နှလုံးသားဟာ ငရဲ
Vol. 32 Ch. 439
အလောင်းမိုးက တစ်နာရီခန့် ကြာမြင့်ချေရာ အလောင်းမည်မျှ ပြုတ်ကျလာခဲ့သည်ကို ကောင်းကောင်းစိတ်ကူးကြည့်နိုင်၏။
မည်မျှတုန်လှုပ်ချောက်ချားဖွယ်ကောင်းလိုက်သနည်း။
အလောင်းမိုး စဲသွားသည့်ခါ ကြွက်နတ်မင်းက နားကန်းကို ခေါ်၍ မြေကြီးအောာက်မှ ကပျာကယာ ထွက်လာသည်။ ကျောက်ရုပ်တုများ ယဇ်ပလ္လင်၏ ပတ်ပတ်လည်တွင် မလှုပ်မယှက် ရပ်နေကြသည်ကို သူတို့ မြင်လိုက်ရ၏။ သို့သော် နေရာရွှေ့ပြောင်းအလင်းရောင်က ငြိမ်းသေသွားပြီဖြစ်သည်။
သူတို့ နန်းဆောင်ဆီသို့ ကြည့်လိုက်ရာတွင် နန်းဆောင်း၏ အမိုးထက်ကို ရစ်ခွေလျက် ခေါင်းမော့ထားသော စိမ်းပြာရောင် ရေနဂါးတစ်ကောင်ကို မြင်တွေ့လိုက်ရသည်။ သူ၏နှုတ်ခမ်းမွှေးများက လေထဲတွင် လှုပ်ခတ်နေပြီး သူ၏ခေါင်းပေါ်၌မူ ချင်မူ ရပ်နေသည်။ သူက နတ်ဘုရားရုပ်တု၏ လက်ဝါးပြင်ထက်ရှိ ယဇ်ပလ္လင်ကို လှမ်းကြည့်နေသည်။
အဘိုးအိုနှစ်ယောက်သား တံတားပျံကို ဖြတ်၍ နန်းဆောင်ဆီသို့ ကမန်းကတန်း သွားလိုက်ပြီး အမိုးပေါ် တက်လိုက်ကြ၏။ နားကန်းမှာ အောက်သို့ ငုံ့ကြည့်ပြီး အတန်ငယ် မှင်သက်သွားသည်။
အောက်တွင် ယဇ်ပလ္လင်၏ ပတ်ပတ်လည်ရှိ ကျောက်ရုပ်တုများက တုပ်တုပ်မလှုပ်ဘဲ ကျောက်သားမျက်လုံးများဖြင့် မော့ကြည့်နေကြသည်။
“မူအာ ဘာဖြစ်သွားတာလဲ” နားကန်းက စိုးရိမ်ပူပန်စွာ မေးလာသည်။
“သူတို့ ကျွန်တော့်ကို ကြည့်နေကြတာ” ချင်မူ ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။ “သူတို့မျိုးနွယ်တွေကို သတ်လို့ ကျွန်တော့်ကို အပြစ်တင်ကြမယ်ထင်လားဟင်”
နားကန်းက ခေါင်းယမ်းလိုက်သည်။ “ဒီစစ်တပ်က စတေးဖို့မှန်း သူတို့ သိသားပဲလေ။ မင်းရဲ့ လက်ချက်နဲ့ မသေရင်တောင်မှ စတေးခံရဦးမှာပဲ။ ကိုယ့်ကိုယ်ကို အပြစ်တင်မနေနဲ့။ တစ်ဖက်ကကြည့်ရင် နတ်ဘုရားရုပ်တု နိုးမလာအောင် မင်း တားနိုင်ခဲ့တယ်မဟုတ်လား။ အဲ့ဒါ ကောင်းတဲ့အရာပဲ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာက ပြည်သူတွေရဲ့ အသက်ပေါင်းများစွာကို မင်း ကယ်တင်နိုင်လိုက်ပြီ”
ချင်မူ သူ့ကို တည့်တည့်ကြည့်သည်။ “ဘိုးဘိုးနားကန်း၊ ကျွန်တော် ဒီလောက်လူတွေအများကြီးကို တစ်ခါမှ မသတ်ခဲ့ဖူးဘူး။ ကျွန်တော့်လက်နဲ့ သတ်မိတဲ့အတွက် တုန်လှုပ်မိနေတုန်းပဲ။ မိစ္ဆာစစ်သားတွေ နေရာရွှေ့ပြောင်းခံလိုက်ရတုန်းက တချို့က သေနေပြီဆိုပေမယ့် မသေသေးတဲ့လူတွေလည်း ပါတယ်။ ဒါပေမဲ့ ကောင်းကင်အလိုတော်မုခ်ဝကို ဖြတ်သွားလိုက်ရတော့ သေသွားကြတယ်
“ကျွန်တော် ရေကြည့်သေးတယ်။ အနည်းဆုံး တစ်သောင်းကျော်လောက်မယ်။ ဒီလောက်လူအများကြီးကို ကျွန်တော် မသတ်ခဲ့ဖူးဘူး။ ကောင်းကင်အလိုတော်မုခ်ဝထဲမှာ အမှောင်ကမ္ဘာထဲကနေ စက္ကူလှေတွေအများကြီး မျောလာတာ ကျွန်တော် တွေ့လိုက်ရတယ်။ မရဏတမန်တော်တွေက အခုလေးတင် အသတ်ခံလိုက်ရတဲ့သူတွေအားလုံးရဲ့ မူလဝိညာဉ်တွေကို ခေါ်သွားကြပြီ...”
နားကန်း မည်သို့ပြော၍ မည်သို့နှစ်သိမ့်ရမှန်းမသိ ဖြစ်သွားသည်။ အတန်ကြာသော် သူ ပြောလိုက်၏။ “ငါ ကောင်းကင်ပန်းချီတိုင်းပြည်ရဲ့ မင်းသားဖြစ်နေတုန်းကပေါ့... ပန်းချီရေးရင်း စျာန်ဝင်စားနေတဲ့အချိန် ငါ့တိုင်းပြည်တစ်ပြည်လုံး အသိမ်းပိုက်ခံလိုက်ရတယ်။ တိုင်းသူပြည်သားတွေရဲ့ ခံစစ်က အင်မတန် အားကောင်းခဲ့တော့ ကျူးကျော်လာတဲ့ စစ်ဝံပုလွေတိုင်းပြည်လည်း အထိနာခဲ့တယ်။ သူတို့က အမျက်ဒေါသကို ဖြေဖျောက်ဖို့ တိုင်းသူပြည်သားတွေကို လူမျိုးတုံးသတ်ဖြတ်ပစ်ကြတယ်”
နားကန်းသည် အတိတ်ကျော့ကွင်းထဲမှ မလွတ်မြောက်လာသေးသည့်အလား အရှေ့ကို ငေး၍ ကြည့်နေ၏။ အတန်ကြာ တိတ်ဆိတ်နေပြီးနောက်မှ သူက ဆက်ပြောသည်။ “နန်းတော်တံခါးဝမှာ ချိတ်ဆွဲခံထားရတဲ့ ခမည်းတော်နဲ့ မယ်တော်ရဲ့ ခေါင်းပြတ်တွေကို ငါ မြင်ခဲ့ရတယ်။ မိဖုရားတွေနဲ့ အဘွားတော်တွေရဲ့ အလောင်းတွေကို ငါ တွေ့ခဲ့ရတယ်။ ရန်သူစစ်သားတွေက ခမည်းတော်ရဲ့ ခေါင်းကို လှံနဲ ထိုးကော်ပြီး တမြှောက်မြှောက်နဲ့ ကစားပြရင်း ကြွားကြတယ်
“ငါ လမ်းတစ်လျှောက် ပြေးနေရင်း စစ်ဝံပုလွေတိုင်းပြည်ရဲ့ စစ်သားတွေ နေရာတိုင်းမှာ ဗိုလ်ကျနေတာကို မြင်ခဲ့ရတယ်။ တွေ့သမျှကို ခေါင်းဖြတ်တယ်၊ အမျိုးသမီးတွေကို မုဒိန်းကျင့်တယ်။ ငါ အိမ်ရှေ့စံမင်းသားနန်းဆောင်ကို ရောက်တော့ ငါ့မိဖုရားနဲ့ ကလေးတွေ သေနေကြပြီ။ င့ါသမီးလေးကိုဆို စစ်မြင်းတစ်ကောင်က တက်နင်းသွားတယ်...”
သူ့မျက်လုံးများက ဝမ်းနည်းကြေကွဲဖွယ် အဖြစ်အပျက်များကို ပြန်မြင်ယောင်နေသည်။ သူ့မျက်လုံးထဲတွင် အဖျက်စီးခံလိုက်ရသည့် ကောင်းကင်ပန်းချီတိုင်းပြည်၏ပုံရိပ် ထင်ဟပ်နေသေးသည့်အလား ထင်ရ၏။ ၎င်းက သေမျိုးကမ္ဘာ၏ ငရဲပြည် ဖြစ်နေချေပြီ။
“ငါ ပန်းချီပညာကိုပဲ ရူးသွပ်ခဲ့တယ်။ ပန်းချီလမ်းစဉ်မှာပဲ စျာန်ဝင်စားနေခဲ့တယ်။ တိုင်းပြည်ရေးရာကိစ္စတွေကို ဂရုမစိုက်ခဲ့ဘူး။ စကားသံတွေကို နားမထောင်ခဲ့မိဘူး။ ဒါကြောင့် ငါ့နားရွက်တွေကို ဖြတ်လိုက်တာပဲ။ လောကကြီးရဲ့ စကားသံတွေကို နားမထောင်ခဲ့မိမှတော့ အဲဒီနားရွက်တွေ ရှိတော့လည်း ဘာထူးနေမလဲ
“ငါ တိုင်းသူပြည်သားတွေရဲ့ သွေးနဲ့ လမ်းမထက်မှာ ပန်းချီဆွဲပြီး အဲဒီနေရာကို ငရဲပြည်အဖြစ် ပြောင်းလဲလိုက်တယ်လေ။ ဟီးဟီး စစ်ဝံပုလွေတိုင်းပြည်ဟာ ငရဲပြည်ထဲ ဆွဲချခံလိုက်ရပြီး သူတို့လူတွေလည်း ငါ့ကြောင့် ငရဲသားတွေရဲ့ စားသောက်ခြင်းကို ခံခဲ့ရတယ်။ ဒါပေမဲ့ ဘာလုပ်ရမှာလဲ။ ငါ့မွေးရပ်မြေက ဘယ်တော့မှ ပြန်ရှိလာမှာ မဟုတ်တော့သလို၊ သေသူတွေလည်း ပြန်ရှင်လာမှာ မဟုတ်တော့ဘူးလေ။ ဒါကြောင့် ငါ မဟာမြို့ပျက်ထဲမှာ ပုန်းနေခဲ့တာ”
နားကန်းက ချင်မူ့ကို မော့ကြည့်သည်။ သူက လက်ချောင်းတစ်ချောင်းဖြင့် ချင်မူ့နှလုံးသားနေရာကို တို့ထိလိုက်၏။ “မူအာ၊ မင့်နှလုံးသားကို မာနေအောင် လုပ်ထား။ ငါ့လို မဖြစ်စေနဲ့။ ငါက အိမ်တစ်အိမ်လုံး ဖျက်စီးခံလိုက်ရမှ အသည်းမာလာခဲ့တာ။ ဒါပေမယ့် နောက်ကျသွားခဲ့ပြီလေ။ ဒါက စစ်မြေပြင်။ မှားတာ၊ မှန်တာ မရှိဘူး။ စစ်မြေပြင်ပေါ်မှာ မင့်နှလုံးသားက ငရဲ၊ မင့်နှလုံးသားက ယိုတုပဲ”
ချင်မူ ရင်ထဲတွင် ရှင်းလင်းသွားပြီး ခေါင်းငုံ့အရိုအသေပေးလိုက်သည်။ “ဘိုးဘိုး အကြံပေးလို့ ကျေးဇူးတင်ပါတယ်”
နားကန်းက ပြုံးကာ ပြောလိုက်သည်။ “ဒီအပြစ်က မင်းကို စိတ်ဖိစီးစေတယ်ဆိုရင် အဲဒီလူတွေကို မြေအောက်ဘုံအရှင်သခင်လက်ထဲသာ ထည့်လိုက်။ ငါတို့တာဝန်က ရန်သူတွေကို သူနဲ့ သွားတွေ့ခိုင်းဖို့ပဲ”
ချင်မူ တဟားဟား ရယ်မောလိုက်သည်။ “ရန်သူတွေကို မြေအောက်ဘုံအရှင်သခင်နဲ့ တွေ့ခိုင်းရမယ်”
ကြွက်နတ်မင်းက အောက်ရှိ ကျောက်ရုပ်တုများကို ကြည့်ကာ မေးလာသည်။ “ကျောက်ရုပ်တုတွေ ဘာဖြစ်သွားတာလဲ”
“ရုတ်တရက်ကြီး ဘာလို့ မလှုပ်တော့လဲ မသိဘူး”
ချင်မူလည်း အတန်ငယ် ဇဝေဇဝါ ဖြစ်နေမိသည်။ “သူတို့က သိပ်အားကြီးတယ်။ ခန္ဓာကိုယ်တွေက ကျောက်ဖြစ်နေတော့ ပိုပြီးတော့လည်း မာတယ်။ အခု ယဇ်ပူဇော်တာ မအောင်မြင်ဘူးဆိုတော့ တစ်ခုခုတော့ လုပ်မှာပဲ။ ဒီလောက် လွယ်လွယ် အလျော့ပေးမှာမဟုတ်ဘူး”
ထိုစဉ် ယဇ်ပလ္လင်၏ ပတ်ပတ်လည်ရှိ ကျောက်ရုပ်တုများက အောက်ရှိ ချောက်နက်ထဲသို့ ခုန်ဆင်းသွားကြသည်။ ချင်မူ ကပျာကယာ ငုံ့ကြည့်လိုက်သည့်အခါ သူတို့အားလုံး မြေကြီးကို တူးဖောက်၍ သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရ၏။
“ဒါက...”
သုံးယောက်သား တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ချောက်ချားစွာ ကြည့်လိုက်မိကြသည်။ ချင်မူ့အကြည့်က နတ်ဘုရား၏ ခေါင်းပေါ်ရှိ ဓားမကြီးဆီ ရောက်သွားသည်။ ဓားမကြီးသည် ထွန်းလက်တောက်ပလျက်ရှိကာ နတ်ဘုရားရုပ်တု၏ ခေါင်းကို နှစ်ခြမ်းခွဲထား၏။
ဓားမ၏မျက်နှာပြင်က မည်သည့်အစင်းရာကိုမျှ မမြင်ရလောက်အောင် ချောမွတ်နေသည်။ အတောက်ပဆုံး မှန်ထက်ပင် သန့်ရှင်းတောက်ပြောင်နေသည်။ အဘွားစစ်၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၊ ရွှေအ၊ သားသတ်သမားနှင့် ကျန်ရှိသူများ၏ မူလဝိညာဉ်တို့မှာ ဓားမျက်နှာပြင်ထက်တွင် အထက်ကောင်းကင်ဘုံ၏ နတ်ဘုရားများနှင့် တိုက်ခိုက်နေသော်လည်း အပြင်ကို မြင်ဟန်မတူပေ။
ရုတ်တရက် မီးခိုးရောင်မြူများ အုံ့ဆိုင်းလာပြီး မြေအောက်နေရာတစ်ခုလုံး ဖုံးလွှမ်းသွားသည်။ မြူများက သိပ်သည်းသထက် သိပ်သည်းလာ၏။ တောင်တန်းမြစ်ပြင်များက တစတစ လွင့်မျောလာပြီး ရှင်းလင်းပြတ်သားစွာ ဖွဲ့တည်လာသည်။
ထို့အပြင် မြေကြီးထဲမှ ထွက်နေသည့် နတ်ဘုရားရုပ်တုနှင့် ထွင်းလင်းနေသော ဓားမ,ရှည်ကြီးလည်း လွှမ်းခြုံခံလိုက်ရသည်။ သံကြိုးများကိုသာ မပီဝိုးဝါး မြင်ရတော့၏။
တခဏကြာသော် မြူများ စီးဆင်းဝင်ရောက်လာခြင်း မရှိတော့ဘဲ အရိုးဖြူတောင်များ ပေါ်လာသည်။ တောင်များက မြင့်မားမတ်စောက်ပြီး မြေပြင်ထက်တွင်လည်း အရိုးဖြူများ ပြန့်ကြဲနေသည်။ အမှန်တကယ် သည်းထိတ်ချောက်ချားဖွယ်ကောင်းပေသည်။
“သေသောသူတို့၏ ရှင်သန်ရာကမ္ဘာ”
ချင်မူ ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ခါသွားပြီး မြူအတွင်းပိုင်းထဲသို့ ကြည့်လိုက်သည်။ သေသောသူတို့၏ ရှင်သန်ရာကမ္ဘာဆီသို့ ဝင်ရောက်နိုင်သည့် တစ်ခုတည်းသော လှေဆိပ်ရှိနေ၏။
ဖုန်းတုက နတ်သက်ကြွေတောင်ကြော၏ မြေအောက်နေရာထဲသို့ ဝင်လာခဲ့ချေပြီ။
“ဘယ်သူ့မှာ ဖုန်းတုကြေးပြား ရှိလဲ” ချင်မူ အလျင်စလို မေးလိုက်သည်။
ကြွက်နတ်မင်းနှင့် နားကန်းမှာ ဤမြင်ကွင်းကို တစ်ခါမှ မမြင်ခဲ့ဖူး၍ ခေါင်းယမ်းလိုက်ကြသည်။ ကောင်းကင်ရေနဂါးမင်းကလည်း အထက်ကောင်းကင်ဘုံ၏ နတ်ဘုရားတစ်ပါး ဖြစ်သည့်အတွက် ဖုန်းတုကြေးပြားမရှိပေ။
ဤအချိန်တွင် ခပ်ဟောင်းဟောင်း လှေတစ်စင်းက မြူခိုးပင်လယ်ကြားမှ ထွက်လာ၍ ချင်မူ လက်ပြကာ လှမ်းအော်လိုက်သည်။ “ဗျို့ လှေသမား၊ ကျွန်တော်တို့ကို ခေါ်သွားပေးလို့ ရမလား”
လှော်တက်က တကျွီကျွီ မြည်နေပြီး လှေသည် အရိုးဖြူတောင်နှစ်လုံးကြားမှ တရွေ့ရွေ့ လာနေ၏။ ချင်မူက အလွန်စိတ်လှုပ်ရှားနေသော်လည်း ကြွက်နတ်မင်းနှင့် နားကန်းမှာမူ မဟာရန်သူတော်ကြီးကို ရင်ဆိုင်ရတော့မည့်အလား လှေကို စိုးထိတ်စွာ ကြည့်နေကြသည်။
တခဏကြာသော် လှေက နန်းဆောင်အရှေ့သို့ ရောက်လာပြီး ကောင်းကင်ရေနဂါးမင်း၏အရှေ့တွင် ပျံဝဲနေ၏။ လှေသမားက ကောက်ရိုးမိုးကာ ဝတ်ဆင်ထားပြီး ဝါးခမောက်ဖြင့် မျက်နှာကို ကာထားသည်။
ကောင်းကင်ရေနဂါးမင်းက ခေါင်းငုံ့ပေးလိုက်၍ ချင်မူ လှေပေါ် ခုန်တက်ရန် ပြင်လိုက်စဉ် ကောက်ရိုးမိုးကာအောက်မှ အရိုးဖြူလက်ဝါးတစ်ဖက် ဖြန့်လာသည်။ ဝါးခမောက်အောက်မှ အေးစက်စက်အသံတစ်သံ ထွက်လာ၏။ “မိတ်ဆွေလေး ကူးတို့ခ ပါသလား”
ချင်မူ ခေါင်းယမ်းလိုက်သည်။
“ဒီရတနာလှေက ကူးတို့ခ မပါတဲ့ ဧည့်သည်တွေကို မတင်ပါဘူး” လှေသမားက ပြောလိုက်သည်။ “ငါ့မှာက ဒီစီးပွားရေးလေးပဲ ရှိတာပါ။ ကူးတို့ခပါမှ ဖုန်းတုကို ဝင်ရင်လည်း နောက်မကျပါဘူး”
ချင်မူ စိတ်ပျက်သွားမိသည်။ ရုတ်တရက် အရိုးဖြူလက်ဝါးတွင် လက်ချောင်းလေးချောင်းသာ ရှိသည်ကို သူ သတိထားမိလိုက်၏။ လက်ချောင်းတစ်ချောင်းက ဓားတစ်လက်ဖြင့် တိတိရိရိ အဖြတ်ခံထားရပုံပေါ်သည်။
သူ့ခန္ဓာကိုယ် တုန်ရီသွားပြီး မြူခိုးပင်လယ်ထဲ ပြန်လည်ဝင်ရောက်သွားသော လှေသမားအား လှမ်းကြည့်လိုက်မိသည်။
“ဖုန်းတုက ဘယ်တုန်းက လှေသမား ပြောင်းလိုက်တာလဲ” ချင်မူ အော်မေးလိုက်သည်။
မြူခိုးပင်လယ်ထဲမှ အေးစက်စက်အသံတစ်သံ ထွက်လာသော်လည်း ထူးဆန်းသည်မှာ အသံသည် ပျော်ရွှင်နေသံပေါက်နေခြင်း ဖြစ်၏။ “ငါ သေသွားတဲ့နေ့မှာ ပြောင်းလိုက်တာပဲ”
“ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်နဲ့ တွေ့မိသေးလား”
“ဟီးဟီး ကူးတို့ခ ပါရင် လာကြည့်ပေါ့ကွာ...”
ချင်မူ အဝေးသို့ ငေးကြည့်နေမိသည်။ ကြွက်နတ်မင်းမှာ စိတ်ရှုပ်ထွေးသွားပြီး မေးလိုက်သည်။ “လူသားဧကရာဇ်ချင်၊ အဲဒီတစ္ဆေကို သိလို့လား”
ချင်မူ ခေါင်းညိတ်လိုက်သည်။ “သူက လက်ချောင်းကိုးချောင်းပဲ ရှိတဲ့ မိတ်ဆွေတစ်ယောက်ပါ။ အဲဒီလက်ချောင်းက ရွာလူကြီး ဖြတ်လိုက်တာ”
“ဒါဆို လင်းကျင့်ပေါ့” ကြွက်နတ်မင်း သဘောပေါက်သွားသည်နှင့် ဝမ်းလည်းဝမ်းသာ၊ အံ့လည်း အံ့ဩသွားသည်။ သူလည်း ကျယ်လောင်စွာ လှမ်းအော်လိုက်၏။ “နောင်ကြီးလင်းကျင့်၊ ငါ့ကို မှတ်မိသေးလား”
မြူခိုးပင်လယ်ထဲမှ မည်သည့်အသံမှ ထွက်မလာ။
ကြွက်နတ်မင်းက တကြော်ကြော် အော်နေသော်လည်း တုံ့ပြန်သံမရှိပေ။ သူ စိတ်ပျက်ပြီး မချင့်မရဲ ဖြစ်လာသည်။
ရုတ်တရက် မြူခိုးများ လှုပ်လာပြီး အနောက်အရပ်သို့ ရွေ့လျားသွားကာ လျင်မြန်စွာ ပျောက်ကွယ်သွား၏။ ချင်မူ ခေါင်းမော့ကြည့်လိုက်သည့်အခါ နတ်ဓားမက နတ်ဘုရားရုပ်တု၏ ခေါင်းပေါ်တွင် ရှိနေသေးကြောင်း မြင်လိုက်ရသည်။ ၎င်းက တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် တောက်ပနေဆဲ ဖြစ်သော်လည်း ဓားသွားထဲတွင် အဘွားစစ်တို့ မရှိတော့ပေ။
“ဘွားဘွားတို့ကို ဖုန်းတုက လာခေါ်သွားတာလား”
ချင်မူ အံ့အားသင့်သွားသော်လည်း ကြွက်နတ်မင်းနှင့် နားကန်းနှင့်အတူ မြေပြင်ပေါ်သို့ မြန်မြန်ဆန်ဆန် ပြန်ထွက်လိုက်ကြသည်။ ရုတ်တရက် အလွန်တောက်ပသော အလင်းရောင်ကြောင့် သူတို့ မျက်လုံးစူးသွားကြ၏။ အရှေ့အရပ်မှ နေလုံးကြီး ထွက်ပြူလာပြီး နေရောင်ခြည်တန်းများက သူတို့မျက်နှာပေါ် ဖြာကျလာလေသည်။ သူတို့အနောက်တွင် မဟာမြို့ပျက်၏ အမှောင်ထုမှာ လျင်မြန်စွာ ဆုတ်ခွာနေ၏။
“အဲဒီနေရာက မိစ္ဆာစစ်သားအလောင်းတွေ ပြုတ်ကျသွားတဲ့နေရာပဲ” နားကန်းက မဟာမြို့ပျက်တစ်နေရာသို့ လက်ညှိုးပြသည်။ “မင်း သူတို့ကို မိုင်တစ်ရာကျော်ကျော် နေရာရွှေ့ပြောင်းလိုက်တာ”
ချင်မူ မီးလျှံကောင်းကင်မျက်လုံးဖြင့် လှမ်းကြည့်လိုက်ရာ အရိုးဖြူတောင်တစ်လုံးအား မြင်လိုက်ရသည်။ မိစ္ဆာစစ်သားတစ်သောင်းကျော်မှာ အရိုးသာ ကျန်တော့၏။ သူတို့၏အသွေးအသားများကို မဟာြမို့ပျက်၏ မကောင်းဆိုးဝါးများ စားသွားကြချေပြီ။
အရိုးဖြူတောင်မှာလည်း နေရောင်အောက်တွင် တောက်ပနေသည့်အတွက် ကြည့်ရသည်မှာ အလွန်ထူးဆန်းလှသည်။
ချင်မူ နောက်လှည့်ပြီး နေသင်္ဘောဆီ လမ်းလျှောက်သွားသည်။ “နှလုံးသားက ငရဲဖြစ်နေပြီပဲ အပြစ်တွေကြီးနေလည်း ဂရုစိုက်စရာလား”
နားကန်းက ပြုံးလျက် သူ့နောက်မှ လိုက်လာသည်။ နေသင်္ဘောအနားတွင် မဟာကြယ်ခြုံလွှမ်းလက်ဝါးသိုင်း၏ ကောင်းကင်ကြယ်များမှာ လျင်မြန်စွာ မှိန်ကျစပြုလာ၏။ ဝင်္ကပါတည်ခင်းထားသော အမျိုးသမီးက မျက်လုံးဖွင့်လိုက်ပြီး ကောင်းကင်ယံမှ ပြုတ်ကျလာသည်။
ချင်မူ တရှိန်ထိုး ပြေး၍ ထိုအမျိုးသမီးအား ဖမ်းရန် လက်ဆန့်တန်းလိုက်သည်။
ထိုအချိန်တွင် လေပေါ်မှ နောက်တစ်ယောက် ပြုတ်ကျလာပြီး အားနည်းနေသော အသံတစ်သံ ထွက်လာ၏။ “အ ဘာ အ ဘာ...”
ချင်မူမှာ ဘယ်ကို ပြေးရမလား၊ ညာကို ပြေးရမလား ဗျာများသွားသည်။ သို့သော် ထိုအခိုက်အတန့်တွင် မျက်ကန်းလည်း ဦးစိုက်ကျွမ်းပြန် ကျလာ၍ ချင်မူ သူ့ဆီ ကမန်းကတန်း ပြေးလိုက်သည်။
“မူအာ ငါနဲ့ အဘိုးကြီးမာ ပြုတ်ကျပြီး သေတာ မြင်ချင်နေတာလား” သားသတ်သမားက လှမ်းအော်သည်။
ချင်မူ လှမ်းကြည့်လိုက်သည့်အခါ အဘိုးကြီးနှစ်ယောက်လည်း ပြုတ်ကျလာနေသည်ကို မြင်လိုက်ရ၏။ သူ ချွေးပြန်လာသည်။ မည်သူ့ကို ပြေးဖမ်းရမှန်း မဆုံးဖြတ်တတ်တော့ပေ။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် ဘုရင်မရီလည်း ပြုတ်ကျလာနေသော်လည်း ချင်မူ သူတို့ကို ဖမ်းရန် အစီအစဉ် မရှိပေ။
ထိုအချိန်တွင် ဟူလင်းအာက နေသင်္ဘောထဲမှ ကရောသောပေါး ထွက်လာပြီး အော်ဟစ်လိုက်သည်။ “မာ ဟာ”
“မာ ဟာ၊ မာ ဟာ၊ မာ ဟာ”
နဂါးအုပ်က သူမဘေးမှ တဟုန်ထိုး ပျံထွက်လာကာ ပြုတ်ကျလာသူတိုင်းကို ဖမ်းလိုက်ကြသည်။
ချင်မူမှာ ကယ်တင်ရှင်ကြီးဟူလင်းအာကြောင့် စိတ်သက်သာရာရသွားပြီး နဖူးမှ ချွေးများကို သုတ်လိုက်ရ၏။
ဘုန်း
အဝေးတွင် ဧကရာဇ်အတိုင်ပင်ခံ မြေကြီးပေါ် ပြုတ်ကျလာသဖြင့် ချင်မူ အလန့်တကြား ထခုန်မိလိုက်သည်။ ဧကရာဇ်အတိုင်ပင်ခံကို ဖမ်းပေးရမည့် ရေနဂါးအား လှမ်းကြည့်လိုက်ရာတွင် သူ မှင်သက်သွား၏။ ရေနဂါးက ငလျင်ဒယ်အိုးကို သယ်ကာ မာ ဟာ မာ ဟာ ဟု တစာစာ အော်ရင်း ကျန်နဂါးများနှင့်အတူ နေသင်္ဘောဆီသို့ ပျော်ရွှင်မြူးထူးစွာ ပြန်လာသည်။ ၎င်းမှာ မှားဖမ်းမိခဲ့သည်ကို သိဟန်မတူပေ။