← Chapters

အပြင်စည်ဂိုဏ်းသားရဲ့အတော်ဆုံးတပည့်

Vol. 6 Ch. 76

အပြင်စည်ဂိုဏ်းသားရဲ့အတော်ဆုံးတပည့်

Vol. 6 Ch. 76

ရှေးလူကြီးတွေ သုံးနေကျ လက်သုံးစကားပုံ တစ်ခုတောင် ရှိပါသေးတယ်။

“သိုင်းကွက်ဆိုတာ ပုံသေဘဲ။ သိုင်းကွက်ကို အသုံးပြုတဲ့ လူကသာ အရှင်"

ဒီစကားပုံကို လီဖူချန်းက ဇောင်မင်းယွီနဲ့ပွဲမှာ ပြသွားခဲ့တယ်လေ။ အခုတော့ အတော်ဆုံး တပည့်သုံးယောက်က ထွက်ပေါ် လာခဲ့ပါပြီ။ အခုလာမယ့် ပွဲကတော့ လုံးဝရင်ခုန် စိတ်လှုပ်ရှားစရာ ပါဘဲ။ အပြင်စည်း ဂိုဏ်းသားဘဝမှာ ဂုဏ်အယူရဆုံး ကတော့ အတော်ဆုံး (၁၀)ယောက်စာရင်းမှာ ပါရတာပဲ ဖြစ်ပါတယ်။ ဒီစာရင်းထဲမှာ ပါတဲ့ (၁၀)ယောက် စလုံးကို အပြင်စည်းဂိုဏ်းက တောင်တစ်လုံး ပေါ်မှာ နာမည်တွေ ကမ္ဗည်းရေးထိုး ပေးမှာပါ။ ဒီလို ဂုဏ်သိက္ခာဆိုတာ ဘယ်သူကမှ လုယူသွားလို့ မရတဲ့အရာပင် မဟုတ်ပါလား။

***

ဒီတစ်ခေါက် မဲနှိုက်တဲ့အခါမှာတော့ လီဖူချန်းက ဗလာမဲ ကျပါတယ်။ ဒီအဓိပ္ပာယ်က ဗိုလ်လုပွဲကို တိုက်ရိုက်တက်ခွင့် ရသွားတာလို့ ဆိုလိုတာပါ။

“ယုဝူရှန်း ... ငါမင်းကို ပထမဆုကို လွယ်လွယ်နဲ့ မပေးလိုက် နိုင်ဘူးကွ”

ရှန်ကောင်းဟောင်က အသက်ကို တစ်ဝကြီး ရှုလိုက်ပြီး သူ့ရဲ့ ကြွက်သားတွေကို အသင့်လျော်ဆုံး ဖြစ်အောင် စိတ်ကို ဖြေလျှော့လိုက်ပါတယ်။ ထို့နောက်မှာတော့ အေးစက်ပြီး ခြောက်ကပ်နေတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တဲ့ အတွင်းအားတွေကို ထုတ်သုံးလိုက်ပြီး ယုဝူရှန်းကို တိုက်ခိုက် လိုက်ပါတယ်။ သူ့ရဲ့ဓားမှာတော့ ခရမ်းရောင် စွမ်းအင်တွေက ရစ်သိုင်းနေပြီး ထို စွမ်းအင်တွေက ပတ်ဝန်းကျင် တစ်ခုလုံးကို အထီးကျန် ခြောက်ကပ်သွားစေတဲ့ ပုံပါဘဲ။ ရှန်ကောင်းဟောင်ကို အဝေးက ကြည့်လိုက်ရင်တော့ ခရမ်းရောင် မီးဓားကြီးကို ကိုင်ပြီး ကောင်းကင်ပေါ်က ဆင်းလာတဲ့ အသူရာ နတ်ဆိုးတစ်ပါး လို့တောင် ထင်မြင်လာစေပါတယ်။

“ယုဝူရှန်း ... ငါ့တိုက်ကွက်ကို ခံနိုင်ရင်ခံစမ်း"

ရှန်ကောင်းဟောင်ရဲ့ ခြေကွက်တွေက အလွန်လျင်မြန်စွာ လှုပ်ရှားနေပါတယ်။ မျက်စိ တစ်မှိတ် အတွင်းမှာဘဲ သူက ယုဝူရှန်းရဲ့ ဘယ်ဘက်ကို ရောက်လိုက်၊ ညာဘက်ကို ရောက်လိုက်နဲ့ ကြည့်ရတာ မျက်စိပသာဒ ရှိလှပါတယ်။

ဒါကသူ့ရဲ့ ခရမ်းရောင် အစွန်းရောက် ဆန်းကြယ်အဆင့်(၈) အတွင်းအားကို ဆန်းကြယ် အဆင့်နိမ့် ဓားသိုင်းဖြစ်တဲ့ ရောင်ခြည်တစ်ထောင် ဓားသိုင်းထဲမှာ ဖြည့်သွင်း အသုံးပြု ထားခြင်း ဖြစ်ပါတယ်။ ဘယ်သူကမှ ရှန်ကောင်းဟောင်က အတွင်းအား ကျင့်စဉ်နဲ့ ဓားသိုင်းမှာ ဆန်းကြယ်အဆင့် ကျမ်းတွေ လေ့ကျင့်ထားနိုင်မယ်လို့ မမျှော်လင့်ခဲ့ ကျပါဘူး။

အခု တိုက်ခိုက်နေတဲ့ ပုံအရ ရှန်ကောင်းဟောင်းရဲ့ ဓားသိုင်းက ဇောင်မင်းယွီထက်ကို အပုံကြီး သာနေပါပြီ။ ဇောင်မင်းယွီရဲ့ ဆန်းကြယ်အဆင့်နိမ့် ဓားသိုင်းက အကြို ပြီးပြည့်စုံခြင်း အဆင့်မှာသာ ရှိနေသေးပေမယ့် ရှန်ကောင်းဟောင်ကတော့ ပြီးပြည့်စုံခြင်းကို ရောက်ဖို့ သိပ်မလိုတော့တဲ့ အခြေအနေ ပါ။

နောက်ထပ် ပြောစရာရှိတာက ရှန်ကောင်းဟောင်ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကလည်း အတော်လေး ကောင်းနေပါတယ်။ ပြိုင်ပွဲ မစခင်တုန်းက ထွက်နေတဲ့ ကောလာဟလတွေ အရဆိုရင် သူ့ရဲ့ ခန္ဓာကိုယ် ပြင်ပအားက (၇၀၀၀)ကီလိုဂရမ် အားအထိ ရောက်နေပါပြီ။

ဒါပေမဲ့ အခု မြင်တွေ့ရသလောက် ဆိုရင် အဲဒီထက် မကပါဘူး။ ရှန်ကောင်းဟောင်ကတော့ သူ့မှာရှိတဲ့ ပညာတွေ အားလုံးကို မခြွင်းမချန် ထုတ်သုံးပြီး တိုက်ခိုက်နေပါပြီ။ သူ့ရဲ့ ရည်ရွယ်ချက် ကတော့ ယုဝူရှန်းကို အနိုင်မရရင်တောင် အနည်းဆုံးတော့ ထိခိုက်ဒဏ်ရာ ရသွား စေလိုတာပါ။

ဒီတစ်ခုတည်းကသာ ဝူကျင်မိန် ရှေ့မှာကျခဲ့ရတဲ့ သိက္ခာတွေကို ပြန်ဆယ်ဖို့ နည်းလမ်းပါဘဲ။ သူ့ တိုက်ခိုက်မှုက ဘယ်လောက် ပြင်းထန်သလဲ ဆိုရင် ပွဲကြည့် ပရိသတ်တွေကတောင် ယုဝူရှန်းကို စိုးရိမ်လာတဲ့ အထိပါဘဲ။ ယုဝူရှန်းက ထိုအချိန်မှာပဲ ရုတ်တရက် လှုပ်ရှားလိုက်ပါတယ်။ သူ့ရဲ့အင်္ကျီ ညာဘက်လက်က စုတ်ပြတ်သွားကာ ကြွက်သားတွေ အပြည့်နဲ့ လက်တစ်ဖက်က ထွက်ပေါ်လာပြီး ရှန်ကောင်းဟောင်ကို ခုတ်ချလိုက်ပါပြီ။

ချွမ် ... ကလမ် ...

ရှန်ကောင်းဟောင်ရဲ့ လက်ထဲကဓားက မြေပေါ်ကို ပြုတ်ကျသွားပါတယ်။ ဓားတစ်ခုလုံး မှာလည်း အက်ကွဲရာတွေ အပြည့်နဲ့ပါဘဲ။ သေချာတာတော့ ဒီဓားက ပြန်သုံးလို့ ရတော့မှာ မဟုတ်ပါဘူး။ ရှန်ကောင်းဟောင်ကတော့ ကြောင်ပြီး ငူငူကြီး ရပ်နေပါတယ်။ ပြိုင်ပွဲကွင်းတစ်ခုလုံးကလည်း တိတ်ဆိတ်သွားပြီး အားလုံးပါးစပ်အဟောင်းသားနဲ့ပေါ့။

တစ်ကွက်  ... …

တစ်ကွက်တည်းတဲ့လား ...  ...

ဒါက အဆင့်(၂)မှာရပ်တည်နေတဲ့ ပါရမီရှင်လေကွာ။ အဆင့်(၂)ဆိုတာ အဆင့်(၁)က သူနဲ့ အစွမ်းချင်း မတိမ်းမယိမ်း ရှိနေရမှာ မဟုတ်ဘူးလား ...  ...  ... ။

အရင်ပြိုင်ပွဲရဲ့ အနိုင်ရသူဖြစ်တဲ့ ဧကရာဇာ ဓားသမား လျူဝူဟောင်တောင်မှ မျက်နှာ အမူအရာ ပြောင်းသွားကာ မျက်လုံးအစုံက လေးလေးနက်နက် တွေးတောနေသည့်ပုံ ဖြစ်သွားပါတယ်။ သူဘာတွေ တွေးနေလဲဆိုတာကတော့ ဘယ်သူမှ မသိနိုင်ပါဘူး။

“ဒီလို အစွမ်းကမှ အပြင်စည်း ဂိုဏ်းတစ်ခုလုံးကို အုပ်စိုးနိုင်တဲ့ အစွမ်းဘဲ။ ဒီလို လူကိုမှ ပြိုင်ဘက်ကင်းလို့ ခေါ်ထိုက်တယ်”

“နောက်ပွဲက ပြိုင်နေစရာတောင် မလိုတော့ပါဘူးကွာ။ လီဖူချန်းက ဘယ်လောက်ပဲ တော်တော် ယုဝူရှန်းရဲ့ ပြိုင်ဘက် မဖြစ်နိုင်သေးဘူး"

“ဒါက ယုဝူရှန်းရဲ့ အစွမ်းအစပေါ့လေ။ ငါသုံးသပ် ရသလောက်ဆိုရင်တော့ အတွင်းစည်း ဂိုဏ်းထဲက စိတ်တန်ခိုး ဖွဲ့စည်းခြင်းအဆင့်(၁)မှာ ရှိနေတဲ့ တပည့်တွေတောင် ယုဝူရှန်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး"

“အပြင်လောကမှာ ဆိုရင်တော့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း အဆင့်သုံးက လူတွေတောင် ယုဝူရှန်းနဲ့ တွေ့ရင် အရှုံးပေးကျ ရမှာဘဲ"

အဆုံးမသတ်နိုင်တဲ့ ချီးမွမ်းမှုတွေနဲ့ မြှောက်ပင့် ပြောဆိုမှုတွေက ပြိုင်ပွဲကွင်း တစ်ခုလုံးမှာ ရှိတဲ့သူတွေရဲ့ ပါးစပ်ထဲက ထွက်ပေါ်လာပါတယ်။ စင်ပေါ်မှာ ရှိနေသေးတဲ့ ရှန်ကောင်းဟောင်ကိုတော့ ဘယ်သူကမှ အဖက်မလုပ် ကြတော့ပါဘူးလေ။

ဒါက ဒီကမ္ဘာကြီးရဲ့ နိယာမပါဘဲ။ ခွန်အား ကောင်းသူတွေနဲ့ အောင်နိုင်သူတွေကိုသာ အားလုံးက အရေးထား ကျတာလေ။ ယုဝူရှန်းက ဟန်လုပ်ပြီး ပြုံးကာ အားလုံးရဲ့ ချီးမွမ်းသံတွေကို လက်ခံ နေပါတယ်။

သူကသူ့ကိုယ် ချီးမွမ်း ပြောဆိုတာတွေနဲ့ အလေးထားတာကို ကြိုက်နှစ်သက်တဲ့ လူတစ်ယောက်ပါ။ ကြယ်တာရာတွေ စုံညီစွာရှိနေတဲ့ ကောင်းကင်ကြီးမှာတောင် သူက တစ်လုံးတည်း ရှိတဲ့ နေမင်းကြီး ဖြစ်ချင်သူပါ။ ကြယ်အားလုံးထက် ထွန်းလင်းတောက်ပ သူပေါ့။

“လီဖူချန်း ... တက်ခဲ့"

ယုဝူရှန်းက လီဖူချန်းကို ကြည့်ပြီး စင်ပေါ်တက်လာဖို့ အော်ခေါ် လိုက်ပါတယ်။ လီဖူချန်းက တစ်ချက် ပြုံးလိုက်ပြီး ဘာမထီသည့် ဟန်ဖြင့် စင်ပေါ်ကိုတက်လာကာ ယုဝူရှန်းနဲ့ (၁၀)လှမ်း အကွာမှာ ရပ်လိုက်ပါတယ်။

“မင်းအရင်စလိုက်။ ငါမင်းကို အရင်တိုက်ခွင့် ပေးလိုက်မယ်”

ယုဝူရှန်းက မြဲမြံစွာ ရပ်နေပြီး ဓားကိုဓားအိမ်ထဲ ပြန်သွင်းလိုက်ပါတယ်။

“ဒီပွဲကကြည့်ရမှာ မတန်လိုက်တာဟေ့။ လီဖူချန်းက ယုဝူရှန်းရဲ့ လက်သီးတစ်ချက်တောင် ခံနိုင်မယ့်ပုံ မပေါ်ဘူး”

အပြင်ဘက်က ပရိသတ်တွေကတော့ လီဖူချန်းကို လှောင်ပြောင်နေကျပါတယ်။ ကောင်းရှု ကတော့ လီဖူချန်းရဲ့ မျက်နှာကို သေသေချာချာ အကဲခတ်နေပါတယ်။ ဒါပေမဲ့သူမက ဘာကိုမှ သေချာ အကဲမခတ် နိုင်ခဲ့ပါဘူး။ တကယ်လို့ ယုဝူရှန်းက ကောင်းကင်ကြီးမှာ ထိန်ထိန်လင်းနေတဲ့ နေမင်းတစ်စင်းလို အရောင်တွေ တောက်ပနေတယ် ဆိုရင် လီဖူချန်းက တည်ငြိမ်နေတဲ့ ပင်လယ်ပြင်ကြီး လိုပါဘဲ။ ဘယ်လောက်နက်သလဲ ဆိုတာရယ် ဘယ်အချိန်မှာ လှိုင်းထန်လာမလဲ ဆိုတာကို မခန့်မှန်း နိုင်ပါဘူး။

“ငါ စတိုက်လိုက်ပြီ ဆိုတာနဲ့ မင်းက အားကုန်သုံးမှ ငါ့တိုက်ခိုက်မှုကို ကာကွယ် နိုင်လိမ့်မယ်”

လီဖူချန်းက ပြောပြီးတာနဲ့ ဓားကိုဆွဲထုတ်ပြီး ယုဝူရှန်းကို လျှပ်စီးလက်သလို အမြန်နဲ့ တိုက်ခိုက်လိုက်ပါတယ်။

“စိတ်ကူးတွေ ယဉ်မနေနဲ့"

ယုဝူရှန်းက အစောပိုင်းက သုံးခဲ့တဲ့ ဓားကွက်ကိုဘဲ ပြန်သုံး လိုက်ပါတယ်။ သူ့ရဲ့ ဓားရိပ်တွေက ကောင်းကင် တစ်ခုလုံးကိုတောင် ဖုံးလွှမ်းသွားခဲ့ပါပြီ။ သူက လီဖူချန်းရဲ့ ဓားကိုလည်း မြေပေါ် ကျသွား စေချင်တာပါ။

“ဝုန်း "

ဓားနှစ်လက်ရဲ့ ထိပ်တိုက် ရင်ဆိုင်မှုက အတွင်းအား ပေါက်ကွဲမှု တွေကိုတောင် ဖြစ်ပေါ် လာစေပြီး နှစ်ယောက်စလုံးရဲ့ ဆံပင်တွေနဲ့ အင်္ကျီလက်တွေက လေထဲမှာ လွင့်ပျံနေပါတယ်။ စင်ပေါ်က ဖုန်မှုန့်တွေကလည်း မုန်တိုင်းငယ် တစ်ခု ဝင်တိုက်ခတ်သွားတဲ့ အတိုင်း ဖုန်တစ်ထောင်းထောင်း ထနေ ပါတော့တယ်။ ယုဝူရှန်းက အနောက်ကို ခြေတစ်လှမ်းမှ မဆုတ်သွားသလို လီဖူချန်းကလည်း မဆုတ် သွားပါဘူး။

“လီဖူချန်းရဲ့ သစ်သားဓားက ဘာမှ မဖြစ်သွားဘူးလား"

“အေး ... ကြည့်ရတာတော့ အကောင်း အတိုင်းဘဲ"

လီဖူချန်း ရှုံးနိမ့်တာကို ကြည့်ပြီး ဟားဖို့ပြင်နေတဲ့ ပရိတ်သတ်တွေက ပါးစပ်အဟောင်းသား ဖြစ်သွားကျပါတယ်။

“စိတ်ဝင်စားစရာဘဲ။ ဟုတ်ပြီလေ။ မင်းနဲ့နည်းနည်း ထပ်ကစား ပေးရတာပေါ့"

ယုဝူရှန်းက သူ့ဓားကွက်ကို စခင်းလိုက်ပါတယ်။ သူ့လက်ထဲမှာ မွတ်နေအောင် လည်နေတဲ့ ဓားက ရွှေရောင် မြွေကြီးတစ်ကောင် အမောက်ထောင်နေသလို အရိပ်တွေ ဖြစ်ပေါ်လာပါတယ်။ ဒီ မြွေကြီးရဲ့ ပုံစံက တစ်လောကလုံးကို သူတစ်ယောက်တည်း မောင်ပိုင် စီးထားတော့မယ့် ပုံစံပါဘဲ။ ဒါက အဝါရောင် အထွတ်အထိပ် ဓားသိုင်းဖြစ်တဲ့ ရွှေမြွေဓားသိုင်းပါ။ လီဖူချန်းတို့ ယုံဝူးမြို့က ယန်ကလန် မှာလည်း ငွေမြွေ ဓားသိုင်းတစ်ခု ရှိပါတယ်။ ဓားသိုင်းနှစ်ခုက ပုံစံချင်း ဆင်ပေမယ့် အရည်အသွေး ပိုင်းမှာတော့ သိသိသာသာကြီးကို ကွာခြားလွန်းပါတယ်။

"လောင်ကျွမ်းလိုက်စမ်း"

လီဖူချန်းက အော်ပြီး သူ့ရဲ့ အတွင်းအားတွေကို ထုတ်ဖော် အသုံးပြုလိုက်ပါပြီ။ ယုဝူရှန်း မျက်လုံးထဲမှာ ကြက်သွေးရောင် မီးတောက်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ရဲ့ ရွှေမြွေဓားသိုင်းကို ဖိနှိပ် လိုက်တာကို မြင်လိုက်ရပါတယ်။

အဝါရောင် အထွတ်အထိပ် အဆင့် ဓားကွက်ချင်း ယှဉ်မယ်ဆိုရင်တောင် ယုဝူရှန်းရဲ့ ရွှေမြွေ ဓားသိုင်းက အလုံးစုံတတ်သိ နားလည်ခြင်း အဆင့်ဘဲ ရှိသေးတဲ့ အခိုက်မှာ လီဖူချန်းက ကြက်သွေး ရောင် မီးဓားသိုင်းကို တစ်ဖက်ကမ်းခတ် တတ်မြောက်မှု အဆင့်အထိ လေ့ကျင့် ပြီးသွားပါပြီ။

ပြီးတော့ ကြက်သွေးရောင် မီးဓားသိုင်းက ထွက်လာတဲ့ မီးတောာက် အပူရှိန်ကလည်း လီဖူချန်း ထင်ထားတာ ထက်တောင် ပိုပူပြင်း ပါသေးတယ်။ လီဖူချန်းရဲ့ ဓားကွက် နယ်နိမိတ်ထဲက ထွက်သွား သာတောင်မှ အပူရှိန်ကို ခံစားနေရ တုန်းပါဘဲ။

"မင်းက ဒီလောက်တောင် တိုက်ချင်မှတော့ င့ါအဆိုး မဆိုနဲ့တော့”

ယုဝူရှန်းရဲ့ ခန္ဓာကိုယ်ကနေ ပြင်းထန်လှတဲ့ အတွင်းအားတွေက လှိုင်းလုံးကြီးတွေလို ထွက်ပေါ် လာခဲ့ပါတယ်။

ဆန်းကြယ်မိုးကြိုး နတ်ဘုရား ခန္ဓာကိုယ် အဆင့်(၈)။

ဇောင်မင်းယွီနဲ့ ရှန်ကောင်းဟောင်တို့ နှစ်ယောက်ကတောင် ဆန်းကြယ်အဆင့် ပညာရပ်တွေ လေ့ကျင့်နိုင်မှတော့ ယုဝူရှန်းကလည်း ဒီလိုလေ့ကျင့် ထားမှာကတော့ အမှန်ပါဘဲ။ သူတို့နဲ့ မတူတာက ယုဝူရှန်းက ဆေးဝါးတွေ မသုံးဘဲ ကိုယ်ပိုင် အရည်အချင်းနဲ့ ဒီအဆင့်ကို ရောက်အောင် လေ့ကျင့် ခဲ့တာပါ။ နည်းစနစ် အဆင့်ကျော် ဆေးဝါးတွေက အချိန်တို အတွင်းမှာ အဆင့်တက် စေနိုင်ပေမယ့် အတွင်းအားတွေ ပြန်သန့်စင်ဖို့တော့ လိုပါသေးတယ်။ မိုးကြိုးနတ်ဘုရား အတွင်းအားကို ထုတ်ဖော် လိုက်တာနဲ့ ယုဝူရှန်းရဲ့ ခန္ဓာကိုယ် ခွန်အားတွေက ပိုပြီးကြံ့ခိုင် လာပါတယ်။ တစ်ကိုယ်လုံးမှာ စီးဆင်းနေတဲ့ သွေးတွေကလည်း ပိုမို လျင်မြန်စွာ စီးဆင်းလာပါတယ်။ ယုဝူရှန်းကတော့ သူ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု အစစ်ကို ထုတ်ပြ လိုက်ပါပြီ။

“အရှုံးပေးလိုက်စမ်း"

ယုဝူရှန်းက တစ်ချက် မာန်သွင်းလိုက်ပြီး ရွှေရောင် အလင်းတန်းတွေ ရစ်သိုင်းနေတဲ့ သစ်သားဓားနဲ့ လီဖူချန်းကို ခုတ်ချ လိုက်ပါတယ်။ ဒီဓားချက်က လီဖူချန်းကို ပြန်ခုခံခွင့် လုံးဝမပေးဘဲ အရှုံးပေးရ စေလောက်တဲ့အထိ ပြင်းထန် လွန်းပါတယ်။

“ငါကလည်း ဒီလို ဓားချက်မျိုးမှ ကြိုက်တာ"

ယုဝူရှန်းက ခုတ်ချလိုက်တာနဲ့ လီဖူချန်းကလည်း သူ့ရဲ့ အတွင်းအားကို ထုတ်ဖော်လိုက်ပါတယ်။

ကြက်သွေးရောင် ဆန်းကြယ်မီးတောက် အဆင့်(၈)။

လီဖူချန်းက ခါးကို အနည်းငယ် ကိုင်းလိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးက အားကို ခြေဖျားမှာ စုလိုက်ကာ အရှေ့ကို ခုန်၍ ယုဝူရှန်းရဲ့ ဓားကို ဆီးကြို လိုက်ပါတယ်။

ဘုန်း ...

သူတို့ နှစ်ယောက်ရဲ့ ထိပ်တိုက် တွေ့ဆုံမှုက မိုးကြိုးတစ်စင်း ပစ်ချ လိုက်သလိုပါဘဲ။ သူတို့နှစ်ယောက် လက်ထဲက သစ်သားဓားတွေက သူတို့နှစ်ယောက်ရဲ့ အတွင်းအား ဖိနှိပ်မှုတွေကို မခံနိုင်တဲ့ အတွက် အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားပြီး အရပ် လေးမျက်နှာကိုတောင် ပျံ့နှံ့ သွားပါတယ်။

“ဘာတွေ ဖြစ်ကုန်တာလဲဟ”

သူတို့ နှစ်ယောက်ရဲ့ တိုက်ခိုက်မှု အရှိန်က လူအားလုံးကို ပါးစပ် အဟောင်းသားနဲ့ ငေးငိုင် သွားစေပါတယ်။ အထူးသဖြင့် လီဖူချန်းရဲ့ ထူးချွန်လွန်းတဲ့ စွမ်းဆောင်ရည်တွေက  သူတို့ မျှော်လင့် ထားတာထက်ကို ပိုလွန်း နေတယ်လေ။

“ကောင်းတယ်ဟေ့"

အပြင်စည်း အကြီးအကဲတွေကတော့ နှစ်ယောက်စလုံးကို ချီးကျူး လိုက်ပါတယ်။ အကြီးအကဲတွေရဲ့ အမြင်မှာတော့ တစ်ယောက်တည်း ချွန်ထွက် နေတာထက် ကျားနှစ်ကောင် အပြန်အလှန် သတ်ပုတ်နေတာက ပိုပြီးရင်ခုန် မျှော်လင့်စရာ ရှိတယ်လေ။

ဂိုဏ်းထဲမှာ ပါရမီရှင် တစ်ယောက် ပိုတိုးလာတာကို ဘယ်ဂိုဏ်းက မကြိုက်ပဲ နေမှာတဲ့လဲ။ ယုဝူရှန်းကတော့ ဒေါသတွေ ထွက်နေပါပြီ။

“မင်းလိုကောင်က ငါ့အရှေ့ ရောက်တာတောင် အစွမ်းအစတွေ လျိုထား သေးတယ်ပေါ့လေ"

လီဖူချန်းကတော့ တည်ငြိမ်တဲ့ အမူအရာနဲ့

“ကြည့်ရတာ မင်းက နာမည်ကြီးသလောက် မဟုတ်ဘူး ထင်တယ်"

"ဖမ်းလိုက်"

ရုတ်တရက် ရှောင်ချန်းဖန်က သံမဏိဓား နှစ်လက်ကို လီဖူချန်းနဲ့ ယုဝူရှန်းဆီကို ပစ်ပေးလိုက် ပါတယ်။

“ဓားကိုယူဖို့ မစဉ်းစားနဲ့”

ယုဝူရှန်းက လီဖူချန်းကို လက်နက်မဲ့ တိုက်ခိုက် လိုက်ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်က လီဖူချန်း လက်ထဲကို ဓားမရောက်သွားရေးပါဘဲ။

ဒါပေမဲ့ သူကိုယ်တိုင်ကတော့ ဓားတစ်လက်ကို ဖမ်းဖို့ ကြိုးစားနေပါတယ်။

***

All Chapters