အခန်း(၃၄၁)
Vol. 23 Ch. 341
ဘာတင်ဒါမှ သူ့ကို စနောက်သလိုလုပ်နေကြောင်း ခံစားမိသော်လည်း လျိုဟိုင်နင် တည်ငြိမ်ချင်ယောင် ဆောင်လိုက်၏။
"ကျုပ်တို့ သီးသန့်ခန်း တစ်ခန်း လိုချင်တယ်..ကြီးကြီးလေး တစ်ခန်းပေး..."
"သီးသန့်ခန်းအတွက် စရံက နှစ်သောင်း....မင်းရှေ့က ကုတ်ကို စကန်ဖတ်ပြီးတော့ ပေးချေလို့ရတယ်... "
နှစ်သောင်းဟူသည့် ပမာဏကို ကြားတော့ ၀မ်လုနှင့် ကျန်သူများ တိတ်တဆိတ် ရှော့ခ်ရသွားခဲ့ကြသည်။
သူတို့ ဘာမျှ မလုပ်ရသေးသော်လည်း စရံငွေနှစ်သောင်း တောင်းနေပြီးဖြစ်၏။ ကျိုးဟိုင်မှာ မြို့ကြီးပြကြီး ဖြစ်ထိုက်ပေသည်။
ယွမ်နှစ်သောင်းမှာ သေးငယ်သည့် ပမာဏ မဟုတ်သော်လည်း လျိုဟိုင်နင်အတွက်တော့ လက်ခံနိုင်သည့် အတိုင်းအတာအတွင်း၌ တည်ရှိနေသေးသည်။
စရံငွေ ပေးချေပြီးနောက် အုပ်စုမှာ စားပွဲထိုး၏ ဦးဆောင်မှုအောက်တွင် ဒုတိယထပ်သို့ ရောက်သွားခဲ့ကြသည်။
"ငါတို့ အခန်းထဲမှာ အေးဆေးကဲပြီးရင် ကတဲ့အထပ်ကို သွားကြရအောင်လား... "တူယွီရွှမ်းမှ ပြောလိုက်၏။
"မမ...ဟိုမှာ ရှောင်ကောကောလေးတွေ သူတို့ ကနေကြတာ အရမ်းမိုက်တာပဲနော်."
"ဟုတ်တယ် ဟုတ်တယ်...ငါလည်း သွားချင်တယ်...ကြည့်ရတာ ပျော်ဖို့ ကောင်းမယ့်ပုံပဲ..."
၀မ်ရင်း ခေါင်းအသာရမ်းမိလိုက်သည်။ ဤကောင်မလေးများမှာ အထဲသို့ ရောက်လာသည့် အချိန်တွင်တော့ ပိုပိုဆိုးသွမ်းလာကြပုံပင်။
"မင်းတို့ အရင် ၀င်သွားနှင့်ကြဦး..."
တံခါး၀သို့ ရောက်သည့် အခါတွင်တော့ လင်းရီက ပြောလိုက်ပြီး "ငါ သန့်စင်ခန်း ခဏ သွားလိုက်ဦးမယ်...."
လူတိုင်း တစ်ခွန်းမျှ မပြောဘဲ ခေါင်းညိမ့်လိုက်ကြ၏။
သန့်စင်ခန်း ၀င်ပြီးနောက် လင်းရီ ငါးထပ်မြောက်သို့ တက်သွားလိုက်သည်။
ဤအထပ်မှာ ယောင်တုန်းလိုင်နှင့် လျိုချန်းတိူ့ အလုပ်လုပ်သည့် နေရာဖြစ်ပြီး ရောက်တုန်းရောက်ခိုက် လီချင်းဖုန်းအကြောင်း ပြောပြပြီး ကိုင်တွယ်ခိုင်းရန်ပင်။
လင်းရီ တံခါးကို ကန်ကျောက်ပြီး ဖွင့်လိုက်၏။ ထိုအခါ အထဲတွင်တော့ နှစ်ယောက်သားမှာ ကောင်မလေးကိုယ်စီကို ပေါင်ပေါ်တင်၍ ဇိမ်ခံနေကြသည်။
"ဟာ....ဘော့စ်လင်း..ဆိုင်းမဆင့်ဗုံမဆင့်ကြီးပါလားဗျ...."
နှစ်ယောက်သား မတ်တပ်ရပ်လိုက်ပြီး ဆိုဖာပေါ်၌ ထိုင်ရန် ဖိတ်ခေါ်လိုက်ကြ၏။
"ဘော့စ်သူငယ်ချင်းတွေနဲ့ ဒီလာခဲ့တာလား..ဘယ်အခန်းလဲ...ကျုပ်တစ်ခုခု သွားပို့ခိုင်းလိုက်မယ်လေ..."
ယောင်တုန်းလိုင်မှ ပြောလိုက်၏။
"ပေးချင်ရင်လည်း သဘောပဲ..ငါတော့ ပိူက်ဆံ မပေးဘူး....နည်းနည်းပါးပါး ပို့တာလောက်ကတော့ အဆင်ပြေတယ်... ဘာပဲဆိုဆို မင်းတို့လည်း စီးပွားရေးလုပ်နေတာမလား...ငါ အခွင့်အရေး သိပ်မယူချင်ဘူး."လင်းရီ ပုံမှန်လေသံဖြင့် ဆိုလိုက်၏။
ဤအချက်ကြောင့်လည်း ယောင်တုန်းလိုင်နှင့် လျိုချန်းတို့မှာ လင်းရီကို နှစ်နှစ်ကာကာ လေးစားနေကြခြင်းပင်။ လင်းရီတွင် လက်အောက်ငယ်သားတို့အပေါ် စာနာညှာတာတတ်သည့် နှလုံးသားတို့ ရှိပေသည်။ အချို့ဘော့စ်များဆိုလျှင် လက်အောက်ငယ်သားဆိုပါက အရိုးပါ စွပ်ပြုတ်လုပ်သောက်ကြ၏။
"ဘော့စ်လင်းတွေးနေတာကို ကျုပ်တို့နားလည်တယ်..ဒါပေမယ့် အသီးတစ်ချို့နဲ့ ဘီယာ လေးငါးလုံးလောက် ပို့ပေးတာက ဘာမှ မကုန်ပါဘူးဗျ...ကျုပ်တို့ အဲ့လောက်တော့ တတ်နိုင်ပါသေးတယ်..."
"အချင်းချင်းတွေကိုပဲကွာ..အဲ့လောက်ကြီး လောကွတ်ချော်မနေနဲ့.."လင်းရီ လက်ကို ဝှေ့ယမ်းလိုက်ပြီး "ငါဒီနေ့ ရောက်လာခဲ့တာက ကိစ္စရှိလို့ပဲ...အရင်နေ့တုန်းက မင်းတို့ကောင်တွေကို လီချင်းဖုန်းကို မှတ်သွားအောင် ပညာပြပေးခဲ့ဖို့ ငါမပြောထားခဲ့ဘူးလား..အဲ့ကောင်ကခု သောက်ချိုးမပြေတဲ့အပြင် ငါ့ကို လက်စားချေဖို့ဆိုပြီး လူတွေတောင် လိုက်ရှာနေတယ်လို့ သတင်းရထားတယ်.....အသင့်ပြင်ထား..မင်းတို့ကောင်တွေ သူ့ကို ဒီတစ်ခေါက်တော့ အရိုးထဲထိစွဲနေအောင် ပညာပေးရမယ်..ငါ့မျက်စိရှေ့မှာ ပေါ်ကို မလာခဲ့စေနဲ့...."
"ဟမ်...ကျွန်တော်နဲ့ အစ်ကိုကြီးချင်တို့ ကိုယ်တိုင် လာကြမ်းသွားတာတောင်မှ အဲ့ကောင်က မကျေနပ်သေးဘူးပေါ့..."ယောင်တုန်းလိုင် ကောက်ကျစ်စွာ ပြုံးလိုက်ပြီး "ဒီ၀က်ဖက်တီးက အရင်တုန်းကတော့ ရိုရိုကျိုးကျိုးလေး...ခုတော့ ဘယ်သူ့အားကိုးနဲ့ လာပြီး အာခံနေရဲပါလိမ့်...ကြောင်းမှန်းကန်းမှန်း သိအောင်လို့တော့ ပညာပြပေးဦးမှ တူတယ် "
"ငှက်တွေက အစာကြောင့်သေတယ်..လူတွေက လောဘကြောင့်သေတယ်..ငါတို့ကို ငွေမပေးချင်လို့ ဒီလိုလုပ်တာလည်း အဆန်းကြီးတော့ မဟုတ်ပါဘူး..."
လင်းရီ ပြောလိုက်ပြီး "မင်းတို့ကို အချိန်ရှိရင် ဒီဇာတ်ရှုပ်ကို ဖြေထားလို့ လာပြောတာ... အဲ့ကောင်ကို ငါ့ရှေ့မှာ ဘယ်တော့မှ ပြန်ပေါ်မလာစေနဲ့....."
"နားလည်ပါပြီဘော့စ်..ကျုပ် မနက်ဖြန်ကျရင် သူ့ဆီကို လူတွေ လွှတ်လိုက်ပါ့မယ်..."
လင်းရီ ခေါင်းညိမ့်လိုက်ပြီး "မင်းတို့ ကြည့်ကြပ် လုပ်လိုက်ကြကွာ..ငါသွားတော့မယ်..."
"ဟုတ်ကဲ့ ဖြည်းဖြည်းသွားပါဘော့စ်.."
အခန်းသို့ ပြန်ရောက်လာသည့် အချိန်တွင်တော့ ၀မ်လုနှင့် ကျန်သူများမှာ ကာရာအိုကေ စဆိုနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
တစ်ယောက်ချင်းစီတိုင်းမှ မိုက်တစ်လုံးစီဖြင့် သီချင်းတစ်ပုဒ်ကို ဟဲနေကြ၏။
'ဘယ်လိုတောင် ဖြုန်းတီးလိုက်သလဲ' လင်းရီ သူ့ဘာသူ တွေူလိုက်ပြီး ' ဒီနေရာက ကာရာအိုကေနဲ့ တူနေတယ်ဆိုပေမယ့် ချမ်းသာတဲ့ သခင်လေးတွေ ချစ်ရည်လူးဖို့ လုပ်ထားပေးတာကွ....အဲ့တာကို မင်းတို့ကောင်တွေက အတည်ကြီး ကာရာအိုကေ ဆိုနေကြတယ်ပေါ့လေ...ဒါကြီးကတော့ ရိုးအ လွန်းသွားပါပြီကွာ...'
ကလင် ကလင် ကလင်
ထိုအချိန်တွင် လင်းရီ ဖုန်းသံ မြည်လာခဲ့၏။
ချင်းဟန်မှ ဖုန်းခေါ်လာခဲ့ခြင်းပင်။
"လင်းကြီး...မင်း နိုက်ကလပ်ရောက်နေတယ်လို့ ငါသတင်းရထားတယ်..."
လင်းရီ ဘာမျှ မပြောရသေးခင် ချင်းဟန်ဘက်မှ ပြောလာခဲ့၏။
"ဟ...ခုလေးတင် ရောက်တာပါဟ.."လင်းရီ ပြုံးလိုက်ပြီး "ငါခုမှရောက်လာတာကို မင်းဆီ သတင်းရောက်နေပြီဆိုတော့...မင်းရဲ့ ကွန်ရက်ကလည်း အံ့မခန်းပါလားကွ..."
"ခေါင်းတုံးလျို ပြောပြတာ..."ချင်းဟန် ပြောလိုက်ပြီး "လင်းကြီး ..မင်းက ကလပ်သွားတာတောင်မှ ငါ့ကို မခေါ်ဘူးဆိုတော့ မင်း..မင်းကွာ...."
" သောက်ပိုတွေ လာလုပ်မနေနဲ့....အပြင်လူတွေနဲ့ မို့ မခေါ်တာ..."လင်းရီပြောလိုက်ပြီး "မပူပါနဲ့..ငါမင်းကို ညစာ တစ်ဝိုင်း လိုက်ကျွေးရဦးမယ်ဆိုတာ မှတ်မိပါသေးတယ်..."
"ငိုးပဲ ငိုးပဲ ...အဲ့တာဆိုလည်း ဘာတွေ စောင့်နေတာ..ဒီနေ့ပဲ ပြင်လိုက်တော့လေကွာ.."ချင်းဟန်ပြောလိုက်ပြီး "ငါခု လျန်ကြီး၊ ကောင်းကြီးတို့နဲ့ ရှိနေတာ...ခု မင်းဆီကို လာနေပြီ... " ချင်းဟန်မှ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။
"သောက်ကျိုးနည်း...မင်းတို့ကောင်တွေက မက်ထရိုပိုလစ်ကို မရောက်ဖူးတာကျနေတာပဲ..ဘာလို့ အဲ့လောက်တောင် စိတ်လှုပ်ရှားနေကြတာ..."
"မင်း အထင် လွဲနေပြီဟျောင့်..ငါတို့က မင်း ရှိနေလို့ လာဖို့လောနေတာ မဟုတ်ဘူး..."
"အဲ့တာဆို ဘာလို့လဲ..၀မ်ရန်လည်း မရှိတော့ဘူးလေ ...."
"ဘာလို့လဲဆိုတော့ မင်းရဲ့ မျက်လုံးကို ယုံလို့တဲ့ဟေ့.."ချင်းဟန်ပြောလိုက်ပြီး "မင်းနဲ့ပါတဲ့ ကောင်မလေးတွေဆို သေချာပေါက် အလှလေးတွေပဲ ဖြစ်မှာ သေချာတယ်..စောင့်နေဟျောင့်..ငါတို့ခု ရောက်တော့မယ်...."
"လခွမ်းပဲလေ..."
ချင်းဟန်ကို တားမရတာ မြင်တော့ လင်းရီလည်း ဘာမျှ ဆက်ပြောမနေတော့ချေ။
ထို့ပြင် ချင်းဟန်ရောက်လာပါကလည်း ကန့်ကွက်သူ ရှိလိမ့်မည် မဟုတ်။
"ဦးလေးကြီး...နင့် သူငယ်ချင်းတွေက လာမလို့တဲ့လား..."
ကိုယ်ကို ယိမ်းတိမ်းရင်း သီချင်းဆိုနေသည့် တူးယွီရွှမ်းမှ သီချင်းဆိုတာကို ခဏရပ်ရင်း မေးမြန်းလိုက်၏။
လင်းရီ ခေါင်းညိမ့်လိုက်ပြီး "အင်း...ငါရောက်နေတာသိတော့ လာမယ် တကဲကဲ လုပ်နေတာ..တားမရတာနဲ့ လာခဲ့လိုက်ကွာလို့..."
"ကောင်းတာပေါ့..လူများတော့ ပိုပြီး အသက်၀င်တယ်လေ..."တူယွီရွှမ်း ပြောလိုက်သည်။
"ခင်များက ဘာလို့ လူတွေ ထပ်ခေါ်လိုက်တာ..ကျုပ်တို့ချည်းတောင်မှ အခန်းက မလောက်ချင်ပါဘူးဆိုနေမှ အလကား အလုပ်ရှုပ်အောင်လို့..."လျိုဟိုင်နင် မကျေမနပ်ဖြစ်စွာဖြင့် ပြောလိုက်သည်။
သူ့အလိုသာဆိုပါက လင်းရီကို မျက်စိရှေ့မှ မောင်းထုတ်ပြီးဖြစ်၏။
ထိုအရာကိုလည်း ငနဲမှ အလိုက်မသိစွာ သူ၏ အပေါင်းသင်းများကိုပါ ဖိတ်ခေါ်လိုက်သည့် အချိန်တွက်တော့ ပို၍ပင် အမြင်ကပ်သွားခဲ့သည်။
"နင်လည်း နင့် ၀မ်းကွဲကို မခေါ်ဘူးလား...နင်ပြောတော့ လုများလေ ကောင်းလေပဲဆို..ဦးလေးကြီးကျတော့ သူ့သူငယ်ချင်းတွေကိာကို ခေါ်လို့ မရဘူးတဲ့လား.."တူယွီရွှမ်းမှ လင်းရီကိုယ်စား ရန်ပြန်တွေ့လိုက်၏။
"ဟုတ်တယ်..အမှန်ပဲ.."၀မ်လုလည်း ထောက်ခံလိုက်ပြီး "နင်ပိုက်ဆံ ကုန်မှာ ကြောက်နေရင်လည်း ငါတို့ နောက်ကျ မျှပေးလို့ရတယ်..."
"လုလု..မင်းကလည်း ငါက အဲ့သဘောမျိုးနဲ့ ပြောတာ မဟုတ်ပါဘူးကွ....."လျိုဟိုင်နင် ကိုးရို့ကားယား ပြုံးလိုက်ပြီး "ငါ့မိသားစုက သိပ်မချမ်းသာဘူးဆိုပေမယ့် ဒီလောက် ငွေကြေးလေးတော့ ပါးပါးလေးပဲ ရှိသေးတယ်...နောက်ပြီး ငါ့၀မ်းကွဲဆို ငါ့ထက်တောင် ပိုပြီး ပေါသေး....ငွေကို ရေလို သုံးနေတဲ့ကောင်...သူ့ဘော်ဒါတွေ လာလည်း ငွေအကြောင်း စိုးရိမ်စရာ မလိုဘူး... "
လျိုဟိုင်နင် သူ့၀မ်းကွဲကို ခေါ်လိုက်သည့် အကြောင်းရင်းကတော့ သူ၏ အတွေ့အကြုံတို့ဖြင့် မက်ထရိုပိုလစ်ရှိ အခြေနေများကို မထိန်းချုပ်နိုင်သောကြောင့်ပင်။
သူ၏ မွေးရပ်မြေလေးမှာ တတိယတန်းစား မြို့ငယ်လေးတစ်မြို့သာဖြစ်ပြီးထိုနေရာရှိ နိုက်ကလပ်များမှာ မက်ထရိုပိုလစ်နှင် ယှဉ်ရက်စရာတောင် မရှိပေ။ထို့ကြောင့် အားကိုးသည့် အနေဖြင့် သူ၏ ၀မ်းကွဲကို ခေါ်လိုက်ခြင်းဖြစ်၏။
"ဟိတ်....ငါတို့ အောက်ဆင်းပြီး လမ်းလေးဘာလေး လျှောက်ကြည့်ရအောင်လေ..အခန်းထဲမှာ နေရတာ ပျင်းဖို့ ကောင်းတယ်..."တူးယီရွှမ်းမှ ပြောလိုက်သည်။
"ငါတော့ အောက်ထပ်ကို သွားပြီး ရှောင်ကောကောတို့ ရှောင်ကျယ်ကျဲတို့ ကတာ ကြည့်ချင်တယ်..."
"ငါရောပဲ..."
ထိုသို့ ပြောပြီးနောက် ၀မ်လု ၀မ်ရင်းကို ကူညီတောင်းဟန်တို့ဖြင့် ကြည့်လိုက်၏။ အကယ်၍ ၀မ်ရင်းသာ ခွင့်မပြုပါက သူမ ဘာမျှ မလုပ်ဝံ့ချေ။
"ရောက်လာပြီးမှတော့ သွားချင်ရင် သွားလေ..."
သူမတို့ ရောက်လာပြီးမှတော့ မသွားနဲ့ဟု ပြောပြန်လျင်လည်း မကောင်းချေ။ အခြားသူများပျော်ရွှင်နေသည်ကို ထိုင်ကြည့်ခိုင်းလောက်ရသည်အထိ သူမ စိတ်မမာခဲ့။
"ရေး...."၀မ်လု ပျော်ရွှင်သွားခဲ့ပြီး ခုန်တောင် ခုန်မိသွားခဲ့သည်။။ ထို့နောက် ကျန်သူများဘက်သို့ လှည့်ကာ "သွားကြစို့...ရှောင်ကောကောတွေကို သွားငမ်းကြမယ်..."
"ငါတို့ စောင့်သင့်တယ် ထင်တယ်နော..."လျိုဟိုင်နင် ပြောလိုက်ပြီး "င့ါ၀မ်းကွဲက ဒီကို လာနေကြ...ခဏနေဆို သူရောက်လာတော့မှာ ..အဲ့အချိန်ကျ ငါတို့ အောက်ဆင်းမယ်ဆိုရင်လည်း ငါတို့ သူများအနိုင်ကျင့်မှာကို ကြောက်စရာမလိုတော့ဘူး..."