စက်ရုပ်သေးသားရဲများ
Vol. 16 Ch. 224
လေလံပွဲ၏ ပထမဆုံးအမယ်က အစွမ်းထက်သော ထိပ်တန်းမှော်ပစ္စည်းတစ်ခု ဖြစ်နေ၏။ ထိုအခါ ဟန်လိမှာ အံ့အားသင့်သွားရသည်။
ထိုပိန်ပါးကာ အရပ်မြင့်သောသူက ထိုမှော်ပစ္စည်းအမယ်အကြောင်း ဏဏနန ရှင်းပြနေပြီး မြေကမ္ဘာပေါ်တွင် တွေ့ရခဲသည်ဟု ဆိုသည်။ ဟန်လိသည်ပင် ထိုအကြောင်းကို ကြားသည့်အခါ ၎င်းကို ဝယ်ဖို့ စိတ်ဝိညာဉ်ကျောက်တုံးများကို စမ်းမိ၏။ တခြား ထိပ်တန်းမှော်ပစ္စည်းများ ကင်းမဲ့သူများဆို ဆိုဖွယ်ရာ မရှိလေပေ။
မျှော်လင့်ထားသည့်အတိုင်း စိတ်ဝိညာဉ်ကျောက်တုံး နှစ်ရာကို ကြမ်းခင်းဈေး ခေါ်သည့်အခါ စိတ်မရှည်သော ကျင့်ကြံသူ သုံးလေးယောက်က ချက်ခြင်း ဈေးပေးကြ၏။ မျက်စိတစ်မှိတ်အတွင်း ဒီမီးတိမ်ဓား၏ တန်ကြေးက စိတ်ဝိညာဉ်ကျောက်တုံး သုံးရာကျော်ထိ မြင့်တက်လာခဲ့၏။ ထိုအခါ မူလတုန်းက ဈေးခေါ်ရန် ဟန်ပြင်နေသော ကျင့်ကြံသူများ၏ အတွေးကို ချက်ခြင်း ငြှိမ်းသေစေတော့၏။
မီးတိမ်ဓား၏ မီးတိမ်တိုက်ခိုက်မှုများက မဆိုးလှသော်လည်း ၎င်းသည် အစစ်အမှန် အရည်အသွေးရှိသော ထိပ်တန်းမှော်ပစ္စည်းကိုမူ မမှီပါ။ ၎င်းအတွက် စိတ်ဝိညာဉ်ကျောက်တုံး သုံးရာကျော် သုံးစွဲခြင်းက နည်းနည်း ဖြုန်းတီးရာ ကျမည့်ပုံ ပေါ်နေ၏။
သို့ပေမည့် ၎င်းဓားကို မဝယ်ချင်သူများ ရှိနေခဲ့လျှင်ပင် လက်ဦးမှု ရယူလိုသော သူများလည်း ရှိသည်သာ။
ထိုသို့ ဝယ်ချင်သူများအဖို့ လေလံပွဲနောက်ပိုင်း၌ ပြသမည့် ပစ္စည်းအမယ်များက အရည်အသွေး ပိုကောင်းမည် ဖြစ်သော်လည်း သူတို့အဖို့ ရနိုင်ဖို့ နည်းလမ်း မရှိပေ။ သူတို့အတွက် ယခု သူတို့မျက်စိရှေ့တွင် မြင်နေရသော ဝယ်ခြင်းက ပို၍ ကောင်းသလို လက်တွေ့လည်း ပိုဆန်၏။
သို့ဖြစ်၍ မီးတိမ်ဓား၏ တန်ကြေးက စိတ်ဝိညာဉ်ကျောက်တုံးလေးရာထိ တန်ကြေး ရောက်လာခဲ့ကာ အောင်မြင်စွာ ရောင်းချပြီးခဲ့လေပြီ။
အရုပ်မျက်နှာဖုံးကို ဝတ်ထားသော ကျင့်ကြံသူတစ်ယောက်က စိတ်ဝိညာဉ်ကျောက်တုံးများ ပေးအပ်ပြီးနောက် သူ့လက်ထဲတွင် ထိုဓားကို ကိုင်ဆောင်ကာ ခုံပေါ်သို့ ပျော်ပျော်ရွှင်ရွှင် ပြန်လာထိုင်သည်။
ပိန်ပါးပါးနှင့် အရပ်မြင့်သောသူက ထိုသူ ထိုင်ခုံပေါ်သို့ ပြန်ထိုင်သည့်အထိ စောင့်နေပြီးနောက်မှာ လည်ချောင်းရှင်း၍ ပြောလာ၏။
“ဒီဆိုင်ရဲ့ ဒုတိယမြောက် ပစ္စည်းကတော့ မှော်ပစ္စည်းသန့်စင်တဲ့ ဆရာသခင်တစ်ယောက်ရဲ့ မြတ်နိုးလှတဲ့ ထိပ်တန်းအဆင့် ကောင်းကင်နီစုဝေးခြင်း မီးပြင်းဖိုပဲ။ ဒီမီးပြင်းဖိုဟာ သန့်စင်ခြင်း ဆရာသခင်တွေရဲ့ လက်ထဲမှာ လက်ဆင့်ကမ်း ကျရောက်ခဲ့ပြီး ဖြစ်တဲ့အတွက် ဒီမီးပြင်းဖိုနဲ့ ထိပ်တန်းမှော်ပစ္စည်းအများအပြားကို သန့်စင်ခဲ့ပြီး ဖြစ်တယ်။ ဥပမာ တစ္ဆေအသံဓား၊ အဇူရာရေနဂါးအလံတော်၊ မီးတောက်နက်ပုလဲ…နဲ့ တခြားအရာတွေ အများကြီးပေါ့။ ဒီမီးပြင်းဖိုဟာ မှော်ပစ္စည်းတွေကို သန့်စင်တဲ့နေရာမှာ အပိုဂုဏ်သတ္တိတွေလည်း ရှိသေးတယ်လို့ ဆိုတယ်။ ဒါပေမဲ့ ဒီဆိုင်ကတော့ အဲ့တာဟာ မှန်လား၊မှားလားကို မသိဘူး။ ဒါ့ကြောင့် ဒီမီးပြင်းဖိုအတွက် ကြမ်းခင်းတန်ကြေးဟာ စိတ်ဝိညာဉ်ကျောက်တုံးလေးရာပဲ။ ဒါက သိပ်မများလှတဲ့ ဈေးပါ…”
ထိုသူက ယင်းသို့ ပြောနေလျက် သူ၏ သိုလှောင်အိတ်ထဲကနေ အနီရင့်ရောင် ဆေးမီးပြင်းဖိုတစ်ခုကို ထုတ်ကာ လူတိုင်း၏ရှေ့မှာပင် စားပွဲခုံပေါ်သို့ တင်သည်။
လူအများအပြားက သည်မီးပြင်းဖိုကို တောက်လောင်သော အကြည့်များဖြင့် စိုက်ကြည့်ကုန်၏။ သူတို့အားလုံးက ၎င်းကို သဘောကျတာ သိသာသည်။
ဟန်လိက ထောင့်တစ်နေရာမှာ ငြိမ်သက်စွာ ထိုင်နေလျက် ဖြစ်ပျက်သမျှကို အေးစက်စက် စောင့်ကြည့်နေ၏။ သူက သူ့လက်ထဲရှိ အဇူရာရေနဂါးအလံတော်သည် ထိုမီးပြင်းဖိုကနေ သန့်စင်ခဲ့သည်ဟု ကြားရသည့်အချိန် မတုန်လှုပ်မိဘဲ မနေနိုင် ဖြစ်ရသည်။ သို့သော် ဤသည်မှာ တုန်လှုပ်အံ့အားသင့်မှု တစ်ခုသာ။
သူက မှော်ပစ္စည်းများ သန့်စင်ခြင်းနှင့် ပတ်သတ်ပြီး ဘာဆိုဘာမျှ သိမထား၊ ထို့ကြောင့် သူသည် ထိုမီးပြင်းဖိုအတွက် ဖြစ်သင့်သော တန်ကြေးကိုလည်း မသိချေ။ သူက သူ မည်သို့ အသုံးပြုရမှန်း မသိသော ထိုပစ္စည်းအတွက် လှုပ်ရှားမှု မပြုမှာ ကျိန်းသေသည်။
“လေးရာနဲ့ ငါးဆယ်…”
“လေးရာခုနစ်ဆယ်…”
“ငါးရာ…”
ဟန်လိက မည်သို့ တွေးနေသည် ဖြစ်စေ ထိုမီးပြင်းဖို၏ တန်ကြေးက အချိန်တိုအတွင်း ကြောက်မက်ဖွယ် ဈေးထိ ခုန်ပေါက်တက်လာ၏။
“ခုနစ်ရာရှစ်ဆယ့်…”
အဝါရောင်ဝတ်စုံရှည် ဝတ်ထားသော ခပ်ဝဝပုံရိပ်တစ်ခုက အံတင်းတင်းကြိတ်ကာ ဈေးပေး၏။
“ရှစ်ရာ…”
ထိုသူနှင့် မလှမ်းမကမ်းရှိ အမျိုးသမီးတစ်ယောက်က သူ့ထက် ပိုများသော ဈေးနှုန်းကို အေးဆေးစွာ ထုတ်ပြောသည်။ ထိုအခါ သည်ခပ်ဝဝကျင့်ကြံသူက သူ့လက်နှစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ကိုင်မိသည်။
သူ၏ရှေ့မှ တန်ကြေးများက မိုးထိုးနေလေပြီ။ တခြားသူများက လေလံပြိုင်ဆွဲခြင်းကို လက်လျှော့ခဲ့ပြီး ဖြစ်၏။ သူတို့က အလိုအကျစွာဖြင့် သည်မောက်မာလှသော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်ကြား ဆက်၍ ဈေးအပြိုင်ပေးနေခြင်းကိုသာ ကြည့်နေတော့သည်။
“ရှစ်ရာငါးဆယ်။ အမျိုးသမီး…ခင်ဗျားက ကျုပ်ထက် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး ပိုပေးခဲ့ရင်တောင် ဒီမီးပြင်းဖိုဟာ ခင်ဗျားအပိုင်ပဲ…”
လူဝကျင့်ကြံသူက ကြမ်းကြုတ်စွာ ပြော၏။ သူက ထိုအမျိုးသမီးကျင့်ကြံသူကို ဒေါသတကြီးဖြင့် စိုက်ကြည့်နေသည်။
“ရှစ်ရာငါးဆယ့်တစ်…”
လူဝကျင့်ကြံသူ၏ စကားသံ ထွက်ပေါ်လာရုံ ရှိသေး အမျိုးသမီးကျင့်ကြံသူက အေးစက်စက် ရယ်မောကာ ရည်ရွယ်ချက်ရှိစွာ စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို ပိုပေး၍ ဈေးပြောသည်။ ထိုအခါ လူဝ ကျင့်ကြံသူ၏ ဝတ်ရုံရှည်အတွင်း ဖုံးကွယ်ထားသော မျက်နှာမှာ နီရဲနေလေပြီ။ သို့သော် သူက ထပ်မံ၍ ဈေးမပြိုင်ပေးတော့ပေ။
ထိုသို့ဖြင့် ထိုအခြေခံတည်ဆောက်ခြင်းအဆင့် အမျိုးသမီးကျင့်ကြံသူက လွန်စွာ တန်ကြေးမြင့်မြင့်ပေး၍ သည်ကျော်ကြားလှသော ဆေးမီးပြင်းဖိုကို ဝယ်ယူခဲ့ပေ၏။ မည်သို့ပင် ဖြစ်စေ သူမ ပေးခဲ့သော တန်ကြေးက တန်ပါ၏လော။
သည်တစ်ကြိမ် လေလံဈေးပြိုင်ခြင်းက ကြမ်းလှပုံပေါ်သည်။ ထိုသို့ဖြင့် မူလတုန်းက အေးတိအေးစက် ဖြစ်နေသော ဒီခန်းမထဲရှိ ရပ်ဝန်းက အပူရှိန်တက်လာ၏။ သည်ဆိုင်မှ ရောင်းချသော ထိပ်တန်းမှော်ပစ္စည်းများနှင့် သတ္တုအမယ်များမှာ ကျင့်ကြံသူအားလုံးကို လိုချင်တပ်မက်စိတ် ဖြစ်စေသည်။
သို့သော် ပစ္စည်းအမယ်ပေါင်း နှစ်ဆယ်လောက်ထိ ရောင်းချခဲ့ပြီးသည့်အထိ ဟန်လိသည် သူ လိုချင်သော အစီအရင်အလံ၊ သို့မဟုတ် အစီအရင်သတ္တုပြားတို့ကို မမြင်ရသေးပေ။ ထိုအခါ သူ့ကို စိတ်မရှည် ဖြစ်လာစေ၏။
ဟန်လိသည် ဒီလေလံပွဲ၌ သူ လိုအပ်သော ပစ္စည်းအမယ်များ မရောင်းချပါက ကြယ်မှုန်အဆောက်အဦထံသာ သွားရတော့မည့်ပုံပင်။
ဟန်လိ ထိုသို့ တွေးနေရုံရှိသေး ပိန်ရှည်ရှည်လူက နောက်ထပ် လေလံတင်မည့် ပစ္စည်း၏ အမည်ကို ထုတ်ပြောလာသည်။
“ထိပ်တန်းမှော်ပစ္စည်း၊ စက်ရုပ်သေးသားရဲတစ်စုံ၊ ၎င်းရဲ့ ခွန်အားဟာ ချီစုဆောင်းခြင်းတပည့်အဆင့်ကိုးနဲ့ ယှဉ်နိုင်တယ်။ ဒါ့အပြင် ၎င်းဟာ အကြွင်းမဲ့ သစ္စာရှိပြီး ပိုင်ရှင်ကို သေတဲ့အထိ ကာကွယ်ပေးလိမ့်မယ်။ ခင်ဗျားတို့သာ ဒါကို ဝယ်လိုက်ရင် ခင်ဗျားတို့နားမှာ အချိန်မရွေး သက်တော်စောင့်နှစ်ယောက် ရှိနေသလို ဖြစ်စေလိမ့်မယ်။ ကြမ်းခင်းဈေးကတော့ စိတ်ဝိညာဉ်ကျောက်တုံးတစ်ရာ…”
“စက်ရုပ်သေးသားရဲလား။ ဒါက ငါ့ရဲ့ ထိပ်တန်းမှော်ပစ္စည်းဖြစ်တဲ့ ရုပ်သေးလေးသမားနဲ့ အမျိုးအစား အတူတူ မဟုတ်လား…”
ဟန်လိက စိတ်လှုပ်ရှားသွားကာ ခါးမတ်သွားသည်။ သူက စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေ၏။
ပိန်ရှည်ရှည်လူက နက်မှောင် တောက်ပသော မှော်အရုပ်နှစ်ခုကို ထုတ်ယူခဲ့ပြီး ဖြစ်၏။ ယင်းတို့မှာ လက်သီးစုပ်ခန့် အရွယ် ရှိပြီး ပုံပန်းသွင်ပြင်က ကျားတစ်ကောင်၊ သို့မဟုတ် ခြင်္သေ့တစ်ကောင်နှင့် ဆင်၏။ သို့သော် ဆင်ရုံသာ ရှိတာ ဖြစ်ပြီး မည်သည့်သားရဲ အမျိုးအစားမှန်း အတိအကျ မသိရပေ။
“ဒီကို လာတဲ့ ဧည့်သည်တွေထဲမှာ စက်ရုပ်သေးတာအိုကျောင်းတော်ရဲ့ အမည်ကို ကြားဖူးတဲ့သူ နည်းလိမ့်မယ်…”
“ဒါက သန့်စင်မှော်ပစ္စည်းတွေကနေ မူလပြုထားတဲ့ တာအိုမှော်အမျိုးအစားတစ်ခုပဲ။ ပြီးတော့ ဒီစက်ရုပ်သေးဟာ မှော်ပစ္စည်းတစ်ခုနဲ့ လုံးဝ ကွဲပြားတယ်။ ဒီမှာရှိတဲ့ ကျုပ်တို့ အများစုက အဲ့အကြောင်းကို မသိပေမယ့် ဒီမှော်ပစ္စည်းတွေဟာ အနောက်ဘက်ကျဆုံး ဒေသတွေမှာ ထင်ရှားကျတယ်။ အဲ့နေရာမှာ ဝါးတစ်ထောင်လို့ ခေါ်တဲ့ကျောင်းတော်ဂိုဏ်းတစ်ခု ရှိပြီး သူတို့ဂိုဏ်းက ဒီတာအိုပညာရပ်ကို အဆုံးစွန် ဖွဲ့ဖြိုးအောင် လုပ်ဆောင်ခဲ့ကျတယ်…”
“ပြောကြတာကတော့ ထိပ်တန်းအဆင့် စက်ရုပ်သေးတွေဟာ အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူတွေနဲ့တောင် ယှဉ်နိုင်တယ်တဲ့။ ဒါ့အပြင် အခု ဒီစက်ရုပ်သေးသားရဲတွေကို ထိပ်တန်းလို့ သတ်မှတ်တာဟာ ဒီဆိုင်က သတ်မှတ်ချက်ပဲ။ ရုပ်သေးမှော်ပစ္စည်းတွေရဲ့ အဆင့်အရဆိုရင်တော့ ဒီကောင်တွေဟာ အဆင့်နှစ်ရုပ်သေးသားရဲတွေသာ ဖြစ်တယ်…”
အောက်ဘက်မှ ကျင့်ကြံသူများက သည်စက်ရုပ်သေးသားရဲနှစ်ကောင်ကို စိတ်မဝင်စားဘဲ မည်သူကမျှ တန်ကြေးမခေါ်သည်ကို မြင်သည့်အခါ ထိုသူက သူ သိထားသမျှကို သေချာ ရှင်းပြ၏။ ကျင့်ကြံသူများ၏ စိတ်ဝင်စားမှုကို ရလာမလားဟူသော မျှော်လင့်ချက်ဖြင့်ပင်။
သူ့စကားဆုံးသည့်အခါ အောက်ဘက်မှ ကျင့်ကြံသူများသည် စူးစမ်းချင်စိတ် ဖြစ်ကုန်သော်လည်း မည်သူကမျှ ထိုအရုပ်နှစ်ရုပ်ကဲ့သို့ ပစ္စည်းကို စိတ်ဝိညာဉ်ကျောက်တုံးများပေး၍ ဝယ်သည့်အထိ ရူးကြောင်ကြောင် အလုပ်ကို မလုပ်ချင်ကျပေ။ ထို့အပြင် ချီစုဆောင်းခြင်းအဆင့်ကိုးသာ ရှိမည့် သက်တော်စောင့်နှစ်ယောက်က ဒီမှာ ရှိနေသော ကျင့်ကြံသူများအတွက် ဘာလုပ်ရလေမည်နည်း။
“စိတ်ဝိညာဉ်ကျောက်တုံးတစ်ရာ…”
ထောင့်တစ်ခုမှ အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုသူက ဒီအရုပ်ကို အမှန်တကယ် ဝယ်ချင်နေ၏။ ချက်ခြင်းပင် ကျင့်ကြံသူအားလုံး၏ အကြည့်က သူ ရှိနေသော ထောင့်နေရာထံ ရောက်လာသည်။
သို့ပေမည့် ထိုသူမှာ ဟန်လိ မဟုတ်ပါ။ ထို့အပြင် နောက်ထပ် ထောင့်တစ်နေရာမှ မျက်နှာကို ဖုံးကွယ်ထားသော တစုံတစ်ယောက်၏အသံပါ ထွက်ပေါ်လာ၏။ သူက ခေါင်းတစ်ခုလုံးကို မီးခိုးရောင်အိတ်ကြီး စွပ်ထား၏။ သူ၏ ပုံစံက ထူးခြားကာ ရယ်ရွှင်ဟန်ပုံစံ ပေါက်နေ၏။
“စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာ့ငါးဆယ်…”
အခုအခါ ခန်းမထဲရှိ ကျင့်ကြံသူအားလုံး မင်သက်ကုန်၏။ သူတို့၏အကြည့်က နောက်ထပ် ဈေးအပြိုင်ပေးလာသူထံ ရောက်သွားပြန်သည်။
ထိုသူမှာ အစိမ်းရောင်ဝတ်ရုံရှည် ဝတ်ထားပြီး နောက်ဆုံးတန်းခုံများမှာ ထိုင်နေသော လူထွားတစ်ယောက်ပင်။ သူ၏ ဈေးပေးသံကြောင့် တခြားသူများ သူ့ထံ အကြည့်ရောက်လာသည့်အခါ သူက ထိုသူများကို အေးတိအေးစက် ပြန်စိုက်ကြည့်သည်။
“နှစ်ရာ…”
“ကျုပ်က သုံးရာပေးမယ်…”
“လေးရာ…”
“ခြောက်ရာ…”
မျက်စိတမှိတ်အတွင်း ထိုနှစ်ယောက်၏ ရုပ်သေးသားရဲနှစ်ကောင်အပေါ် ဈေးပြိုင်ပေးမှုက မယုံကြည်နိုင်ဖွယ် တန်ကြေးထိ ရောက်လာခဲ့သည်။
သည်တစ်ကြိမ် ခန်းမထဲရှိ ကျင့်ကြံသူများသည် တုံးအနေလျှင်ပင် တစ်ခုခု မှားနေပြီဟု ပြောနိုင်လေပြီ။
ထိုရုပ်သေးတစ်စုံ၌ ကြောက်မက်ဖွယ် လျှို့ဝှက်ချက်တစ်ခု ရှိနေလေသလား။ ကျင့်ကြံသူအားလုံး၏ စိတ်ထဲ၌ ထိုအတွေး ပေါ်လာ၏။
ခန်းမထဲရှိ ကျင့်ကြံသူများသည် တစ်ယောက်နှင့်တစ်ယောက် အကြိမ်အနည်းငယ် ကြည့်မိကုန်၏။ သူတို့၏ စိတ်နှလုံးမှာ ကျယ်လောင်စွာ စခုန်ပေါက်လာခဲ့ပြီ။ လေလံဈေးပြိုင်ပေးသည့်အထဲ ပါဝင်လာသော သန်မာသည့်သူအချို့ပါ ရှိလာခဲ့၏။
သို့ပေမည့် စိတ်ထဲ၌ သံသယရှိနေသောသူအချို့လည်း ရှိသည်။
ထိုနှစ်ယောက်ကို သည်ဆိုင်ခန်းက လျှို့ဝှက်ငှားယမ်းထားတာ မဖြစ်နိုင်ပေဘူးလား။ သူတို့က ကျန်သည့်သူများ စိတ်လှုပ်တရှား ဖြစ်ကာ ပါဝင်လာစေဖို့အတွက် တန်ကြေးကို အံ့မခန်း လုပ်ကြံပေးနေခြင်းလား။
ထိုသို့တွေးမိသူများက မနည်းပေ။ ဟန်လိလည်း ထိုသူများထဲမှ တစ်ယောက်အပါအဝင်သာ။ ထို့ကြောင့် သူက မထူးခြားနားစွာ ဆက်၍ စောင့်ကြည့်နေ၏။ မည်သို့မျှ မလှုပ်ရှားသေးချေ။
“ကျုပ်က ဒီပစ္စည်းနဲ့အတူ စိတ်ဝိညာဉ်ကျောက်တုံးကိုးရာ ပေးမယ်…”
လေလွံပွဲတွင် ပါဝင်သူ ကျင့်ကြံသူ အရေအတွက် တိုးလာသည်ကို မြင်သည့်အခါ လူထွားကျင့်ကြံသူ၏ စိတ်ထဲ၌ စိုးရိမ်မှု ဖြစ်ပေါ်လာ၏။ သူက အမှန်တကယ် သူ၏ သိုလှောင်အိတ်ထဲမှ ပစ္စည်းအမယ်တစ်ခုကို ထုတ်ယူသည်။ ထို့နောက်တွင် သူက ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်း၍ ပိန်ရှည်ရှည်လူ၏ ရှေ့မှာ ရပ်သည်။ ထို့နောက် သူ၏ ပစ္စည်းကို စားပွဲပေါ်သို့ တင်ပြီး ကြမ်းရှရှလေသံဖြင့် ပြောသည်။
“ဒီပစ္စည်းက စိတ်ဝိညာဉ်ကျောက်တုံးထောင်ချီ ထိုက်တန်တယ်။ ဒါက ဒီရုပ်သေးသားရဲတွေကို လဲလှယ်ဖို့အတွက် လိုတာထက်တောင် ပိုနေပြီ။ ကျုပ်ကိုပဲ ဒီရုပ်သေးသားရဲနှစ်ကောင် မြန်မြန် ပေးလိုက်ပါ…”