အတွင်းစည်းဂိုဏ်းရဲ့စမ်းသပ်ချက်
Vol. 6 Ch. 83
အတွင်းစည်း ဂိုဏ်းထဲမှာတော့ …
ဖန်လီဟိုင်နဲ့ ကျင်းရှောင်ယု နှစ်ယောက်စလုံးက လီဖူချန်းရဲ့ သတင်းကို ကြားတဲ့အခါမှာ ကြောင်အ သွားကျပါတယ်။ သူတို့နှစ်ယောက်စလုံးက လီဖူချန်းက ရန်ငြိုးရန်စ ရှိတဲ့သူတွေလေ။
လီဖူချန်းသာ နောက်ထပ် နှစ်အနည်းငယ်လောက်မှ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကို ရောက်လာခဲ့မယ်ဆိုရင် လီဖူချန်းရဲ့ဘဝက သူတို့လက်ထဲမှာ 'သွန်လိုရာသွန်၊ မှောက်လိုရာ မှောက်ပါပဲလေ'။ လီဖူချန်းက ဘယ်လောက်ပဲ တိုက်ခိုက်ရေးမှာ တော်နေပါစေ။
ကျင့်ကြံခြင်းအဆင့် ကွာဟမှုကိုတော့ ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။ အခုတော့ လီဖူချန်းက သူတို့နဲ့ သိပ်မကွာဘဲ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကို ရောက်လာခဲ့ပြီ။ အခုကတော့ သူတို့က ဘယ်လောက်ပဲ လီဖူချန်းကို ပြန်ကလဲ့စား ချေချင်ပါစေ။ ဒီကိစ္စကြီးက ဖြစ်မြောက်ဖို့ သိပ်မလွယ်ကူတော့ပါဘူး။ တခြား ပြိုင်ဘက်ကင်းဘွဲ့ရ ပါရမီရှင်တွေကလည်း ဒီသတင်းကို ကြားရတဲ့ အခိုက်မှာ အနည်းနဲ့အများတော့ တုန်လှုပ်မှုကို ခံစားလိုက်ရပါတယ်။ ယုဝူရှန်းရဲ့ မျက်လုံးထဲမှာတော့ တိုက်ပွဲကို ဆာလောင်တဲ့ ဆန္ဒတွေ အပြည့် ဖြစ်ပေါ်လာပြီးတော့ ဇောင်မင်းယွီရဲ့ မျက်လုံးထဲမှာတော့ အနည်းငယ် ထူးဆန်းတဲ့ အမူအရာတွေ ပေါ်လာပါတယ်။ ဝူကျင်မိန်ရဲ့ မျက်လုံးထဲမှာတော့ ဘာခံစားမှုမှ မပေါ်လာပါဘူး။ သူမ ဘာစဥ်းစားနေလဲ ဆိုတာကိုတော့ သူမကိုယ်တိုင်ပဲ သိနိုင်ပါလိမ့်မယ်။ ကောင်းရှုကတော့ ဒီသတင်းကို ကြားရတဲ့ အခိုက်မှာ စိတ်အလိုမကျတဲ့ အမူအရာနဲ့ နှုတ်ခမ်းကို ကိုက်လိုက်ပါတယ်။
သုံးရက် ကြာပြီးနောက်မှာတော့ … လီဖူချန်းက နောက်ထပ်တစ်ကြိမ် အတွင်းစည်းဂိုဏ်းရဲ့ ပင်မခန်းဆောင်ကို ပြန်ရောက်လာခဲ့ပါပြီ။
ပင်မခန်းဆောင်ထဲမှာတော့ စမ်းသပ်ချက်ကို ဝင်ရောက်ဖြေဆိုဖို့ စောင့်နေတဲ့ တပည့်တွေက ၁၀၀ နီးပါးလောက် ရှိနေပါပြီ။ တော်တော်များများရဲ့ မျက်နှာကိုတော့ လီဖူချန်းက ရင်းနှီး နေပါတယ်လေ။ အပြင်စည်းတပည့် ၃၀၀၀၀ ရှိတဲ့ အထဲမှာ လပေါင်း ၁၀၀ ကြာတိုင်း ကြာတိုင်းမှာ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကို ရောက်သွားတဲ့ တပည့်တွေက ၁၀၀၀ နီးပါးလောက်ကို ရှိပါတယ်။ အတွင်းစည်းဂိုဏ်းရဲ့ လူအင်အား လိုအပ်ချက်အရ အတွင်းစည်းဂိုဏ်း စမ်းသပ်ချက်ကိုတော့ တစ်လမှာ တစ်ခါပဲ ကျင်းပနိုင်တာ ဖြစ်တယ်။
“အားလုံးပေါင်း ၉၇ ယောက်။ အားလုံးလည်း ဒီကို ရောက်လာပြီ ဆိုတော့ကား …
င့ါနောက် လိုက်ခဲ့ကျ။ ငါတို့ သေဆုံးခြင်း မြစ်ဆီကို သွားကျမယ်”
အစိမ်းရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားတဲ့ အကြီးအကဲက အားလုံးကို အသိပေး လိုက်ပါတယ်။ လီဖူချန်းတို့ အုပ်စုကြီးဟာ သေဆုံးခြင်း မြစ်ဆီကို ဦးတည်လာခဲ့ကျပါပြီ။
သူတို့ အုပ်စုမှာတော့ စမ်းသပ်ချက်ကို ဝင်ရောက်ဖြေဆိုမယ့် ဂိုဏ်းသား ၉၇ ယောက်အပြင်၊
အတွင်းစည်းဂိုဏ်း အကြီးအကဲ တစ်ယောက်၊ အတွင်းစည်း လက်ထောက်ပညာသင် ၉၇ ယောက်နဲ့
အတွင်းစည်း လက်ထောက် ကြီးကြပ်ရေးမှုး ၁၀ ယောက် ပါလာပါသေးတယ်။ သေဆုံးခြင်းမြစ်က အရမ်း ဝေးကွာတဲ့ အရပ်မှာ ရှိတဲ့အတွက် ခြေကျင်သွားမယ်ဆိုရင် အနည်းဆုံး ၅ ရက်လောက်တော့ ကြာမြင့်မှာပါ။
အတွင်းစည်းဂိုဏ်းရဲ့ ပင်မခန်းဆောင် အရှေ့မှာတော့ ကြီးမားလှတဲ့ ကြိုးကြာကြီး ၅ ကောင်က ကောင်းကင်ယံကနေ ဆင်းသက် လာခဲ့ကျပါပြီ။ တစ်ကောင်းချင်းစီက ၅ မီတာလောက်ကို မြင့်မား ကြပါတယ်။ သူတို့ရဲ့ တောင်ပံရိုက်ခတ်မှုတွေက ပြင်းထန်တဲ့ လေလှိုင်းကြီးကို ဖြစ်ပေါ်စေတဲ့အတွက် ဂိုဏ်းသားတွေက မျက်လုံးတွေကိုတောင် ပိတ်ထား လိုက်ရပါပြီ။ လီဖူချန်းလို အပြင်အားကို အထူး လေ့ကျင့်ထားတဲ့ သူကပဲ သူ့ မျက်လုံးတွေကို မပိတ်ဘဲ ဖွင့်ထားနိုင်စွမ်း ရှိပါတယ်။
သူ သတိထားမိလိုက်တာကတော့ ဒီကြိုးကြာတွေက အဆင့်အတန်း ၁ စိတ်ဝိညာဉ်သားရဲတွေ ဖြစ်တယ် ဆိုတာပါပဲ။ ဒီကြိုးကြာတွေဆီက ထွက်လာတဲ့ စိတ်ဝိညာဉ်အားက အဆင့်အတန်း ၁ မိစ္ဆာသားရဲတွေနဲ့ ယှဉ်နိုင်စွမ်း ရှိပါတယ်။
ထို့နောက်မှာတော့ ဂိုဏ်းသားတွေဟာ အဖွဲ့ငါးဖွဲ့ ခွဲလိုက်ပြီး နတ်ကြိုးကြာတွေရဲ့ ကျောပေါ်ကို တက်လိုက် ကြပါတယ်။
ဟူး …
နတ်ကြိုးကြာကြီးတွေဟာ ကောင်းကင်ပေါ်ကို တစ်ရှိန်ထိုး ပျံတက် သွားကျပါတယ်။
“အရမ်းကို မြန်လွန်းတယ်”
အေးစက်နေတဲ့ လေထုက သူတို့ကို ဓားငယ်လေးတွေနဲ့ ထိုးဆွနေတဲ့ အတိုင်းပါဘဲ။ဒီလို အချိန်မှာတော့ ဂိုဏ်းသား တစ်ယောက်ချင်းစီရဲ့ အစွမ်းအစတွေက ပေါ်လာပါပြီ။ စမ်းသပ်ချက်ကို ဝင်ဖြေဖို့ ရောက်လာကျတဲ့ တချို့ ကျောင်းသားတွေက ပျံသန်းမှု အရှိန်က ထွက်လာတဲ့ လေထု ခုခံအားကို လျော့မချနိုင်တဲ့အတွက် ကြာပန်းပုံသဏ္ဌာန် ထိုင်လိုက်ကျပြီး အတွင်းအားတွေနဲ့ ကာကွယ် လိုက်ကျပါြပီ။
ဒါပေမဲ့ နတ်ကြိုးကြာတွေပေါ်မှာ မတုန်မလှုပ်ဘဲ တောင်ကြီးတွေလို မားမားမတ်မတ် ရပ်နေကျတဲ့ လူတွေလည်း ရှိပါသေးတယ်။ အထူးသဖြင့် လီဖူချန်းပေါ့။ လက်နှစ်ဖက်ကို ပိုက်ပြီး နတ်ကြိုးကြာကြီးပေါ်မှာ မတ်မတ်မားမား ရပ်နေပုံက လေနတ်ဘုရားတစ်ပါး ကောင်းကင်ကနေ ကမ္ဘာကြီးကို စောင့်ကြည့် အကဲခတ် နေသလိုပါဘဲ။
“ဒီကောင်က အပြင်စည်းဂိုဏ်းရဲ့ နံပါတ်တစ်တပည့် ဖြစ်နေတယ်ဆိုတာ ဘာမှတော့ အံ့သြစရာ မရှိဘူးဘဲ”
တခြားသော တပည့်တွေက လီဖူချန်းကို အထင်ကြီး လေးစားအားကျတဲ့ အကြည့်တွေနဲ့ ငေးမောကြည့်ရှု နေကျပါတယ်။ အချိန်တွေ ကြာလာတာနဲ့အမျှ လီဖူချန်းကလွဲပြီး ကျန်တဲ့ တပည့်တွေက နတ်ကြိုးကြာတွေပေါ်မှာ ထိုင်ပြီး အတွင်းအားတွေနဲ့ လေထုဖိအားကို ကာကွယ် နေရပါပြီ။ ပြင်းထန်လှတဲ့ လေထုဖိအားကို ဒီအတိုင်း မတ်တတ်ရပ်ပြီး ခုခံနေရတာက အတွင်းအား ကုန်နှုန်းကို ပိုမြန် စေတယ်လေ။
ဒါကြောင့်လေထုဖိအား ဧရိယာ ကျဉ်းသွားအောင် သူတို့က ထိုင်ပြီး ခုခံနေရတာပါ။
အခြားသူအားလုံးက ထိုင်ပြီး လေထုဖိအားကို ခုခံနေတာကို မြင်လိုက်ရတဲ့အတွက် လီဖူချန်းကလည်း တစ်ယောက်တည်းချွန်ပြီး မတ်တတ် ရပ်မနေချင်တာကြောင့် ထိုင်ချလိုက်ပါတယ်။ အစိမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားတဲ့ အကြီးအကဲကတော့ ကျက်သရေ ရှိစွာနဲ့ဘဲ နတ်ကြိုးကြာကြီးပေါ်မှာ မတ်တတ်ရပ်လျက် ရှိနေတုန်းပါပဲ။
သိုင်းတန်ခိုး နယ်ပယ်တွေတိုင်းမှာ သူတို့နဲ့ သက်ဆိုင်တဲ့ အထူးပြု စွမ်းအင်တွေ ရှိပါတယ်။
လူသားနယ်ပယ်မှာဆိုရင် အတွင်းအားကို အသုံးပြု နိုင်ပါတယ်။ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်မှာတော့ စိတ်တန်ခိုးဖြင့် စွမ်းအင်ဖန်တီး နိုင်ပါတယ်။ မြေကမ္ဘာ နယ်ပယ်မှာတော့ အတွင်းအား စွမ်းအင်တွေကို အလိုရှိသလို ထုတ်လိုက်သွင်းလိုက် လုပ်နိုင်ပါတယ်။ ကောင်းကင်ပိုးနယ်ပယ် ရောက်ရင်တော့ အတားအဆီးတွေကို အတွင်းအားနဲ့ လမ်းကြောင်း ပြောင်းပေးနိုင်ပါတယ်။ မိုးပြာရောင်ဂိုဏ်းရဲ့ အတွင်းစည်း အကြီးအကဲ အားလုံးကတော့ ကောင်းကင်ပိုးနယ်ပယ်က ထိပ်သီး ပညာရှင်တွေပါဘဲ။ ဒါကြောင့် ဒီအစိမ်းရောင်ဝတ် အကြီးအကဲက လေထုဖိအားကို မမှုဘဲ မတ်တတ် ရပ်နေတာကို အံ့သြစရာအကြောင်းတော့ မရှိပါဘူး။
တကယ်လို့ ကလန်တစ်ခုကသာ ကောင်းကင်ပိုးနယ်ပယ် ပညာရှင်တစ်ယောက်ကို မွေးထုတ် ပေးနိုင်ခဲ့မယ်ဆိုရင် အဲဒီကလန်က အလိုအလျောက် မိုးပြာရောင်ဂိုဏ်းရဲ့ အထက်တန်း ကလန်စာရင်းကို ဝင်ရောက်သွားမှာပါ။ ဖန်လီဟိုင်ရဲ့ ဖန်ကလန်နဲ့ ယုဝူရှန်းရဲ့ ယုဝူကလန်က အထက်တန်းလွှာ ကလန်စာရင်းဝင်တွေပါ။ ဟုတ်တယ်။ ခင်ဗျားတို့ ထင်သလိုပါပဲ။ မိုးပြာရောင် ဂိုဏ်းထဲက အတွင်းစည်း အကြီးအကဲတွေက အထက်တန်းလွှာ ကလန်တစ်ခုခုနဲ့တော့ သက်ဆိုင်နေတာပါ။
ဒါပေမဲ့ တစ်ခု သိထားရမှာက အထက်တန်းလွှာ ကလန်တွေထက် မြင့်တဲ့ တော်ဝင်ကလန်တွေဆိုတာ ရှိသေးတယ် ဆိုတာပဲ။
တော်ဝင်ကလန်တွေ ဖြစ်ဖို့ကတော့ လိုအပ်ချက်တွေ တော်တော် များပါတယ်လေ။ ကလန်တစ်ခုဟာ သမိုင်းကြောင်း ရှိရမယ့်အပြင် ကောင်းကင်ပိုးပညာရှင် အရေအတွက် တော်တော်များများလည်း ရှိနေရပါမယ်။
ဒါကြောင့်မို့ မိုးပြာရောင် ဂိုဏ်းအတွင်းမှာ တော်ဝင်ကလန်တွေက လက်တစ်ဆုပ်စာလောက်ပဲ ရှိပါတယ်။ ဒါပေမဲ့ အဲဒီ တော်ဝင်ကလန်တွေက မိုးပြာရောင် ဂိုဏ်းထဲမှာ သြဇာအာဏာရှိတဲ့ ကလန်တွေ ချည်းပါပဲ။
***
နတ်ကြိုးကြာကြီးတွေရဲ့ ပျံသန်းနှုန်းက တကယ်ကို မြန်ဆန်လွန်းပါတယ်။ နေ့လယ်ကို ရောက်တဲ့အခါမှာတော့ သူတို့ အုပ်စုကြီးဟာ အရမ်းလှပတဲ့ နေရာတစ်ခုကို ရောက်လာပါပြီ။ အမြင့်ကနေ ကြည့်လိုက်တဲ့ အခါမှာ ရာပေါင်းများစွာသော စမ်းချောင်းလေးတွေက မြစ်တစ်စင်းထဲကို စီးဝင်သွားတာက နဂါးတွေ ပင်လယ်ထဲကို ခရီးသွားနေ သလိုပါဘဲ။ ရာပေါင်းများစွာသော ရေတံခွန်တွေကလည်း မြစ်ထဲကို စီးဝင်နေပါတယ်။ ဒီရေတံခွန်တွေကို ကြည့်ရတာက နဂါးတွေ မြစ်ထဲကို ဒိုင်ဗင်ထိုး ဆော့ကစားနေတဲ့ အတိုင်းပါဘဲ။ အတိုဆုံး ရေတံခွန် တစ်ခုကတောင် ၈ ပေလောက်ပဲ မြင့်ပါတယ်လေ။ တချို့ ရေတံခွန်တွေကတော့ ပေ ၅၀ လောက်ရှိပြီး
အရှည်ဆုံးကတော့ ပေ ၁၀၀ ကျော်နီးပါး ရှိပါတယ်။ ကျောက်စိမ်းနဂါးတွေ မြူးထူး ပျော်ပါးနေကျသလို ဖြစ်နေတာကိုက ကြည့်ရတာ လုံးဝ မျက်စိပဒေဿ ရှိလွန်း လှပါတယ်လေ။ ရေတံခွန်တွေရဲ့ အောက်ဘက်ပိုင်းမှာတော့ အလွန်ကြီးမားတဲ့ မြစ်ကြီးတစ်စင်း ရှိပါသေးတယ်။ ဒီမြစ်ကြီးဟာ ရေစီးကြောင်း အင်မတန် အားသန်မယ့်ပုံ ရှိပြီး မရေမတွက်နိုင်တဲ့ ရေဝဲတွေနဲ့ ပြည့်နှက်လျက် ရှိနေပါတယ်။ ကြည့်ရုံနဲ့တော့ ဒီမြစ်ကြီးရဲ့ အနက်ကို မခန့်မှန်း နိုင်ပါဘူး။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ ဒီမြစ်ကြီးဟာ အလွန်အန္တရာယ် များမယ်ဆိုတာ ပါဘဲ။ ဒါက သူတို့ရဲ့ ဦးတည်ရာ သေဆုံးခြင်း မြစ်ကြီးဆိုတာကတော့ မြေကြီးလက်ခတ်မလွဲ သေချာလွန်းခဲ့ပါပြီ။
အကြီးအကဲရဲ့ လက်တစ်ချက် အဝှေ့မှာတော့ ရေခဲစွမ်းအင်ချီတွေနဲ့ လုပ်ထားတဲ့ ရေခဲပြင်ကြီး တစ်ခုက ဖြစ်ပေါ် လာခဲ့ပါတယ်။
“ငါ့နောက်က လိုက်ခဲ့"
အကြီးအကဲက အားလုံးကို ဦးဆောင်ပြီး ခေါ်သွားပါတယ်။
“ဒီလိုရေခဲပြင် ဖြစ်လာဖို့ ရေခဲချီ ဘယ်လောက်လိုမလဲ မသိဘူးနော်"
ဂိုဏ်းတော်ရဲ့ တပည့်တွေက တိုးတိုးတိတ်တိတ် ငြင်းခုန် နေခဲ့ကြပါတယ်။
“မင်းတို့ ဘာလုပ်နေကျတာလဲ။ အမြန်သွားကြလေ"
အတွင်းစည်း ကြီးကြပ်ရေးမှူး တစ်ယောက်က စမ်းသပ်မှုကို ခံယူဖို့ ရောက်လာတဲ့ ဂိုဏ်းသားတွေကို သတိ ပေးလိုက်ပါတယ်။ ထို့နောက်မှာတော့ ဂိုဏ်းသားတွေက ရေခဲပြင်ပေါ်ကို စတင် လျှောက်လှမ်း လာခဲ့ကျပါပြီ။
ရေခဲပြင်ပေါ်မှာ လျှောက်လာရင်းနဲ့ လီဖူချန်းတစ်ယောက် သတိပြုမိ လိုက်တာကတော့ ဒီ ရေခဲပြင်ကြီးက လူ ၂၀၀ လောက် တက်နေတာတောင် လုံးဝကြံ့ကြံ့ ခိုင်နေတယ် ဆိုတာပါဘဲ။
လီဖူချန်းက သူ့ရဲ့ အသိစိတ်အာရုံကို ဖွင့်ပြီး ရေခဲထုကြီးရဲ့ အနက်ကို တိုင်းကြည့်လိုက်ပါတယ်။
၂ မီတာ …
ဒီရေခဲပြင်ကြီးက ၂ မီတာတောင် ထူပါတယ်။ ဒါကြောင့် မို့လို့လည်း လူအယောက် ၂၀၀ လောက် တက်တာကို ကြံ့ကြံ့ ခိုင်ခံနေတာ ဖြစ်ရမည်ပင်။ ထို့နောက်မှာတော့ သူတို့ အုပ်စုကြီးက ရေတံခွန်တွေရဲ့ အောက်ခြေကို ရောက်သွားခဲ့ပါပြီ။ ရေတံခွန်ကြီးတွေရဲ့ အောက်ခြေမှာတော့ ကျောက်တုံးကြီးတွေ အများကြီး ရှိနေပါတယ်။ ဒီကျောက်တုံးကြီးတွေက နှစ်ပေါင်းများစွာသော ရေတံခွန်က ကျလာတဲ့ ရေဖိအားဒဏ်တွေကို ခံလာရတဲ့အတွက် လုံးဝ ချောမွေ့နေတယ်လေ။ ဒီ ကျောက်တုံးကြီးတွေပေါ် ရပ်မိရင် လုံးဝ ချော်လဲသွားနိုင်တဲ့ အထိကို ကျောက်တုံးကြီးတွေက ချောမွေ့နေတာပါ။ အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ အကြီးအကဲက အနောက်ကို လှည့်လိုက်ပြီး
“ဟိုးအရှေ့က မြင်နေရတဲ့ ပေ ၃၀ ရေတံခွန် အောက်ခြေမှာ ၁၅ မိနစ် နေနိုင်မယ်ဆိုရင် မင်းတို့ နောက်တစ်ဆင့်ကို တက်ခွင့်ရမယ်။ တကယ်လို့ မနေနိုင်ဘူး ဆိုရင်တော့ မင်းတို့ ဒီနေ့ ဝင်ခွင့်အတွက်တော့ ကျရှုံးပြီပဲ။ နောက်ထပ် နှစ်လကြာမှ ပြန်လာခဲ့တော့"
အကြီးအကဲရဲ့ စကားအဆုံးမှာတော့ စမ်းသပ်ချက်ကို ဖြေဆိုဖို့ ရောက်လာကျတဲ့ တပည့်တွေ အကုန်လုံးက တံတွေး သီးကုန်ကြပါတယ်။ ပေ ၃၀ ဆိုတာ နည်းတဲ့အမြင့်မှ မဟုတ်တဲ့ဟာကို။
ပေ ၃၀ အမြင့်ကနေ ကျလာတဲ့ ရေထုဖိအားကို ဘယ်သကောင့်သားက ခံနိုင်မည်နည်း။
အဲဒါထက် ပိုပြီးပြောစရာ ရှိလာတာက ရေတံခွန်အောက်ခြေက ပြောင်ချောနေတဲ့ ကျောက်တုံးကြီးတွေ ပါပဲ။ ဒီရေဖိအားနဲ့ ပြောင်ချောနေတဲ့ ကျောက်တုံးကြီးတွေလေ။ ၁၅ မိနစ်ဆိုတာ စဉ်းစားသာ ကြည့်ပါတော့။
“ကဲ … ဟုတ်ပြီ။ မင်းတို့ရဲ့ ခွန်အားတွေနဲ့ ကျောက်တုံးကြီးတွေပေါ် တက်ပြီး ရပ်ကျတော့။
၁၅ မိနစ်ကျော်လို့ ပြုတ်ကျသွားရင်တာင် မင်းတို့ကို အအောင်ပေးမယ်"
“မင်းတို့ တစ်ယောက်ချင်းစီကတော့ သူတို့ကို စောင့်ကြည့်ပြီး အချိန် မှတ်ပေးလိုက်"
အစိမ်းရောင်ဝတ် အကြီးအကဲက လက်ထောက်ပညာသင် တပည့်တွေကို အမိန့် ပေးလိုက်ပါတယ်။
“ဟုတ်ကဲ့ပါ အကြီးအကဲ”
ဂိုဏ်းတပည့်တွေ အကုန်လုံးက တရုတ်သိုင်းကားတွေထဲက အရိုအသေ ပြုဟန်ဖြင့် အရိုအသေ ပေးလိုက်ကြပါတယ်။ ပေ ၃၀ ကနေ ကျလာတဲ့ ရေထုအရှိန်က အလွန်ပဲ ပြင်းထန်လှပါတယ်။
ပြီးတော့ မြေကမ္ဘာ ဆွဲအင်အားပါ ထပ်ပေါင်းလိုက်တဲ့ အခါမှာတော့ ဒီရေထု ဖိအားကြီးဟာ ဆထက်ထမ်းပိုး တိုးလို့ နေခဲ့ပါပြီ။ စမ်းသပ်ချက်ကို ဝင်ရောက်ဖြေဆိုတဲ့ ဂိုဏ်းသား ၉၇ ယောက်ကတေ့ာ သက်ဆိုင်ရာ ကျောက်တုံး အသီးသီးစီမှာ နေရာယူလိုက်ကျပါပြီ။ ဒါပေမဲ့ လီဖူချန်းကလွဲလို့ ကျန်တဲ့သူတွေရဲ့ မျက်နှာပေါ်မှာတော့ မျှော်လင့်ချက် သိပ်မရှိတဲ့ပုံတွေ ပေါ်နေပါတယ်။ ဒီ ကျောက်တုံးကြီးတွေက သူတို့ ထင်ထားတာထက်တောင်မှ ပိုချော်နေသေးတယ်လေ။
လီဖူချန်းရဲ့ ဘေးနားက တစ်ယောက်ကတော့ ကျောက်တုံးကြီးပေါ် ရောက်ရောက်ခြင်းမှာပဲ ”ဝုန်းခနဲ” လွင့်ထွက် သွားပါတော့တယ်။
“ငါမင်းတို့ကို အကြံပေးချင်တာ တစ်ခုကတော့ မင်းတို့အားလုံး ပိုပြီး အာရုံ စိုက်ထားသင့်တယ် ဆိုတာပဲ”
အာရုံတစ်ချက် လွင့်သွားတာနဲ့ မင်းတို့ ကျောက်တုံးပေါ်ကနေ ပြုတ်ကျမှာပဲ"
အတွင်းစည်း ကြီးကြပ်ရေးမှုး တစ်ယောက်က အကြံပေးလိုက်ပါတယ်။ လီဖူချန်းက နားလည် သဘောပေါက်သည့် ဟန်ဖြင့် ခေါင်းညိတ်လိုက်ပါတယ်။ ဒီကျောက်တုံးပေါ်မှာ ရပ်နေရတာက တကယ်ကို စိတ်ကောကိုယ်ပါ ပင်ပန်းတဲ့ အလုပ်ပါပဲ။ ခန္ဓာကိုယ်ကို ကမ္ဘာမြေဆွဲအားနဲ့ အလိုက်သင့် နေပးနေရတဲ့ အပြင် ရေတံခွန်က ကျလာတဲ့ ရေတွေကိုလည်း တောင့်ခံ နေရပါသေးတယ်။ စိတ်အာရုံကလည်း တစ်ချက်မှကို လွင့်လို့မရပါဘူး။ ရေထုဖိအားကို တောင့်ခိုင်နိုင်စွမ်း ပျောက်ကုန်မှာပါ။ လီဖူချန်းက ရေထုဖိအားကို မခံနိုင်တော့တဲ့အတွက် သူ့ရဲ့ ကြက်သွေးရောင် လျှို့ဝှက်မီးတောက် ကျင့်စဉ်ကို ထုတ်ဖော်လိုက်ပါပြီ။ အနီရောင်ရင့်ရင့် မီးတောက် စွမ်းအင်တစ်ခုက သူ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာပြီး မီးဝတ်လွှာတစ်ခုလို လီဖူချန်းကို လွှမ်းခြုံ ထားလိုက်ပါပြီ။
ထို့နောက်မှာတော့ လီဖူချန်းက ရေတံခွန်အောက်ကို ခုန်ဝင် သွားလိုက်ပါတယ်။
***