← Chapters

အဆင့်တက်ပြီ

Vol. 6 Ch. 80

အဆင့်တက်ပြီ

Vol. 6 Ch. 80

နရီ ၇ ချက်ဆိုတာ နိယာမကို လုံးဝ ကျော်လွန်နေပါပြီ။ အတိတ်တုန်းက ဆိုရင် ဓားအရူးသူတော် တစ်ယောက်ပဲ ဒီစံချိန်အထိ ရောက်ခဲ့ဖူးတာပါ။ ကျားဓားရှင်၊ အကြင်နာမဲ့ ဓားသမားနဲ့ ဧကရာဇာ ဓားသမားတို့တောင် နရီ ၈ ချက်အထိပဲ စွမ်းဆောင် နိုင်ခဲ့တာလေ။

ဒါပေမဲ့ တစ်ခု သတိပြုရမှာကတော့ ဒီစံချိန်တွေက လူတစ်ယောက်ရဲ့ တကယ့်စွမ်းရည် အတိအကျကို တွက်နိုင်တာမဟုတ်ပါဘူး။ တချို့တွေက တိုက်ခိုက်ရာမှာ ဖြည်းဖြည်းနဲ့မှန်မှန် တိုက်ပြီး အနိုင်ယူတတ်သလို တချို့ကလည်း မာယာတွေ အသုံးချ လှည့်စားကာ တိုက်ခိုက် အနိုင်ယူတတ်တွေပါ။ လူတစ်ယောက်ချင်းစီမှာ ကိုယ်ပိုင် တိုက်ခိုက်နည်းတွေ ရှိပါတယ်။ ဒါကြောင့် ဘယ်သူ့ကိုမှ အထင်သေးလို့ မရပါဘူး။

***

လီဖူချန်းရဲ့ သတင်းတွေ အနည်ထိုင်သွား ချိန်မှာတေ့ာ အပြင်စည်းဂိုဏ်းမှာ နောက်ထပ် သတင်းထူး တစ်ခုက ထွက်ပေါ် လာပြန်ပါတယ်။ အဲဒါကတော့ ယုဝူရှန်း တစ်ယောက် စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကို အဆင့်တက်သွားပြီ ဆိုတာပါဘဲ။ ယုဝူရှန်းက ရုတ်တရက် ကြည့်ရင်သာ ၁၈ ဒါမှမဟုတ် ၁၉ လောက် ထင်ရပေမဲ့ တကယ်တမ်းမှာတော့ ၁၆ နှစ်ပဲ ရှိပါသေးတယ်။

လီဖူချန်းတို့ ကောင်းရှုတို့နဲ့ဆိုရင် ရွယ်တူတွေပါ့လေ။ ဒါပေမဲ့ ယုဝူရှန်းက အပြင်စည်းဂိုဏ်းကို အသက် ၁၃ နှစ်သားတည်းက ဝင်ရောက်ခဲ့တာ ဖြစ်တဲ့အတွက် အစောကြီးကတည်းက နာမည်ကျော်ကြား နေခဲ့တာပါ။

၁၆ နှစ်သား စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် ပညာရှင်ဆိုတာ မိုးပြာရောင်ဂိုဏ်း သမိုင်းမှာတောင် အလွန်မြင်ရခဲတဲ့ သူပါ။ အပြင်လောကမှာ ဆိုရင်တော့ အသက် ၂၅ နှစ်အရွယ်မှာ စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်ကို ရောက်အောင် ကျင့်ကြံနိုင်တဲ့သူကို ပါရမီရှင်လို့ သတ်မှတ်လို့ ရနေပါြပီ။

သတင်းထူးတွေကတော့ တစ်ခုပြီးတစ်ခု ဆက်တိုက် ထွက်ပေါ်လာပါတယ်။ ယုဝူရှန်းအဆင့် တက်ပြီး နောက်တစ်လမှာတော့ ရှန်ကောင်းဟောင်ကလည်း စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်ကို ချိုးဖောက် တက်နိုင်သွားပါပြီ။ ထို့နောက်မှာတော့ ဟောင်ဖန်းနဲ့ ဇောင်မင်းယွီတို့ပါ အဆင့်တက်သွား ကြပြန်ပါတယ်။ အတော်ဆုံးတပည့် ၁၀ ယောက်ထဲမှာ ၃ ယောက်ကတော့ စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်ကို တက်ရောက် သွားနိုင်ကျပါပြီ။ အချက်အလက်တွေအရ ဆိုရင် အပြင်စည်းတပည့် ၃၀၀၀၀ ရှိတဲ့အထဲမှာ နှစ်စဉ်နှစ်တိုင်း ထောင်ချီပြီး စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်ကို တက်သွားတဲ့သူတွေ ရှိပါတယ်။

ဒါပေမဲ့ အများစုက မူလောက်စရာ မဟုတ်တဲ့အတွက် သူတို့ အဆင့်တက်သွားတဲ့ သတင်းကို ဘယ်သူမှ အရေးစိုက်ကျလေ့ မရှိပါဘူး။ လူသားနယ်ပယ် အဆင့်နဲ့ စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်ကြားမှာ ကွာဟချက် အကြီးကြီး ရှိနေပါတယ်။ ဘယ်လောက်ပဲ တော်တဲ့ လူသားနယ်ပယ် အဆင့်က ပညာရှင် ဖြစ်ပါစေ။ စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်က ကျွမ်းကျင်သူရဲ့ ရှေ့မှာတော့ ပုရွက်ဆိတ် သာသာပါဘဲ။ အပြင်စည်း တပည့်တိုင်းဟာ အတွင်းစည်း တပည့်တွေကို တွေ့တာနဲ့

“ဂိုဏ်းတူအစ်ကို ဒါမှမဟုတ် ဂိုဏ်းတူအစ်မ” ဆိုပြီး နှုတ်ဆက်ကျရမှာပါ။ တကယ်လို့ မနှုတ်ဆက်ခဲ့ရင် အတွင်းစည်း ဂိုဏ်းသားတွေက ရိုသေမှု မရှိရကောင်းလား ဆိုပြီး ကောင်းကောင်း ပညာပေးသွားလေ့ ရှိပါတယ်။

***

ယနေ့မှာတော့ လီဖူချန်းက လူသားနယ်ပယ် အဆင့် ၉ အလယ်အလတ်ကို ရောက်ရှိလာပါပြီ။ သူက လူသားနယ်ပယ် အဆင့် ၉ အထွတ်အထိပ်ကို ရောက်ဖို့ ခြေတစ်လှမ်းမျှသာ လိုပါတော့တယ်။

သူက ကျင့်ကြံရတာကို ပျင်းလာသဖြင့် မိုးပြာရောင် ရေကန်ကိုသွားပြီး ငါးသွားမျှားဖို့ စဉ်းစား လိုက်ပါတယ်။ ထို့နောက်မှာတော့ သူက ငါးဖမ်းပစ္စည်း အစုံအလင်ယူပြီး မိုးပြာရောင် ရေကန်ကို ထွက်သွား ပါတော့တယ်။

လီဖူချန်းက အစောကြီးကတည်းက သူလုပ်ဖို့ လိုအပ်တဲ့ အစီအစဉ်တွေကို ကောင်းကာင်းကြီး ချမှတ် ထားပြီပါပြီလေ။ သူ့အတွက် အခုချိန်မှာ ရမှတ်တွေကို ရသလောက် ရှာထားတာက အကောင်းဆုံးပါပဲ။ ခန္ဓာကိုယ်သန့်စင်တဲ့ နည်းစနစ်တွေက အထောက်အပံ့ ဆေးဝါးတွေ အလွန်အမင်း သုံးစွဲရတဲ့ နည်းစနစ်တွေပင် မဟုတ်ပါလား။ ဒီပညာရပ်နဲ့ ပတ်သက်ပြီး ဟာသလေးတောင် ရှိပါသေးတယ်။ ခန္ဓာကိုယ် သန့်စင်တဲ့ လမ်းစဉ်က ပညာရှင်တစ်ယောက်ရဲ့ သွေးလေးတစ်စက် ဒါမှမဟုတ် အသားစလေး တစ်ဖက်ကတောင် ရွှေအများကြီးနဲ့ စက်လို့ရတယ်လိုပေါ့။ ယုတ်စွအဆုံး ဆံစလေး တစ်စကတောင် ရွှေပြား ရာကျော်ပါတယ်။

ဒါက တချို့တလေအားဖြင့်တော့ မှန်ပါတယ်။ ခန္ဓာကိုယ် သန့်စင်တဲ့သူတွေက ဆေးဝါးတွေ အများအပြား သုံးစွဲပြီး သူတို့ရဲ့ အသွေးအသားတွေကို ပြောင်းလဲအောင် လေ့ကျင့်ရတာ ဖြစ်တဲ့အတွက် သူတို့ရဲ့ ခန္ဓာကိုယ်ကိုတောင် ရတနာတစ်ပါးအဖြစ် သတ်မှတ်လို့ ရနေပါပြီ။ သာမန် သေခါနီး လူတစ်ယောက်ကိုတောင် သူတို့ရဲ့ သွေးတစ်စက် တိုက်ကျွေးလိုက်ခြင်းအားဖြင့် ငေါက်ခနဲ ပြန်ထလာနိုင်စေတဲ့ အစွမ်း ရှိပါတယ်။ ဒါကြောင့်မလို့ ခန္ဓာကိုယ်သန့်စင်တဲ့ လမ်းကို လိုက်စားတဲ့ ပညာရှင်တွေ သေဆုံးသွားခဲ့ရင် သူတို့ရဲ့ အလောင်းဟာ တခြား ပညာရှင်တွေအတွက် လုံးဝ အသုံးဝင်လာပါတယ်။ အလောင်းရဲ့ အသွေးအသားတွေကို စုပ်ယူပြီး ဆေးဝါးတွေအဖြစ် ပြန်အသုံးပြုလို့ ရတဲ့အပြင် အလောင်းရဲ့ ကြွင်းကျန်ခဲ့တဲ့ အသိစိတ် အနည်းငယ်ကိုပါ ရယူပြီး

ကျင့်ကြံလို့ ရပါသေးတယ်။

ခန္ဓာကိုယ်သန့်စင်တဲ့ လမ်းတွေကို လိုက်စားတဲ့သူတွေက နှစ်မျိုးနှစ်စား ရှိပါတယ်။

ပထမတစ်မျိုးက မိမိဘာသာ ဇောက်ချပြီး လေ့လာကျင့်ကြံတဲ့ သူတွေပါ။ နောက်တစ်မျိုးကတော့ ကပ်ပါးတွေပါ။ ဒီကပ်ပါးတွေက ခန္ဓာကိုယ်သန့်စင်တဲ့ လူတွေက အသွေးအသားတွေ စုပ်ယူပြီး ကျင့်စဉ် အဆင့်မြင့်တက်အောင် ဖြတ်လမ်းက လိုက်သူတွေပေါ့။ ဒါကြောင့်မလို့ အပြင်ဘက်လောကကို ရောက်တဲ့ အခါကျရင် မင်းက ခန္ဓာကိုယ် သန့်စင်တဲ့လမ်းကို လိုက်စားတဲ့ သူဆိုတာကို မဖော်ပြရင် အကောင်းဆုံးပါဘဲ။

အချိန်တွေက တရွေ့ရွေ့ ကုန်ဆုံးနေပေမဲ့ မိုးပြာရောင် ရေကန်ကြီးကတော့ လာသမျှ တပည့်တွေတိုင်းကို ဆီးလို့ ကြိုနေဆဲပါ။ အပြင်စည်း ဂိုဏ်းသားတွေ တစ်ယောက်ပြီးတစ်ယောက် အတွင်းစည်း ဂိုဏ်းသားတွေ ဖြစ်သွားပေမဲ့ လီဖူချန်းကတော့ ငါးမျှားလိုက် လေ့ကျင့်လိုက်နဲ့ သာယာငြိမ်ချမ်းမှုရဲ့ အရသာကို ခံစားနေပါတယ်။ သူ့ဘဝမှာ ဒီမိုးပြာရောင် ဂိုဏ်းထဲကို ရောက်လာကတည်းက ဘယ်တုန်းကမှ အေးအေးဆေးဆေး နေခဲ့ရတာမှ မဟုတ်တာလေ။ တစ်ခါတလေ သူအရမ်း ပျင်းလာပြီဆိုရင် ငါးမျှားတံလေးကိုချပြီး လှေတစ်စင်းနဲ့ ကန်ရေပြင် တစ်လျှောက် လျှောက်သွား နေခဲ့ပါသေးတယ်။

နောက်ထပ် လအနည်းငယ် အကြာမှာတော့ … ဂေါင်ချန်းရှန်၊ ဖန်လီဟိုင်၊ စွန်းကျန်း၊ ဝူကျင်မိန်နဲ့

ချောင်ယန်တို့ကလည်း စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်ကို အဆင့်တက်သွား ကျပါပြီ။ အခုဆိုရင်တော့ အပြင်စည်း အတော်ဆုံးတပည့် ၁၀ ယောက်မှာ ၄ ယောက်ပဲ အဆင့်တက်ဖို့ ကျန်ပါတော့တယ်။

“ဒါက အပြင်အား ၁၅၀၀၀ ကီလိုဂရမ်ရှိတဲ့ လက်သီးမဟုတ်ဘူးလား”

ကန်စပ်နားက တဲအိမ်လေး တစ်လုံးထဲမှာတော့ လီဖူချန်းက လေထဲကို လက်သီးတစ်လုံး ပစ်ထိုးလိုက်ရင်းနဲ့ ရေရွတ်လိုက်ပါတယ်။ သူ့ရဲ့ လက်သီးချက်ကြောင့် တဲအိမ် တစ်ခုလုံးက ယိမ်းထိုး လှုပ်ရှားနေပြီး အချိန်မရွေး ပြိုကျတော့မည့်ပုံပင်။

အခု ကုန်လွန်သွားခဲ့တဲ့ လတွေမှာ မိုးပြာရောင် ရေကန်ကနေ ဖမ်းလို့ရတဲ့ ငါးတွေ မှန်သမျှကို လီဖူချန်းက အကုန် စားပစ်လိုက်ပါတယ်။ အစတုန်းကတော့ ဒုတိယတန်းစား ငါးတွေကို ဖမ်းမိရင်တော့ မစားဘဲ ရမှတ်နဲ့ လဲမယ်လို့ စဉ်းစားထားပေမဲ့လည်း တာအိုလမ်းခွဲ ခန္ဓာကိုယ်ပညာရပ်ရဲ့ လိုအပ်ချက်က အရမ်း ကြီးမားတဲ့အတွက် ဒုတိယတန်းစား ငါးတွေပါမချန် စားရတော့တာပါဘဲ။ အထောက်ပံ့တွေ နည်းလာတဲ့အတွက် သူ့ရဲ့ ကျင့်ကြံမှုနှုန်းတွေကလည်း တစ်ရိပ်ရိပ် ကျလာနေပါပြီ။ ဒီအတောအတွင်းမှာ ဆိုရင် ပြင်ပခွန်အားက ၁၂၀၀၀ ကီလိုဂရမ် ကနေ ၁၅၀၀၀ ကီလိုဂရမ် အားအထိပဲ တက်လာပါတော့တယ်။

ဓားပညာမှာတော့ လီဖူချန်းက တော်တော်လေး တိုးတက်လာတယ်လို့ ဆိုရပေမည်။ သုံးရိပ်ဖြာ ဓားသိုင်းနဲ့ ရေစက်ဓားသိုင်းကို တစ်ဖတ်ကမ်းခတ်သည်အထိ လေ့ကျင့် နိုင်ခဲ့တယ်လေ။ နဂါးမာန် ဓားသိုင်း တစ်ခုတည်းသာ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကနေ ဆက်မတက် နိုင်သေးတာပါ။ လီဖူချန်း တွက်ဆမိသလောက်ဆိုရင် သူ စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်ကို ရောက်ရင်ရောက် ဒါမှမဟုတ် ကြက်သွေးရောင် လျှို့ဝှက်မီးတောက် ကျင့်စဉ်ရဲ့ အဆင့် ၉ ကို ရောက်ရင်ရောက်မှပဲ နဂါးမာန်ဓားသိုင်းကို တစ်ဖက်ကမ်းခတ်သည်အထိ တတ်မြောက်နိုင်မှာပါ။

ဒီလိုနဲ့ပဲ လီဖူချန်းရဲ့ ကျင့်ကြံမှုက လူသားနယ်ပယ် အဆင့် ၉ ရဲ့ အထွတ်အထိပ်ကို ရောက်လာခဲ့ပါပြီ။

"နောက်ထပ် နှစ်တစ်ဝက်တောင် ကျိုးခဲ့ပါပေ့ါလား''

လီဖူချန်းက ခပ်တိုးတိုး ဆွေးမြည့်စွာ ရေရွတ်လိုက်ပါတယ်။

ဘာလိုလိုနဲ့ သူ ဒီဂိုဏ်းတော်ကို ရောက်ခဲ့တာတောင်မှ တစ်နှစ်ခွဲ တိုင်ခဲ့ပြီလေ။ အခုဆိုရင်သူက အသက် ၁၆ နှစ်တောင် ပြည့်ပြီးခဲ့ပြီ။ အသက် ၁၆ နှစ်အရွယ် လီဖူချန်းက အရပ်တောင် ၁၈၀ စင်တီမီတာအထိ ရှည်လာပါတယ်။ သူ့ကို ကြည့်လိုက်ရင် တောင့်တောင့်တင်းတင်း မရှိသလိုပုံ ဖြစ်ပေမဲ့

သူ့ရဲ့ ခန္ဓာကိုယ် အလေးချိန်က ၉၀ ကီလိုကိုတောင် ကျော်နေပါပြီလေ။

“အင်း … နောင်တစ်ချိန်ကျရင် ငါ့အလေးချိန်က ၅၀၀ ကီလိုဂရမ်တောင် ကပါ့မလားဘဲ"

***

နောက်ထပ် တစ်လအကြာမှာတော့ ကောင်းရှုကလည်း စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်ကို တက်လှမ်း သွားခဲ့ပါပြီ။ ကျင်းရှောင်ယုကလည်း ကောင်းရှုနဲ့ အချိန် သိပ်မကွာလိုက်ပါဘူး။

ဂိုဏ်းတော်ရဲ့ အတော်ဆုံးတပည့် ၁၀ ယောက်မှာတော့ လီဖူချန်းကလွဲပြီး ကျန်တဲ့သူတွေ အားလုံးက အဆင့် တက်သွားကျခဲ့ပြီ။ တစ်နှစ်ပြည့်တဲ့ အခါမှာတော့ ထိပ်ဆုံး ၂၀ စာရင်းထဲက တပည့်တွေတောင် စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်ကို ချိုးဖောက်ဝင်ရောက် သွားကြပြီး လီဖူချန်း တစ်ယောက်တည်းသာလျှင် လူသားနယ်ပယ် အဆင့်မှာ ကျန်နေခဲ့ပါတော့တယ်။ လီဖူချန်း တစ်ယောက် စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်ကို ရောက်ဖို့အတွက် အချိန် သုံးနှစ်နီးပါး ယူရလိမ့်မည်ဟူသော ကောလာဟလတွေကလည်း အပြင်စည်းဂိုဏ်းမှာ ထွက်နေပါပြီ။ နောက်သုံးနှစ်ဆိုရင် လီဖူချန်းက အသက် ၁၉ ရှိနေတော့မှာပါ။ အသက် ၁၉ နှစ်မှ စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်ကို ရောက်တဲ့ တပည့်တွေက မိုးပြာရောင်ဂိုဏ်းထဲမှာတော့ သာမန်တပည့်ပါဘဲ။ တခြားလူတွေ အဆင့်တက်နေတဲ့ အချိန်မှာမှ သူက စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်ကို ရောက်မှာဆိုတော့ ကျင့်ကြံချိန်တွေ အတော်လေး နစ်နာသွားကုန် တော့မှာပါ။

ဒီနေရာမှာ တစ်ခုသိရမှာက အတွင်းစည်း တပည့်တွေနဲ့ အပြင်စည်း တပည့်တွေကို ဂိုဏ်းက ဆက်ဆံပုံက အတော်လေး ကွာခြားတယ် ဆိုတာပါဘဲ။ အတွင်းစည်း တပည့်တစ်ယောက်က မိမိ ကြိုက်နှစ်သက်သလောက် ဆန်းကြယ်အဆင့် သိုင်းကျမ်းတွေကို လေ့ကျင့်နိုင်ပြီး ထောက်ပံ့ရေး ရမှတ်တွေ ရဖို့နည်းလမ်းကလည်း ပိုများပါတယ်။ ဒါကြောင်မလို့ အနှေးနဲ့အမြန် အတွင်းစည်းဂိုဏ်းသား ဖြစ်တာက အကောင်းဆုံးပါပဲ။

***

“ငါနောက်ဆုံးတော့ ကြက်သွေးရောင် လျှို့ဝှက်မီးတောက်ရဲ့ အဆင့် ၉ ကို ရောက်ခဲ့ပြီပဲ”

သစ်သားတဲအိမ်လေး တစ်ခုထဲမှာတော့ … လီဖူချန်း တစ်ယောက်ကတော့ ကြမ်းပြင်မှာ တင်ပျဉ်ခွေ ထိုင်လျက် ရှိနေပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ် အပေါ်ပိုင်းမှာတော့ ကြက်သွေးရောင် မီးတောက်မီးလျှံတွေ လွှမ်းခြုံနေပါတယ်။ လီဖူချန်းကို ကြည့်ရတာက မီးလျှံ နတ်ဘုရားတစ်ပါး ဖွားမြင် လာသလိုပါဘဲ။

လီဖူချန်းက သူ့လက်ကို ဆန့်ထုတ်လိုက်တဲ့ အခါမှာတော့ အနည်းငယ်ဝေးတဲ့ စားပွဲပေါ်မှာရှိတဲ့ လက်ဖက်ရည်ခွက်က ပွက်ပွက် ဆူသွားပါတယ်။ ထို့နောက်မှာတော့ လက်ဖက်ရည်ခွက်က လီဖူချန်းဆီကို ပျံသန်းလာခဲ့ပါတယ်။

“အဝေးက အရာဝတ္ထုတွေကို အတွင်းအားနဲ့ ဆွဲငင်တယ်ဆိုတာ စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်က သူတွေမှ လုပ်နိုင်တဲ့အရာပဲ။ ငါက ကြက်သွေးရောင် လျှို့ဝှက်မီးတောက် အဆင့် ၉ ကို ရောက်သွားလို့သာ ဒီလို စွမ်းဆောင်နိုင်တာပဲ။ ကြက်သွေးရောင် လျှို့ဝှက်မီးတောက်အဆင့် ၉ ကို ရောက်သွားတော့မှ လီဖူချန်း တစ်ယောက် သက်ပြင်း ချနိုင်တော့ပါတယ်။ သူက အခုမှ လူတွေက အရိုးတည်ဆောက်မှုကို ဘာလို့ အဲဒီလောက် အရေးတကြီး ပုံကြီး ချဲ့နေကျတာလဲ ဆိုတာကို နားလည် ပါတော့တယ်။

ဒီအတားအဆီးတွေကို ကျော်ဖြတ်ဖို့ဆိုတာ အရိုးတည်ဆောက်ပုံ ကောင်းတဲ့ လူတွေ အတွက်ကတော့ ပိုပြီး လွယ်ကူနိုင်တယ်လေ။ သူ့လို သာမန်အရိုး တည်ဆောက်ပုံနဲ့လူက အတားအဆီးကို ချိုးဖောက်ဖို့ဆိုတာ ဘယ်လောက်ပဲ စိတ်ဝိညာဉ် အားကောင်းကောင်း ခန္ဓာကိုယ်က မလိုက်နိုင်သေးပါဘူး။

“ဒီနေရာကနေ ထွက်ခွာဖို့ အချိန်တန်ပြီ ထင်တယ်”

လီဖူချန်းက သူ့ ငါးဖမ်းကိရိယာတွေနဲ့ ဖမ်းဆီးရမိပြီး ကျန်နေသေးတဲ့ ငါးတွေကို သိမ်းဆည်း လိုက်ပါပြီ။ ထို့နောက်မှာတော့ ဂိုဏ်းတော်ကိုပြန်မယ့် ခရီးကို စပါတော့တယ်။

နောက်ထပ် ရက်အနည်းငယ်ဆိုရင် သူက စိတ်တန်ခိုးနယ် ဖွဲ့စည်းခြင်းနယ်ပယ်ကို ချိုးဖောက် ဝင်ရောက်တော့မှာ ဖြစ်တဲ့အတွက် လိုအပ်တာတွေ ပြင်ဆင်ရတော့မှာပါ။

***

All Chapters