← Chapters

နဂါးမှန်းသိအောင် အမောက်ထောင်ပြ

Vol. 6 Ch. 74

နဂါးမှန်းသိအောင် အမောက်ထောင်ပြ

Vol. 6 Ch. 74

“များလိုက်တဲ့လူအုပ်ကြီးပါလား"

ပြိုင်ပွဲကွင်းထဲကို ရောက်လာတဲ့  လီဖူချန်းက ပရိသတ်ရဲ့ ဖိအားကို ခံစားလိုက်ရပါတယ်။ ယုံဝူးမြို့ရဲ့ စင်မြင့်က လူတစ်ထောင်လောက်ပဲ ဆံ့တာလေ။ အခုလို လူသောင်းချီက လာရောက် ကြည့်ရှုနေတာက သူ့ကို မတူညီတဲ့ ခံစားမှုတစ်ခုကို ပေးစွမ်းနေပါတယ်။ ဒီစင်မြင့်က သူ့အစွမ်းတွေကို ထုတ်ပြရမယ့် စင်မြင့်ပင် မဟုတ်ပါလား။

“မင်းတို့အားလုံး မဲအိုးထဲက မဲပြားတွေကို တစ်ပြိုင်တည်း နှိုက်လိုက်ကျ"

ရှောင်လျန်းဖန်က ပြိုင်ပွဲဝင် အယောက်(၂၀)လုံးကို ပြုလုပ်ရမယ့် အရာကို ညွှန်ကြားလိုက်ပါတယ်။

“ဟုတ်ကဲ့ပါ အကြီးအကဲ"

လီဖူချန်းနဲ့ ကျန်တဲ့လူတွေက စင်မြင့်ပေါ်ကို ခုန်တက်လိုက်ပြီး မဲပြားတစ်ခုစီကို ယူလိုက် ကျပါတယ်။ လီဖူချန်းရဲ့ နံပါတ်ကတော့ သုံးပါ။ ထို့နောက်မှာတော့ ချန်ဇောင်မင်က ပြိုင်ပွဲစဖို့ အချက်ပြလိုက် ပါတယ်။ ပထမဆုံး ယှဉ်ပြိုင် ရမှာကတော့ မဲနံပါတ် တစ်ကို ရတဲ့ သူနှစ်ယောက်ပါ။ သူတို့တွေကတော့  ကောင်းရှုနဲ့ ဝူကျင်မိန်ပါဘဲ။

"ဝေး  ... ဟေး ... ဟေး ... "

သူမတို့နှစ်ယောက် စင်ပေါ်ကို ရောက်သွားတာနဲ့ ပွဲကြည့်ပရိသတ်တွေက အမှန်အကန် အားပေးကြပါပြီ။ အထူးသဖြင့် ယောက်ျားလေး တပည့်တွေပေါ့လေ။ နာမည်တွေကို အော်ဟစ်ပြီး အားပေးလိုက် ဒါမှမဟုတ် လက်ခေါက်တွေ မှုတ်လိုက်နဲ့ပေါ့။

“ညီမလေးကောင်းရှု ... အစ်မကတော့ အလျော့ပေးဖို့အစီအစဉ်မရှိဘူးနော်"

ဝူကျင်မိန်က ဓားကိုဆွဲထုတ်လိုက်ပြီး စကားစစ် ထိုးလိုက်ပါတယ်။ ကောင်းရှုကတော့ မျက်နှာသေဖြင့် ပြန်ပြော လိုက်ပါတယ်။

“အလျော့ပေးဖို့လည်း မလိုပါဘူး"

"သတိထားတော့"

သူမရဲ့ သစ်သားဓားကို မြှောက်လိုက်ပြီး ဝူကျင်မိန်က တစ်ချက် လှုပ်ရှားလိုက်တာနဲ့ ဓားရိပ် အမြောက်အမြားဟာ ကောင်းရှုဆီကို တိုးဝင် သွားပါတယ်။ ဒါက လေရူးဓားသိုင်းပါ။ ကောင်းရှုကလည်း လက်တစ်ချက် လှုပ်လိုက်တာနဲ့ ပန်းပွင့်ပုံသဏ္ဌာန် ဓားအရိပ်တွေ ထွက်ပေါ်လာပြီး ဝူကျင်မိန်ရဲ့ ဓားရိပ်တွေကို ချေဖျက် လိုက်ပါတယ်။ ဒါက သူမလေ့ကျင့်ထားတဲ့ ဇီးပန်း ဓားသိုင်းပါဘဲ။

ချွင်… ချွင် ... ထန်… ... ထန် ...

သူမတို့ နှစ်ယောက်စလုံးက ပန်းဥယျာဉ်ထဲမှာ ကူးလူး ပျံသန်းနေတဲ့ ပန်းလိပ်ပြာလေးတွေ လိုပါဘဲ။ ဒါပေမဲ့ သူမတို့ရဲ့ ဓားချက်တွေက တစ်ချက်ကလေးမှတောင် အလျော့ပေး ညှာတာထားတဲ့ပုံ မရှိပါဘူး။

“ဝူကျင်မိန်ရဲ့ ကျင့်ကြံမှုနှုန်းနဲ့ နည်းစနစ်က ကောင်းရှုထက် အနည်းငယ် ပိုသာနေပေမယ့် ခန္ဓာကိုယ် သန့်စင် နည်းစနစ်မှာတော့ ကောင်းရှုက ပိုပြီး အရေးသာနေတာဘဲ"

စင်အောက်မှာတော့ လီဖူချန်းက သူမတို့နှစ်ယောက် တိုက်ခိုက်နေတာကို ကောင်းကောင်းကြီး သုံးသပ် လေ့လာနေပါတယ်။ သူသေချာ ပြောနိုင်တာကတော့ ဝူကျင်မိန်ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက ကောင်းရှုထက် အနည်းငယ်လေး နိမ့်ကျနေတဲ့ အတွက် အချိန် အနည်းငယ်လေး အတွင်းမှာတော့ ဘယ်သူနိုင်မလဲ ဆိုတာ မသေချာသေးပါဘူး။

သိုင်းကွက်(၁၀၀)လောက် ယှဉ်ပြိုင် အပြီးမှာတော့ ဝူကျင်မိန်က သူမရဲ့ နာမည်ကျော် ဓားကွက်ကို ထုတ်သုံးလာခဲ့ပါပြီ။

“အနောက်မြောက်အရပ်က လေရူး"

ဝူကျင်မိန်ရဲ့ လေရူးဓားသိုင်းက ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်နေပြီ ဖြစ်တဲ့အပြင် အခု ထုတ်လိုက်တဲ့ ဓားကွက်က သူမရဲ့ အကြိုက်ဆုံး ဓားကွက်ဖြစ်တဲ့အတွက်  ဓားချက်က အလွန်တရာမှ မြန်ဆန်ပြီး သေသပ်လွန်းလှပါတယ်။

“ဇီးပန်းတစ်ထောင်"

ခက်တာက ကောင်းရှုရဲ့ ဓားသိုင်းအပေါ် ပါရမီက ဝူကျင်မိန်ထက်ကို ကောင်းနေတာပါဘဲ။ သူမထုတ်လိုက်တဲ့ ဓားကွက်က သူမနဲ့အရမ်းကို သဟဇာတ ဖြစ်လွန်းနေပါတယ်။ ဝူကျင်မိန်ရဲ့ နာမည်ကျော် ဓားကွက်က ဇီးပန်းတစ်ထောင် ဓားကွက်အောက်မှာ ကျရှုံးသွားပါတယ်။

“တစ်ပင်တည်း နွယ်"

ဝူကျင်မိန်ရဲ့ ဓားကွက် အပြောင်းကိုမစောင့်တော့ဘဲ ကောင်းရှုက သူမရဲ့ အကြိုက်ဆုံး ဓားကွက်နဲ့ အရင်ဦးအောင် ပြန်တိုက်လိုက်ပါတယ်။ သူမရဲ့ဓားကွက်က နွယ်ပင်တစ်ပင်လိုပါဘဲ ပျော့ပျောင်း ညင်သာစွာနဲ့ ဝူကျင်မိန်ရဲ့ လည်ပင်းကို ဦးတည် သွားနေတယ်လေ။

“အစ်မတော် ရှုံးပြီ"

ဝူကျင်မိန်ရဲ့ လည်ပင်းမှာ ဓားကိုထောက်ရင်းနဲ့ ကောင်းရှုက တည်တည်ငြိမ်ငြိမ် ပြောလိုက် ပါတယ်။ ဝူကျင်မိန်က စိတ်ပျက်တဲ့လေသံဖြင့်

“ဓားကွက်က အရမ်းကောင်းတယ် ကောင်းရှု"

ပြောပြီးတာနဲ့ ဝူကျင်မိန်က စင်ပေါ်ကနေ ဆင်းသွား ပါတော့တယ်။

“သေသပ်လိုက်တဲ့ ပန်းပွင့် ဓားသိုင်းဘဲ"

ပွဲကြည့် စင်ပေါ်မှာတော့ အသားအရေက နှင်းလိုဖြူဖွေးပြီး ကျောက်စိမ်းလို ကြည်လဲ့နေတဲ့ မျက်လုံးနဲ့ မိန်းမချောလေး တစ်ယောက်က ကောင်းရှုကို ချီးမွမ်းလိုက်ပါတယ်။ သူမကတော့  ပန်းပွင့်ဓား နတ်မိမယ် ချန်ဖန်းဟွာ ပါဘဲ။ သူမကို လူအများက ပန်းပွင့်ဓား နတ်မိမယ်လို့ ဘာလို့ အမည်ပေးခဲ့ကျလဲ ဆိုတော့  သူမက အပြင်စည်း ဂိုဏ်းသားဘဝတုန်းက ပန်းပွင့်ဓားသိုင်းကို လေ့ကျင့်ခဲ့လို့ ပါဘဲ။

အခုအတွင်းစည်း ဂိုဏ်းသားဘဝမှာတော့ သူမက ပန်းပွင့်အသင်္ချေ ဓားသိုင်းကို ပြောင်းပြီး လေ့ကျင့်နေပါပြီ။ ဒါကြောင့်မလို့ သူမက  ပန်းပွင့်ဓားသိုင်း ကျင့်တဲ့ ကောင်းရှုအပေါ် ပိုပြီးအာရုံစိုက်မိ နေတာပါ။

"လေရူးဓားသိုင်းက တကယ်တမ်း အဲဒီလောက်ဆိုးတဲ့ ဓားသိုင်းတော့ မဟုတ်ဘူး။

ဒီဓားသိုင်းက မိန်းကလေးတွေနဲ့ သိပ်ပြီး မအပ်စပ်လို့ ဝူကျင်မိန် ရှုံးရတာဘဲ"

တိမ်တိုက်ဓား လျူရှန်ဟီးက ဝူကျင်မိန်ရဲ့ ရှုံးပွဲအပေါ် မှတ်ချက် ချလိုက်ပါတယ်။ ကောင်းရှုနဲ့ ဝူကျင်မိန်တို့ ပွဲအပြီးမှာတော့ မဲနံပါတ်နှစ်ကို နှိုက်မိတဲ့ ပြိုင်ပွဲဝင် နှစ်ယောက်က စင်ပေါ်ကို တက်လာကျပါတယ်။ သူတို့တွေကတော့ ဟောင်ဖန်နဲ့ ရှန်ကောင်းဟောင်ပါဘဲ။ ရှန်ကောင်းဟောင်က အသာအယာဘဲ အနိုင်ယူလိုက်ပါတယ်။

“မဲနံပါတ်သုံး ကျတဲ့သူတွေ စင်ပေါ်ကို တက်လို့ရပြီ။

ဒိုင်ဖြစ်သူ အကြီးအကဲက ကြေငြာ လိုက်ပါတယ်။

"ဒါ ငါ့အလှည့်ဘဲ"

လီဖူချန်းက စင်ပေါ်ကို လျှပ်တစ်ပျက် ခုန်တက်သွားပါတယ်။ တစ်ဖက် အခြမ်းကလည်း လူတစ်ယောက်က ရိပ်ခနဲ ခုန်တက်လာပါတယ်။ သူက သေသေချာချာ အကဲခတ်လိုက်တဲ့ အခါမှာတော့ ပြိုင်ဘက်ကင်း (၁၀)ယောက်ထဲက စွန်းကျန်းပါ။ စွန်းကျန်းက လီဖူချန်းကို မြင်လိုက်တာနဲ့ သူကံဆိုးပြီ ဆိုတာ သိလိုက်ပါတယ်။ ဒီပြိုင်ပွဲဝင် အယောက် (၂၀)ထဲမှာ သူမတွေ့ချင်ဆုံး ပြိုင်ဘက်က လေးယောက် ရှိပါတယ်။ လီဖူချန်းက အဲဒီလေးယောက်ထဲက တစ်ယောက်ပါဘဲ။ ကျင်းရှောင်ယုကိုတောင် လက်သီး တစ်ချက်တည်းနဲ့ အလှဲထိုးခဲ့တဲ့ လီဖူချန်းကို သူက ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။

ဒါပေမဲ့သူက ဒီလိုမဖြစ်နိုင်တဲ့ စိန်ခေါ်မှုတွေကို ပိုပြီး ကြိုက်ပါတယ်။ ပြီးတော့ သူက သူ့ ဓားသိုင်း အပေါ်လည်း ယုံကြည်မှု ရှိပါတယ်။

“လီဖူချန်း ... ဒါကိုမြည်းကြည့်စမ်း"

စွန်းကျန်းက အရင်ဆုံး လက်ဦးမှုယူပြီး စတိုက်လိုက်ပါတယ်။ သူ့ရဲ့ ဓားမြန်ချက်ကတော့ မြွေဟောက် တစ်ကောင်ရဲ့ လျှာအထုတ်အသွင်း လုပ်နေသလိုပါဘဲ။ သူ ထုတ်သုံးလိုက်တဲ့ ဓားသိုင်းက အဝါရောင် အထွတ်အထိပ် ဓားသိုင်းဖြစ်တဲ့ မြွေစိမ်း ဓားသိုင်းပါ။

“လေပြေဓားသိုင်းရဲ့ စီးမျောခြင်း"

တစ်ဖက်ကမ်းခတ်အောင် ကျွမ်းကျင်ထားတဲ့ လေပြေဓားသိုင်းကို လီဖူချန်းက အလှပဆုံး သိုင်းကစား ပြနေပါတယ်။ လီဖူချန်းရဲ့ ဓားချက်တွေက မြွေစိမ်းဓားသိုင်းရဲ့ ဓားချက်တွေအောက်မှာ လိုက်လျော ညီထွေစွာ စီးမျောနေပြီး ခုခံကာကွယ် နေပါတယ်။ လီဖူချန်းက ဓားချက်တစ်ချက်ပဲ ထုတ်လိုက်တာ ဖြစ်ပေမယ့် စွန်းကျန်းရဲ့ အမြင်မှာတော့ ဒီဓားချက်က သူ့ရဲ့ဓားကွက်ကို ချေဖျက် သွားရုံသာမက မမြင်ရတဲ့ ဖိအားတွေ ပိုပေးနေသလို ခံစား လိုက်ရပါတယ်။

ချွင်  ... ထန် ...

စွန်းကျန်းက ပထမဆုံး တိုက်လိုက်တဲ့သူ ဖြစ်ပေမယ့် နောက်ကို ပထမဆုံး ဆုတ်လိုက်ရသူ ကလည်း သူကိုယ်တိုင်ပါဘဲ။ သူက အနောက်ကို ဆုတ်ဖို့ကလွဲပြီး တခြား ရွေးချယ်စရာ မရှိတော့ပါဘူး။ သူသာ အနောက်မဆုတ်ဘူး ဆိုရင် ဒီတစ်ကွက်တည်းနဲ့ ရှုံးတော့မှာပါ။ ဒါကြောင့်သူက အရှုံးပေးမယ့်အစား နောက်ဆုတ်ဖို့ကိုသာ ဆုံးဖြတ်လိုက်ပါတယ်။

“ငါပြိုင်ဘက်ကို ဓားရေး သက်သက်နဲ့ပဲ အနိုင်ယူမယ်"

လီဖူချန်းက စွန်းကျန်းကို ခွန်အားသုံးပြီး အနိုင်မယူပဲ ဓားသိုင်းချင်း ယှဉ်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။ သူက ထူးချွန်တဲ့ တပည့်တစ်ယောက် ဆိုတာကို အကြီးအကဲတွေ သတိပြုမိဖို့အတွက် ပထမဆုံး အနေနဲ့ သူ့ဓားသိုင်းကို ထုတ်ပြဖို့ စဉ်းစားထားမိတယ်လေ။ ဓားကွက် တော်တော်များများ ယှဉ်ပြီးတဲ့အထိ စွန်းကျန်းရဲ့ မြွေစိမ်းဓားသိုင်းက လီဖူချန်းရဲ့ ထိန်းချုပ်မှု အောက်မှာပဲ ရှိနေခဲ့ပါတယ်။ စွန်းကျန်းက ဆက်မတိုက်ဘဲ ဓားကို ရုတ်သိမ်းလိုက်ပါပြီ။

“မင်းက အရမ်းတော်လွန်းတယ်။ ငါမင်းကို နိုင်မှာမဟုတ်ဘူး။ အရှုံးပေးပါတယ်"

စွန်းကျန်းက ပြုံးလျက် ကြည်ကြည်ဖြူဖြူပဲ အရှုံးပေးလိုက်ပါတယ်။ သူ့ရဲ့ဓားသိုင်းကို သူယုံကြည် ပေမဲ့လည်း  တစ်ဖက်လူက သူ့ထက်ကို အများကြီး သာနေတာကို သိရတဲ့အတွက် အရှုံး ပေးလိုက်တာက သူ့အတွက် အကောင်းဆုံးပါဘဲ။

“အလျော့ပေးတဲ့ အတွက်ကျေးဇူးပါ"

လီဖူချန်းက လက်နှစ်ဖက်ကို ခွက်ကိုင်ထားတဲ့ပုံံစံ လုပ်လိုက်ပြီး အရိုအသေ ပေးလိုက်ပါတယ်။ ယုဝူရှန်းရဲ့ မဲနံပါတ်ကတော့ လေးပါ။ သူက ဓားတစ်ချက်တည်းနဲ့ပဲ ပြိုင်ဘက်ကို အနိုင်ယူ လိုက်ပါတယ်။ သူ့ရဲ့ ခမ်းနားကြီးကျယ်လှတဲ့ ဓားစွမ်းရည်က ပြိုင်ပွဲကွင်း တစ်ခုလုံးကို အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေပါတယ်။ အားလုံးက ထင်ကြေးပေးထား ကျတာကတော့ ယုဝူရှန်းက ဒီနှစ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ပြိုင်ပွဲဝင်ပါဘဲ။ သူ့ကိုဘယ်သူမှ တားဆီးနိုင်ဖို့ မမြင်ပါဘူး။ ငါးပွဲမြောက်မှာတော့ ဇောင်မင်းယွီနဲ့ ဖန်လီဟိုင်တို့ တွေ့ကျပါတယ်။ ဖန်လီဟိုင်က စွမ်းပေမယ့်  ဇောင်မင်းယွီကိုတော့ မယှဉ်နိုင်ပါဘူး။ သူ့ရဲ့ ဒေါသနဂါး ဓားကွက်က  ဇောင်မင်းယွီရဲ့ ငွေသော်တာ ဓားသိုင်းအောင်မှာ ဝပ်တွား ခစင်းသွားရပါပြီ။

“ညီမလေး မင်းယွီက အတွင်းစည်း အကြီးအကဲချုပ်ရဲ့ မြေးမလေး ဆိုတဲ့အတိုင်း တကယ် ကြောက်စရာကောင်းတဲ့ ပါရမီကို ပိုင်ဆိုင် ထားတာပဲ။ အပြင်စည်း ဂိုဏ်းထဲမှာတော့ ယုဝူရှန်းကလွဲရင် ညီမလေးမင်းယွီကို ယှဉ်နိုင်တာ ရှန်ကောင်းဟောင်ဘဲ ရှိတော့မယ် ထင်တယ်”

“ရှန်ကောင်းဟောင်ကလည်း  အကြီးအကဲ ရှန်ကောင်းရဲ့ မြေးဆိုတော့ ခေမှာမဟုတ်ဘူးကွ"

ပရိသတ်တွေကတော့ အမျိုးမျိုး ထင်ကြေး ပေးနေကျပါတယ်။ နောက်တစ်ပွဲကတော့ ဂေါင်ချန်းရှန်နဲ့ ကျင်းရှောင်ယုတို့ ပွဲပါပဲ။ ဂေါင်ချန်းရှန်က ဆယ်ကွက်မြောက်မှာ ကျင်းရှောင်ယုကို အနိုင် ရသွားပါတယ်။ ဒီလိုနဲ့ ပထမဆုံး ပွဲစဉ်တွေ ပြီးဆုံးသွားတဲ့ နောက်မှာတော့ အနိုင်ရသူ (၁၀)ယောက် ထွက်ပေါ် လာပါပြီ။

ဒီထိပ်ဆုံး (၁၀)ဦးကနေ စတင်ပြီး ဆုတွေအဖြစ် ထောက်ပံ့ရေး ရမှတ်တွေ ပေးအပ် တော့မှာလည်း ဖြစ်ပါတယ်။

အဆင့် (၁) - ရမှတ် (၁၀၀၀၀၀)

အဆင့် (၂)နဲ့ အဆင့် (၃) - ရမှတ် (၈၀၀၀၀)

အဆင့် (၄)နဲ့ အဆင့် (၅) - ရမှတ် (၆၀၀၀၀)

အဆင့်(၆)ကနေ အဆင့်(၁၀) - ရမှတ် (၃၀၀၀၀)

စသည်ဖြင့် အသီးသီး ရကျမှာပါ။ မိုးပြာရောင် ဂိုဏ်းကပေးတဲ့ ရမှတ်တွေထဲမှာ ဒီပြိုင်ပွဲက ပေးတဲ့ ရမှတ်တွေက တော်တော် များတယ်လို့ သတ်မှတ်လို့ ရပါတယ်။ အပြင်စည်း အကြီးအကဲ တော်တော် များများတောင် ဒီလိုရမှတ်တွေ အများကြီးကို တစ်ချီတည်းနဲ့ မရနိုင်ပါဘူး။

ကျောင်းတော်က ဒီလိုဆုတွေကို ပြိုင်ပွဲတွေမှာပဲ ပေးတာဖြစ်ပါတယ်။ ဒီလိုရမှတ် တစ်ထောကြီးကို ရချင်ရင်တော့ နောက်တစ်မျိုးလည်း ရှိပါသေးတယ်။ အဲဒါကတော့ ကျောင်းတော်က ပေးတဲ့ ကျင့်စဉ်တွေကို အမြင့်ဆုံး အဆင့်အထိ ရောက်အောင် လေ့ကျင့်နိုင်တဲ့ အခါပေါ့။

လီဖူချန်းတောင်မှ အဲဒီဆုကြေးကို တစ်ခါ ရပြီးခဲ့ပါပြီ။ အတွင်းစည်း ဂိုဏ်းသား ဖြစ်သွားရင်တေ့ာ ရမှတ်ရနိုင်တဲ့ နည်းတွေက ပိုများပါတယ်။ တကယ်လို့ မင်းက ထူးချွန်တဲ့ ပါရမီတွေကို ပြနိုင်ရင်လည်း ဂိုဏ်းတော်က မင်းကို ထောက်ပံ့ရေး ရမှတ်တွေ အဆုံးမရှိတဲ့အထိ ထောက်ပံ့ ပေးထားမှာပါ။

***

All Chapters