← Chapters

ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ထူးကိုယ်ချွန်

Vol. 68 Ch. 941

ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ထူးကိုယ်ချွန်

Vol. 68 Ch. 941

ထိုအခါ လူပုံစံစက္ကူရုပ်ကြီးမှာ ဝမ်ပေါင်လဲ့အား ဖျတ်ခနဲ ကြည့်မိလိုက်၏။ သူသည် သူ၏ရှေ့တွင် ရှိနေသည့် တိုင်းတစ်ပါးသား ကျင့်ကြံသူအား လူကဲခတ်မှားခဲ့သည်လောဟု တွေးမိနေခြင်းဖြစ်သည်။ သူ၏ အကြံအစည်မှာ ရက်စက်ယုတ်မာလွန်းနေသည် မဟုတ်ပါလော။

ထိုကျင့်ကြံသူမှာ သူ့အား ပုံရိပ်ယောင်သလင်းကျောက်များကို ချုပ်နှောင်ပေးရန် တောင်းဆိုနေရသည်မှာ ရည်ရွယ်ချက်တစ်ခုခု ရှိရပေမည်။ သို့သော် သူသည် ထိုကဲ့သို့ ချုပ်နှောင်ပေးနိုင်စွမ်း ရှိလျှင်တောင် အချည်းနှီးပင်။

" အသုံးမဝင်ဘူးကွ။ အဲဒီ သလင်းကျောက်တုံး‌တွေကို ချုပ်နှောင်နိုင်ရင်တောင် ခုနစ်ရက်နေလို့ အရည်အချင်းစမ်းသပ်ပွဲ ပြီးသွားတဲ့အချိန်ကျရင် အချုပ်အနှောင်တွေ အကုန်လုံးက ပျက်စီးသွားမှာ။ အဲတာမလို့ မင်း... "

သို့သော် လူပုံစံစက္ကူရုပ်ကြီး စကားဆုံးအောင် မပြောနိုင်ခဲ့မှာပင် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်တောက်ပသွားပြီး ပျော်ရွှင်ကျေနပ်နေသည့် မျက်နှာအမူအရာဖြင့် ဆိုလိုက်၏။

" ကျေးဇူးတင်ပါတယ် လူကြီးမင်း။ အရည်အချင်း စမ်းသပ်ပွဲ ပြီးသွားတဲ့အချိန် အဲဒီ အချုပ်အနှောင်တွေ ပျက်စီးသွားရင်တောင် ကိစ္စမရှိပါဘူး။ ကျွန်တော့်ကို အဲဒီ အချုပ်အနှောင်တွေကို ဖျက်ဆီးနိုင်မယ့် နည်းလမ်း သင်ပေးထားရင် ရပါတယ်။ လူကြီးမင်း။ ကျေးဇူးပြုပြီး ကူညီပေးပါ "

လူပုံစံစက္ကူရုပ်ကြီးမှာ ဆွံ့အမှင်တက်နေရပြီဖြစ်သည်။ သူသည် တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် ကြံရာမရ ဖြစ်နေသည့် အမူအရာဖြင့် ခေါင်းယမ်းမိလိုက်၏။ ထို ပုံရိပ်ယောင်သလင်းကျောက်များအား ချုပ်နှောင်ရသည်မှာ သူ့အတွက် ရေးကြီးခွင်ကျယ် မဟုတ်ပေ။ သူသည် သူနှင့် တိုင်းတစ်ပါးသား ကျင့်ကြံသူ၏ ကြားရှိ ဆက်ဆံရေးအား ထည့်သွင်းစဉ်းစားလိုက်ပြီးနောက် အတွေးများထဲ၌ နစ်မျောသွားပြီး နောက်ဆုံးတွင် ခေါင်းညိတ်ပြလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ ထို လူပုံစံစက္ကူရုပ်ကြီး သဘောတူလိုက်သည်ကို မြင်လိုက်ရသောအခါ ပို၍ပင် စိတ်လှုပ်ရှားလာတော့သည်။ ထိုသို့ဖြင့် သိပ်မကြာခင်တွင် သူသည် လူပုံစံစက္ကူရုပ်ကြီး၏ လမ်းညွှန်မှုများအတိုင်း ပုံရိပ်ယောင်ဂြိုဟ်ပေါ်၌ ဟိုဟိုသည်သည် သွားလာပျံသန်းနေလိုက်၏။ ထိုသို့ဖြင့် သူသည် တစ်ရက်တိတိ ပျံသန်းခဲ့ပြီးနောက် ပုံရိပ်ယောင်ဂြိုဟ်ပေါ်ရှိ နေရာတိုင်းသို့ ရောက်ပြီးသွားပြီ ဖြစ်သည်။ သူသည် လမ်းတစ်လျှောက်လုံးတွင်လည်း ပုံရိပ်ယောင်များနှင့် အခြားကျင့်ကြံသူများကို တွေ့ခဲ့ရ၏။

ထို ပုံရိပ်ယောင်များထဲတွင် ဂြိုဟ်အဆင့် ပုံရိပ်ယောင်အချို့ပင် ပါပေသည်။ အန္တရာယ်အများဆုံး အခိုက်အတန့်မှာမူ ဝမ်ပေါင်လဲ့ ထာဝရကြယ်အဆင့် ပုံရိပ်ယောင်ကြီး၏ အငွေ့အသက်များကို အာရုံခံမိခဲ့သည့် အခိုက်အတန့်ပင် ဖြစ်သည်။ ကံကောင်းစွာဖြင့် လူပုံစံစက္ကူရုပ်ကြီးက ကာကွယ်ပေးခဲ့သောကြောင့် သူသည် ၎င်းအား ရှောင်တိမ်းနိုင်ခဲ့၏။

ထိုသို့ဖြင့် နောင်ထပ်တစ်ရက် ကုန်ဆုံးပြီးသွားချိန်တွင် ဝမ်ပေါင်လဲ့မှာ ကျန်ရှိနေသေးသည့် ပုံရိပ်ယောင်သလင်းကျောက်တုံး နှစ်ဆယ့်ကိုးတုံးအား ရှာတွေ့ပြီးသွားပြီ ဖြစ်သည်။ သူသည် ၎င်းတို့အား သူနှင့်အတူ ယူလာခဲ့ခြင်း မရှိဘဲ ၎င်းတို့အား ရှာတွေ့သည့်အချိန်တွင် လူပုံစံစက္ကူရုပ်ကြီးအား ထို သလင်းကျောက်များပေါ်၌ အချုပ်အနှောင်တစ်ခု တပ်ဆင်ခိုင်းခဲ့ပြီး ၎င်းတို့အား နဂိုမူလနေရာ၌ ပြန်ထားခဲ့၏။

ထို ပုံရိပ်ယောင်သလင်းကျောက်တုံးများ အားလုံးကို ချုပ်နှောင်ပြီးသွားသောအခါ ဝမ်ပေါင်လဲ့မှာ ပျော်ရွှင်ကျေနပ်စွာဖြင့် နေရာကောင်းတစ်ခု၌ ပုန်းကွယ်ရင်း စောင့်ဆိုင်းနေလိုက်တော့သည်။ တစ်ချိန်ထဲမှာပင် သူသည် လူပုံစံစက္ကူရုပ်ကြီး သင်ပေးသည့် ထို အချုပ်အနှောင်များအား ဖျက်ဆီးနိုင်သော ပညာရပ်ကိုလည်း လေ့ကျင့်နေလိုက်သေးသည်။

ပို၍ တိတိကျကျ ဆိုရမည်ဆိုပါက လူပုံစံစက္ကူရုပ်ကြီးမှာ ဝမ်ပေါင်လဲ့အား ပညာရပ်တစ်ခု သင်ပေးနေခြင်းမဟုတ်ဘဲ မန္တန်တစ်ခုအား သင်ပေးနေခြင်းသာ ဖြစ်သည်။ ထိုမန္တန်မှာ ဘက်စုံသုံး သော့တစ်ချောင်းကဲ့သို့ပင်။ သို့ဖြစ်ရာ သူသည် ထိုမန္တန်၏ နောက်ကွယ်မှ အခြေခံနိယာမများကို နားမလည်ထားလျှင်တောင် အသုံးပြုနိုင်စွမ်း ရှိနေဦးမည်ဖြစ်သည်။

ထို့နောက် လူပုံစံစက္ကူရုပ်ကြီးမှာ ဝမ်ပေါင်လဲ့၏ တောင်းဆိုချက်အရ သူ၏ ပုံရိပ်ယောင်သလင်းကျောက်တုံးကိုပင် ချုပ်နှောင်ပေးခဲ့သေးသည်။ ထို အခြင်းအရာများအားလုံး ပြီးဆုံးသွားချိန်တွင် ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေပြီး အချိန်မြန်မြန်ကုန်သွားရန်သာ ဆုတောင်းနေမိတော့သည်။

ဝမ်ပေါင်လဲ့တစ်ယောက် အချုပ်အနှောင်အား ဖျက်ဆီးနိုင်မည့် နည်းလမ်းအား လေ့လာနေစဉ် အခြား ပါရမီရှင်များမှာလည်း လူစုခွဲကာ ပုံရိပ်ယောင်သလင်းကျောက်အား လိုက်လံရှာဖွေနေကြပြီဖြစ်သည်။ သူတို့မှာ ထိုသို့ရှာဖွေရာ၌ အခက်အခဲများနှင့် ကြုံတွေ့နေရရုံသာမက ပုံရိပ်ယောင်ဂြိုဟ်ပေါ်တွင်လည်း ဂြိုဟ်အဆင့် ပုံရိပ်ယောင်များနှင့် ထာဝကြယ်အဆင့် ပုံရိပ်ယောင်ကြီးတစ်ခု ရှိနေသေးသည် မဟုတ်ပါလော။ ထို့ကြောင့် သူတို့မှာ မကြာခဏဆိုသလို တိုက်ခိုက်ခံခဲ့ရ၏။

ကံဆိုးသူများမှာဆိုလျှင် ထို ပုံရိပ်ယောင် အမြောက်အမြားနှင့် တစ်ပြိုင်နက်တည်း ရင်ဆိုင်ကြုံတွေ့လိုက်ရပြီးနောက် အရည်အချင်းစမ်းသပ်ပွဲအား ကျရှုံးသွားခဲ့ရသည်သာ ဖြစ်သည်။ ထို့အပြင် ပုံရိပ်ယောင်သလင်းကျောက်နှင့် ပတ်သတ်သည့် သဲလွန်စ များများစားစား မရှိသောကြောင့် သူတိုအားလုံးမှာ ဤဂြိုဟ်ကြီးပေါ်၌ ပိတ်မိနေကြပြီး ခေါင်းမပါသည့် ကြက်ကလေးများကဲ့သို့ ဦးတည်ရာမဲ့စွာ ပြေးလွှားပျံသန်းနေရတော့သည်။ သူတို့မှာ နည်းလမ်းမျိုးစုံ အသုံးပြုခဲ့ကြသည့်တိုင်အောင် ထို ပုံရိပ်ယောင်သလင်းကျောက်တုံးများအား ရှာမတွေ့ကြသေးပေ။

သို့သော်လည်း ဤ အရည်အချင်းစမ်းသပ်ပွဲမှာ နောက်ဆုံးတွင် သူတို့အား သဲလွန်စများပေးလိမ့်မည်ဟု ယုံကြည်ထားကြသည့် ဉာဏ်ပြေးသူများလည်း ရှိပေသည်။ ထို့ကြောင့် သူတို့မှာလည်း ဝမ်ပေါင်လဲ့ကဲ့သို့ပင် နေရာကောင်းများ၌ စောင့်ဆိုင်းနေကြ၏။ သူတို့မှာ တိတ်တိတ်ကလေး တရားထိုင်ကာ အရာအားလုံးအတွက် အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ထားကြသည်။

ထိုကဲ့သို့သော လူများ များများစားစားမရှိပါသော်လည်း ဆယ်ဂဏန်းအနည်းငယ်ခန့် ရှိနေဆဲပင်။ ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်လွန်လာပြီး အရည်အချင်းစမ်းသပ်ပွဲကြီး ပြီးဆုံးရန် သုံးရက်ပင် မလိုတော့ပေ။ ပို၍ တိတိကျကျ ဆိုရမည်ဆိုရင် နာရီပေါင်းသုံးဆယ်သာ လိုတော့သည့် အချိန်တွင်.... သဲလွန်စများ စတင်ပေါ်ပေါက်လာတော့သည်။ ပုံရိပ်ယောင်သလင်းကျောက်တုံးတစ်တုံး ရှိနေသည့်နေရာမှ အားကောင်းသော တုန်ခါမှုလှိုင်းတစ်မျိုး ရုတ်ချည်းဆိုသလို ထွက်ပေါ်လာသဖြင့် ဂြိုဟ်ကြီးပေါ်ရှိ ပါရမီရှင်တိုင်းမှာ ၎င်းအား ချက်ချင်းအာရုံခံမိလိုက်၏။

ပုန်းကွယ်နေသည့် ဝမ်ပေါင်လဲ့မှာလည်း ၎င်းအား ချက်ချင်းအာရုံခံမိလိုက်သည်။ ထိုအခါ သူသည် မျက်လုံးများ ပွင့်လာ၏။ သို့သော် သူသည် အံ့အားသင့်နေခြင်းတော့မရှိပေ။ သူသည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် လူပုံစံစက္ကူရုပ်ကြီးနှင့် အပြန်အလှန် စကားပြောခဲ့သဖြင့် နောက်ဆုံး နာရီသုံးဆယ်အတွင်းတွင် ပုံရိပ်ယောင်သလင်းကျောက်တုံး တစ်တုံးများ၏ တည်နေရာများမှာ တစ်နာရီလျှင် တစ်ကြိမ်နှုန်းဖြင့် ပေါ်ပေါက်လာမည်ဖြစ်ကြောင်း ကြိုသိထားပြီး ဖြစ်သည်။ ထို့ကြောင့် သူသည် ဤ အရည်အချင်းစမ်းသပ်ပွဲကြီး၏ အရက်စက်ဆုံးသော အချိန်အပိုင်းအခြားသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိလိုက်၏။

သူ ခန့်မှန်းထားခဲ့သည့်အတိုင်းပင်။ ပထမဆုံး ပုံရိပ်ယောင်သလင်းကျောက်တုံး၏ တည်နေရာ ပေါ်ပေါက်လာသည်နှင့် အနီးအနားရှိ ကျင့်ကြံသူများအားလုံးမှာ အံ့သြတုန်လှုပ်သွားကြ၏။ ထို့နောက် သူတို့မှာ ထိုနေရာသို့ အတူတကွ ပျံသန်းသွားကြသည်။ ထိုကဲ့သို့ ပျံသန်းသွားကြသည့် ပထမဆုံးအသုတ်ထဲတွင် လူအများကြီး မပါဘဲ ဆယ်ယောက်ကျော်လောက်သာ ပါပေသည်။ သို့သော်လည်း တိုက်ပွဲများ ပေါ်ပေါက်လာရသည်သာ ဖြစ်ရာ သေဆုံးသွားကြသည့် လူများနှင့် ဒဏ်ရာရသွားကြသည့်လူများ ရှိကြဆဲပင်။

အချိန်တိုလေးအတွင်းတွင် လူတစ်ယောက်မှာ ထို ပုံရိပ်ယောင်သလင်းကျောက်တုံးအား အလစ်သုတ်ယူခဲ့ပြီးနောက် ထွက်ပြေးလွတ်မြောက်သွားခဲ့၏။ ထိုအချိန်တွင် ဒုတိယမြောက် ပုံရိပ်ယောင်သလင်းကျောက်၏ အငွေ့အသက်များမှာ အခြားနေရာတစ်ခုတွင် ပေါ်ပေါက်လာသည်။

ထို့ကြောင့် တိုက်ပွဲများ ထပ်၍ စတင်သွားကြပြန်သည်။ လူတိုင်းမှာ တစ်နာရီလျှင် ပုံရိပ်ယောင် သလင်းကျောက်တုံးတစ်တုံး၏ တည်နေရာ ပေါ်ပေါက်လာသည့် စည်းမျဉ်းအား ရိပ်မိထားကြပြီးသား ဖြစ်သည်။ ထို့ကြောင့် သူတို့ထဲမှ အများစုမှာ ထို တည်နေရာများ ပေါ်ပေါက်လာကြသည့် အချိန်တိုင်း အလောတကြီး ပြုမူနေကြခြင်း မရှိပေ။ သူတို့မှာ အကွာအဝေးအား အရင်ဆုံး တွက်ချက်ပြီးမှ ဆုံးဖြတ်ချက်ချကြသည်သာ ဖြစ်သည်။

ထိုသို့ဖြင့် ဆယ့်နှစ်နာရီ ကုန်ဆုံးသွားပြီး ပုံရိပ်ယောင်သလင်းကျောက် ဆယ့်နှစ်တုံး၏ အငွေ့အသက်များ ပေါ်ပေါက်လာချိန်တွင် လူတိုင်းမှာလည်း ဆုံးဖြတ်ချက်ချပြီးသွားကြပြီဖြစ်သည်။ ထို ပုံရိပ်ယောင်သလင်းကျောက်တုံး ဆယ့်နှစ်တုံးမှာ ပိုင်ရှင်များရှိနေပြီး သူတို့၏ တည်နေရာများမှာလည်း လျှို့ဝှက်နေခြင်း မရှိပေ။ သို့ဖြစ်ရာ ပုံရိပ်ယောင်သလင်းကျောက်များအား ပိုင်ဆိုင်ထားပါက မိမိတို့၏ တည်နေရာမှာ အဆက်မပြတ် ပေါ်ပေါက်နေမည်ဖြစ်ရာ အခြားသူများလည်း မိမိအား လာရောက်တိုက်ခိုက်ကာ လုယူနိုင်ရန် ကြိုးစားကြမည်ဖြစ်သည်။

ထို့ကြောင့် ထို တစ်ရက်အတွင်းတွင် တိုက်ပွဲများနှင့် သတ်ဖြတ်မှုများ မကြာခဏဆိုသလို ပေါ်ပေါက်လာကြ၏။ ထို ပုံရိပ်ယောင်သလင်းကျောက် ဆယ့်နှစ်တုံး၏ ပိုင်ရှင်အများစုမှာ တစ်ကြိမ်ပြီးတစ်ကြိမ် ပြောင်းလဲသွားကြပါသော်လည်း သူတို့ထဲမှ သုံးယောက်မှာမူ လုံးဝပြောင်းလဲသွားခဲ့ခြင်းမရှိပေ။

သူတို့ထဲမှ တစ်ယောက်မှာ မဟာလက်ဝဲတာအိုနယ်မြေ၏ အဆင့်တစ်ဂိုဏ်းမှ ပညာရှိပုံစံ ကျင့်ကြံသူ ဖြစ်ပေသည်။ သူသည် တောင်ထိပ်တစ်ခုပေါ်တွင် ထိုင်ကာ သူ၏လက်ထဲမှ ပုံရိပ်ယောင်သလင်းကျောက်အား စိုက်ကြည့်နေ၏။ ထို ပုံရိပ်ယောင်သလင်းကျောက်၏ အငွေ့အသက်များကို အာရုံခံမိလိုက်သဖြင့် ရောက်ရှိလာကြသည့် လူတိုင်းမှာ နောက်ဆုံးတွင် တွေဝေတုံ့ဆိုင်းသွားရပြီး အဝေးသို့ ရှောင်ထွက်သွားကြသည်သာ ဖြစ်သည်။

အခြားတစ်ယောက်မှာ ဖီးနစ်ကိုးကောင်ဂိုဏ်းမှ ခေါင်းလောင်းနှင့် မိန်းမပျိုလေး ဖြစ်၏။ သူမသည်လည်း ပညာရှိပုံစံ လူငယ်လေးကဲ့သို့ပင်။ မည်သူကမှ သူမ၏လက်ထဲမှ ပုံရိပ်ယောင်သလင်းကျောက်အား မလုယူရဲကြပေ။ တစ်ချိန်ထဲမှာပင် သူမသည် ထို ပုံရိပ်ယောင်သလင်းကျောက်အား အကဲခတ်လေ့လာရင်း သံသယစိတ်များ ဝင်လာသည့်ပုံ ပေါက်နေ၏။

အခြား ကျင့်ကြံသူများ နောက်ဆုံးတစ်ယောက်ဆီမှ မလုယူရဲရသည့် အကြောင်းရင်းမှာ... ထိုကဲ့သို့ လုယူရန် ကြိုးစားခဲ့ကြသည့် လူတိုင်း သတ်ဖြတ်ခံလိုက်ရသောကြောင့်ပင်။

ထို နောက်ဆုံးပုဂ္ဂိုလ်မှာ နောက်ကျောတွင် ဓားရှည်ကြီးတစ်လက် လွယ်ထားပြီး သတ်ဖြတ်လိုစိတ် အငွေ့အသက်များ ထုတ်လွှတ်နေသည့် အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးဖြစ်ပေသည်။ ဤ အရည်အချင်းစမ်းသပ်ပွဲထဲတွင် သူ၏လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည့် ကျင့်ကြံသူအရေအတွက်မှာ အမြင့်ဆုံးဖြစ်သည်။

ထို သုံးယောက်မှလွဲ၍ အခြား သလင်းကျောက်ပိုင်ရှင်များမှာ အခြားကျင့်ကြံသူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်နေကြရသည်သာ ဖြစ်သည်။ ထို့အပြင် သလင်းကျောက်တုံး အသစ်များ၏ နေရာများမှာလည်း တစ်နာရီလျှင်တစ်ကြိမ် ပေါ်ပေါက်လာနေသည်ဖြစ်ရာ တိုက်ပွဲများမှာ ရပ်တန့်သွားခြင်းမရှိပေ။

သို့သော် အချိန်များကုန်ဆုံးလာသည်နှင့်အမျှ ပုံရိပ်ယောင်သလင်းကျောက်တုံး ပိုင်ရှင်အချို့မှာ တစ်ခုခုမှာ လွဲနေကြောင်း သတိထားမိလာကြတော့သည်။

ထိုကဲ့သို့ လွဲနေသည့်အရာမှာ ပုံရိပ်ယောင်သလင်းကျောက်တုံးများ ဖြစ်ပေသည်။ ဝမ်ပေါင်လဲ့၏ တောင်းဆိုမှုအရ လူပုံစံစက္ကူရုပ်ကြီးမှာ ထို ပုံရိပ်ယောင်သလင်းကျောက်တုံးများပေါ်ရှိ အချုပ်အနှောင်များ၏ အငွေ့အသက်များကို ဖုံးကွယ်ခဲ့ခြင်း မရှိသောကြောင့် အခြားသူများမှာ ထို အချုပ်အနှောင်များအား အလွယ်တကူ အာရုံခံမိနေကြ၏။

သို့သော် မည်သူကမှ ထို ပုံရိပ်ယောင်သလင်းကျောက်တုံးအား မမြင်ဖူးထားကြသောကြောင့် သူတို့မှာ ထို အချုပ်အနှောင် အငွေ့အသက်များသည် တစ်ခုခုလွဲနေသည်ဟု ခံစားနေကြသည့်တိုင်အောင် တစ်ရာရာခိုင်နှုန်း မသေချာသဖြင့် လက်ပိုက်ကြည့်နေရုံမှတစ်ပါး အခြား ဘာမှမတတ်နိုင်ခဲ့ပေ။

ထိုသို့ဖြင့် နှစ်ဆယ့်နှစ်တုံးမြောက် ပုံရိပ်ယောင်သလင်းကျောက်တုံး၏ အငွေ့အသက်များ ဝမ်ပေါင်လဲ့ ပုန်းကွယ်နေသည့် နေရာမှ ထွက်ပေါ်လာသည့် အချိန်တွင် လူများမှာ သူ၏တည်နေရာသို့ အလျင်အမြန် ရောက်ရှိလာကြတော့သည်။

ဝမ်ပေါင်လဲ့မှာ ထို ကျင့်ကြံသူများနှင့် ရင်ဆိုင်လိုက်ရသောအခါ မျက်ဝန်းများ အေးစက်စွာတောက်ပသွား၏။ သူသည် စာနာသနားတတ်သည့် လူတစ်ယောက်မဟုတ်ပေ။ ထို့အပြင် သူသည် မကြာသေးမီတုန်းက လူအများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံခဲ့ရရုံသာမက ခေါင်းလောင်းနှင့် မိန်းမပျိုလေး၏ လိုက်လံဖမ်းဆီးခြင်းကိုလည်း ခံခဲ့ရသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် အစီအစဉ်များကြိုတင်ရေးဆွဲထားပြီးသား ဖြစ်သည်။ ထို့ကြောင့် ကျင့်ကြံသူတစ်ယောက် သူ့ဆီမှ ပုံရိပ်ယောင်သလင်းကျောက်အား လုယူလိုသည့်ရည်ရွယ်ချက်ဖြင့် သူ့ဆီသို့ ပြေးလာသည်နှင့် ဝမ်ပေါင်လဲ့မှာ အေးစက်စွာရယ်မောလိုက်ပြီး ချက်ချင်းဆိုသလိုပင် တုံ့ပြန်တိုက်ခိုက်လိုက်၏။

ထို့ကြောင့် အုန်းခနဲ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာသည်။ မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးနှင့် နတ်ဆိုးမျက်လုံးပညာရပ်တို့၏ အားဖြည့်ပေးမှုများကြောင့် ဝမ်ပေါင်လဲ့၏ တိုက်ကွက်များမှာ အလွန်အင်မတန်မှ မြန်ဆန်ကာ အားကောင်းလွန်းနေ၏။ ထိုသို့ဖြင့် သူသည် လူအမြောက်အမြားကို ဒဏ်ရာရရှိသွားအောင် လုပ်နိုင်ခဲ့ပြီး သူ၏ တိုက်ရည်ခိုက်ရည် စွမ်းအားများကို ကွယ်ဝှက်နေခြင်းမရှိဘဲ ထုတ်ပြခဲ့သဖြင့် သူ့ဆီသို့ ရောက်ရှိလာကြသည့်လူများမှာ ချီတုံချတုံ ဖြစ်သွားကြသည်သာ ဖြစ်သည်။

ထို့အပြင် ပုံရိပ်ယောင်သလင်းကျောက် အသစ်များ၏ အငွေ့အသက်များမှာလည်း အခြားနေရာများမှ အဆက်မပြတ် ပေါ်ပေါက်လာနေကြသည်ဖြစ်ရာ လူအများစုမှာ လူစုခွဲသွားကြသည်သာဖြစ်သည်။ သူတို့ထဲမှ အချို့မှာ ပုံရိပ်ယောင်သလင်းကျောက်များ ပိုင်ဆိုင်ထားကြပြီးသားဖြစ်သည့် အခြားသော အင်အားနည်းကျင့်ကြံသူများအား လိုက်လံရှာဖွေနေကြပြီး အချို့မှာမူ ပုံရိပ်ယောင်သလင်းကျောက်တုံး အသစ်များ၏ အငွေ့အသက်များ ပေါ်ပေါက်လာသည့် နေရာသို့ ဦးတည်သွားကြ၏။

ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည့် ကျင့်ကြံသူများအား လှမ်းကြည့်ရင်း မျက်လုံးများမှေးသွား၏။ သူသည် ထို ပါရမီရှင်များနှင့် ရင်ဆိုင်ခဲ့ရသည့် အချိန်တိုလေးအတွင်း သူတို့အကြောင်း ပို၍ နားလည်လာခဲ့၏။ သူတို့အားလုံးမှာ တမူထူးခြားသည့် ကျောထောက်နောက်ခံများကို ပိုင်ဆိုင်ထားကြသည့်တိုင်အောင် အစွမ်းထက်ကြသည့် သူများနှင့် အားနည်းကြသည့် လူများဟူ၍ ရှိနေကြဆဲပင်။ ထို့အပြင် သူတို့၏ ဉာဏ်စွမ်းများမှာလည်း အဆင့်ဆင့် ကွဲပြားခြားနားနေကြသေးသည်။ သို့သော် သူတို့ထဲတွင် ငတုံးငအဟူ၍ တစ်ယောက်တလေပင် မပါပေ။ လီလင်းကျစ်ပင်လျှင် အခွင့်အရေးအား အမိအရအသုံးချကာ နာမည်ကောင်းရအောင် ကြိုးစားခဲ့ဖူးသည် မဟုတ်ပါလော။

" ဖီးနစ်ကိုးကောင်ဂိုဏ်းက ခေါင်းလောင်းနဲ့ ကောင်မလေးဆိုရင် ဝှက်ဖဲတွေအများကြီး ပိုင်ဆိုင်ထားတဲ့အပြင် ဉာဏ်လည်းပြေးသေးတယ်။ သူက လျှော့တွက်လို့မရတဲ့ ပြိုင်ဘက်တစ်ယောက်ပဲ "

" ပြီးရင် ငါနဲ့ တစ်‌လှေတည်း တူတူစီးခဲ့တဲ့ မျက်နှာဖုံးတပ်ထားတဲ့ အမျိုးသမီးလည်း ရှိသေးတယ်။ ငါ သူဘယ်သူမှန်း အခုထိတောင် သိသေးတာ မဟုတ်ဘူး... "

" ‌နောက်ထပ်တစ်ယောက်က မဟာလက်ဝဲတာအိုနယ်မြေရဲ့ အဆင့်တစ်ဂိုဏ်းကလာတဲ့ ပညာရှိပုံစံ ကျင့်ကြံသူပဲ... သူ့ရဲ့နာမည်ကိုတောင် ငါ မသိသေးဘူး... ဒါပေမဲ့ သူ့ပုံစံကြည့်ရတာ ခေါင်းလောင်းနဲ့ ကောင်မလေးထက်ကို ပိုပြီးတော့ ဒုက္ခပေးနိုင်လောက်တယ် "

" ပြီးတော့ အမှောင်ပညာရပ်ကို ထုတ်သုံးခဲ့တဲ့ ကလေးမလေးလည်း ကျန်‌သေးတယ်.... ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ဒါဇင်ကျော် သတ်ဖြတ်ခဲ့တဲ့ အနက်ရောင်ဝတ်ရုံနဲ့ လူငယ်လေးရောပဲ "

" ဒီပုံစံအတိုင်းဆို ငါ ငွေညှစ်ခဲ့တဲ့ ဖက်တီးလေးတောင်မှ နှယ်နှယ်ရရ မဟုတ်လောက်ဘူး။ ပြီးရင် ကောင်းရှုံ့ဆိုတဲ့ ကျင့်ကြံသူလည်း ကျန်သေးတယ်... " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး ခဏအကြာတွင် ဝင်းလက်တောက်ပသွား၏။

" အဲလိုဆိုတော့ရော ဘာဖြစ်လဲကွ။ ငါ့ရဲ့ ကျောထောက်နောက်ခံက သူတို့လောက် မကောင်းသလို ငါ့ရဲ့ ဩဇာအာဏာကလည်း သူတို့လောက် မကြီးမားပေမဲ့ ငါက ငါ့ရဲ့ ဘဝတစ်လျှောက်လုံး ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ထူးကိုယ်ချွန်ခဲ့တဲ့ လူတစ်ယောက်ကွ။ တခြား ဘယ်သူ့ဆီကမှ အကူအညီမယူဘဲနဲ့ ဒီ အခြေအနေအထိ ရောက်လာအောင် တစ်ဆင့်ချင်းစီ တက်လှမ်းခဲ့ရတာ " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ထိုသို့ရေရွတ်လိုက်ပြီးနောက် မောက်မာဝင့်ကြွားမှု အပြည့်ရှိသော အမူအရာဖြင့် ခေါင်းမော့လာ၏။

" အဟမ်း... ငါက လူမဟုတ်လို့လား " ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ ဘေးတွင်ရှိနေသည့် လူပုံစံစက္ကူရုပ်ကြီးမှာ သူ၏ စကားများကို ဆက်၍ နားမထောင်နိုင်တော့သဖြင့် ချောင်းဟန့်ကာ မေးလိုက်တော့သည်။

All Chapters