← Chapters

နရီ ၇ချက်

Vol. 6 Ch. 79

နရီ ၇ချက်

Vol. 6 Ch. 79

သုံးရိပ်ဖြာ ဓားသိုင်းက နာမည်နဲ့လိုက်အောင် ဓားတစ်ချက်ကို ဓားရိပ် ၃ ရိပ် ဖြစ်ပေါ် လာစေပါတယ်။ လီဖူချန်းက ဒီဓားသိုင်းကို အရင်လေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

သုံးရိပ်ဖြာ ဓားသိုင်းက အဝါရောင် အထွတ်အထိပ် ဓားသိုင်းတွေ ထဲမှာတော့ အကောင်းဆုံး ဓားသိုင်းတစ်ခုလို့ သတ်မှတ်လို့ ရပါတယ်။ ဒီဓားသိုင်းကို လေ့ကျင့်ပြီးသွားရင် ဓားချက်တွေက အရင်ကထက်ကို ပိုပြီး လျင်မြန်လာမှာပါ။ ဒါပေမဲ့ ထိပ်တန်း ဓားသိုင်းတွေရဲ့ သဘောအရ အတွင်းအားတော့ အတော်ကုန်ပါတယ်။ အသုံးပြုတဲ့ သူ့ရဲ့ အတွင်းအား သိပ်သည်းရင် သိပ်သည်းသလောက် ဓားသိုင်းက ပိုပြီး အစွမ်းပြလာမှာပါ။ အကယ်လို့ အတွင်းအား မလုံလောက်ရင်တော့ ဒီသုံးရိပ်ဖြာ ဓားသိုင်းက သာမန်ဓားမြန် ဓားသိုင်းတွေထက် ဘာမှထူးမှာ မဟုတ်ဘူး။

မရဏခေါ်သံ ဓားသိုင်းကို တစ်နည်းအားဖြင့် ရေစက်ဓားသိုင်းလို့လည်း ခေါ်ပါသေးတယ်။

ကျောက်တုံးကို ရေတစ်စက်ချင်း တစ်စက်ချင်း ချရင် နှစ်ပေါင်းများစွာ ကြာတဲ့အခါ ကျောက်တုံးကြီးကို ချိုင့်ဝင် သွားစေတာကို ဥပမာယူရင်း ဒီဓားသိုင်းကို တီထွင်ခဲ့တာပါ။ ဒီဓားကွက်ကတော့ အသုံးပြုသူရဲ့ စိတ်ရှည်မှုနဲ့ ဓားကို ထိန်းချုပ်နိုင်မှုအပေါ် မူတည်ပြီး စွမ်းရည်အမျိုးမျိုး ပြောင်းလဲ သွားနိုင်ပါတယ်။

ထိန်းချုပ်နိုင်မှု ပိုကောင်းလေလေ ဓားကွက်က ပိုပြီးကြောက်စရာ ကောင်းလေလေပါဘဲ။

ဓားထိချက်လေး တစ်ချက်နဲ့တောင် သံမဏိချပ်ဝတ် တန်ဆာတွေကိုတောင် ကွဲကြေသွားစေနိုင်ပါတယ်။

နဂါးနိုင်ဓားသိုင်းကတော့ ဓားက နဂါးတစ်ကောင် မြူးတူးနေသကဲ့သို့ ဖြစ်သွားစေပါတယ်။

ဒီဓားသိုင်းကတော့ ဓားတည်ရှိမှုကို ဖျောက်လိုက်ပြီး နဂါးတစ်ကောင်လို မာန်အပြည့်နဲ့ တိုက်ခိုက်ရတာပါ။ ဆိုရိုးစကားလေး တစ်ခု ရှိပါတယ်။

“ဘယ်သူမှ မယှဉ်နိုင်လောက်တဲ့ ခွန်အားရှိသူက ဓားတစ်ချက်တည်းနဲ့တောင် သာမန် သိုင်းပညာရှင် ၁၀ ယောက်ကို သတ်ဖြတ်နိုင်တယ်တဲ့"

ဒီနဂါးမာန် ဓားသိုင်းက အတွင်းအားကို သုံးရိပ်ဖြာ ဓားသိုင်းနဲ့ ရေစက် ဓားသိုင်းထက်ကို အတော်လေး ပိုကုန်စေပါတယ်။ ဒါပေမဲ့ ဓားကွက် ပြင်းထန်မှုမှာတော့ နဂါးမာန် ဓားသိုင်းက ဘယ်သူနဲ့မှ မတူအောင် ကြောက်စရာ ကောင်းလှပါတယ်။ ရေစက်ဓားသိုင်းကို ရှောင်ဖို့ ဖြစ်နိုင်ရင် ဖြစ်နိုင်မယ်။

ဒါပေမဲ့ နဂါးမာန် ဓားသိုင်းနဲ့ တွေ့ရင်တော့ ရှောင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဓားတစ်ချက် ဝှေ့လိုက်တာနဲ့ ဓားအရှိန်အဝါက မင်းကို ချောင်ပိတ်ထားလိုက်မှာ ဖြစ်ပြီး ထိပ်တိုက် ရင်ဆိုင်ဖို့က လွဲပြီး ဘာ မှမရှိတော့ပါဘူး။

***

တစ်ပတ်လောက် အကြာမှာတော့ … ဓားသိုင်း ၃ ခုစလုံးက အကြိုပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ရှိ သွားပါပြီ။ တစ်လ အကြာမှာတော့ ဓားသိုင်း ၃ ခုစလုံးက ပြီးပြည့်စုံခြင်းအဆင့် ရောက်သွားပါပြီ။

နှစ်လ အကြာမှာတော့ … သုံးရိပ်ဖြာဓားသိုင်းနဲ့ ရေစက်ဓားသိုင်းက အလုံးစုံ တတ်သိနားလည်ခြင်း အဆင့် ရောက်သွားပေမဲ့ နဂါးမာန် ဓားသိုင်းကတော့ တတ်သိနားလည်ခြင်း အဆင့်မှာပဲ ရှိနေပါသေးတယ်။

***

“နရီ ၈ ခါ … မယုံနိုင်စရာပဲ။ ယုဝူရှန်းက တကယ်ပဲ လီဖူချန်းကို ကျော်ဖြတ်သွားခဲ့ပြီ”

“ဒါက ဖိအားတွေကြောင့်ပဲ။ အရင်တုန်းကတော့ ယုဝူရှန်းက ပြိုင်ဘက် မရှိတဲ့အတွက် သူ့ရဲ့ ပါရမီတွေက ပေါ်သင့်သလောက် ပေါ်မလာခဲ့ဘူး။ အခုတော့ လီဖူချန်းက သူ့ရဲ့ ပါရမီတွေကို ပိုပြီး အရောင်တောင်လာအေင် ပွတ်တိုက်ပေးလိုက်ပြီ"

“နရီ ၈ ခါဆိုတာ အပြင်စည်းဂိုဏ်းရဲ့ နိယာမကို ကျော်လွန်နေခဲ့ပြီ။ ဒီစံချိန်ကို ဘယ်သူမှ မကျော်ဖြတ် နိုင်မှာကို ငါစိုးကြောက် မိနေတယ်”

“ငါသဘောတူတယ်။ အလွန်ဆုံးတောင်မှ ယုဝူရှန်းနဲ့ စံချိန်တူလောက်ပဲ ဖြစ်လာတော့မှာ။

သူ့စံချိန်ကို ချိုးဖျက်ဖို့ကတော့ လုံးဝမဖြစ်နိုင်သလောက်ပဲ။

ဒီနေ့မှာတော့ ဆင်းရဲဒုက္ခမျှော်စင် အနား ပတ်ဝန်းကျင်မှာ အုတ်အုတ်ကျက်ကျက် ဖြစ်နေကြပါပြီ။ သူ့ရဲ့ နာမည်ကတ်ပြားက နံပါတ် ၁ ကို ပြန်ရောက်သွားတာကို မြင်လိုက်တော့ ယုဝူရှန်းက အေးစက်စက် တစ်ချက် ပြုံးလိုက်ပါတယ်။

“လီဖူချန်း … မင်းက ငါ့စံချိန်ကို ဘယ်တော့မှ ချိုးဖျက်နိုင်တော့မှာ မဟုတ်ဘူး။

ငါ့စံချိန်နဲ့ တူဖို့တောင် မင်းအရင် ကြိုးစားလိုက်ဦး။ မင်းရဲ့ အပြင်စည်း အတော်ဆုံးတပည့် ဆိုတာက နာမည်သာသာပဲ။ တကယ့်အစွမ်းအစ မရှိပါဘူး”

တီးတိုး ရေရွတ်လိုက်ပြီး ယုဝူရှန်းက ဆင်းရဲဒုက္ခ မျှော်စင်ကနေ ထွက်ခွာသွားပါတော့တယ်။

***

“လီဖူချန်း … နင့်ရဲ့ နံပါတ်တစ်ကို ယုဝူရှန်း ယူသွားပြီ”

ကျူးဟောင်ရှုက ဒီသတင်း ကြားကြားချင်းမှာ လီဖူချန်းဆီကို အပြေးလေးလာပြီး သတင်း ပို့ပါတော့တယ်။ လီဖူချန်းကတော့ အေးဆေးပါပဲ။

“အိုး … သူလုပ်နိုင် သွားပြီလား။ ငါခန့်မှန်း ထားတာထက်တောင် ပိုမြန် သွားတာပဲ"

ယုဝူရှန်းလို ကြယ် ၅ ပွင့်အရိုး တည်ဆောက်ပုံနဲ့ လူကတော့ လအနည်းငယ်လောက် အချိန် ယူလိုက်တာနဲ့ သူ့စံချိန်ကို ကျော်ဖြတ်သွားမယ် ဆိုတာကို သူ အစတည်းက တွက်ထားပြီးသား ပါပဲလေ။

“နင်က မအံ့သြဘူးလား"

လီဖူချန်းက မျက်နှာသေကြီးဖြင့်

“ငါက အံ့သြရမှာလား … ဒါနဲ့ သူ့စံချိန်က ဘယ်လောက်တဲ့လဲ"

“နရီ ၈ ခါ"

လီဖူချန်းက ခေါင်းညိတ်လိုက်ပြီး

“နရီ ၈ ခါလား။ အဲဒီလောက် ဆိုရင်တော့ မဆိုးသေးပါဘူး”

လီဖူချန်းက ခေါင်းညိတ်ပြီး ပြောလိုက်ပါတယ်။ နရီ ၈ ချက်လောက်ကိုတော့ သူကျော်ဖြတ် နိုင်ပါ သေးတယ်လေ။

"ငါနဲ့လိုက်ခဲ့။ ဆင်းရဲဒုက္ခ မျှော်စင်ကို သွားရအောင်"

လီဖူချန်းရဲ့ တွက်ချက်မှုအရ ဆိုရင်တော့ ယုဝူရှန်းက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကို သွားချင်ရင် သွားလို့ရနေပါပြီ။ ဒါကိုတောင် အဆင့်မတက်သေးဘဲ လီဖူချန်းစံချိန်ကို ချိုးပြီး ရန်စ သွားတယ်ဆိုတော့ လီဖူချန်းကလည်း နဂါးမှန်းသိအောင် အမောက်ထောင်ပြ ရဦးမယ်လေ။

ယုဝူရှန်းတစ်ယောက် မခံချိမခံသာဖြင့် အဆင့်တက်သွားအောင် သူလုပ်ကို လုပ်ပြဦးမှာပါ။

အချိန်တစ်ခဏလေး အတွင်းမှာပဲ လီဖူချန်နဲ့ ကျူးဟောင်ရှုက ဆင်းရဲဒုက္ခ မျှော်စင်ကို ရောက်လာ ကြပါပြီ။

“ကြည့်စမ်းဟေ့။ လီဖူချန်း ဒီကိုရောက်လာပြီ”

လီဖူချန်း ပေါ်လာတာက အားလုံးရဲ့ အာရုံစူးစိုက်မှုကို ရလိုက်ပါတယ်။

“ကြည့်ရတာ သူက ဒီရလဒ်ကို ဒီအတိုင်း မထားလိုက်နိုင်ဘူးနဲ့ တူတယ်။

အားလုံးသိတဲ့ အတိုင်းဘဲ အစ်ကိုကြီး ယုဝူရှန်းက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကို ရောက်ခါ နီးနေပြီလေ။ လီဖူချန်း ဒီအချိန်မှာ ယုဝူရှန်းကို အသာ မယူထားနိုင်ရင် နောက်ဘယ်တော့မှ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး”

“ဒါပေမဲ့လည်း နရီ ၈ ချက်ဆိုတဲ့ စံချိန်က ကျော်ဖြတ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ အရာပဲမလား"

“ဒါပေါ့ကွ။ ဒီတစ်ခေါက် လီဖူချန်းရဲ့ ရလဒ်က ဘယ်လောက်လဲ ဆိုတာကို စောင့်ကြည့် ကျတာပေါ့"

လီဖူချန်း မျှော်စင်ထဲကို ဝင်သွားတာနဲ့ ပွဲကြည့် ပရိသတ်တွေက အသက်တောင် ရဲရဲမရှူရဲဘဲ စောင့်ကြည့်နေပါတယ်။

ပထမထပ် - တစ်ချက်

ဒုတိယထပ် - တစ်ချက်

တတိယထပ်မှာတော့ အင်းကွက်အလင်း တောက်ပလာပြီးတာနဲ့ စွမ်းအင် ဝံပုလွေကြီး တစ်ကောင်က ပေါ်လာပါပြီ။ လီဖူချန်းက ခန္ဓာကိုယ်ကို တစ်ချက် လှုပ်လိုက်ပြီး စွမ်းအင် ဝံပုလွေကြီးဆီကို ခုန်ဝင်တိုက်ခိုက် လိုက်ပါတယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေက အရမ်း မြန်လွန်းပါတယ်။

ထို့အတူ သူ့ဓားကလည်း တစ်စက်ကလေးမျှ နှောင့်နှေးနေခြင်း မရှိပါဘူး။ ဓားချက် တစ်ချက်တည်းနဲ့ ဓားရိပ်က ၃ ရိပ် ဖြာထွက်လာပြီး ဝံပုလွေရဲ့ ဟာကွက်တွေက တိုက်ခိုက် ခံလိုက်ရပါတယ်။ ဒါပေမဲ့ ဝံပုလွေရဲ့ ခန္ဓာကိုယ်ပေါ်ကနေ အလင်းတွေ ဖြာထွက်လာပြီး နေရာကနေ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားပြီး အခြားနေရာမှာ ပြန်ပေါ်လာပါတယ်။

“ဝေါင်း”

ဝံပုလွေက တစ်ချက် ဟိန်းလိုက်ပြီး လီဖူချန်းကို ပြေးဝင် တိုက်ခိုက်လာပါပြီ။ လီဖူချန်းက သုံးရိပ်ဖြာ ဓားသိုင်းကိုပဲ ဆက်တိုက် အသုံးပြုပြီး ဝံပုလွေကို တိုက်ခိုက်နေပါတယ်။

အသက်ရှူချိန် အနည်းငယ် အကြာမှာတော့ လီဖူချန်းရဲ့ မျက်လုံးတွေက ဝံပုလွေရဲ့ ချက်ကောင်းကို ရှာတွေ့ လိုက်ပါပြီ။

ရွှမ်း …

လီဖူချန်းရဲ့ ဓားကွက်က ပြောင်းသွားပြီး ဝံပုလွေရဲ့ နားအုံအရင်းဘက်ကို ဓားဦးက ထိုးစိုက် သွားပါတယ်။ ဒါကတော့ ရေစက်ဓားသိုင်းပါ။

ဖောက် …

ဓားက စွမ်းအင်ဝံပုလွေရဲ့ ခန္ဓာကိုယ်ထဲကို ဝင်သွားတာနဲ့ စွမ်းအင်တွေက ပြန့်ကျဲသွားပြီး ဝံပုလွေလည်း ပျောက်ကွယ် သွားပါတော့တယ်”

“ဒီဟာက နရီ ၈ ချက် စံချိန်ကိုတော့ သာလောက်မှာပါ"

လီဖူချန်းက ဒီတစ်ခေါက် တိုက်ခိုက်တာက အရင်တစ်ခါထက် ပိုမြန်တယ် ဆိုတာကို သတိပြုမိ လိုက်တယ်။

ဆင်းရဲဒုက္ခမျှော်စင် အပြင်ဘက်ကို ထွက်လာချိန်မှာတော့ …

အပြင်မှာ စောင့်ကြည့်နေတဲ့ တပည့်တွေရဲ့ မျက်နှာကို မြင်လိုက်တာနဲ့ သူ့စံချိန်က ယုဝူရှန်း စံချိန်ကို ချိုးဖြတ်လိုက်ပြီ ဆိုတာကို လီဖူချန်းက သိလိုက်ပါတယ်။

နရီ ၇ ချက် …

လီဖူချန်းရဲ့ ဒီတစ်ခေါက် ရလဒ်ကတော့ နရီ ၇ ချက်ပါပဲ။

“မယုံကြည်နိုင်စရာဘဲ … ဒီကောင်က လူကော ဟုတ်သေးလား"

“ဒဏ္ဍာရီ … နောင်တစ်ချိန်မှာ ဘာပဲဖြစ်လာဖြစ်လာ လီဖူချန်းရဲ့ အကြောင်းကတော့ အပြင်စည်း ဂိုဏ်းမှာ ဒဏ္ဍာရီအဖြစ် ကျန်နေခဲ့တော့မှာပဲ”

“အစ်ကိုကြီး ယုဝူရှန်းကတော့ ဒီသတင်းကြားရင် ရူးသွားမလားဘဲ"

"ဒါကြောင့် သိုင်းပညာရပ်နဲ့ ပတ်သက်ရင် တစ်တောင်ထက်မြင့်တဲ့ တစ်တောင်ဆိုတာ အမြဲရှိတယ်လို့ ပြောတာကိုး"

လီဖူချန်းကတော့ အပြင်စည်း တပည့်တွေကို ဂရုမစိုက်ဘဲ ကျူးဟောင်ရှုကို ခေါ်လိုက်ပါတယ်။

“သွားကျစို့ ''

“ဒီကလေးက သူ့အရိုး တည်ဆောက်ပုံ ကန့်သတ်ချက်ကို ချိုးဖောက်နိုင်မယ် ဆိုရင် သူ့အနာဂတ်က အတိုင်းအဆမရှိ ဖြစ်သွားလိမ့်မယ်"

ဒီနေ့မှာတော့ အင်မတန် တွေ့ရခဲတဲ့ မျှော်စင် အကြီးအကဲကတောင် လီဖူချန်း ဆင်းရဲဒုက္ခ မျှော်စင်ကို လာတယ်ဆိုတဲ့ သတင်းကြောင့် ထွက်ပေါ် လာပါသေးတယ်။

ဘန်း …

ခြံဝင်း တစ်ခုထဲမှာတော့ သစ်ပင်ကြီး တစ်ပင်ဟာ ယုဝူရှန်းရဲ့ လက်ဝါးရိုက်ချက်ကြောင့် နှစ်ပိုင်း ပြတ်ထွက်သွားပါတယ်။ ယုဝူရှန်းက လီဖူချန်းရဲ့ သတင်းကို ကြားပြီးတာနဲ့ သေမတတ်ပါပဲ။

“လီဖူးချန် … မင်းနဲ့ငါက တစ်ဂူတည်းမှာ အောင်းလို့မရတဲ့ ခြင်္သေ့တွေပဲ”

ယုဝူရှန်းက သွေးထွက်လုမတတ် မျက်လုံးတွေနဲ့ ကြုံးဝါး အော်ဟစ်လိုက်ပါတယ်။ သူက မွေးဖွား လာကတည်းက ဒုတိယဆိုတာကို တစ်ခါမှ မရခဲ့ဖူးပါဘူး။ သူက အားတောင် သိပ်မစိုက်ရဘဲ ပထမတွေကိုပဲ ရလာခဲ့တာလေ။

သာမန် အချိန်တွေမှာဆိုရင် သူက အမြဲတည်ငြိမ် အေးဆေးနေပြီး ယဉ်ကျေးသိမ်မွေ့သူ တစ်ယောက်ပါ။ အော်ဟစ် ပြောဆိုတယ်ဆိုတာ အောက်တန်းစား ကလေကချေတွေရဲ့ အလုပ်လို့တောင် မှတ်ယူထားခဲ့တဲ့ တစ်ဦးပေါ့။ အခုတော့ သူ့ အမူအကျင့်တွေက ပြောင်းလဲ သွားခဲ့ပါပြီ။ လီဖူချန်းက သူ့ထက် သာတယ်ဆိုတာကို လုံးဝလက်သင့် မခံနိုင်သေးပါဘူး။ ဒါကြောင့်သူက ခြံဝင်းထဲမှာ အော်ဟစ်နေပြီး ဒေါသတွေကို သစ်ပင်တွေပေါ်ကို လွှဲချနေတာပါ။

“အစ်ကိုယုဝူ … အဆင့်တစ်ကို ပြန်ရောက် သွားတဲ့အတွက် ဂုဏ်ယူပါတယ်”

ဝူကျင်မိန်က ခြံဝင်းတံခါးကို တွန်းဖွင့်ပြီး အထဲကို လှမ်းဝင်လာပါတယ်။

“သူမက မနက်ပိုင်းမှာ ယုဝူရှန်း အဆင့်တစ် ရောက်သွားတဲ့ သတင်းကိုပဲ ကြားရသေးပါတယ်။

နေ့လယ်ပိုင်းမှာ လီဖူချန်းက ယုဝူရှန်းစံချိန်ကို ပြန်ချိုးသွားတယ် ဆိုတာကိုတော့ မကြားမိသေးပါဘူး။

“ထွက်သွား”

ယုဝူရှန်းက လူသတ်တော့မယ့် မျက်လုံးတွေနဲ့ ဝူကျင်မိန်ကို ကြည့်ပြီး အော်ဟစ်လိုက်ပါတယ်။

ဝူကျင်မိန်က လန့်သွားပါတယ်။ ထို့နောက်မှာတေ့ာ ဘာမှမပြောဘဲ ပြန်လှည့် ထွက်သွားပါတယ်လေ။

အပြန်လမ်းမှာမှ လီဖူချန်းက နရီ ၇ ချက်နဲ့ ယုဝူရှန်းစံချိန်ကို ချိုးလိုက်တယ်ဆိုတဲ့ သတင်းကို သိရပါတယ်။ ဝူကျင်မိန်က သက်ပြင်းချလိုက်ပြီး

“နေနှစ်စင်းကတော့ ကောင်းကင်တစ်ခုထဲမှာ ထွန်းလင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။

ယုဝူရှန်း ရှိနေမှတော့ ကောင်းကင်ဘုံက ဘာဖြစ်လို့ လီဖူချန်းကို ထပ်ပြီး မွေးဖွားခွင့် ပြုလိုက်ရတာလဲ”

အနည်းငယ် ရယ်သွမ်းလိုက်ပြီး ဝူကျင်မိန်က သူမဘာသာသူမ ရေရွတ်လိုက်ပါတယ်။

“ထားလိုက်ပါတော့လေ။ ငါလည်းနောက်ဆို ယုဝူရှန်းနဲ့ ဆက်သွယ်တော့မှာမှ မဟုတ်တာ"

သူမက အစွမ်းထက်တဲ့ လူတွေကို လေးစားပေမဲ့ သူမမှာလည်း ကိုယ်ပိုင်မာနတရား ရှိပါသေးတယ်။ ဝူကျင်မိန်က မိဖုရား ဖြစ်ချင်တာပါ။ တစ်ပါးသူက အော်ငေါက်တာ ခံရတဲ့ အစေခံ ဖြစ်ချင်တဲ့သူ မဟုတ်ပါဘူး။ ပြီးတော့ သူမကိုယ်တိုင်ကလည်း ပြိုင်ဘက်ကင်း ၁၀ ယောက်ထဲက တစ်ယောက်အဖြစ် သတ်မှတ်ခြင်း ခံထားရတဲ့ သူတစ်ယောက်ပါ။

***

All Chapters