အခန်း (၃၄၅)
Vol. 23 Ch. 345
လီချင်းဖုန်း မျက်နှာအရောင်လက်သွားခဲ့သည်။
လင်းရီ ထိုမျှ လွယ်ကူစွာ ပေးလိုက်လိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။
ကြည့်ရသည်မှာတော့ သူ ကျန်းအောက်ကို ခေါ်လာခဲ့သည်မှာ မှန်ကန်သည့် ဆုံးဖြတ်ချက် ဖြစ်သွားသည့်ပုံပင်။
သူ့ဘက်မှ ၃၀%ကို ပေးရဦးမည် ဆိုသော်လည်း တန်သည်ဟု ဆို၍ ရသည်။
"နေဦး.."
လီချင်းဖုန်း လင်းရီပေးသည့် ချက်ခ်လက်မှတ်ကို ကောက်ယူတော့မည့် အချိန်တွင် ကျန်းအောက်မှ လက်ကာပြီး တားမြစ်လိုက်၏။
ထို့နောက် လင်းရီကို ကြည့်လိုက်ပြီး "မစ္စတာလင်း..ကျုပ်ခင်များတို့လိုလူတွေကို အရင်ကလည်း တွေ့ခဲ့ဖူးပြီးပြီ..တကယ်လို့ ဒီနေ့ လီချင်းဖုန်းတာ ချက်ခ်လက်မှတ်ကို ယူလိုက်မယ်ဆိုရင် ခင်များသူ့ကို လွယ်လွယ်နဲ့ အလွှတ်မပေးတော့ဘူးမလား...ပြီးတော့ သူ့ကို အမဲလိုက်သလို လိုက်တော့မှာလေ...ဒီတော့ ကျုပ်သတိပေးလိုက်မယ်..ခင်များတာ လီချင်းဖုန်းကို အမဲလိုက်ရဲရင် ကျုပ် ကျန်းအောက်ကလည်း အဲ့ဒီမှာရှိနေမယ်ဆိုတာပဲ..."
အကယ်၍ ဤအချိန်တွင် လီချင်းဖုန်းသာ ချက်ခ်လက်မှတ်ကို လက်ခံလိုက်ပါက အနာဂတ်တွင်လွယ်ကူလိမ့်မည် မဟုတ်ချေ။
မြေအောက် လောက၏ စည်းမျဉ်းများအရ ကြား၀င်သူတစ်ဦးအနေနှင့် သူဤကိစ္စကို အဆုံးထိတိုင်အောင် တာ၀န်ယူဖြေရှင်းပေးရန် တာ၀န်ရှိပေသည်။
အကယ်၍ လင်းရီသာ လီချင်းဖုန်းကို အမဲလိုက်မည် ဆိုပါက ကျန်းအောက်လည်း ယခု ပြဿနာကို မပြေလည်သေးသမျှ မည်သည့်အခကြေးငွေကိုမျှ တောင်းဆို၍ ရလိမ့်မည် မဟုတ်ပေ။
ထို့ပြင် အနာဂတ်၌ လီချင်းဖုန်း အချို့ကိစ္စများတွင် သူ့အကူအညီ လိုအပ်သည်များလည်း ရှိလာနိုင်သည်။ ထိုအခါတွင်တော့ သူလည်း ထပ်ဆောင် အပိုငွေများ ရရှိနိုင်သေးသည်။
သူပြောသည့် စည်းမျဉ်းဆိုတာကတော့ အခြားမဟုတ်။ မိမိစားပေါက် မပျောက်စေရန် ထိန်းသိမ်းသည့် စည်းမျဉ်းလေးပင်။
"မပူနဲ့..ငါ၊ လင်းရီက အဲ့လိုမျိုး အရိပ်ထဲကနေ ယုတ်မာပက်စက်တဲ့ အကြံစည်တွေ မထားတတ်ဘူး..."
"အဲ့လိုဆိုရင်တော့ အကောင်းဆုံးပေါ့..."
ကျန်းအောက်၏ မျက်နှာထက်တွင်တော့ စိတ်မရှည်မှုများက အထင်းသားပင်။
၁၈ မီလီယမ်ကို ရရှိပါက ၃၀%ဆိုလျှင် ၅.၂ မီလီယမ် ရရှိပေမည်။ နာရီ အနည်းငယ်မျှဖြင့် ထိုမျှများပြားသည့် ပမာဏကို ရရှိလိုက်သည်က လုံး၀ကို ငြင်းရက်စရာ မရှိပေ။
"မစ္စတာလင်းက အဲ့လောက်တောင် တည့်တိုးဆန်နေမှတော့ ကျုပ်လည်း အားနာမနေတော့ဘူးနော်..."လီချင်းဖုန်း ပြောလိုက်ပြီး "ကျုပ်တို့ကြားမှာ အဖုအထစ်လေးတွေ ရှိခဲ့တယ်ဆိုပေမယ့် ခု အချင်းချင်း သိသွားကြပြီမလား..နောင်ကျ ဘာအကူအညီပဲလိုလို ကျုပ်ကို တစ်ခွန်းပဲပြောလိုက်..ကျုပ်အတတ်နိုင်ဆုံး ကူညီပေးမယ်...."
လင်းရီ ဘာမျှ ပြန်မပြောပေ။ ပြုံးရုံမျှသာပြုံးလိုက်သည်။
ချင်းဟန်ကတော့ စားပွဲခုံပေါ်သို့ ခြေထောက်တင်ပြီး စီးကရက်တစ်လိပ်ကို မီးညှိလိုက်၏။
လင်းရီ ဘာလုပ်တော့မလဲဆိုတာကို သူမသိသော်လည်း အေးဆေးလွှတ်ပေးလိုက်လိမ့်မည် မဟုတ်တာကိုတော့ သူ၏မသိစိတ်မှ ပြောပြနေလေသည်။
ထိုသို့မလုပ်ပါက လင်းရီမဟုတ်ပေ။
ဘန်း..
လီချင်းဖုန်း ချက်ခ်လက်မှန်ကို ကောက်ယူတော့မည့် အချိန်တွင် လင်းရီ စားပွဲပေါ်ရှိ ဝိုင်ပုလင်းကို ကိုင်ကာ လီချင်းဖုန်း၏ ခေါင်းသို့ အားပါးတရ ရိုက်ခွဲလိုက်သည်။
အား...
လီချင်းဖုန်း နာကျင်စွာဖြင့် ခေါင်းကိုကိုင်လျက် ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့၏။
သွေးများနှင့် ဝိုင်များမှာ ကြမ်းပြင်ပေါ်၌ ရောနှောနေပြီး လီချင်းဖုန်းလည်း အလူးအလဲ နာကျင်နေကာ ပြန်မထနိုင်တော့ချေ။
"တကယ်တော့ ငါ့ရဲ့ဗီဇကလည်း မင်းလိုမျိုးပဲ..လက်စားချေမယ်ဆို နောက်တစ်နေ့အထိ မစောင့်တတ်ဘူး..ဒီညကိစ္စ ဒီညမှာပဲ အပြတ်ရှင်းမယ်..."
ချင်းဟန်၊ကျန်းအောက်နှင့် ကျန်သူများအားလုံး အံ့အားသင့်သွားခဲ့ကြသည်။
လင်းရီမှ ဝိုင်ပုလင်းဖြင့် လီချင်းဖုန်း၏ခေါင်းကို လျှပ်တစ်ပြက်ရိုက်ခွဲလိုက်လိမ့်မည်လို့ ထင်မထားခဲ့ချေ။
"မစ္စတာလင်း..ခင်များက ဒါ ဘာသဘောလဲ..ပိုက်ဆံ ထုတ်ပြီးတော့မှ ကျုပ်တို့ကို ပေးဖို့ ရည်ရွယ်ချက်မရှိတာလား.."ကျန်းအောက် အေးစက်စွာဖြင့် ပြောလိုက်၏။
"ဟမ့်..ငါ့ပိုက်ဆံကို ဘယ်သူက လွယ်လွယ်ယူလို့ရမှာလဲတဲ့.."လင်းရီ ဆိုဖာနောက်သို့ မှီလျက် ခြေတင်ချိတ်၍ ပြောလိုက်ပြီး "တံခါးက မင်းနောက်မှာ..မင်းလူတွေကိုခေါ်ပြီး ဒီက ထွက်သွားလိုက်တော့...ခွေးအ တွေလို အုပ်စုဖွဲ့ပြီး လာကိုက်မနေနဲ့.."
မက်ထရိုပိုလစ်ရှိ လူတိုင်း ကြောက်ရွံ့တုန်လှုပ်သွားကြသည်။
လင်းရီဤမျှ ကမူးကရှူး နိုင်လိမ့်မည်လို့ ထင်မထားခဲ့ကြချေ။
'ဒီလူက ကျန်းအောက်လေ..ပြီးတော့ သူ့နောက်က ဘော့စ်ဆိုတာကလည်း ကျိုးဟိုင်ရဲ့ နာမည်ကြီး ၀မ်မာဇီ...ခု ဒီလိုတွေ ဖြစ်ပျက်သွားပြီဆိုတော့ တိုးတိုးတိတ်တိတ် ဖြေရှင်းလို့ ရမှာမဟုတ်တော့တာ အမှန်ပဲ...'
"ငိုးပဲ....ငါ ကျန်းအောက်က မြေအောက်လောကမှာ ကြီးစိုးနေတာ နှစ်ပေါင်းမနည်းတော့ဘူး..ငါ့ကို သက်သက်လွတ်သမားများ မှတ်နေလားကွ...."
ကျန်းအောက် အမျက်ဒေါသမီးတို့ တောက်လောင်နေခဲ့သည်။ သူမည်သည်ကိုမျှ ဂရုမစိုက်နိုင်တော့ပဲ လင်းရီထံသို့ ဝိုက်လက်သီးတစ်လုံး ပစ်ကျွေးလိုက်၏။
ကျန်းအောက်၏ စကေးများမှာ ချင်းဟန်ပြောထားသည့်အတိုင်း အရည်အသွေးပြည့်၀လှသည်။ သူလှုပ်ရှားလိုက်သည့် ရှုထောင့်တို့မှတစ်ဆင့် ကိုယ်ခံပညာကို နှစ်ပေါင်းများစွာ လေ့ကျင့်ထားသူဖြစ်ကြောင်း ပြောနိုင်လေသည်။
သို့သော် လင်းရီကလည်း ခေသူမဟုတ်။ ပညာရှိဉာဏ်ပညာ၏ အကူအညီနှင့် မရေမတွက်နိုင်သည့် တိုက်ခိုက်ရေးနည်းပညာတို့ကို မှတ်မိနေလေသည်။ ထို့ကြောင့် ကျန်းအောက်နှင့် ရင်ဆိုင်ရာတွင် တစိုးတစိမျှ တုန်လှုပ်နေခြင်း မရှိချေ။
လင်းရီဘေးသို့ အနည်းငယ် တိမ်းစောင်းကာ ကျန်းအောက်၏ လက်သီးကို ရှောင်တိမ်းလိုက်သည်။
ထို့နောက် သူ၏ ဘယ်လက်ကို အသုံးပြုကာ ကျောင်းအောက်အား ရှေ့သို့ ဆွဲခေါ်လိုက်ပြီး ညာဘက်မှ ကိုင်ထားသည့် ပုလင်းကွဲကို ကျန်းအောက်၏ ၀မ်းဗိုက်သို့ ထိုးနှက်လိုက်သည်။
အား...
ကျန်းအောက် သူ၏ ဒဏ်ရာကို လက်ဖြင့် ဖုံးထားပြီး ပြူးကျယ်နေသည့် မျက်၀န်းတို့ဖြင့် လင်းရီကို ကြည့်နေလေသည်။
"မင်း ..မင်း..."
"ဘော့စ်..."
ကျန်းအောက် ဒဏ်ရာရသွားသည်ကိုမြင်တော့ သူ၏ ငယ်သားများမှ ကူညီရန် အပြေးလာခဲ့ကြ၏။
ယခုအချိန်က လက်စားချေရန် အချိန်ကောင်းမဟုတ်ပေ။ သူတို့ဘော့စ်ကို အချိန်မှီ ဆေးရုံပို့ရန် လိုအပ်လေသည်။ မဟုတ်ပါက သွေးထွက်လွန်ပြီး အသက်ဆုံးရှုံးသွားနိုင်၏။
"မလှုပ်နဲ့..သူ့ကို ကူညီရဲတဲ့ကောင်မှန်သမျှ မနက်ဖြန် ငါကားခေါ်ပြီး တစ်မိသားစုကို လိုက်တိုက်ခိုင်းမယ်..."လင်းရီ သူ့လက်ထဲရှိ သွေးစအသားစတို့ ရှိနေသည့် ပုလင်းကွဲဖြင့် လူတိုင်းကို ဝှေ့ယမ်းလျက် ခြိမ်းခြောက်လိုက်သည်။
ချင်းဟန်၏ နှုတ်ခမ်းများမှာ မသိမသာ ကွေးညွတ်သွားခဲ့၏။
လင်းရီမှာ တစ်ခုခုတော့ တစ်ခုခုပင်။ သူ၏ ပုလင်းကွဲကိုင်ထားပြီး တစ်လောကလုံးကို ထီမထင်ဟန်ပြုနေသည်မှာ လုံး၀ကို လွှမ်းမိုးနိုင်စွမ်းကြီးလွန်းလှ၏။
လျန်ကျင်းမင်နှင့် ကောင်းကျုံးယွမ်တို့လည်း လက်မကိုယ်စီ ထောင်လိုက်ကြသည်။
အစ်ကိုကြီးလင်းက လုံး၀ကို သွားရှုပ်လို့မရတဲ့ လူစားမျိုးပဲ...
"ယောင်တုန်းလိုင်..."လျန်ကျင်းမင် လှမ်းခေါ်လိုက်ပြီး "နောက်ထပ် Ace of spades ပုလင်းတွေ သွားယူခဲ့ကွာ..အဲ့တာတွေက ဘေ့စ်ဘောတုတ်သံတွေထက် ပိုပြီး ကိုင်ရလွယ်တယ်..."
ယောင်တုန်းလိုင် မျက်နှာ ဖြူစုတ်သွားခဲ့သည်။ ဤသခင်လေးတို့မှာ အတော်လေး မဆင်မခြင် နိုင်လွန်းလှ၏။ ယခုလို ဆက်သွားနေပါက တစ်စုံတစ်ယောက်တော့ မုချ သေပေးရပေတော့မည်။
ကျန်းအောက်၏ လက်အောက်ငယ်သားတစ်သိုက်ကလည်း တုတ်တုတ်မျှ မလှုပ်ဝံ့ချေ။
'သူက ထရပ်ကားနဲ့ တစ်မိသားစုလုံးကို လိုက်သ-တ်မယ်တဲ့..ဘယ်သူက အဲ့လိုမျိုးကြီး ခြိမ်းခြောက်လို့လဲဟ...'
ကျန်းအောက်ကတော့ အနာကို လက်ဖြင့်အုပ်လျက် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေပြီး နှုတ်ခမ်းမှလည်း သွေးများယိုစီးကျနေကာ အသက်ကို မျှင်းမျှင်းလေးသာ ရှုနိုင်တော့၏။
"ငါ့...ငါ့ကို ဆေး ရုံ ပို့ ပေး "
"ခုနတုန်းကကျ ပိုက်ဆံတောင်းနေတာမဟုတ်လား...ခုမလိုချင်တော့ဘူးလား"လင်းရီ ဖျော့တော့စွာ ဆိုလိုက်သည်။
"မ..မဟုတ်ဘူး...ဆေးရုံပဲ ပို့ပေး...တောင်း...တောင်းဆိုပါတယ်..."
ကျန်းအောက် လက်ရှိသူ့အခြေနေကို နားလည်ပေသည်။ သည့်ထက် အချိန်ပို၍ ဆွဲနေပါက သူသွေးထွက်လွန်၍ အသက် ဆုံးရှုံးရပေတော့မည်။
ယခုအချိန်တွင်တော့ ပိုက်ဆံမှာ အရေးမကြီးတော့။ သူ့အတွက် ဤတောင်ကို ကျော််နိုင်ရန်သာ အရေးကြီးပေသည်။
လင်းရီ ပုလင်းကျိုးတစ်၀က်ကို ဘေးသို့ ပစ်လိုက်ပြီး လက်ပေါ်တွင် ရှိနေသည့် သွေးပေရာများကို အ၀တ်စဖြင့် သုတ်ကာ ကျန်သူများကို တစ်ချက်ဝှေ့ကြည့်လိုက်ပြီး "မင်းတိုကောင်တွေက မထွက်သွားသေးပဲ ယီးလုပ်နေတာလားကွ...ဒီမှာကဖို့ ဖိတ်ခေါ်တာကို စောင့်နေကြတာလား..."
ကျန်းအောက်၏ လက်အောက်ငယ်သားများမှာ ငယ်ပါမွှေးများ ထောင်ထသွားခဲ့ပြီး ကျန်းအောက်နှင့် လီချင်းဖုန်းကို ကမန်းကတမ်းတွဲခေါ်ကာ ကလပ်မှ ဖဝါးနှင့်တင်ပါး တစ်သားတည်းကျအောင် ထွက်ပြေးသွားခဲ့ကြသည်။
.......
ဧရိယာတစ်ခုလုံးတွင်တော့ တိတ်ဆိတ်သည့် လေထုက ကြီးစိုးနေလေသည်။ ကြမ်းပြင်ပေါ်၌ ရုန်းရင်းဆန်ခတ် ဖြစ်ထားသည့် ခြေရာလက်ရာတို့ကတော့ ရှိနေသေး၏။
ယခုအခြေနေတွင် မည်သူကမျှ ပါတီဆက်လုပ်ရန် ဆန္ဒမရှိကြတော့ချေ။ ထို့ကြောင့် လင်းရီနှင့် ချင်းဟန်တို့ကိုသာ တိတ်တဆိတ် စောင့်ကြည့်နေကြပြီး နောက်လုပ်ရမည့် အစီအစဉ်ကို နားစွင့်နေကြ၏။
"လင်းကြီး မပူနဲ့..ငါဒီကိစ္စကို ကူပြီး ဖြေရှင်းပေးမယ်.."ချင်းဟန်မှ ဖြောင့်မတ်သည့် လေသံဖြင့် ပြောလိုက်၏။
"တကယ်လို့ငါသာ မင်းတို့ အကူညီ လိုအပ်မယ်လို့ ထင်ရင် ဒီလောက် အတိုင်းအတာထိတောင် သွားလိုက်မှာ မဟုတ်ဘူး..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "ဘာပဲဖြစ်ခဲ့ ဖြစ်ခဲ့..ဖြစ်ပြီးသွားပြီလေ...မင်းတို့ဘာမှ စိတ်ပူမနေကြနဲ့..အဲ့ကောင်တွေ လာချင်လည်း လာပလေ့စေ..လာတဲ့ကောင် မှန်သမျှကို ဆော်ပလော်တီးပေးလိုက်မယ်"
"မတူဘူးကွ..အဲ့ဒီ ၀မ်မာဇီက လွယ်တဲ့ကောင် မဟုတ်ဘူး...ငါတို့လည်း မင်းရဲ့ ညီကိုတွေပါဟ..မင်းပြဿနာကလည်း ငါတို့ ပြဿနာပဲလေ..."
"ကျေးဇူးပဲ..ဒါပေမယ့် မလိုဘူး.. ငါ့ပြဿနာကို ငါ့နည်းငါ့ဟန်နဲ့ ဖြေရှင်းလိုက်မယ်...ဘာဆိုင်လို့ မင်းတို့ကို ခေါင်းကိုက်ခံနေဦးမှာလဲ ဟုတ်တယ်မလား..."
လင်းရီ မတ်တပ်ရပ်၍ အညောင်းဆန့်လိုက်ပြီး ၀မ်ရင်းနှင့် ကျန်သူများကို ကြည့်ကာ "နောက်ကျနေပြီ..ပြန်ကြစို့..တကယ်လို့ ပျော်လို့မ၀သေးဘူးဆိုရင်လည်း ငါတို့ နောက်နေ့ကျ ထပ်လာကြတာပေါ့..."
"ဟုတ်တယ် ဟုတ်တယ်..ပြန်ကြစို့..."
၀မ်လု၊ တူးယွီရွှမ်းနှင့် ကျန်သူများမှာ အတော်လေး ထိတ်လန့်နေကြသည်။ သူတို့ယခင်က ဤနေရာမှာ လွန်စွာ စိတ်၀င်စားဖို့ကောင်းသည်ဟု ထင်ထားသော်လည်း ယခုလို ကြုံတွေ့ပြီးနောက်တွင်တော့ မည်သူမျှ ပြန်လာဝံ့လိမ့်မည် မဟုတ်ချေ။
မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည့် သွေးကွက်များကိုကြည့်ရင်း ၀မ်ရင်း သက်ပြင်းတစ်ချက် ချမိလိုက်သည်။
သူမနှင့် လင်းရီမှာ မတူညီသည့် ကမ္ဘာနှစ်ခုမှ လူနှစ်ယောက်ပင်။
အနာဂတ်တွင်တော့ သူမ၏ အဆင့်အတန်းကို ရှင်းလင်းအောင် လုပ်ထားသင့်ပေသည်။
စာစဉ်(၂၃) ပြီး၏။