← Chapters

ကိုယ်ဖော့ပညာသင်ယူပြီ

Vol. 7 Ch. 86

ကိုယ်ဖော့ပညာသင်ယူပြီ

Vol. 7 Ch. 86

“ငါ့ဆီမှာ ထောက်ပံ့ရေးရမှတ် ၅၀၀၀၀ ပဲ ကျန်တော့တယ်။ ဒါနဲ့ဆိုရင်တော့ ဆန်းကြယ်အဆင့် ခန္ဓာကိုယ် သန့်စင်ကျမ်းတွေကို လဲလို့ရမှာ မဟုတ်ဘူး။ တကယ်လို့ ရခဲ့ရင်တောင် လေ့ကျင့်ဖို့ အရင်းအမြစ်တွေ ငါ့ဆီမှာ မရှိသေးဘူး”

အတွင်းစည်းတပည့် ဖြစ်ပြီးနောက်မှာတော့ လီဖူချန်းက သူ့ရဲ့ နောက်ခြေလှမ်းတွေအတွက် အစီအစဉ် ချနေပါပြီ။

သူ့အတွက် ဆန်းကြယ်အဆင့်မြင့် ခန္ဓာကိုယ် သန့်စင်တဲ့ ကျမ်းတွေကို မရနိုင်တာတော့ မဟုတ်ပေမဲ့ လက်ရှိ အခြေအနေနဲ့ကတော့ ဒီကျမ်းတွေ လေ့ကျင့်ဖို့က အဆင် မပြေသေးပါဘူးလေ။ ဆန်းကြယ် အလယ်အလတ် ကျင့်စဉ်ဖြစ်တဲ့ တာအိုလမ်းခွဲ ခန္ဓာကိုယ် ပညာရပ်ကတောင် ရမှတ် ၇၅၀၀၀ ပေးခဲ့ရတာဆိုတော့ ဆန်းကြယ် အဆင့်မြင့်ခန္ဓာကိုယ် သန့်စင်ကျမ်းတွေက အနည်းဆုံးတော့ အမှတ် ၂၀၀၀၀၀ ပေးရနိုင်ပါတယ်။ ၃၀ ရာခိုင်နှုန်း လျော့ပေးရင်တောင် ရမှတ် ၁၄၀၀၀၀ တော့ ပေးရ ဦးမှာပါ။

ဒါက အသေးအမွား ကိစ္စပဲ ရှိပါသေးတယ်။ တကယ့် ပြဿနာက လေ့ကျင့်ဖို့ အထောက်အကူ ဆေးဝါးတွေပါ။ အဝါရောင် အထွတ်အထိပ် ခန္ဓာကိုယ် သန့်စင်ခြင်း အတွက်တောင်မှ အထောက်အကူပြု ဆေးဝါးရမှတ် ၁၀၀၀၀၀ ဖိုးလောက် ဝယ်ခဲ့ရတာလေ။

ဆန်းကြယ် အဆင့်မြင့်ခန္ဓာကိုယ် သန့်စင်ခြင်းအတွက် ဆိုရင် ရမှတ်ပေါင်း သန်းချီ လိုပါလိမ့်မယ်။ ဆန်းကြယ်အဆင့်မြင့် သိုင်းကျမ်းတွေ ဆိုရင်တော့ ပိုတောင် ခက်ပါသေးတယ်။ မိုးပြာရောင်ဂိုဏ်းမှာ ဆန်းကြယ်အဆင့်မြင့် သိုင်းကျမ်းတွေကို လေ့ကျင့်ခွင့်ရှိတဲ့ သူတွေက သုံးမျိုးပဲ ရှိပါတယ်။

အဲဒီ သုံးမျိုးကတော့

၁။ ပထမတန်းစား အတွင်းစည်းတပည့်တွေ

၂။ တိုက်ရိုက် တပည့်ကြီးတွေ

၃။ အတွင်းစည်းရဲ့ အကြီးအကဲတွေပါပဲ။

အပြင်စည်း အကြီးအကဲတွေ ထဲက ထိပ်တန်း အကြီးအကဲတွေတောင် ဆန်းကြယ်အဆင့်မြင့် သိုင်းကျမ်းတွေ ကျင့်ခွင့် မရှိပါဘူး။

ထောက်ပံ့ရေး ရမှတ်တွေ ရှိနေရင်တောင်မှ ပေါ့လေ။

လီဖူချန်းကတော့ ပထမတန်းစား အတွင်းစည်းတပည့် ဖြစ်သွားပြီ ဖြစ်တဲ့အတွက် ဒီအဆင့်မြင့် ဆန်းကြယ် သိုင်းကျမ်းတွေကို ကျင့်ခွင့် ရခဲ့ပါပြီ။

ကောင်းဟောင်၊ ကောင်းယန်၊ ယန်လီ၊ ယန်ကျန်းနဲ့ လီဆန်ဟီ တို့တောင်မှ တတိယတန်းစား အတွင်းစည်း တပည့်တွေပဲ ဖြစ်ခဲ့တဲ့အတွက် သူတို့ရဲ့ အဆင့်အတန်းက လီဖူချန်းနဲ့ ယှဉ်ရင် လုံးဝ ယှဉ်မရတော့တဲ့ အနေအထားအထိ နိမ့်ကျ သွားပါပြီလေ။

လီဖူချန်းက သူ့ကိုယ်သူ ဆန်းစစ်လိုက်ပြီးတဲ့ နောက်မှာတော့ ဆုံးဖြတ်ချက် တစ်ခုကို ခိုင်ခိုင်မာမာ ချလိုက်ပါပြီ။

“အခုချိန်မှာ ငါက စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ်ကို ရောက်နေပြီဆိုတော့ ကိုယ်ဖော့ပညာရပ် တစ်ခုခုကို လေ့ကျင့်ဖို့ အချိန်ကျပြီပဲ”

ခန္ဓာကိုယ်သန့်စင်တဲ့ ပညာရပ်ရဲ့ အနိမ့်ဆုံးအဆင့်က အဝါရောင် အထွတ်အထိပ် အဆင့်ပါ။ ဒါပေမဲ့ ကိုယ်ဖော့ပညာရပ်ရဲ့ အနိမ့်ဆုံး အဆင့်ကတော့ ဆန်းကြယ်အဆင့်နိမ့် အဆင့် ရှိပါတယ်။ ကိုယ်ဖော့ ပညာရပ်တွေက အတွင်းအားကို အရမ်းကုန်ခန်း စေနိုင်ပါတယ်။

သိုင်းစစ်သည်တော် တစ်ယောက်က စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်ကို မရောက်သေးဘဲနဲ့ ကိုယ်ဖော့ပညာကို အစွမ်းကုန်သုံးဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။ သူတို့ရဲ့ ပညာရပ် အပေါ်မှာ နားလည် သဘောပေါက်နိုင်မှုက အရမ်း မြင့်မားနေရင် တောင်မှပေါ့။

"ပြီးတော့ ငါက ဆန်းကြယ်အဆင့်နိမ့် ဓားသိုင်း တစ်ခုလောက်လည်း လေ့ကျင့်ရဦးမယ်”

လီဖူချန်း အခုလက်ရှိ လေ့ကျင့်ထားတဲ့ ဓားသိုင်းက ၉ မျိုး ရှိပါတယ်။ အဲဒါတွေကတော့ အဝါရောင် အဆင့်နိမ့် ဓားသိုင်းဖြစ်တဲ့ ထောင့်ချိုးဓားသိုင်းနဲ့ ကျားစွယ်ဓားသိုင်း၊ အဝါရောင် အလယ်အလတ် အဆင့်ရှိတဲ့ လေပြည်ဓားသိုင်းနဲ့ အစွန်းရောက်ဓားသိုင်း၊ အဝါရောင်အဆင့်မြင့် ဓားသိုင်းဖြစ်တဲ့ ကျောက်စိမ်းနီဓားသိုင်း၊ အဝါရောင် အထွတ်အထိပ် ဓားသိုင်းတွေဖြစ်တဲ့ ကြက်သွေးရောင်မီးဓားသိုင်း၊ သုံးရိပ်ဖြာဓားသိုင်း၊ ရေစက်ဓားသိုင်းနဲ့ နဂါးမာန်ဓားသိုင်းတို့ ဖြစ်ပါတယ်။

ဓားသိုင်းတွေက အရေအတွက်ထက် အရည်အသွေးပေါ်မှာ ပိုပြီး မူတည်တယ်ဆိုပေမဲ့ လီဖူချန်း ယုံကြည် ထားတာကတော့ လူတစ်ယောက်က ဓားတာအိုအပေါ် လျှောက်လှမ်းတော့မယ် ဆိုရင် ဓားသိုင်း အမျိုးမျိူးကို အရည်ကျို သောက်ထားနိုင်ရမယ် လို့ပေါ့။ ဓားတာအိုလောကမှာ ပြောနေကျ စကားတစ်ခွန်း ရှိပါတယ်။

“သူတစ်ပါးထက် သာချင်ရင် သူများ လေ့ကျင့်တာထက် ပိုပြီး လေ့ကျင့်ရမယ်။ ပါရမီရှင်တွေ ဆိုတာ တစ်ချိန်ချိန်မှာ ပါရမီ အမြင့်ဆုံးအထိ ရောက်ပြီးသွားရင် သာမန် လူသာသာပဲ။ ဒါပေမဲ့ ကြိုးစားမှုကတော့ အဆုံးမရှိဘူး”

ဒီစကားလေးက လီဖူချန်းရဲ့ ဓားတာအိုကို လမ်းပြ နေသလိုပါဘဲ။ သူ့ရဲ့ အမောခံနိုင်မှုသာ အရမ်း ကောင်းနေခဲ့ရင် လီဖူချန်းက အဝါရောင်အဆင့်က ရှိသမျှ ဓားသိုင်းတွေကိုတောင် တစ်ခါတည်း အကုန် လေ့ကျင့်လိုက်ချင် ပါသေးတယ်။

နေ့လယ်စာ စားအပြီးမှာတော့ လီဖူချန်းက အတွင်းစည်း သိုင်းကျမ်းဆောင်ကို ထွက်လာ ခဲ့လိုက်ပါတယ်။ ထို့နောက်မှာတော့ ကိုယ်ဖော့ပညာ တစ်ခုနဲ့ ဆန်းကြယ်အဆင့်နိမ့် ဓားသိုင်းတစ်ခုကို ရွေးပြီး ပြန်ထွက် လာခဲ့တယ်လေ။

သူယူခဲ့တဲ့ ပညာရပ်တွေကတော့ လေအရိပ် ကိုယ်ဖော့ပညာနဲ့ ကြယ်ပျံဓားသိုင်းပါပဲ။

လေအရိပ် ကိုယ်ဖော့ပညာ ဆိုတာက နာမည်နဲ့ လိုက်အောက်ပဲ လေဓာတ်ကို အထူး ပြုထားတာပါ။ လီဖူချန်း အစောပိုင်းတုန်းက လေ့ကျင့်ခဲ့တဲ့ လေပွေ ခြေသိုင်းကလည်း လေဓာတ်ကို အထူးပြုတာ ဖြစ်တဲ့အတွက် သူက ဒီပညာရပ်ကို ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်တာလေ။

ဒါပေမဲ့ လေပွေခြေသိုင်းက ကန်ချက်တွေကို အသားပေးတာ ဖြစ်တဲ့အတွက် ကိုယ်ဖော့ ပညာရပ်လိုတော့ လှုပ်ရှားသွားလာမှုကို မမြန်စေပါဘူး။ လေအရိပ် ကိုယ်ဖော့ပညာကို အောင်မြင် ပြီးသွားတဲ့သူက လေထဲမှာ ကြိုက်သလို လှုပ်ရှားသွားလာ နိုင်မှာပါ။

ကြယ်ပျံဓားသိုင်းကတော့ လျင်မြန်မူအပိုင်းကို အရမ်း ဦးစားပေးပြီး မီးဓာတ်ကို အခြေပြုတဲ့ ဓားသိုင်းပါ။ ဒီဓားသိုင်းမှာ ဓားကွက်တစ်ကွက်ပဲ ရှိပါတယ်။ အဲဒါကတော့ ကြယ်ကြွေဓားကွက်ပါ။

နာမည်နဲ့လိုက်အောင် ဓားကွက်က ကြမ်းတမ်းပြီး အားပါလွန်းပါတယ်။ အတွင်းစည်း ဂိုဏ်းသား တပည့်တွေက တစ်နှစ်မှာ တစ်ခါတော့ အနည်းဆုံး အထူးတာဝန် တစ်ခုကို ထမ်းဆောင်ရပါတယ်။ ဒါပေမဲ့ လီဖူချန်းကတော့ အဲဒီကိစ္စအတွက် ပူစရာ မလိုသေးပါဘူး။ သူက အခုမှ အတွင်းစည်းတပည့် ဖြစ်တာ ဖြစ်တဲ့အတွက် နောက်ထပ် ၉ လ၊ ၁၀ လလောက် အချိန် ကျန်နေပါသေးတယ်။

“အင်း ... ငါ ဒီလေအရိပ် ကိုယ်ဖော့ပညာနဲ့ ကြယ်ပျံဓားသိုင်းကို အရင်ကျွမ်းကျင်အောင် ကျင့်လိုက်ဦးမယ်။ ဒါပြီးမှ တာဝန်ထမ်းဆောင်လည်း နောက်မကျ သေးပါဘူး”

ဂိုဏ်းတော်က ပေးအပ်တဲ့ တာဝန်တွေက အပြင်လောကကို ထွက်ပြီး လုပ်ရမှာ ဖြစ်တဲ့အတွက် အသက် အန္တရာယ်ကတော့ အမြဲရှိနေ တတ်ပါတယ်။ အသက်အန္တရာယ် များတာနဲ့ နည်းတာဘဲ ကွာသွားတာပါ။

လီဖူချန်းက သာမန် စိတ်တန်ခိုးဖွဲ့စည်း နယ်ပယ်အဆင့် ၁ ကသူ မဟုတ်ပေမဲ့လည်း အပြင် လောကမှာ ထိပ်သီးလူတွေက ရှိနေပါသေးတယ်။

စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အမြင့်ပိုင်းက ထိပ်သီး ပညာရှင်တွေက လီဖူချန်းကို လက်တစ်ဖက်နဲ့ သတ်ပစ်လိုက်နိုင် သေးတယ်လေ။ ဂိုဏ်းတော်က ပေးတဲ့ တာဝန်ကို မယူခင်မှာ ကိုယ့်ရဲ့ အစွမ်းအစတွေကို ပိုကောင်းလာအောင် အရင်လုပ်တာက ကောင်းမွန်တဲ့ ဆုံးဖြတ်ချက် တစ်ခုပင် မဟုတ်ပါလား။

“လမ်းဖယ်ဟေ့။ လမ်းဖယ် …”

“သူ့ကို ကုသရေးဌာနကို အမြန်ပို့မှ ဖြစ်မယ်။ နည်းနည်း နောက်ကျတာနဲ့ အသက်ရှင်ဖို့ လမ်းမမြင်ဘူးဟ”

အပြန်လမ်းမှာတော့ လီဖူချန်းက အတွင်းစည်းတပည့် ၄ ယောက်က ပျာတီးပျာယာဖြင့် ခြေကုန် သုတ်နေတာကို တွေ့လိုက်ရပါတယ်။

သူတို့ထဲက တစ်ယောက်ရဲ့ ကျောပေါ်မှာတော့ မျက်နှာတစ်ခုလုံး မည်းနက်နေတဲ့ လူငယ်လေး တစ်ယောက်လည်း ပါလာပါသေးတယ်။

ကြည့်ရတာ သူက အဆိပ်ပညာရှင် တစ်ယောက်နဲ့ တိုက်ခိုက်ပြီး အဆိပ် မိလာပုံပါပဲ။

“အဲဒါက ဂိုဏ်းတူအစ်ကိုချန် မဟုတ်ဘူးလား။ သူက ဘယ်လိုလုပ် ဒီလောက် သေလုမြောပါး ဖြစ်သွားရတာလဲ”

“ကြည့်ရတာသူက အမှောင်လောကက အဆိပ်ပညာရှင် တစ်ယောက်နဲ့ တွေ့လာပုံ ရတယ်”

“အား ... ယား ... နှစ်တိုင်းနှစ်တိုင်း အတွင်းစည်းဂိုဏ်းသား တော်တော်များများက ဒီအမှောင် လောကက အဆိပ် ပညာရှင်တွေနဲ့ပဲ အသက်ဆုံးရှုံး ကျတာပဲ။ ဒီကောင် ဒီအထိ အသက်ပါလာတာ ကံကောင်းတယ်လို့ ဆိုရမယ်”

“ငါ မင်းပြောတာကို လက်ခံတယ်။ ဒီကောင် အတော် ကံကောင်းတာပဲ။ နောက်လဆိုရင် ငါလည်း ဂိုဏ်းတော်ကပေးတဲ့ တာဝန်ကို အဆုံးသတ်ရ တော့မှာကွ။ အဲဒီအချိန်ကျရင် ချောချော မွေ့မွေ့နဲ့ ငါ့တာဝန်တွေ ပြီးဆုံးပါစေလို့ အခုကတည်းက ဆုတောင်း နေရတယ်ဟေ့”

လမ်းဘေး တစ်ဖက်တစ်ချက်မှာတော့ အတွင်းစည်း တပည့်တွေဟာ တစ်ယောက်နဲ့ တစ်ယောက် တီးတိုးပြောဆို နေကြပါတယ်။

“ကြည့်ရတာ ဂိုဏ်းတော်က တာဝန်တွေက ငါထင်ထားတာထက် ပိုပြီး အန္တရာယ် များတဲ့ပုံပဲ”

သူမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် လီဖူချန်းက ဂိုဏ်းတော်ကပေးတဲ့ တာဝန်တွေကို ပိုပြီးနားလည် လာခဲ့ပါပြီ။

ဒါပေမဲ့ သေချာစဉ်းစား ကြည့်လိုက်တဲ့ အခါမှာတော့ ဂိုဏ်းတော်ရဲ့ ရည်ရွယ်ချက်ကို ရေးရေးလေး မြင်လာမိပါတယ်။

ဂိုဏ်းတော်က တပည့်တွေကို ပန်းခင်းလမ်းမှာ လျှောက်ပြီး ပန်းတိုင်ကို သွားစေမယ့်အစား ဆူးခင်လမ်းကနေ သွားစေချင်တာပါ။

ဒီလို အခက်အခဲတွေ ကြားကနေ ရှင်သန်နိုင်ခဲ့တဲ့ သူတွေမှသာ အနာဂတ်မှာ ဒေါင်ဒေါင်မြည် ကျောင်းတော်သားတွေ ဖြစ်လာနိုင်မှာပင် မဟုတ်ပါလား။

***

သူ့ရဲ့ ကိုယ်ပိုင်ခြံဝင်းထဲကို ပြန်ရောက်ပြီးတဲ့ အခါမှာတော့ လီဖူချန်းက လေအရိပ် ကိုယ်ဖော့ပညာကို စတင်လေ့ကျင့် လိုက်ပါတော့တယ်။ လေအရိပ် ပညာရပ်က တကယ်ကို လျှို့ဝှက်ဆန်းကြယ် လွန်းပါတယ်။

သိုင်းကျမ်းမှာ ရေးထားတဲ့အတိုင်း ဆိုရင် ဒီပညာရပ်ရဲ့ အကြို ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်သွားခဲ့ရင်တောင် ပျံလွှားတစ်ကောင်လို ကိုယ်အလေးချိန်လောက်နဲ့ သွားလာလှုပ်ရှား နိုင်မှာပါ။

ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်သွားရင်တော့ လေ့ကျင့်တဲ့သူက လုံးဝ လျင်မြန်တဲ့ အရှိန်အဟုန်ကို ရရှိမယ့်အပြင် ဝိညာဉ်တစ်ကောင်လို အသံလုံးဝ မထွက်ဘဲ စိတ်ကြိုက် လှုပ်ရှားနိုင်စွမ်းကို ရရှိ နိုင်ပါပြီ။

သူ့ရဲ့ အစိမ်းရောင် စိတ်ဝိညာဉ်အစွမ်း အကူအညီကြောင့် လီဖူချန်းက လေအရိပ် ခြေလှမ်းရဲ့ အခြေခံအဆင့်ကို ၃ ရက်တည်းနဲ့ နားလည်တတ်ကျွမ်း သွားခဲ့ပါတယ်။

သူ့ရဲ့ အတွင်းအားတွေကို လေအရိပ် ကိုယ်ဖော့ပညာမှာ ဖော်ပြထားတဲ့ အတိုင်း စီးဆင်း စေလိုက်တဲ့ အခါမှာတော့ လီဖူချန်းရဲ့ ကိုယ်အလေးချိန်တွေက ကီလိုဂရမ် အတော်များများ လျော့ကျ သွားသလိုတောင် ခံစား လိုက်ရပါတယ်။

အခုဆိုရင် သူက လက်တစ်မောင်းစာလောက် ရှိတဲ့ သစ်ကိုင်းပေါ်မှာတောင် သာသာယာယာ မတ်တတ် ရပ်နေနိုင်ပါပြီ။

(လီဖူချန်းရဲ့ ခန္ဓာကိုယ်က သာမန်လူထက်ကို လေးပါတယ်။ သူက ခန္ဓာကိုယ်သန့်စင်တဲ့ ကျင့်စဉ်တွေကို အရမ်း လေ့ကျင့်ထားလို့ ဖြစ်ပါတယ်)

နောက်ထပ်တစ်လ အကြာမှာတော့ သူ့ရဲ့ လေအရိပ် ကိုယ်ဖော့ပညာက အကြို ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်သွားပါတော့တယ်။

အခုလက်ရှိမှာတော့ လီဖူချန်းက လက်ညှိုး တစ်ချောင်းစာလောက်ပဲ ရှိတဲ့ သစ်ကိုင်းပေါ်မှာ ရပ်လိုက်ရင်တောင် အဲဒီသစ်ကိုင်းက မကွေးမညွှတ်ဘဲ ရှိနေပါပြီလေ။

“ဒီကိုယ်ဖော့ပညာက တကယ်ကို ကြောက်စရာ ကောင်းလောက်အောင် အစွမ်း ထက်လွန်းတာပဲ”

လီဖူချန်းရဲ့ မျက်လုံးထဲမှာတော့ ပျော်ရွှင်မှုတွေနဲ့ အရောင် တောက်နေပါတယ်။

ဒီကိုယ်ဖော့ပညာ နည်းစနစ်တွေက တခြား နည်းစနစ်တွေလို မဟုတ်ဘဲ တစ်မူထူးခြားပြီး ကိုယ်ပိုင်အတွင်းအား စီးဆင်းနည်းစနစ် ရှိပါတယ်။

သူက ကိုယ်ဖော့ပညာကို အသုံးပြုလိုက်တိုင်းမှာ သူ့ခန္ဓာကိုယ်က မြေကမ္ဘာ ဆွဲအားကနေ လွတ်ထွက် သွားသလို ခံစားနေရတယ်လေ။

ပြီးတော့ သူသွားချင်တဲ့ နေရာကို လုံးဝ အသံမထွက်ဘဲ စိတ်တိုင်းကျ သွားလာနေနိုင် ပါသေးတယ်။

ဒါပေမဲ့ အခုအချိန်မှာ သူက အရမ်းအမြန်ကြီး မလှုပ်ရှား နိုင်သေးပါဘူး။

တကယ်လို့က အမြန်နှုန်းကို ကန့်သတ်ချက်ကို ကျော်ပြီး မြှင့်လိုက်မယ်ဆိုရင် ဆူညံညံအသံ အနည်းငယ် ထွက်ပေါ်လာမှာပါ။

“လေအရိပ် ကိုယ်ဖော့ပညာရဲ့ ပြီးပြည့်စုံခြင်းအဆင့် ရောက်သွားရင်

ငါဘယ်လို ဖြစ်လာမလဲ ဆိုတာကို အရမ်း သိချင်နေပြီကွာ”

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က အရမ်း ပေါ့ပါးသွက်လက် နေတယ်ဆိုတာ လုံးဝ ခံစားလို့ ကောင်းတဲ့ အရသာတစ်ခုပဲ မဟုတ်ပါလား။

အရင်တစ်ခေါက်တုန်းက လီဖူချန်းက ရေပေါ်မှာ မတ်တတ် ရပ်နိုင်တယ်ဆိုတာ အတွင်းအား အကူအညီကြောင့်ပါ။

သူ့ရဲ့ ခန္ဓာကိုယ်ကနေ အတွင်းအားကို ခြေထောက်အောက်ကို ပို့ပြီး လုပ်ဆောင်ခဲ့တဲ့အတွက် သူက ရေပြင်ပေါ်မှာ ခြေချစရာ နေရာလေးတစ်ခု ရခဲ့ရုံပါ။

ဒါပေမဲ့ ကိုယ်ဖော့ပညာကတော့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် အလေးချိန်ကို ပေါ့အောင် လုပ်ပေးနိုင်တဲ့အတွက် ရေပေါ်မှာ အတွင်းအား မထုတ်ဘဲ ရပ်နေနိုင်အောင် ကူညီပေးနိုင်ပါတယ်။

အခု လောလောဆယ်တော့ လီဖူချန်းရဲ့ ကိုယ်ဖော့ပညာအဆင့်က ရေပေါ်မှာရပ်ဖို့ မဖြစ်နိုင် သေးပေမဲ့ နောက်ဆိုရင်တော့ ဒီကိစ္စက ခက်ခဲတဲ့ကိစ္စ ဖြစ်လာတော့မှာ မဟုတ်ပါဘူး။

အခုတောင်မှ သူက လက်ညှိုး တစ်ချောင်းစာလောက်ပဲ ရှိတဲ့ သစ်ကိုင်းပေါ်မှာတောင် ရပ်နေ နိုင်ပြီလေ။

နှမြောစရာကောင်းတာ တစ်ခုကတော့ ကိုယ်ဖော့ပညာရဲ့ နည်းစနစ်က ထူးဆန်းတဲ့အတွက် ကြက်သွေးရောင် လျှို့ဝှက်မီးတောက်နဲ့ တစ်ချိန်တည်းမှာ အသုံး မပြုနိုင်တာပါဘဲ။

ဒါပေမဲ့လည်း ဒါက ပြဿနာကြီး မဟုတ်ပါဘူး။ သူ့ခန္ဓာကိုယ် တစ်ခုလုံးက ကြက်သွေးရောင် မီးအတွင်းအားတွေနဲ့ ပြည့်နှက်နေပြီ ဖြစ်တဲ့အတွက် သူက ကြက်သွေးရောင် လျှို့ဝှက်မီးတောက် ကျင့်စဉ်ကို မထုတ်သုံးရင်တောင် သူက မီးစွမ်းအင် ၈၀ ရာခိုင်နှုန်းကို ထုတ်သုံး အသုံးပြု နေနိုင်ပါပြီ။

ပြောရမယ်ဆိုရင် ကိုယ်ဖော့ပညာမှ မဟုတ်ပါဘူး။ တခြားထူးဆန်းတဲ့ သိုင်းပညာတွေမှာ ဆိုရင်လည်း ကိုယ်ပိုင် အတွင်းအား ကျင့်စဉ်တွေ ရှိတတ်ကျပါတယ်။ ကျင့်ကြံမှု နည်းစနစ်တွေရဲ့ အတွင်းအား လည်ပတ်မှုတွေက ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်တွေကို သန့်စင်စေပြီး စုပ်ယူနိုင်ဖို့ အတွက်ပါ။

ဒါကြောင့် ကိုယ်ဖော့ပညာတွေ၊ သိုင်းပညာတွေမှာ အသုံးပြုတဲ့ အတွင်းအားတွေကလည်း ကိုယ်ပိုင် လည်ပတ်မှုလမ်းကြောင်း ရှိနေတာက မထူးဆန်း တော့ပါဘူး။

***

All Chapters