ဖိစီးလာသော အပြစ်များ
Vol. 32 Ch. 438
ချင်မူ တတ်မြောက်ထားသည်မှာ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း ဖြစ်သည့်အပြင် ကမ္ဘာခြားမှ မိစ္ဆာနတ်ဘုရားများ၏ သွေးယဇ်ပူဇော်သော အစီအရင်နှင့် အလွန်ကွဲပြားသည်။ သူတို့၏အစီအရင်က ရှေးရိုးဆန်သော်လည်း ကောင်းကင်နတ်ဆိုးဂိုဏ်း၏ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းက အက္ခရာသင်္ချာဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ နေရာရွှေ့ပြောင်းရေးကောင်းကင်နတ်သိုင်းက မတူညီသော ဦးတည်ဘက်၊ မတူညီသော နေရာ၊ မတူညီသော အကွာအဝေး၊ မတူညီသော ဟင်းလင်းပြင် အနေအထားတို့အတွက် မှော်သင်္ကေတများ၏ အစီအစဉ်၊ နိယာမတရားကို တွက်ချက်၍ နေရာရွှေ့ပြောင်းရခြင်းဖြစ်သည်။ သို့သော် သွေးယဇ်ပူဇော်ခြင်းတွင်မူ ထိုကဲ့သို့ သဘောတရားများ မပါပေ။
ထို့ကြောင့် သွေးယဇ်ပူဇော်၍ နေရာရွှေ့ပြောင်းခြင်းကို ချင်မူတို့ ကြားဖြတ်နှောင့်ယှက်နိုင်လောက်သည်။
“ကြွက်နတ်မင်း၊ ကျွန်တော်နဲ့ ဘိုးဘိုးနားကန်းကို မြေကြီးအောက် ခေါ်သွားပေးပါ။ သူတို့ယဇ်ပလ္လင်ပေါ်က မှော်သင်္ကေတအစီအစဉ်တွေကို ကျွန်တော် ကြည့်စရာလိုလို့။ အဲ့ဒါမှ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း ထုတ်လွှတ်ပြီး ဘိုးဘိုးနားကန်းကို ပန်းချီဆွဲခိုင်းလို့ ရမှာ။ ကောင်းကင်ရေနဂါးမင်း၊ ကျွန်တော့်နောက် လိုက်ခဲ့။ ခင်ဗျားရဲ့ မှော်စွမ်းအင်ကို လိုအပ်တယ်” ချင်မူ အလျင်မြန် အမိန့်ပေးလိုက်သည်။ “ဘိုးဘိုးဆေးဆရာ၊ ဘိုးဘိုးတို့တွေ ဒီမှာ နေခဲ့ပြီး ဘွားဘွားနဲ့ ဧကရာဇ်အတိုင်ပင်ခံတို့ရဲ့ ရုပ်ခန္ဓာတွေကို စောင့်ရှောက်ပေးထားပါ”
အစီအစဉ် ချပြီးသည်နှင့် ကြွက်နတ်မင်းက သူတို့ကို နေသင်္ဘောအပြင်သို့ ချက်ချင်း ခေါ်သွားသည်။ “မလှုပ်ကြနဲ့။ ငါ မင်းတို့ကို မြေကြီးအောက်ထဲ ခေါ်သွားပေးမယ်” သူက ပြောရင်းဆိုရင်း ကြွက်ကြီးတစ်ကောင် အသွင်ပြောင်းလိုက်သည်။ မိစ္ဆာလေတစ်ချက်က ချင်မူ၊ နားကန်းနှင့် ကောင်းကင်နေဂါးမင်းတို့ကို ပင့်မကာ မြေကြီးအောက်သို့ ဆွဲချသွား၏။
ချင်မူမှာ လျင်မြန်စွာ ဖြတ်ပြေးနေသော မြေကြီးများကိုသာ မြင်နေရသည်။ များစွာမကြာလိုက်ဘဲ သူ့ခန္ဓာကိုယ် တုံ့ခနဲ ရပ်သွားသည်။ သူ့အရှေ့ရှိ နေရာသည် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ကျယ်ဝန်း၏။ ဘေးဘီဝဲယာကို ကြည့်လိုက်သည့်အခါ ကြွက်နတ်မင်း ပြောသည့် အံ့ဩတုန်လှုပ်ဖွယ်မြင်ကွင်းအား မြင်လိုက်ရသည်။
ဧရာမကြီးမားသော နတ်ဘုရားရုပ်တုတစ်ခုသည် မြေကြီးအောက်ထဲမှ ထွက်နေပြီး သံကြိုးများဖြင့် ငြိနေ၏။ ကြီးမားလှသည့် သံကြိုးကြီးများတွင် နန်းဆောင်များ ချိတ်တွဲနေကြသည်။ မြောက်မှတောင်သို့ ဆန့်တန်းနေသော ဓားမရှည်ကြီးကို ရစ်ပတ်တုပ်နှောင်ထားသည့် သံကြိုးများက ပို၍ပင် များပြားသေးသည်။
ဓားမရှည်ကြီးက ထွန်းလင်းတောက်ပနေသည်။ တစ်စုံတစ်ယောက်က ၎င်း ပျံထွက်သွားမည် စိုး၍ သံကြိုးများဖြင့် ချည်နှောင်ထားသည့်အလား ထင်ရ၏။
ဓားအရှည်ကလည်း တော်ရုံတန်ရုံမဟုတ်။ ၎င်းကို ထိန်းချုပ်စေစားနိုင်မည့်သူ ရှိပါသေး၏လော ဟုပင် ချင်မူ တွေးမိလာသည်။
ကံဆိုးသော ဤနတ်ဘုရားရုပ်တုသည် ဓားမနှင့် တိုက်မိသွားသဖြင့် အလွန်မာကြောသည့် ခေါင်းကြီးမှာ မျက်ခုံးနှစ်ဖက်ကြားနေရာအထိ ဟက်တက်ကွဲနေသည်။
နတ်ဘုရားရုပ်တု၏ ပင့်မြှောက်ထားသော လက်ဝါးအထက်တွင် ထောင်ထောင်မောင်းမောင်း ကျောက်ရုပ်တုများက ဟိုမှသည် ပျံသန်းကာ ယဇ်ပလ္လင်ကြီးတစ်ဆူကို တည်ဆောက်နေကြ၏။ ကျောက်ရုပ်တုများနှင့် ယဇ်ပလ္လင်ကြီးက ဧရာမကြီးမားသော်လည်း နတ်ဘုရားရုပ်တုနှင့် ယှဉ်သည့်အခါ အတိုင်းထက်အလွန် သေးငယ်ကြချေသည်။
မှန်သည်၊ ချင်မူ၊ နားကန်းနှင့် ကျန်ရှိသူများမှာတော့ မပြောပလောက်အောင် သေးမွှားလွန်း၏။
ချင်မူ ကောင်းကင်ကိုးဆင့်မျက်လုံးဖြင့် ယဇ်ပလ္လင်အပေါ်ရှိ မှော်သင်္ကေတများအား ဂရုတစိုက် ကြည့်ပြီး မှတ်သားလိုက်သည်။ ကြွက်နတ်မင်းက သူ ဘက်ပေါင်းစုံမှ ကြည့်နိုင်အောင် ရှေ့မှနောက်၊ ဘယ်မှညာသို့ သွားလာနေသည်။ အတန်ကြာသော် သူ မှော်သင်္ကေတအားလုံး မှတ်သားပြီးသွားသည်။
“ကြက်နတ်မင်း ရပြီ” ချင်မူ ခပ်တိုးတိုး ပြောလိုက်သည်။ “ဟိုက နန်းဆောင်ဆီ သွားရအောင်။ တွက်ချက်ဖို့ အဲဒီနေရာထဲ ဝင်ရလိမ့်မယ်”
ကြွက်နတ်မင်းက သူတို့ကို နန်းဆောင်တစ်ခုဆီ ခေါ်သွားပေးသည်။ ထိုနန်းဆောင်က တံတားပျံနှင့် ချိတ်ဆက်နေပြီး တံတားပျံက အဝေးရှိ ကျောက်ကမ်းပါးအထိ သွယ်တန်းနေသည်။ တစ်ချိန်တုန်းက ဤနေရာတွင် မြေအောက်ကို စောင့်ရှောက်ပေးခဲ့သူများ ရှိခဲ့လိမ့်မည်။
ချင်မူ မြေပြင်ပေါ် နင်းကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ တင်းတင်းစေ့ထားသော အနီရောင်ခန်းမ၏ တံတားအား သူ မြင်လိုက်ရ၏။ ကောင်းကင်မျက်လုံးများဖြင့် ကြည့်လိုက်သည့်အခါ အလွန်ရှုပ်ထွေးသော စည်းတံဆိပ်တစ်ခုကြောင့် ဝင်ရခက်နေခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။
“အဲဒီနားလေးပဲ”
ချင်မူ ထောင်ကျယ်အိတ်တစ်အိတ် ထုတ်၍ မွှေနောက်လိုက်၏။ ဝူကျိအင်းပြား၊ ထိုက်ကျိအင်းပြား၊ ဓာတ်ငါးပါးပုတီးစေ့၊ ပါ့ကွအင်းကွက်အစရှိသည့် အတိုင်းကိရိယာများ ထုတ်ကာ တန်းစီချထားလိုက်သည်။ အတိုင်းကိရိယာများက အတိုင်းအတာကိရိယာများသာ ဖြစ်သော်လည်း တည်ဆောက်ပုံချင်း မတူညီပေ။ တည်ဆောက်ပုံပေါ်လိုက်၍ အသုံးပြုရသည့် ကိရိယာ ကွဲသွားသည့်အတွက် သူ အများအပြား ထုတ်လိုက်သည်။
ချီစွမ်းအင်ဖြင့် ဤကိရိယာများကို ပင့်မြှောက်လိုက်သည့်အခါ မရေမတွက်နိုင်သော အတိုင်းအတာကိရိယာများသည် လေထဲတွင် ကွဲထွက်သွားပြီး အချင်းချင်း ပြန်ဆက်နေကြ၏။ ကြွက်နတ်မင်းနှင့် နားကန်းမှာ တဖိတ်ဖိတ် တောက်ပနေသော မျက်လုံးများဖြင့် ငေးကြည့်နေမိတော့သည်။
တခဏကြာသော် အလွန်ရှုပ်ထွေးသော အတိုင်းကိရိယာတစ်ခုက ကိုက်ပေါင်းများစွာကို နေရာယူလျက် ဖွဲ့တည်သွားသည်။ ဒွိကိန်းစနစ်၊ စတုကိန်းစနစ်၊ ပဉ္စကိန်းစနစ်၊ အဋ္ဌကိန်းစနစ်၊ နဝကိန်းစနစ်၊ ဒဿကိန်းစနစ်၊ ကိန်း ၁၀ လုံးနှင့် အက္ခရာခြောက်လုံးကို အခြေပြုထားသည့် စနစ်နှင့် အက္ခရာခြောက်ဆယ့်လေးလုံးကို အခြေပြုထားသည့်စနစ် အစရှိသဖြင့် ထူးဆန်းသောကိန်းစုများက သူ၏ချီစွမ်းအင်နှင့်အတူ ရွေ့လျားရင်း တချောက်ချောက် မြည်သံများ ထွက်ပေါ်နေသည်။
ပေသီးများလည်း ကောင်းကင်ယံတွင် ဖွဲ့တည်နေပြီး အထက်အောက် တဂျောင်းဂျောင်း ရွေ့လျားနေ၏။
ကုဗတုံးများ၊ ကုဗတိုင်လုံးများလည်း ရှိသည်။ ၎င်းတို့က ရှည်လိုက်၊ တိုလိုက်ဖြင့် တွက်ချက်နေသည်။
“မင်း နားလည်လား” ကြွက်နတ်မင်းက နားကန်းကို တိုးတိုးတိတ်တိတ် ကပ်မေးလိုက်သည်။
နားကန်းက လက်ခါပြသည်။ “ငါ နားမကြားရဘူး”
ကြွက်နတ်မင်း ရယ်ရမည်လား၊ ငိုရမည်လား မသိတော့ပေ။
ရုတ်တရက် ချင်မူက ထောင်ကျယ်အိတ်ကို လှုပ်ခါလိုက်ရာ အတိုင်းကိရိယာအားလုံး အထဲပြန်ဝင်သွား၏။
“တွက်ချက်ပြီးသွားပြီ။ အခုက ဘိုးဘိုးနားကန်းအလှည့်ပဲ”
ချင်မူ ချီစွမ်းအင် ထုတ်လွှတ်လိုက်သည့်အခါ ကောင်းကင်ယံတွင် နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းဝင်္ကပါတစ်ခု ဖြစ်တည်လာပြီး မှော်သင်္ကေတမျိုးစုံ လင်းလက်လာ၏။
နားကန်းက မော့ကြည့်ပြီး လေထဲတွင် ပန်းချီဆွဲလိုက်သည်။ စုတ်တံက နဂါးတစ်ကောင်လို၊ မြွေတစ်ကောင်လို လူးလွန့်ရွေ့လျားသွားပြီး ဝင်္ကပါကို လျင်မြန်စွာ ရေးဆွဲပြီးစီးသွားသည်။ မှော်သင်္ကေတအမှတ်အသားများက ချင်မူ၏ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းနှင့် မကွာခြားပေ။
သူ သုံးလိုက်သည်မှာ ပန်းချီလမ်းစဉ်၏ ပညာရပ်တစ်ခုဖြစ်သော ချင်မူ ပြောခဲ့ဖူးသည့် ‘ပန်းချီထဲက ကမ္ဘာ’ ဖြစ်သည်။ ယခင်တုန်းက နားကန်း၏ ပန်းချီစွမ်းရည်က အတွင်းထဲမှ ပန်းချီကို အပြင်၌ အသက်ဝင်လာစေသည်။ သူ လေကို ဆွဲလိုက်လျှင် လေတိုက်မည်။ မိုးကြိုးဆွဲလိုက်လျှင် မိုးကြိုးပေါ်လာမည်။ သို့သော် ယခုတွင် သူ၏ပန်းချီက အတွင်းထဲတွင် ကမ္ဘာတစ်ခုကို ဝှက်ထားပေးလာနိုင်၏။
ချင်မူ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းကို ဖယ်ရှားကာ ချီစွမ်းအင်ကို တစ်ဖန် ထုတ်ဖော်လိုက်သည်။ ထိုအခါ ကောင်းကင်ယံတွင် နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း နောက်တစ်မျိုး ပေါ်လာသည်။
နားကန်းက ဒုတိယနေရာရွှေ့ပြောင်းဝင်္ကပါကိုလည်း ကူးယူရေးဆွဲလိုက်သည်။ ကြွက်နတ်မင်း ပန်းချီကို ကြည့်လိုက်သောအခါ ဆွံ့အမှင်သက်သွား၏။ နားကန်းက ပြားကပ်နေသော မျက်နှာပြင်ထက်တွင် ရေးဆွဲနေသည်မှာ သိသာသော်လည်း အထဲ ကြည့်လိုက်ပါက အတွင်းနေရာ ရှိနေကြာင်း မြင်ရလိမ့်မည်။ ချင်မူ ပြသခဲ့သော နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းနှင့် ချွတ်စွပ်တူ၏။
သိုင်းအဆင့်ကန့်သတ်ချက်များကြောင့် ကောင်းကင်နတ်သိုင်း ခြုံလွှမ်းထားသော ဧရိယာမှာ သိပ်မကြီးမားသည့်အပြင် စွမ်းအားကလည်း သိပ်မပြင်းထန်ပေ။ သို့တိုင်အောင် နားကန်း ဆွဲထားသည့် ပန်းချီက မကြီးမားသော်လည်း အထဲကို ကြည့်မိသောအခါ ကြွက်နတ်မင်း အံ့ဩတုန်လှုပ်သွားမိ၏။ ပန်းချီကား၏ အတွင်းနေရာမှာ အလွန်ကျယ်ဝန်းပြီး မိုင်နှစ်ရာကျော် လွှမ်းခြုံထားသည်။
ချင်မူက နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းကို ထုတ်လွှတ်လိုက်ပြန်ပြီး မျက်ကန်းလည်း တတိယမြောက် ပန်းချီကို ဆွဲလိုက်သည်။ ဆွဲပြီးသောအခါ ချင်မူက တတိယပန်းချီကို သူ့ခြေထောက်အောက်တွင် ထားစေ၏။
နားကန်းမှာ မည်သည့်အတွက်ကြောင့်မှန်း နားမလည်၍ ကြောင်သွားသော်လည်း ချင်မူ ပြောသည့်အတိုင်းပင် လုပ်လိုက်သည်။
ချင်မူ၏ မျက်လုံးများမှ အလင်းတန်းတစ်တန်း ထွက်လာပြီး ဓားမကြီး၏အပေါ်ရှိ နေရာသို့ ကျရောက်သွားသည်။ “ဘိုးဘိုးမျက်ကန်း ပထမပန်းချီကို အဲဒီမှာ ထားလိုက်”
နားကန်းက စုတ်တံကို ခပ်ဆတ်ဆတ် ခါလိုက်ရာတွင် ပထမပန်းချီက ချင်မူ့အကြည့် ကျရောက်နေသည့် နေရာသို့ ဆင်းသက်သွားသည်။ ၎င်းက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။
ချင်မူ တိတ်ဆိတ်စွာ တွက်ချက်ကြည့်ပြီးသော် သူ့မျက်လုံးဆီမှ အလင်းတန်းနောက်တစ်တန်း ထွက်လာပြီး နတ်ဘုရားရုပ်တု၏ ဝမ်းဗိုက်အပေါ် ရောက်သွားသည်။ “ဒုတိယပန်းချီကို အဲဒီနေရာမှာ ထားမယ်”
နားကန်းက စုတ်တံကို ခါလိုက်၍ ဒုတိယပန်းချီလည်း မဆိုင်းမတွ ပျံထွက်သွားသည်။ ၎င်းလည်း အစအနမကျန် ကွယ်ပျောက်သွားသည်။
ချင်မူ စိတ်သက်သာရာရစွာဖြင့် ပြုံးလိုက်မိသည်။ “ဒီအတိုင်းဆို မိစ္ဆာစစ်တပ် သွေးယဇ်ပလ္လင်ဆီ မရွှေ့ပြောင်းလာနိုင်တော့ဘူး”
ကြွက်နတ်မင်းက မျက်မှောင်အနည်းငယ် ကြုတ်သွား၏။ “ဒီလောက်နဲ့ ရပါ့မလား” ချင်မူ ခေါင်းညိတ်လိုက်သော်လည်း ကြွက်နတ်မင်းမှာ စိတ်မအေးနိုင်သေးပေ။ “သေချာရဲ့လား။ မိစ္ဆာစစ်တပ် နေရာရွှေ့ပြောင်းလာပြီး ဒီနတ်ဘုရားရုပ်တုအတွက် ယဇ်ပူဇော်လိုက်ရင် တားဆီးမရတဲ့ ကပ်ဘေးကြီး ဖြစ်လာမှာနော်။ မင်းရဲ့ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းနှစ်ခုက သွေးယဇ်ပလ္လင်ကို နှောင့်ယှက်နိုင်တာ သေချာရဲ့လား”
နားကန်းလည်း စိတ်မအေးပေ။ သူက စိုးရိမ်ပူပန်စွာ မေးလိုက်သည်။ “မူအာ၊ မင်းရဲ့ ပန်းချီတွေက မိစ္ဆာစစ်တပ်ကို ဘယ်ပို့ပေးမှာလဲ”
ချင်မူ အတန်ကြာ တွန့်ဆုတ်နေပြီးနောက် ပြောလိုက်မိသည်။ “ကျွန်တော် နေရာရွှေ့ပြောင်းတာကို ပြောင်းလဲလို့မရဘူး။ နှောင့်ပဲ နှောင့်ယှက်နိုင်တာ....”
ကြွက်နတ်မင်း သက်ပြင်းချလိုက်မိသည်။ “နှောင့်ယှက်တာပဲဆိုတော့ သူတို့စစ်တပ်ကြီး ရောက်တော့ရောက်လာဦးမှာမလား”
ချင်မူ ခေါင်းညိတ်ကာ ရှင်းပြလိုက်သည်။ “နေရာရွှေ့ပြောင်းတယ်ဆိုတာ ဟင်းလင်းပြင်ထဲမှာ ပြောင်းလဲလိုက်တာမျိုးပါ။ သင်္ချာနည်းလမ်းနဲ့ တိတိကျကျ တွက်ထုတ်နိုင်ဖို့ လိုတယ်။ ကျွန်တော် နေရာရွှေ့ပြောင်းဝင်္ကပါနှစ်ခုနဲ့ ယဇ်ပလ္လင်နှစ်ဆူရဲ့ ပုံရိပ်တွေကို နှောင့်ယှက်ထားတယ်။ နှောင့်ယှက်မှုက သိပ်မထိရောက်ပေမယ့်လို့ သင်္ချာတွက်တာ တိကျရင် တစ်လက်မလေးကတောင် မိုင်တစ်ထောင် ကွာခြားသွားစေပါလိမ့်မယ်။ အမှားပါလို့လည်း မရဘူး။ သူတို့ ယဇ်ပလ္လင်နှစ်ဆူကို အသက်သွင်းလိုက်တာနဲ့ ....”
“လူသားဧကရာဇ်ချင်၊ ဒါက ပေါ့ပေါ့လေးမဟုတ်ဘူး” ကြွက်နတ်မင်း၏အသံက မာထန်နေသည်။ “လူတိုင်းရဲ့ သေရေးရှင်ရေးနဲ့ ဆိုင်တဲ့ ကိစ္စ၊ တစ်လက်မ ကွာတာလေးကိုပဲ အားကိုးမရဘူး။ အဆိပ်ဘုရင်ကို သွားရှာမယ်။ ပြောင်းရွှေ့လာမယ့် အဲဒီမိစ္ဆာတွေကို အဆိပ်ခပ်သတ်ပစ်ရမယ်။ လာ လိုက်ခဲ့ကြ”
သူ၏မိစ္ဆာလေက လူသုံးယောက်ကို သယ်၍ မြေအောက်ထဲမှ ထွက်ခွာတော့မည့်အချိန် ကမ္ဘာခြားမှ ပြင်းထန်သော အားလှိုင်းတစ်လှိုင်းက အချိန်နှင့် နေရာဟင်းလင်းပြင်ကို ဖြတ်သန်းကာ သူတို့ကို ဝင်တိုက်လိုက်သည်။
သူတို့ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်တစ်ခုလုံး လိမ်ဖယ်သွား၏။ မျက်နှာကျက်ကျောက်ပြားများလည်း တွန့်လိမ်သွားပြီး ဝဲကြီးတစ်ဝဲပမာ ဖြစ်လာသည်။ ဝဲထဲရှိ အရာအားလုံး ရှုံ့တွပုံပျက်လာကာ တဖြည်းဖြည်း အပေါက်ကြီးတစ်ပေါက် ပွင့်ထွက်လာသည်။
ဝှမ်...
အနှိုင်းမဲ့ လင်းထိန်နေသော နေရာရွှေ့ပြောင်းအလင်းရောင်က ထိုဝဲအတွင်းမှ ဖြာထွက်လာပြီး နတ်ဘုရားရုပ်တု၏ လက်ဝါးပြင်ထက်ရှိ ယဇ်ပလ္လင်ကြီးကို တောက်ပသွားစေသည်။
လက်ဝါးပြင်ထက်ရှိ ယဇ်ပလ္လင်၏ ပတ်ပတ်လည်တွင် ကျောက်ရုပ်တုများက ဒူးထောက်ကာ ထူးဆန်းသော မိစ္ဆာဘာသာစကားဖြင့် မန္တန်တချို့အား ရွတ်ဖတ်နေကြသည်။
ထိုအခိုက်အတန့်တွင် ဒုတိယနေရာရွှေ့ပြောင်းဝင်္ကပါ လင်းထိန်လာပြီး နေရာရွှေ့ပြောင်းအလင်းရောင်တွင် ပြောင်းလဲမှုတစ်စုံတရာ ဖြစ်ပျက်သွားသည်။ အလွန်သေးငယ်လွန်း၍ မည်သူမျှ သတိမထားမိလိုက်ပေ။
ရုတ်တရက် နေရာရွှေ့ပြောင်းအလင်းရောင်ထဲတွင် မိစ္ဆာစစ်သားများ ပေါ်လာကြသည်။
“နောက်ကျသွားပြီ....” ကြွက်နတ်မင်း ရင်ထဲတွင် စိမ့်အေးသွား၏။
သို့သော် သူ ထိုသို့တွေးနေသည့်အချိန်မှာပဲ ထူးဆန်းသောပြောင်းလဲမှု ဖြစ်ပျက်လာသည်။ နေရာရွှေ့ပြောင်းအလင်းရောင်ထဲရှိ မိစ္ဆာစစ်သားများမှာ ရုတ်တရက် တွန့်လိမ်သွားပြီး အပိုင်းပိုင်းပြတ်ထွက်ကုန်၏။ အားလုံး အလောင်းဘဝ ရောက်ကုန်ကြသည်။
နေရာရွှေ့ပြောင်းအလင်းတန်းမှာ တမုဟုတ်ချင်း နီစွေးသွားပြီး မိစ္ဆာများမှာ အော်ဟစ်ရုန်းကုန်နေကြသော်လည်း အချည်းနှီးသာ....
ကြွက်နတ်မင်း အံ့အားသင့်သွားသည့်အချိန် ချင်မူ့အသံ ထွက်လာ၏။ “ကောင်းကင်ရေနဂါးမင်း၊ ကျွန်တော့်ကို စွမ်းအားငှားပေး”
ကြွက်နတ်မင်း ချင်မူ့အား ကပျာကယာ လှမ်းကြည့်လိုက်သည့်အခါ တတိယပန်းချီ၏ အလယ်တွင် ရပ်နေသည်ကို မြင်လိုက်ရ၏။ ကောင်းကင်ရေနဂါးမင်းက ချင်မူ့ကျောပေါ် တက်ပြီး နဂါးသဏ္ဍာန်ဆေးမင်ကြောင်တစ်ခု အသွင်ပြောင်းသွားသည်။
ချင်မူ့အရှိန်အဝါက တရှိန်ထိုး မြင့်တက်သွားပြီး သူ့မျက်နှာ အတန်ငယ် မှင်သက်သွားသည်။ “ကောင်းကင်အလိုတော်မုခ်ဝ”
ကြီးမားထည်ဝါသော မုခ်ဝတစ်ခု သူ့အနောက်တွင် ဖွဲ့တည်လာကာ နေရာရွှေ့ပြောင်းအလင်းတန်းများက သူရှိရာသို့ ကွေးညွတ်လာသည်။ မိစ္ဆာစစ်သားတစ်ကောင်ပြီးတစ်ကောင် မုခ်ဝထဲ ဖြတ်သန်းသွားကြရသည်။
ရုတ်တရက် အလောင်းတစ်လောင်းက မုခ်ဝထဲမှ ပျံထွက်လာပြီး သူ့ခြေထောက်ဘေးသို့ ကျလာသည်။ ကူးပြောင်းရောက်ရှိလာသော မိစ္ဆာတစ်ကောင်၏ အလောင်းဖြစ်၏။ မိစ္ဆာ၏ ခြေလက်များမှာ တွန့်လိမ်ကောက်ကွေးနေပြီး သူ့ခေါင်းက ရင်ဘတ်ထဲ ရောက်နေသည်။ နေရာရွှေ့ပြောင်းနေသည့်အတောအတွင်း မတော်တဆဖြစ်သွားခြင်း ဖြစ်လိမ့်မည်။ သူက သူ့ခန္ဓာကိုယ်နှင့် မူလဝိညာဉ်ကို ပြန်ဆက်သွယ်လိုက်သော်လည်း အတွက်အချက်မှားသွား၍ နေရာလွှဲနေခြင်းဖြစ်သည်။
ရုပ်ခန္ဓာမှာ ထူးဆန်းစွာ သေဆုံးသွားပြီး မူလဝိညာဉ်မှာတော့ ယိုတုကမ္ဘာထဲတွင် ကျန်ရစ်ခဲ့၏။
ဘုန်း ဘုန်း ဘုန်း
ကောင်းကင်အလိုတော်မုခ်ဝဆီမှ အလောင်းတစ်လောင်းပြီးတစ်လောင်း ပြုတ်ကျလာပြီး တခဏအတွင်း ချင်မူ့ပတ်ပတ်လည်တွင် တောင်လို ပုံသွားသည်။
တောင်က မြင့်သထက် မြင့်လာ၏။
“ကျွန်တော့်ကို အပြစ်မတင်ပါနဲ့....”
တတိယပန်းချီ အသက်ဝင်လာပြီး နေရာရွှေ့ပြောင်းဝင်္ကပါကြီးတစ်ခု တရှိန်ထိုး ထွက်ပေါ်လာသည်။ အလင်းတန်းများ တလက်လက် တောက်ပလာကာ နန်းဆောင်၏ပတ်ဝန်းကျင်တစ်လျှောက် ဖြာထွက်သွား၏။
ကြွက်နတ်မင်းနှင့် နားကန်းမှာ နေရာရွှေ့ပြောင်းခံလိုက်ရ၍ လေလယ်တွင် ပေါ်လာကြသည်။ သူတို့ မြေပေါ် မဆင်းသက်နိုင်မှာပင် ကောင်းကင်ထက်တွင် ရုပ်ပျက်ဆင်းပျက် အလောင်းများ ပေါ်လာပြီး မဟာမြို့ပျက်၏ အပေါ်သို့ မိုးသဖွယ် ရွာကျသွား၏။
သူတို့ မော့ကြည့်လိုက်သည့်အခါ နေရာရွှေ့ပြောင်းအလင်းရောင်၏ အခြားတစ်ဖက်တွင် ကောင်းကင်အလိုတော်မုခ်ဝက မြင့်မားထည်ဝါလျက်ရှိသည်။ ကမ္ဘာခြားမှ မိစ္ဆာအလောင်းများကို မြှုပ်နှံနေသော တံခါးရှေ့ရှိ လူငယ်လေး၏ မျက်ဝန်းများမှာ စိုစွတ်လျက် ရှိချေသည်။