← Chapters

ဆင်းရဲဒုက္ခမျှော်စင်ရဲ့စံချိန်ရှင်

Vol. 6 Ch. 78

ဆင်းရဲဒုက္ခမျှော်စင်ရဲ့စံချိန်ရှင်

Vol. 6 Ch. 78

ထို့နောက်မှာတော့ ရှောင်ချန်းဖန်က အတော်ဆုံး (၁၀)ယောက် စာရင်းကို ကြော်ငြာ လိုက်ပါတယ်။ ဆုကတော့ နှစ်မျိုးပါ။ ပထမတစ်မျိုးက ရမှတ်ဖြစ်ပြီး နောက်တစ်မျိုးက မိမိ ကြိုက်နှစ်သက်ရာ ဆန်းကြယ်အဆင့် သိုင်းကျမ်းတစ်ခုကို လေ့ကျင့်ခွင့်ပါ။

ပထမဆုရတဲ့ လီဖူချန်းကတော့ ရမှတ် (၁၀၀၀၀၀)ကို လက်ခံရရှိပါတယ်။ ဒီအမှတ်က အပြင်စည်း အကြီးအကဲ တစ်ယောက်တောင် ခြောက်နှစ်၊ ခုနစ်နှစ် လုပ်မှရတဲ့ ပမာဏပါ။ ပြိုင်ပွဲ ပြီးသွားတဲ့ နောက်မှာတော့ လီဖူချန်းက အပြင်စည်း ဂိုဏ်းတစ်ခုလုံးမှာ အကျော်ကြားဆုံး လူတစ်ယောက် ဖြစ်လာခဲ့ပါပြီ။

သူ့ရဲ့ နာမည်ကိုလည်း အပြင်စည်းဂိုဏ်းရဲ့ တောင်ပေါ်မှာ ကမ္ဗည်း ရေးထိုးခြင်း ခံခဲ့ရတယ်လေ။ သူ့နာမည်က မိုးပြာရောင် ဂိုဏ်းမှာတော့ သမိုင်းတစ်ခုအဖြစ် တွင်ကျန် နေခဲ့တော့မှာ ကတော့  ဂုဏ်ယူစရာပင် မဟုတ်ပါလားလေ ...  ... …။

အပြင်စည်းဂိုဏ်းရဲ့ အတော်ဆုံး တပည့်ဆုကို လီဖူချန်း ရသွားတဲ့အတွက် အားလုံးက အခုထိ အိပ်မက်တစ်ခုလိုပဲ ထင်နေတုန်းပါဘဲ။ အဲဒီထဲမှာ ကျူးဟောင်ရှုလည်း ပါတာပေါ့လေ။ သူတို့က လီဖူချန်း အစွမ်းထက်တာကိုတော့ သိပေမယ့် ဒီလို ယုဝူရှန်းကိုကျော်ပြီး အနိုင်ယူနိုင်မယ် လို့တော့ လုံးဝ မထင်ထား ခဲ့ကျပါဘူး။ လီဖူချန်းက ဖျက်မြင်းလို့ သတ်မှတ်ထား ခဲ့ပေမယ့် အခုတော့ သူက ပုန်းနေတဲ့ နဂါးတစ်ကောင် ဆိုတာ အားလုံးက သိသွား ကြပါပြီလေ။

“အပြင်စည်းဂိုဏ်းရဲ့ အတော်ဆုံး တပည့်ကြီး  ... ဂုဏ်ယူပါတယ်နော်”

ပြိုင်ပွဲရဲ့ နောက်တစ်နေ့မှာတော့ ကျူးဟောင်ရှုက  လီဖူချန်းဆီကို လာရောက်ပြီးတော့ ဂုဏ်ပြုစကား ဆိုပါတယ်။ ကြွေရုပ်လေး တစ်ခုလို ချောမောတဲ့ ကျူးဟောင်ရှုရဲ့ မျက်နှာလေးကို ကြည့်လိုက်ပြီး လီဖူချန်း ကတော့ ရယ်ပြရုံကလွဲပြီး ဘာတတ်နိုင်မည်နည်း။

“ဒါက အပြင်စည်းဂိုဏ်းရဲ့ အတော်ဆုံး တပည့်ပဲ ရှိပါသေးတယ်ဟ။

အတွင်းစည်းဂိုဏ်းရဲ့ အတော်ဆုံးတပည့်မှ မဟုတ်သေးတာကို”

"ဘာလဲ ... နင်က အတွင်းစည်းဂိုဏ်းရဲ့ အတော်ဆုံး တပည့်ပါ ဖြစ်ချင်တာပေါ့လေ"

ကျူးဟောင်ရှုက ချစ်စဖွယ် မေးလိုက်ပါတယ်။ လီဖူချန်းက ပြုံးပြီး

“ဘာလို့ မဖြစ်ချင်ရမှာလဲ။ ဒါက အမှတ် များများရမယ့် ကိစ္စ မဟုတ်ဘူးလား"

ကျူးဟောင်ရှုက ရွှန်းလဲ့နေတဲ့ မျက်လုံးအစုံနဲ့ လီဖူချန်းကို ကြည့်လိုက်ပြီး

“ဒီစကားကို တခြား သာမန်အရိုး တည်ဆောက်ပုံနဲ့ လူတစ်ယောက်က ပြောရင် ဟာသ ပြောနေတယ်လို့ပဲ ငါက မှတ်ယူလိုက်မှာ။ ဒါပေမဲ့ နင်ပြောရင်တော့ ငါကလုံးဝ အကြွင်းမဲ့ ယုံကြည်တယ်”

“ကျေးဇူးပါပဲကွာ။ နင်လည်း နားလိုက်ဦးလေ။ ငါက ဆင်းရဲဒုက္ခ မျှော်စင်ကို သွားမလို့”

လီဖူချန်းက သူအပြင်သွားမယ့် အကြောင်းကို ကျူးဟောင်ရှုကို ပြောလိုက်ပါတယ်။

“ကောင်းတာပေါ့။ ကြည့်ရတာ ဆင်းရဲဒုက္ခ မျှော်စင်ရဲ့ အဆင့်တစ်က ပြောင်းချိန်တန်ပြီနဲ့ တူပါတယ်”

ကျုးဟောင်ရှုက အနည်းငယ် ပင်ပန်းနေတာကြောင့် လီဖူချန်းနဲ့ လိုက်မသွားတော့ပဲ သူမရဲ့ အခန်းဆီကို ပြန်သွား ပါတော့တယ်။

***

ဒီတစ်ခါ ဆင်းရဲဒုက္ခ မျှော်စင်ကို သွားရတဲ့ လီဖူချန်းရဲ့ ရည်ရွယ်ချက်ကတော့ အရင် အခါတွေနဲ့ မတူတော့ပါဘူး။ အရင် အခါတွေတုန်းက သူက သူ့ရဲ့ အစွမ်းအစကို စမ်းသပ်ချင်ရုံ သက်သက်ပါဘဲ။ ဒီတစ်ခါတော့ အဆင့် သတ်မှတ်ချက် တစ်ကို ရယူဖို့ပါ။ မိုးပြာရောင် ဂိုဏ်းရဲ့ စည်းမျဉ်းတွေ အရဆိုရင် ဒီဆင်းရဲဒုက္ခ မျှော်စင်ရဲ့ ထိပ်ဆုံး(၁၀)ယောက် စာရင်းဝင်တဲ့ သူတွေက အဆင့်အလိုက် ရမှတ်တွေ ရမှာ ဖြစ်ပါတယ်။

အဆင့် (၁) -  (၅၀၀၀၀)

အဆင့်(၂)နဲ့ (၃) -  (၃၀၀၀၀)

အဆင့်(၄)ကနေ (၁၀) -   (၂၀၀၀၀)

စသဖြင့် ကိုယ်စီ အမှတ်တွေ ရကျတာ ဖြစ်ပါတယ်။ ဒီရမှတ်တွေက အပြင်စည်း ပြိုင်ပွဲက ရမှတ် တွေလောက် မက်မောစရာ မဟုတ်ပေမယ့် အလကားရတဲ့ ရမှတ်တွေကို မယူရလောက်အောင် လီဖူချန်းက အမှတ်တွေ ပေါကြွယ်ဝနေတဲ့သူ တစ်ယောက် မဟုတ်ပါဘူးလေ။

“အဲဒါ  ဂိုဏ်းတူအစ်ကိုလီ ဟေ့ ... အားလုံး လမ်းဖယ် ပေးကြစမ်း”

အခုလက်ရှိ လီဖူချန်း နာမည်က ဂိုဏ်းထဲမှာတော့ အကျော်ကြားဆုံး ပါဘဲ။ အပြင်စည်း ဂိုဏ်းထဲမှာ နေပြီး လီဖူချန်းကို မသိဘူးဆိုရင်တော့ အဲဒီကောင်က  အရူးပါဘဲ။

“ဒါကလူတွေ ပြောကျတဲ့ ဂုဏ်ဆိုတာလား"

လီဖူချန်းက သူ့ကို ဒီလိုမြှောက်ပင့် ဖားယားတာမျိုးကို မကြိုက်သလို ခံစား လိုက်မိပါတယ်။ သူကအမြန်ပဲ လူအုပ်ရှေ့ကနေ ဖြတ်သွားပြီး မျှော်စင်ဆီကို သွားလိုက်ပါတယ်။ ဒီတစ်ခါတော့ သံသရာ ခေါင်းလောင်းကို မြည်အောင်လုပ်စရာ မလိုတော့ပါဘူး။ ကြီးကြပ်ရေးမှူးက လီဖူချန်းကို မျှော်စင်ထဲ တန်းဝင်ခိုင်းလိုက် ပါတယ်။ ဘယ်သူက အပြင်စည်းဂိုဏ်းရဲ့ အတော်ဆုံး တပည့်ကို သံသရာ ခေါင်းလောင်းကို အသံမြည်အောင် အရင်လုပ်ဖို့ ပြောနိုင်မှာလဲ။

မျှော်စင်ရဲ့ ပထမထပ်ကို ဝင်ဝင်ချင်းမှာပဲ လီဖူချန်းက တစ်ချက်တည်းနဲ့ စွမ်းအင်အစောင့် သားရဲကြီးကို ရှင်းလင်း လိုက်ပါတယ်။ ဒုတိယထပ်မှာလည်း တစ်ချက်တည်း ပါဘဲ။ တတိယထပ်ကို ရောက်တဲ့ အခါမှ လီဖူချန်းက အားနည်းနည်း စိုက်လိုက်ရပါတယ်။

ဒီစွမ်းအင် သားရဲတွေက အသွေးအသားတွေနဲ့ တည်ဆောက်ထားတာ မဟုတ်တဲ့ အတွက် ချက်ကောင်းကို မထိရင် ပျောက်ကွယ်သွားမှာ မဟုတ်ဘူးလေ။ လီဖူချန်းရဲ့ လက်ရှိ စွမ်းအင်က ချက်ကောင်းကို နှစ်ချက်ပဲ ခုတ်စရာ လိုပါတယ်။

“ဝိုး"

ဘုံသုံးဆင့်လုံး မီးလင်းလာတဲ့ အခါမှာတော့ အပြင်မှာ စောင့်ကြည့်နေကျတဲ့ အပြင်စည်း တပည့်တွေ ပါးစပ်ကနေ အာမေဍိတ်သံ တစ်ခုမက တစ်ပြိုင်နက်တည်း နီးပါး ထွက်လာခဲ့ပါတယ်။

“နာရီကိုးချက် ... ယုဝူရှန်းကိုတောင် ကျော်သွားတယ်ဟ”

“အပြင်စည်းဂိုဏ်းရဲ့ အတော်ဆုံးတပည့် ပီသပါပေတယ်။ သူဒီကို ရောက်လာတိုင်း ပိုပိုပြီး စွမ်းလာတယ်"

“ယုဝူရှန်းကတော့ စိတ်ဓာတ် ကျနေတော့မှာပဲ။ ပထမဆုံး သူ့ရဲ့ အတော်ဆုံး တပည့်နေရာကို ပေးလိုက်ရတယ်။ အခုတစ်ခါ ထပ်ပြီးတော့ ဆင်းရဲဒုက္ခ မျှော်စင်ရဲ့ နံပါတ်တစ်ကိုပါ ပေးလိုက် ရပြန်ပြီ။ သူ့ရဲ့ အမှတ် (၅၀၀၀၀)ကို လီဖူချန်းက လုသွား ပြန်ပြီပေါ့”

"ယုဝူရှန်းကတော့ ဒီကိစ္စကို ဒီအတိုင်းတော့ အဖြစ်ခံမှာ မဟုတ်ဘူးထင်တယ်”

လီဖူချန်းကတော့ သူ့ရဲ့ ရလဒ်ကို သူကျေနပ်တဲ့ ပုံဖြင့် အပြင်ကို ထွက်လာခဲ့ပါတယ်။ အဆင့် သတ်မှတ်ချက် ကျောက်ပြားပေါ်မှာတော့ လီဖူချန်းရဲ့ နာမည်က အဆင့်တစ်ကို တက်သွားပြီးတော့ ယုဝူရှန်းရဲ့ နာမည်ကတော့ အဆင့်နှစ်ကို ဆင်းသွားပါပြီ။

***

လီဖူချန်းတစ်ယောက် ဆင်းရဲဒုက္ခမျှော်စင်မှာပါ အဆင့်တစ် ဖြစ်သွားတဲ့ သတင်းက ဂိုဏ်းတစ်ခု လုံးကို ပျံ့နှံ့ဖို့ အတွက် အချိန် (၆)နာရီလောက်ပဲ ယူလိုက်ရပါတယ်။ ထိုအချိန်မှာ ယုဝူရှန်း တစ်ယောက်ကတော့ ...

"ငါနဲ့ သက်ဆိုင်တဲ့ အရာတွေကို ငါရအောင် ပြန်ယူမယ်။ လီဖူချန်း ... မင်းငါ့ကို စောင့်ကြည့် နေလိုက်စမ်း"

ယုဝူရှန်းက ကြုံးဝါးလိုက်တယ်။

"ငါကအခု လူသားနယ်ပယ် အဆင့်ကိုးကို ရောက်နေပြီ။ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကို ချိုးဖျက် ဝင်ရောက်ဖို့ဆိုတာ ဒီတစ်နှစ် အတွင်းမှာပဲ ရောက်သွားနိုင်တယ်"

လီဖူချန်း ကျောက်တုံး တစ်တုံးပေါ်မှာ ထိုင်ရင်းနဲ့ အနာဂတ်အတွက် စဉ်းစားခန်း ဝင်နေပါတယ်။ သာမန်အရိုး တည်ဆောက်ပုံနဲ့ လူတစ်ယောက်က သာမန်အားဖြင့် ဆိုရင် လူသားနယ်ပယ် အဆင့် (၉)ကနေ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်ဖို့အတွက် ငါးနှစ်နီးပါး ကြာပါတယ်။ ဒါတောင် အလွန် ပါရမီပါတဲ့ သူတွေကိုပဲ ရည်ရွယ်တာပါ။ သာမန်လူတွေကတော့ (၁၀)နှစ် နီးပါးလောက် အချိန်ယူရ တာလေ။

ဒါကို လီဖူချန်းက တစ်နှစ်တည်းနဲ့ စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ်ကို ရောက်အောင် လေ့ကျင့်ဖို့ ဆုံးဖြတ်ထားတယ် ဆိုတော့ ဒါကိုသာ တခြားလူတွေ သိသွားရင် ပိုပြီးအံ့သြ ကုန်ကျမှာပါ။ ပြောရမယ်ဆိုရင် လူသားနယ်ပယ် အဆင့်ကိုးကနေ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကို တစ်နှစ်အတွင်း ရောက်အောင် သွားနိုင်တဲ့ လူတွေက အနည်းဆုံး ကြယ်သုံးပွင့် အရိုးတည်ဆောက်ပုံကို ပိုင်ထားတဲ့ လူတွေ ချည်းပါဘဲ။

လီဖူချန်းရဲ့ ယုံကြည်ချက် ဘယ်ကလာလဲ ဆိုတော့ သူက မကြာခင် ကြက်သွေးရောင် ဆန်းကြယ် မီးတောက်ရဲ့ အဆင့်ကိုးကို ရောက်တော့မယ် ဆိုတာကို ခံစား လိုက်မိလို့ပါဘဲ။ ကြက်သွေးရောင် ဆန်းကြယ်မီးတောက် အဆင့်ကိုးကို ရောက်တာနဲ့ သူ့ရဲ့ ကျင့်ကြံမှုနှုန်းကလည်း ပိုပြီး မြန်သွားမှာပါ။ သူ့ရဲ့လက်ရှိ ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ဆိုရင် သူက ကြက်သွေးရောင် ဆန်းကြယ်မီးတောက် အဆင့်ကိုးရဲ့ အပူချိန်ကို ကောင်းကောင်းကြီး ခံနိုင်နေပါပြီ။ ဆုရတဲ့ ရမှတ် (၁၀၀၀၀၀) ကိုတော့  လီဖူချန်းက ကျားနဂါးဆေးတွေ ဝယ်တဲ့နေရာမှာ သုံးပြီးသွားပါပြီ။

ပြီးတော့ တာအိုလမ်းခွဲ ခန္ဓာကိုယ် ကျင့်စဉ်ရဲ့ အဆင့်သုံးကို ရောက်ဖို့လည်း နီးနေပါပြီ။ ဒါပေမဲ့ ဒီပညာရပ်ရဲ့ အဆင့်သုံးကို ရောက်ဖို့က သူထင်ထားတာ ထက်တောင် ခက်နေတာကို လီဖူချန်း သိခဲ့ရပါတယ်။ အထောက်အပံ့ ဆေးဝါးတွေ အများကြီး လိုအပ်သလို တာအိုလမ်းခွဲ ပညာရပ်ရဲ့ အဓိက အဆီအနှစ်ကိုလည်း သဘောပေါက်ဖို့ လိုအပ်နေပါသေးတယ်။

လီဖူချန်းရဲ့ စိတ်ဝိညာဉ်က ဒီနေရာမှာတော့ ကောင်းကောင်းကြီး အထောက်အကူ ပြုပါတယ်။ ကျားနဂါးဆေးလုံး အလုံး(၆၀)ရဲ့ အစွမ်းတွေ အကုန်စုပ်ယူ ပြီးသွားတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ ပြင်ပ ခွန်အားက (၁၂၀၀၀) ကီလိုဂရမ် အားအထိ ရောက်သွားခဲ့ပါတယ်။ လီဖူချန်းရဲ့ ဓားသိုင်း တိုးတက်မှု ကလည်း မနှေးပါဘူး။ သူက ဆန်းကြယ်အဆင့်နိမ့် ဓားသိုင်းကို မယူဘဲ အဝါရောင် အထွတ်အထိပ် ဓားသိုင်းသုံးခုကို ဆုအဖြစ် ယူလိုက်ပါတယ်။ သူတို့တွေကတော့ သုံးရိပ်ဖြာဓားသိုင်း၊ မရဏခေါ်သံ ဓားသိုင်းနဲ့  နဂါးမာန် ဓားသိုင်းတို့ ဖြစ်ပါတယ်။

လီဖူချန်းက ဓားပညာမှာ ပိုပြီး အခြေခိုင်ဖို့အတွက် ဒီဓားသိုင်းတွေကို ရွေးလိုက်ရခြင်း ဖြစ်ပါ တယ်။

သူက အဝါရောင်အထွတ်အထိပ် ဓားသိုင်းတွေကိုတောင် မကျင့်ရသေးဘဲ အဆင့်ကျော်ပြီး မသွားချင်ဘူးလေ။

***

အပြင်စည်း သိုင်းပြိုင်ပွဲပြီးလို့ နှစ်လ အကြာမှာတော့

- ဆင်းရဲဒုက္ခမျှော်စင် -

“ယုဝူရှန်းရဲ့ စံချိန်ကလည်း နာရီကိုးချက် ဖြစ်သွားပြီဟေ့။ ကြည့်ရတာတော့ သူတို့ နှစ်ယောက်က ပထမဆုကို ပူးတွဲရမယ့် ပုံပဲ"

“ဒီမျှော်စင်မှာ အဆင့်တစ်ခုကို ပူးတွဲထားပေးတာ မရှိဘူးဟ။ အရင်ဆုံး စံချိန်တင်တဲ့ လူက ထိပ်မှာ နေရမှာပဲ”

မျှော်စင်ကနေ ထွက်လာတဲ့ ယုဝူရှန်းကတော့ ရလဒ်ကို ကြည့်ပြီး လက်သီး ဆုပ်လိုက်ပါတယ်။

“နည်းနည်းပဲ ... ငါနောက်ထပ် နည်းနည်းပဲ ကြိုးစားလိုက်တာနဲ့ လီဖူချန်းကို ကျော်ပြီး နရီ(၈) ချက် ရပြီ”

ယုဝူရှန်းက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကို အဆင့်တက်လို့ ရနေပြီ ဖြစ်ပေမယ့် လီဖူချန်းကို ကျော်ပြီး နံပါတ်တစ် ဖြစ်ချင်သေးတာကြောင့် အဆင့်မတက်ပဲ နေနေသေးတာပါ။

လွန်ခဲ့တဲ့ တစ်ပတ်ကတည်းက အဆင့်တက်ဖို့ အရိပ်အယောင် ပြနေခဲ့ပေမယ့် သူက အဆင့်မတက် သွားသေးပါဘူး။

“အဆင့်၁  ... ငါ အဆင့်တစ်ရမှကို ဖြစ်မယ်"

ယုဝူရှန်းက အဆင့်တစ် ဖြစ်ရင် ရမယ့် ရမှတ်တွေကို မျှော်ကိုးပြီး ဒီလိုလုပ်နေတာ မဟုတ်ပါဘူး။ သူက သူ့ရဲ့ ဂုဏ်သိက္ခာအတွက် ဒီလိုလုပ်နေရခြင်း ဖြစ်ပါတယ်။ သူ့ရဲ့ အစွမ်းအစနဲ့ဆိုရင် ဒီအမှတ်လောက်ကို အသာလေး ရယူနိုင်ပါတယ်။ ဒါပေမဲ့အခုတော့ ယုဝူရှန်း စိတ်ထဲမှာ အပြင်စည်း ဂိုဏ်းရဲ့ နံပါတ်တစ်ဆိုတဲ့ ဂုဏ်ကိုပဲ ပြန်လိုချင်နေပါတယ်။

***

All Chapters