွ ခေါက်၏။ ထိုအခါ တံခါးပွင့်လာသည်။ အသက်သုံးဆယ်ဝန်းကျင် အမျိုးသမီးတစ်ယောက် လှမ်းထွက်လာ၏။ ထိုအမျိုးသမီး၏ ရုပ်ရည်မှာ သာမန်သာ။ သူမ၏ ကျင့်ကြံမှုအဆင့်က ချီစုဆောင်းခြင်း အဆင့်ခုနစ်လောက်သာ ရှိပြီး မပြောပလောက်ပေ။

“အမျိုးသမီးကျန်း…၊ ကျုပ် ဧည့်သည်အသစ် တစ်ယောက် ခေါ်လာပေးတယ်။ သူလည်း လေလံပွဲမှာ ပါဝင်ချင်တယ်တဲ့…”

သက်လတ်ပိုင်းလူ(ဝါ) ဝမ်ကျီလင်းက ထိုအမျိုးသမီး၏ အပြောကို မစောင့်၊ သူက ခပ်သွက်သွက်ဖြင့် ဟန်လိကို တက်ကြွစွာ မိတ်ဆက်ပေးသည်။

အမျိုးသမီးကျန်းက ဝမ်ကျီလင်း၏ စကားကို ကြားသည့်နောက်မှာ သူမ၏ ဟန်ပန်က ရွှင်လန်းမသွား၊ ထိုအစား မျက်နှာပါ ရှုံ့သွားသေး၏။ သူမက သဘောမတူသည့်အလား။ သို့သော် သူမက ဧည့်သည်အသစ်ဆိုသူမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေတာ မြင်သည့်အခါတွင်မူ သူမ၏အမူအရာက အနည်းငယ် ပြုံးယောင်သမ်းသွားသည်။

“ဒီတခါတော့ နင် ခါတိုင်း ခေါ်လာတဲ့ အမှိုက်လိုလူတွေ မဟုတ်တော့ဘူးပဲ။ အခြေခံတည်ဆောက်ခြင်းအဆင့် စီနီယာ။ စီနီယာ…ကျေးဇူးပြုပြီး အထဲကို ကြွပါ…”

သူမ၏ ကျင့်ကြံမှုအဆင့်က နိမ့်ပါးလှသော်လည်း သူမသည် ဟန်လိကို အထင်ကြီးလေးစားဟန်ဖြင့် ကြည့်မနေပေ။ ထိုအစား သူမက ဟန်လိကို သာမန်ဧည့်သည်တစ်ယောက်ကဲ့သို့သာ မှတ်ယူပုံ ပေါ်သည်။

“စီနီယာ…ကျမက ရှင့်ကို လမ်းပြပါ့မယ်။ သူကတော့ အရင် ပြန်သွားလိမ့်မယ်…”

ဝမ်ကျီလင်းက ထိုအမျိုးသမီး၏ စကားကို ကြားသည့်အခါ ဟန်လိကို အလျင်အမြန် နှုတ်ဆက်ကာ ထွက်သွား၏။ ဝမ်ကျီလင်း အဝေးသို့ ပျောက်ကွယ်သွားသည့်ကို မြင်မှ ထိုအမျိုးသမီးက ဘေးတစ်ဖက်သို့ ခြေလှမ်းကာ ဟန်လိကို အထဲဝင်ဖို့ အချက်ပြသည်။

ဟန်လိ ဝင်ရောက်လာသည့်အခါ သူက သည်ဆိုင်ထဲ၌ ဆေးလုံးနှင့် မှော်ပစ္စည်းများ သန့်စင်ဖို့အတွက် သတ္တုအမယ်များ ချခင်းပြထားသည်ကို မြင်သည်။ ယင်းအမယ်တို့မှာ သာမန်သာ ဖြစ်၏။ ဟန်လိက တံခါး ပိတ်နေသော ထိုအမျိုးသမီးကို သေချာ အကဲခတ်ကြည့်သည်။ ထို့နောက် သူမက တဖက်သို့ လှည့်ကာ ဟန်လိကို ပြော၏။

“ကျေးဇူးပြုပြီး ကျမနောက် လိုက်လာခဲ့ပေးပါ…စီနီယာ…”

ထိုသို့ပြောကာ သူမက ဆိုင်ထောင့်သို့ ခြေလှမ်းအနည်းငယ် လှမ်း၏။ သူမ၏ လက်ဖြင့် မြေပြင်ထက်သို့ ဖိချသည်။ သူမ၏လက်မှ ငွေရောင်အလင်း လင်းလက်သွားခြင်းနှင့်အတူ တွင်းပေါက်ကြီးတစ်ခု ဆိုင်ကြမ်းပြင်ပေါ်တွင် ရုတ်တရက် ပေါ်လာသည်။

ထိုအမျိုးသမီးက ဟန်လိကို လှမ်းခေါ်၏။

ခဏ တွေဝေနေပြီးမှ ဟန်လိလည်း သည်တွင်းပေါက်ထဲက လမ်းအတိုင်း သတိထားကာ လိုက်ပါလာသည်။

ထိုမြေအောက်လမ်းက တိုတောင်း၏။ မီတာသုံးဆယ်လောက်သို့ ဆင်းလာခဲ့ပြီးနောက်မှာ ကျောက်တံခါးငယ်တချပ် ရှိနေသည်။ ထိုတံခါး၏ ရှေ့ဝဲယာမှာ ဝတ်ရုံနက်ဖြင့် အမျိုးသားနှစ်ယောက် ရပ်နေသည်။ သူတို့နှစ်ယောက်လုံးက မိစ္ဆာမျက်နှာဖုံးကို ဝတ်ထားကျသည်။

ဟန်လိက ထိုနှစ်ဘောက်ကို ကြည့်၏။ သူ၏အမူအရာမှာ လေးလံသွားသည်။ ယင်းနှစ်ယောက်မှာ သူ့လို အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်နေ၏။ ထို့အပြင် သူတို့ကား အခြေခံတည်ဆောက်ခြင်း အလယ်အဆင့် ဖြစ်နေသေးသည်။ ဟန်လိမှာ သည်ဆိုင်ခန်း ခွန်အားအပေါ် သတိအနေအထား မဖြစ်မိဘဲ မနေနိုင် ဖြစ်သွားရသည်။

ထိုအမျိုးသမီးက ကျောက်တံခါးကို တွန်းဖွင့်ကာ ဟန်လိကို အထဲသို့ ခေါ်လာ၏။ သူမက ထိုဝတ်ရုံနက်နှစ်ယောက်ကို မမြင်လေသည့်အလား။ ထိုနှစ်ယောက်မှာလည်း မမြင်ချင်ယောင် ဆောင်ထားသည့်နှယ် သူတို့ကို စကားလည်း မဆို၊ ဟန့်တားခြင်းလည်း မရှိပေ။

ဟန်လိ အခန်းထဲ ဝင်လာသည့်အခါမှာ အာရုံထွေပြား သွားရ၏။ သူ့မျက်စိရှေ့မှာ ကြီးမားထည်ဝါ ခန်းနားသော အဆောက်အဦ ခန်းမတစ်ခု ပေါ်လာ၏။

ထိုခန်းမကြီးသည် အချင်း မီတာတစ်ရာလောက်နှင့် ဘဲဥပုံစံ ရှိ၏။ ခန်းမအတွင်း၌ တညီတညာတည်း ချထားသော ထိုင်ခုံ ခုနစ်ခုံ၊ ရှစ်ခုံပေါ်တွင် သီးသန့်ဝတ်စုံဖြင့် ကျင့်ကြံသူများ ထိုင်နေသည်။ သူတို့၏ မျက်နှာချင်းဆိုင်၊ စန္ဒကူးသစ်သားခုံသုံးခုံ၏ မလှမ်းမကမ်းမှာ စားပွဲတစ်ခု ထီးတည်း ရှိနေသည်။

ဟန်လိနှင့် ထိုအမျိုးသမီးတို့ ဝင်လာသည်ကို မြင်သည့်အခါ ထိုင်နေသော သူများက သူတို့ထံ အကြည့်ရောက်လာ၏။

ထိုအကြည့်များက သူ့ထံ ရောက်လာသည့်နောက်မှာ ဟန်လိသည် ချွေးစေးပြန်ကာ သူ့ခန္ဓာကိုယ် တုန်ယင်သွားသကဲ့သို့ ခံစားမိသည်။ ထိုကျင့်ကြံသူများထဲမှ တစ်ဝက်ကျော်သည် အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့်၌ ရှိနေကျ၏။

ဤအခိုက်အတန့်တွင် ဟန်လိသည် သူ့ဘေးမှ အမျိုးသမီးက သူ့အပေါ် လေးစားအထင်းကြီးမှု ဘာကြောင့် မပြသသည်ကို သဘောပေါက်သွားလေ၏။ သည်နေရာမှာ သူသည် သာမန်သာ ဖြစ်နေသည်။

“ဧည့်သည်တော် ရောက်လာတာ အချိန်ကောင်းပဲ။ လေလံပွဲက မကြာခင် စတော့မှာ။ ကျမကတော့ ရှင့်ကို အဖော်မပြုပေးနိုင်တော့ပါဘူး။ တခြား ကိစ္စလေးတွေ ရှိလို့ အပေါ်ကို ပြန်သွားရအုံးမယ်…”

ဟန်လိသည် ခန်းမထဲရှိ ကျင့်ကြံသူများကို အကူအညီမဲ့စွာ ကြည့်နေမိ၏။ ထို့နောက်တွင် သူသည် ထောင့်တစ်နေရာရှိ ထိုင်ခုံတစ်ခုကို ရွေးကာ ထိုင်လိုက်သည်။

သည်အခိုက်မှာ ဟန်လိက ဒီနေရာရှိ ကျင့်ကြံသူများသည် သူကဲ့သို့ မျက်နှာများကို ဖုံးကွယ်ထားသူများ ဖြစ်မှန်း သတိပြုမိ၏။ သူတို့၏ အစစ်အမှန်ပုံစံကို ဖုံးကွယ်ဖို့ ဝတ်ရုံရှည်ကြီးများ ဝတ်ထား၏။ ကြည့်ရတာ မည်သူကမျှ သူတို့၏ ပုံစံအမှန်ကို တခြားသူများ သိစေသည့်အထိ တုံးအသူများ မဟုတ်ကြပုံ ပေါ်သည်။

ခန်းမထဲရှိ သူများသည် အရေအတွက်အားဖြင့် နည်းသော်လည်း မည်သူကမျှ စကားစမည် မပြောနေပေ။ တိတ်ဆိတ်မှုသာ ကြီးစိုးနေ၏။ ထိုအခါ သည်ဝန်းကျင်ဧရိယာမှာ ဖိအားများ ဖြစ်ပေါ်နေ၏။

ဟန်လိက ဤသည်ကို မြင်သည်။ သူလည်း ငြိမ်သက်နေသည်။ သူက စားပွဲရှည်ကြီးနောက်ရှိ သစ်သားတံခါးချပ်အပေါ် အတော်လေး အာရုံစိုက်မိနေ၏။ ကြည့်ရတာ သည်ဆိုင်ခန်းခန်းမ၏ ပိုင်ရှင်က ဒီတံခါးနောက်ကွယ်၌ ပြင်ဆင်နေပုံ ရသည်။

ဟန်လိ လေးငါးခြောက်နာရီလောက် နေရာတွင် ထိုင်နေပြီးနောက်မှာ ယင်းသစ်သားတံခါးက နောက်ဆုံး၌ ပွင့်လာခဲ့ပြီ။ လူသုံးယောက်က တစ်ယောက်ပြီးတစ်ယောက် လှမ်းထွက်လာ၏။

သူတို့၏ ပုံပန်းသွင်ပြင်က ခန်းမ၏ ကျောက်တံခါးရှေ့ရှိ အစောင့်အကြပ်များနှင့် တူနေ၏။ မည်သူက သခင်၊ မည်သူက အစေခံမှန်း ခွဲမြင်၍ မရချေ။

သစ်သားတံခါးချပ်နောက်မှ လှမ်းထွက်လာသော လူသုံးယောက်က တန်းစီကာ ရပ်နေချိန်မှာ ဘယ်ဘက်ဆုံးမှ တစ်ယောက်သည် စကားစလာ၏။ “ဒီလေလံပွဲက လုံးဝ မျှတတယ်။ တယောက်ယောက် စိတ်ဝိညာဉ်ကျောက်တုံးနဲ့ ဈေးခေါ်ရင် လူတိုင်းကလည်း ပြိုင်ဆိုင်ဖို့အတွက် စိတ်ဝိညာဉ်ကျောက်တုံးကို အသုံးပြုရမယ်။ တစ်ယောက်ယောက်က လုံလောက်တဲ့ စိတ်ဝိညာဉ်ကျောက်တုံး မရှိရင် သူတို့ဟာ ညီမျှတဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခုခုကို အသုံးပြုနိုင်စွမ်း ရှိတယ်။ တိကျတဲ့ တန်ဖိုးကိုတော့ ကျုပ်တို့သုံးယောက်က ပူးပေါင်းပြီး အကဲဖြတ်ပေးမှာ ဖြစ်တယ်။ လိုရင်းပြောရရင်တော့ ဈေးအမြင့်ဆုံး ပေးနိုင်တဲ့သူကို ပစ္စည်း ရောင်းချပေးမှာ ဖြစ်တယ်…”

ထိုသူ၏ အသံက လူအများနှင့် ကွဲပြားလှ၏။ စူးရှ ငြိမ်သက်မှု ရှိလှသည်။ ကြားရသူတိုင်းအဖို့ ကြီးစွာမလွယ်ကူမှုကို ခံစားရစေမည့် အသံမျိုးတည်း။

“နောက်ဆုံးအချိန် ဒီဆိုင်ခန်းက ပစ္စည်းအမယ်တွေ အားလုံး ရောင်းချပြီးသွားခဲ့ရင် လူတိုင်းက အချိန်တစ်ခုအတွင်း စိတ်ကြိုက် အရောင်းအဝယ် လွတ်လွတ်လပ်လပ် လုပ်နိုင်တယ်။ ခင်ဗျားတို့ ရောင်းချင်တဲ့ ဒါမှမဟုတ် လဲလှယ်ချင်တဲ့ ပစ္စည်းအမယ် တစ်ခုခု ရှိခဲ့ရင် ခင်ဗျားတို့က ရှေ့တိုးလာပြီး စိတ်ကြို ဈေးခေါ်ပြီး ရောင်းနိုင်တယ်။ ကျုပ်တို့က အဲ့ကိစ္စမှာ နည်းနည်းလေးတောင် ဝင်ရှုပ်မှာ မဟုတ်ဘူး။ ကဲ ပြောသင့်တာ အားလုံး ပြောပြီးပြီး။ လေလံပွဲ စကြတာပေါ့…”

အလယ်မှသူ၏ အသံက ရိုးရှင်း၏။ ကျယ်လောင်၏။ သည်ခန်းမတစ်ခုလုံးမှာ သူ၏အသံက ဟိန်းထွက်သွားသည်။

သူ၏ စကားဆုံးသည့်နောက်မှာ ထိုသုံးယောက်သည် ဖြတ်ခနဲ ဘေးသို့ ရွှေ့လျားသွား၏။ သူတို့သည် စားပွဲနောက်ဘက်မှ စန္ဒကူးသစ်သားခုံသုံးခုပေါ်တွင် ပေါ်လာ၏။ ထိုအချိန်မှာ အရပ်မြင့်မြင့် ပိန်ပိန်ပါးပါး သက်လတ်ပိုင်းလူတစ်ယောက်က သစ်သားတံခါးနောက်မှ လှမ်းထွက်လာ၏။ ထိုသူက လိမ်မာပါးနပ်သည့်အသွင်အပြင် ရှိ၏။

ထိုသူက စားပွဲထံ လျှောက်လာပြီး ချောင်းအနည်းငယ် ဟန့်ကာ ကြေငြာသည်။ “ဒီလေလံပွဲကို ကျုပ်က စီမံမှာ ကြီးမှူးမှာ ဖြစ်တယ်။ လေလံပွဲအတွက် ပထမဆုံး ပစ္စည်းကတော့ ထိပ်တန်းမှော်ပစ္စည်းတစ်ခု ဖြစ်တဲ့ မီးတိမ်ဓားပဲ။ ဒီပစ္စည်းဟာ…”

All Chapters