စမ်းသပ်ချက် ၃
Vol. 7 Ch. 85
မီးသတ္တုငှက် - အဆင့် ၂ အမျိုုးအစားထဲက လေပေါ်ပျံနိုင်တဲ့ အဆင့်နိမ့်သားရဲ ဖြစ်ပါတယ်။
ဒီသားရဲရဲ့ တောင်ပံတွေဟာ အလွန်ပဲ မာကျောပြီးတော့ ပျံသန်းနေစဉ် အတွင်းမှာ မထင်မှတ်ထားတဲ့ ထောင့်ချိုးတွေကို ကွေ့ပြီး ရန်သူတွေကို တိုက်ခိုက် နိုင်ပါသေးတယ်။
ဒီကောင်ကြီးဟာ ဉာဏ်ရည်လည်း အတော်လေး မြင့်တဲ့ အကောင်ပါပဲ။
သူက လီဖူချန်းကို ချက်ချင်း မတိုက်သေးဘဲ လေထဲမှာ ဝဲနေပြီး အကဲခတ်လိုက် ပါသေးတယ်။
သူ့ရဲ့ ပထမဆုံး ကျွမ်းကျင်လိမ္မာမှုကို ပြလိုက်တဲ့ အရာကတော့ ကောင်းကင်ပေါ်ကနေ မြေကြီးပေါ်ကို အရှိန်အဟုန် ပြင်းစွာဖြင့် ဇောက်ထိုးဆင်းလာပြီး မြေကြီးနဲ့ ထိခါနီးလေးမှ ဦးတည်ချက် လားရာကို ပြောင်းလာပြီး တောင်ပံနဲ့ စင်မြင့်ကို ရိုက်ချလိုက်တာပါ။
ဒီတောင်ပံရိုက်ချက်က စင်မြင့်မျက်နှာပြင်ကို အစင်းကြောင်းကြီး နှစ်ခု ဖြစ်ပေါ် သွားစေပါတယ်။
“သန်မာလိုက်တဲ့ ခွန်အားပါလား”
စမ်းသပ်ချက်ကို လာရောက်ဖြေဆိုတဲ့ အခြားသော တပည့်တွေက ငှက်ကြီးရဲ့ ခွန်အားကို မြင်လိုက်ရတဲ့ အခါမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကုန်ကျပါတယ်။
မြေပြင်ပေါ်မှာပဲ သွားလာနိုင်တဲ့ မိစ္ဆာသားရဲတွေ ဆိုရင် တိုက်ခိုက်တဲ့ နေရာမှာ သူတို့ရဲ့ လက်သည်းတွေကို ကုတ်ဆွဲ ဒါမှမဟုတ် ပါးစပ်ဖြင့်ကိုက် စသည့် နည်းလမ်းတွေနဲ့သာ တိုက်ခိုက် တတ်ကျတာလေ။
ဒါပေမဲ့ ဒီမီးသတ္တုငှက်ကြီးက တောင်ပံတွေကိုအသုံးပြုပြီး အဝေးကနေ တိုက်ခိုက်တဲ့အပြင် နှုတ်သီးတွေနဲ့လည်း အနီးကပ် တိုက်ခိုက်တတ် နေပါတယ်။
ပြီးတော့ သူ့လက်သည်းတွေကလည်း ကုတ်ဆွဲဖို့ လုံးဝ အဆင်သင့် ဖြစ်နေတဲ့ ပုံစံပါ။
ဘယ်လိုဖြစ်ပြီး ဒီငှက်ကြီးက တိုက်ခိုက်နည်း အစုံကို သိနေပါလိမ့်။
“လီဖူချန်း ... မင်းဒီကောင်ကြီးကို ဘယ်လိုသတ်ပစ်မလဲ ဆိုတာကို ငါအရမ်း စိတ်ဝင်စားနေမိပြီ”
အစိမ်းရာင်ဝတ်ရုံနဲ့ အကြီးအကဲက မျက်လုံးကို မှေးပြီး လီဖူချန်းကို အာရုံစိုက် ကြည့်နေပါတယ်။
တခြားသော သူတွေက အဆင့် ၂ သားရဲ အမျိုးအစားထဲက အဆင့်နိမ့် မိစ္ဆာသားရဲတွေကို ဒဏ်ရာရအောင် လုပ်နိုင်တာနဲ့ စမ်းသပ်ချက်ကို အအောင် ပေးမှာပါ။
ဒါပေမဲ့ လီဖူချန်းကိုတော့ အအောင် မပေးနိုင်ပါဘူး။ သူက အပြင်စည်းဂိုဏ်းရဲ့ နံပါတ် ၁ တပည့်လေ။ ဒီလို အဆင့် ၂ သားရဲကိုတောင် မသတ်နိုင်ခဲ့ရင် ဘယ်သူက အထင်ကြီးမှာလဲ။
မီးသတ္တုငှက်က လေပေါ် ပျံနိုင်ပေမဲ့လည်း အဆင့် ၂ သားရဲ ဖြစ်နေတုန်းပါပဲ မဟုတ်လား။
ဂါး ...
မီးသတ္တုငှက်က စူးရှစွာ တစ်ချက် အော်မြည်လိုက်ပါတယ်။
ရှူး ...
ထို့နောက်မှာတော့ တောင်ပံကို တစ်ချက် ခတ်လိုက်ပြီး ကောင်းကင်ပေါ်ကနေ လီဖူချန်းဆီကို တစ်ဟုန်ထိုး ဆင်းချလာပါပြီ။
သူ့ရဲ့ အမြန်နှုန်းက အသံထက်ကို မြန်လုနီးပါး ပါပဲ။ ဘယ်လောက်ထိ မြန်သလဲဆိုရင် သူ့ရဲ့ အရိပ်ကိုပဲ မြင်ရပါတော့တယ်။ ဒီနှုန်းက စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၁ က ပညာရှင်တွေရဲ့ အမြန်နှုန်းကိုတောင် သာလွန် နေပါပြီ။
ပြောရမယ်ဆိုရင် ဒီတိုက်ခိုက်မှုကို ရှောင်တိမ်းဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။
ကောင်းကင်ကနေ တိမ်မည်းအုပ် တစ်အုပ် ထွက်ပေါ်လာသလို မီးသတ္တုငှက်ရဲ့ အရိပ်မည်းကြီးက လီဖူချန်းကို လွှမ်းခြုံသွားပါတယ်။
“ဒီကောင်က ကြောက်ဒူး တုန်နေတာလားဟ”
အတွင်းစည်း တပည့်တစ်ယောက်က လီဖူချန်းရဲ့ ဘာမှပြင်ဆင်မှု မရှိဘဲ ကျောက်ရုပ်ကြီးလို ရပ်နေတဲ့ ပုံကို သတိပြုမိသွားပါတယ်။
“ဒီကောင်က အပြင်စည်း တပည့်တွေရဲ့ နံပါတ် ၁ ဖြစ်တော့လည်း ဘာထူးသွားမှာလဲ။ လက်တွေ့ သတ်ဖြတ်ခြင်းတွေကို မလုပ်နိုင်သေး သရွေ့တော့ ဒီကောင်က ဘာအဆင့်မှ ရှိလာမှာ မဟုတ်ဘူး”
“ဒီလို ရုပ်ပျက်ဆင်းပျက် ဖြစ်ပြီး ရှုံးသွားတာက အကြီးအကဲချီကို စိတ်ပျက် စေတော့မှာပဲ”
တကယ်လည်း အကြီးအကဲချီရဲ့ မျက်နှာမှာ စိတ်ပျက်တဲ့ အမူအရာတွေ ဖြစ်ပေါ်နေပါပြီ။
ဘာဖြစ်လို့လဲဆိုတော့ လီဖူချန်းက တကယ်ကို တိုက်ခိုက်လို့ကောင်းတဲ့ အခွင့်အရေးကြီးကို လက်လွှတ်လိုက်လို့ပဲ ဖြစ်ပါတယ်။
အမှန်ဆိုရင် ဒီမီးသတ္တုငှက်ကို သတ်ဖို့ အကောင်းဆုံး နည်းကတော့ တစ်ချက် ရှောင်လိုက်ပြီး မီးသတ္တုငှက် ပြန်ကွေ့လာမှ ချက်ကောင်းကို တိုက်ကာ တစ်ချက်တည်း အသေသတ်ပစ်တဲ့ နည်းပါဘဲ။
ဒီနည်းက ဓားသမားတွေ လုပ်သင့်တဲ့နည်း ဖြစ်ပါတယ်။
ရွှမ်း ...
ဒါပေမဲ့ တကယ့် အရေးကြီးတဲ့ အချိန်လေးမှာဘဲ အနီရောင် နှင်းစက် နှင်းမှုန်လေးတွေက မီးသတ္တုငှက်ရဲ့ ကျောဘက်ကနေ ထွက်ပေါ် လာခဲ့ပါတယ်။
သေချာကြည့်လိုက်မှ အဲဒီအရာတွေက နှင်းစက်နှင်မှုန်လေးတွေ မဟုတ်ဘဲ သွေးတွေ ဖြစ်နေတာကို သိလိုက်ရပါတယ်။
မီးသတ္တုငှက်ရဲ့ မာလှပါတယ်ဆိုတဲ့ ခန္ဓာကိုယ်ပေါ်ကနေ သွေးတွေက ရေတံခွန်ကနေ ရေတွေ ကျနေသကဲ့သို့ ဖြစ်နေပြီး သွေးမိုးတွေ ရွာချလာည့် အလားပင်။
‘အဝါရောင် အဆင့်နိမ့် ဓားသိုင်း - အစွန်းရောက် ဓားသိုင်း’
သွေးမိုးတွေရဲ့ အောက်မှာတော့ လီဖူချန်းက ဘယ်အချိန်တည်းက ထုတ်ထားမှန်း မသိတဲ့ သူ့ရဲ့ဓားကို အေးဆေးစွာ ပြန်သိမ်းလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ခပ်အေးအေးပင် ရပ်နေ ပါတော့တယ်။
သွေးမိုးတွေက လီဖူချန်းရဲ့အနီး တစ်မီတာအကွာကို ရောက်တဲ့ အခါမှာတော့ အငွေ့ပျံပြီး လေထုထဲမှာ ပျောက်ကွယ်ကုန်ပါတယ်။
ဒီဓားသိုင်းက အဝါရောင် အဆင့်နိမ့်ဓားသိုင်း ဖြစ်ပေမဲ့ လီဖူချန်းရဲ့ လက်ထဲမှာတော့ လုံးဝ အစွမ်းထက်လွန်း နေပါတယ်။
ပြီးတော့ လီဖူချန်းရဲ့ လက်ရှိစွမ်းအားနဲ့ ပြောရမယ်ဆိုရင် ဒီမီးသတ္တု ငှက်လောက်ကိုတော့ ဓားသိုင်း မသုံးဘဲ ဒီတိုင်း ရိုးရိုး ခုတ်ချလိုက်ရင်တောင် တစ်ချက်တည်းနဲ့ သေသွား စေနိုင်တယ်လေ။
“သွေးအေးလွန်းပြီး ရက်စက်လွန်းတဲ့ ကောင်ပဲ”
“တစ်ချက် ... တစ်ချက်ပဲလား … ငါ့မျက်လုံးတွေများ မှားသလားကွာ။ ဒီကောင်က မီးသတ္တုငှက်ကို ဓားတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တယ်”
“ဟေး လျိုဝေ … မင်းကော မီးသတ္တုငှက်ကို ဓားတစ်ချက်တည်းနဲ့ သတ်နိုင်လား”
“ဟာသတွေ လာမပြောစမ်းနဲ့ကွာ။ ငါက စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၂ ပဲ ရှိသေးတာ။ ဘယ်လိုလုပ် သတ်နိုင်မှာတုန်းဟ”
“ငါ့အထင် ပြောရမယ်ဆိုရင် ဒီမိုးပြာရောင် ဂိုဏ်းထဲမှာ စိတ်တန်ခိုးဖွဲ့စည်း အဆင့် ၂ ကို ရောက်နေတဲ့ တပည့်တွေထဲက ၉၀ ရာခိုင်နှုန်းတောင် ဒီသဘောက်မသားလို တစ်ချက်တည်းနဲ့ သတ်နိုင်မှာ မဟုတ်ဘူးကွ။ စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၃ က ကောင်တွေတောင် မနည်း လုပ်ရမှာဟ”
အတွင်းစည်း တပည့်တွေ အကုန်လုံးက ခြေဖျားလက်ဖျားတွေ အေးစက်ကုန်ပြီး ကြည့်ရတာ အသက်ရှူတာတောင် ခက်ခဲနေကျတဲ့ ပုံစံပါဘဲ။
“ဒီကောင် လူကော ဟုတ်သေးရဲ့လား”
စမ်းသပ်ချက်ကို ဝင်ရောက်ဖြေဆိုတဲ့ အခြားတပည့်တွေ အကုန်လုံးကလည်း လီဖူချန်းရဲ့ ဓားချက်ကို မြင်လိုက်ရပြီးတဲ့ နောက်မှာ တုန်လှုပ်ချောက်ချား နေကျပါပြီ။ သူတို့ရဲ့ ဒူးတွေကို မတုန်အောင် ထိန်းနေပေမဲ့လည်း
"ကိုယ်ကကျူး ကိုယ့်ဒူးတောင် မယုံရ” ဆိုတဲ့ စကားအတိုင်းပဲ ဒူးတွေက လူကို သစ္စာဖောက် နေပြီလေ။ ဒီအဖြစ်အပျက်ကို သူတို့ရဲ့ မျက်လုံးနဲ့သာ မမြင်ခဲ့ရရင် ဒီကိစ္စကို လုံးဝ ယုံကြည်ကြမှာ မဟုတ်ပါဘူး။
“ကောင်းတယ်။ အရမ်းကောင်းတယ်။ ဒါမှ အပြင်စည်းဂိုဏ်းရဲ့ နံပါတ် ၁ တပည့်ကွ”
အကြီးအကဲချီကတော့ သူ့ပေါင်ကို သူပုတ်ပြီး အားရပါးရ ရယ်မောနေပါတယ်။
“ဒီကလေးက အနာဂတ်မှာ ထွန်းတောက်လာမှာ မလဲမသွေဘဲ။ အခုတည်းက သူနဲ့ ဆက်ဆံရေး ကောင်းကောင်း တည်ဆောက်ထားတာက ဉာဏ်ကျယ်တဲ့ အပြုအမူပဲ”
အတွင်းစည်း ကြီးကြပ်ရေးမှုး ၁၀ ယောက်ကလည်း လီဖူချန်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်နေလို ကျပါတယ်။
သူတို့က မြေကမ္ဘာအဆင့်က ပညာရှင်တွေ ဖြစ်တဲ့အတွက် လီဖူချန်းရဲ့ အနာဂတ်ကို ကောင်းကောင်းကြီး ရိပ်စားမိနေပါတယ်လေ။
လီဖူချန်းရဲ့ ထူးချွန်တဲ့ စွမ်းဆောင်မှုကို မြင်ပြီးတဲ့ နောက်မှာတော့ နောက်လာမယ့် တပည့်တွေရဲ့ အလှည့်ကတော့ ထွေထွေထူးထူး မရှိဘဲ ပျင်းရိစရာ ကောင်းသွားပါပြီလေ။ နောက်ဆုံးမှာတော့ စမ်းသပ်ချက် ၃ ခုစလုံး ပြီးဆုံးသွားခဲ့ပါပြီ။
ဝင်ရောက်ဖြေဆိုသူ ၉၇ ယောက်မှာ ၅၂ ယောက် ကျရှုံးပြီး ၄၅ ယောက်ပဲ အောင်မြင်ပါတယ်။
ဒီကျရှုံးသွားတဲ့ တပည့် ၅၂ ယောက်က နောက်ထပ် နှစ်လကြာရင် နောက်ထပ်တစ်ကြိမ် ထပ်ကြိုးစားခွင့် ရှိပါသေးတယ်။
တတိယအကြိမ် ဝင်ရောက် ဖြေဆိုပြီးတဲ့အထိ စမ်းသပ်ချက်ကို မအောင်မြင်သေးရင်တော့ သူတို့တွေက အတွင်းစည်း လက်ထောက် ပညာသင်တွေအဖြစ် အဆင့်ချ ခံရတော့မှာပါ။
သူတို့အားလုံး မိစ္ဆာသားရဲ သားဖောက်ဌာနကနေ ပြန်ထွက်လာတဲ့ အခါမှာတော့ ညဉ့်နက် သန်းခေါင်တောင် တိုင်ခဲ့ပါပြီ။
အကြီးအကဲချီက အောင်မြင်တဲ့ ၄၅ ယောက်စလုံးကို မိမိနေတဲ့ နေရာကို ပြန်ခိုင်းလိုက်ပြီး မနက်ဖြန်မနက်မှ အတွင်းစည်း ပင်မခန်းဆောင်ကို ပြန်လာဖို့ အမိန့်ပေးလိုက်ပါတယ်။
***
နောက်တစ်နေ့ မနက်အရောက်မှာတော့ ...
လီဖူချန်းက နောက်ထပ်တစ်ကြိမ် အတွင်းစည်း ပင်မခန်းဆောင်ကို ပြန်ရောက်လာခဲ့ပါတယ်။
အစိမ်းရောင်ဝတ်ရုံနဲ့ အကြီးအကဲချီက ရောက်ရှိလာတဲ့ တပည့် ၄၅ ယောက်စလုံးကို ရှင်းပြပါတယ်။
“ပထမဆုံးအနေနဲ့ မင်းတို့ကို ပြောချင်တာကတော့ အတွင်းစည်း တပည့်တွေမှာလည်း အမျိုးအစား ၃ မျိုး ရှိတယ်ဆိုတာပဲ။
မင်းတို့နဲ့ သက်ဆိုင်တဲ့ ဓား၊ အတွင်းစည်းတပည့် တံဆိပ်ပြားနဲ့ မင်းတို့နေရမယ့် ခြံဝင်းရဲ့ သော့တွေ ကိုယ်စီရကြလိမ့်မယ်။
"ငါနာမည်ခေါ်တဲ့သူက အရှေ့ကို ထွက်လာခဲ့”
အတွင်းစည်း တပည့်တွေဟာလည်း သုံးမျိုး ခွဲခြားထားပါတယ်။ တတိယတန်းစားတွေက အညံ့ဆုံး ဖြစ်ပြီး ပထမတန်းစားတွေက အကောင်းဆုံး ဖြစ်ပါတယ်။
နာမည်ကို အစောဆုံး ခေါ်ခံရတဲ့ သူတွေကတော့ မျက်နှာမကောင်းဘဲ ဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ အစောဆုံး ခေါ်ခံရသူတွေဟာ တတိယတန်းစား တပည့်တွေဖြစ်မှာ ကြိမ်းသေ နေလို့ပါဘဲ။
တတိယတန်းစား တပည့်တွေရဲ့ နာမည်ခေါ်လို့ အပြီးမှာတော့ ဒုတိယတန်းစား တပည့်တွေ အလှည့် ရောက်ပါပြီ။ လူအားလုံးကို နာမည်ခေါ်ပြီးသွားတဲ့ နောက်မှာတေ့ာ နောက်ဆုံး လီဖူချန်း တစ်ယောက်ပဲ ကျန်ခဲ့ပါတော့တယ်။
"လီဖူချန်း - ပထမတန်းစား အတွင်းစည်းတပည့်”
အကြီးအကဲချီက ဂုဏ်ယူတဲ့ လေသံနဲ့ လီဖူချန်းရဲ့ နာမည်ကို ခေါ်လိုက်ပါတယ်။ ပထမတန်းစား အတွင်းစည်း တပည့်ဆိုတဲ့ အဆင့်အတန်းက ပထမတန်းစား အပြင်စည်းတပည့် အဆင့်အတန်းနဲ့ ယှဉ်ရင် လားလားမှ မဆိုင်ပါဘူး။
ပထမတန်းစား အပြင်စည်းတပည့် တစ်ယောက်က ကိုယ်ပိုင်ခြံဝင်းနဲ့ တစ်လကို ရွှေပြား ၁၀၀၀ သာရတာပါ။
ပထမတန်းစား အတွင်းစည်းတပည့် တစ်ယောက်ကတော့ ကိုယ်ပိုင် ခြံဝင်းအပြင် ဂိုဏ်းတော်မှာ ရှိတဲ့ ပစ္စည်းတွေကို ဝယ်ရင် ၃၀ ရာခိုင်နှုန်း လျော့ဈေး ရဦးမှာပါ။
ဒါက လုံးဝ အခွင့်ထူးကြီးပါပဲ။ ဒါပေမဲ့ ပြိုင်ဘက်ကင်းတွေကတော့ ၅၀ ရာခိုင်နှုန်း လျော့ဈေး ရကြပါတယ်။ အဲဒီထက် ပိုပြီး အခွင့်အရေး ရတာကတော့ ကျောင်းတော်က သတ်မှတ်ထားတဲ့ ပါရမီရှင် ကြယ်ပွင့်တွေပါဘဲ။ သူတို့က ၇၀ ရာခိုင်နှုန်း လျော့ဈေး ရတယ်လေ။
“မင်းစွမ်းဆောင် ပြခဲ့တဲ့အတိုင်း ဆိုရင် ငါကမင်းကို ပြိုင်ဘက်ကင်းဘွဲ့တောင် ပေးချင် သေးတယ်။
ဒါပေမဲ့ မင်းလည်း သိတဲ့အတိုင်းဘဲ ဂိုဏ်းတော်က အရိုးတည်ဆောက်ပုံကို ပိုပြီး အလေး ထားတယ်လေ”
အကြီးအကဲချီက လီဖူချန်းကို ကြည့်ပြီး နှမြောလွန်းလို့ အံတကြိတ်ကြိတ် ပါပဲ။
သူက လီဖူချန်းကို ပြိုင်ဘက်ကင်းဘွဲ့ ပေးဖို့ အဆိုပြုခဲ့ ပေမဲ့လည်း အခြား အကြီးအကဲတွေက ကန့်ကွက် ခဲ့တယ်လေ။
“အကြီးအကဲချီ ခင်ဗျား ...
ဖူချန်းက ဒီလောက်နဲ့တင် ကျေနပ်နေပါပြီ။ အကြီးအကဲရဲ့ ဂရုစိုက်မှုတွေ အတွက်လည်း ကျေးဇူး တင်ပါတယ်ခင်ဗျာ”
တကယ်လည်း လီဖူချန်းက ၃၀ ရာခိုင်နှုန်း လျော့ပေးတာနဲ့တင် အရမ်း ပျော်နေပါပြီ။
ဒီအဓိပ္ပာယ်က သူက ထောက်ပံ့ရေးရမှတ် ၁၀၀၀၀ တန်တဲ့ ပစ္စည်းကို လိုချင်ရင် ၇၀၀၀ ပဲ ပေးရတော့မယ်လို့ ပြောတာပါဘဲ။
လီဖူချန်းလို ရမှတ်ရှာတဲ့ နေရာမှာ ဆရာကျတဲ့ သူအတွက်တော့ ၃၀ ရာခိုင်နှုန်းဆိုတာ မက်လောက်စရာပဲလေ။
“ကောင်းတယ်။ မင်းက ဘဝင်လည်း မမြင့်သလို စိတ်ရှည်သည်းခံ တတ်တယ်။ အရမ်းကြီးလည်း ခယ မနေတတ်သလို ရိုသေလေးစားမှု မရှိတာလည်း မဟုတ်ဘူး။ ငါမင်းကို ဒီထက် အများကြီး မျှော်လင့်နေမယ်”
အကြီးအကဲချီက လီဖူချန်းရဲ့ အပြုအမူကို မြင်လိုက်ရတဲ့အခါမှာ ပိုပြီးမျှော်လင့်နေမိပါတယ်။ အတွင်းစည်းဂိုဏ်းသား တပည့်တွေဟာ အစိမ်းဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင်ရပါတယ်။ သူတို့ကိုင်တဲ့ ဓားကတော့ အဝါရောင် အထွတ်အထိပ်အဆင့် အနက်ရောင် သံဓားပါ။ ဒီဓား တစ်လက်တည်းကိုက အပြင်လောကမှာ ရွှေပြားထောင်ချီ တန်ပါတယ်လေ။
ဂိုဏ်းတော်ထဲမှာ ပန်းပဲဖို ဌာနကလည်း ရှိနေပါသေးတယ်။ နှစ်စဉ်နှစ်တိုင်းမှာ ထိုပန်းပဲ ဖိုတွေကနေ အရည်အသွေးမြင့် လက်နက်တွေကို ထုတ်လုပ်ပေးပါတယ်။
ဂိုဏ်းတော်က တချို့ပစ္စည်းတွေကိုတော့ ဂိုဏ်းအတွက် အသုံးပြုပြီး တချို့ ပစ္စည်းတွေကိုတော့ အပြင် လောကကို ထုတ်ရောင်းလေ့ ရှိတယ်လေ။
တကယ်လို့သာ ဂိုဏ်းတစ်ဂိုဏ်းမှာ ကိုယ်ပိုင် ပန်းပဲဖို မရှိဘူးဆိုရင် ငွေသား သန်းပေါင်းများစွာကို အတွင်းစည်း တပည့်တွေရဲ့ လက်နက်အဖြစ် ဝယ်ယူတဲ့ နေရာမှာ သုံးပစ်ရမှာပါ။
ဒါက ဖြုန်းတီးမှု တစ်ခုပါပဲ။
သူ့ရဲ့ အတွင်းစည်းဂိုဏ်းသား ပစ္စည်း၊ ပစ္စယတွေကို လက်ခံရယူပြီး နောက်မှာတော့ အတွင်းစည်း ကြီးကြပ်ရေးမှုး တစ်ယောက်ရဲ့ လမ်းပြမှုနဲ့ သူနေရမယ့် နေရာကို ရောက်သွားခဲ့ပါပြီ။
ဒီနေရာက ခြံဝင်းတစ်ခု ဖြစ်ပေမဲ့ တောင်တစ်လုံးပေါ်မှာ ရှိနေတာပါ။ ဒီတောင်ပေါ်မှာ လီဖူချန်း နေရမယ့် ခြံဝင်းလိုမျိုး ခြံဝင်း အတော်များများ ရှိနေပါသေးတယ်။ ဒါပေမဲ့ ဒီခြံဝင်းတွေက ဧကပေါင်း မနည်းမနောကို ရှိနေတာပါ။
“အပြင်စည်း ဂိုဏ်းတုန်းက ခြံဝင်းနဲ့များ ကွာပါ့ကွာ”
ပုံမှန်အားဖြင့် တည်ငြိမ်အေးဆေးတဲ့ လီဖူချန်းတောင် ခြံကျယ်ကြီးကို ကြည့်ပြီး လက်ဖျား ခါသွားပါတယ်။
***