နတ်နဂါးဧကရာဇ်တာအိုပညာရပ်
Vol. 68 Ch. 942
" လူကြီးမင်းက သာမန်လူတစ်ယောက် ဟုတ်ဘူးလေ။ အစွမ်းထက် ပုဂ္ဂိုလ်ကြီးတစ်ယောက်ပါ " ဝမ်ပေါင်လဲ့မှာ မှင်တက်သွားရပါသော်လည်း ချက်ချင်းပြန်ဖြေလိုက်၏။ သူသည် မကြာသေးမီတုန်းက နှုတ်မှ ရေရွတ်နေခဲ့ခြင်းမဟုတ်ဘဲ စိတ်ထဲတွင်သာ ရေရွတ်နေခဲ့သည် မဟုတ်ပါလော။
သူသည် ထိုကဲ့သို့ တစ်ကိုယ်တည်းရေရွတ်ကာ သူ့ကိုယ်သူ စိတ်ခွန်အားပေးရသည်ကို ကျင့်သားရနေပြီဖြစ်သည်။ သို့သော် ယခုတွင်မူ လူပုံစံစက္ကူရုပ်ကြီးမှာ သူ၏ စိတ်ထဲ၌ ရေရွတ်နေသည့် စကားများကို ကြားနိုင်စွမ်းရှိနေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် အနည်းငယ်ခန့် အံ့အားသင့်သွားရသလို သံသယများလည်း ဝင်သွားရ၏။ သို့သော် သူသည် သူ၏ မျက်နှာအမူအရာအား ချက်ချင်း ပြန်လည်ပြောင်းလဲလိုက်ပြီး လူပုံစံစက္ကူရုပ်ကြီးအား ရိုသေလေးစားမှု အပြည့်ရှိသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေလိုက်တော့သည်။ ထို့ကြောင့် သူသည် ရိုးသားမှု အပြည့်ရှိသည့်ပုံပင် ပေါက်နေတော့သည်။
သို့သော် သူသည် စိတ်ထဲတွင်မူ မရဲတရဲနှင့် ရေရွတ်ကြည့်လိုက်ဆဲပင်။
" ငါက အဲဒီ ပါရမီရှင်တွေနဲ့ ရင်ဆိုင်ရတဲ့ အချိန်ကျရင် သိမ်ငယ်စိတ်မဝင်အောင်လို့ ကိုယ့်ကိုယ်ကိုယ် အားပေးနေတာပါကွာ... ဘာများမှားလို့လဲ "
ဝမ်ပေါင်လဲ့တစ်ယောက် စိတ်ထဲတွင် ထိုသို့ရေရွတ်လိုက်သည်နှင့် လူပုံစံစက္ကူရုပ်ကြီးမှာလည်း သူ့အား အဓိပ္ပါယ်ပါပါ ကြည့်လိုက်၏။ ၎င်းမှာ စကားတစ်ခွန်းမှ မပြောပါသော်လည်း မျက်ဝန်းများထဲ၌ နားလည်ပေးသည့် အရိပ်အယောင်များ ပေါ်ပေါက်လာသဖြင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားရပြီး သူ၏ ခန့်မှန်းချက်မှာ မှန်ကန်ကြောင်း သိရှိသွားတော့သည်။
လူပုံစံစက္ကူရုပ်ကြီးမှာမူ ထိုအကြောင်း ဆက်ပြောမနေတော့ပေ။ သူ၏ အမြင်တွင် ရှဲ့တလု ပြောခဲ့သည့်စကားများမှာ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ သူနှင့် သက်ဆိုင်မှု မရှိပေ။ ထို့အပြင် သူတို့နှစ်ယောက်၏ ကြားမှ ဆက်ဆံရေးမှာလည်း အဆင်ပြေနေသည်ဖြစ်ရာ ပုံမှန်အတိုင်း ဆက်လက်ပြုမှုနေရန်သာ လိုပေသည်။
ဝမ်ပေါင်လဲ့မှာ လူပုံစံစက္ကူရုပ်ကြီး သူ့အား တစ်ခဏမျှ စိုက်ကြည့်လိုက်ပြီးနောက် ပျောက်ကွယ်သွားသည်ကို သတိထားမိလိုက်သည့်တိုင်အောင် မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိပေ။ သို့သော် သူသည် ထိုအကြောင်းအား ခေါင်းထဲမှ မထုတ်နိုင်လောက်အောင် ဖြစ်နေရ၏။ သူသည် ထို လူပုံစံစက္ကူရုပ်ကြီးမှာ သူ၏ အတွေးများကို ကြားနိုင်စွမ်း ရှိနေနိုင်သည်ဟု ခံစားနေရပါသော်လည်း ယုတ္တိမရှိပေ။
" တခြားနည်းလမ်းတစ်ခုခုများလား။ ဒါမှမဟုတ် သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုရှိမှ အဲဒီလို ကြားနိုင်တာများလား " ဝမ်ပေါင်လဲ့မှာ လူပုံစံစက္ကူရုပ်ကြီး သူ၏ အတွေးများအား ကြားသိသွားမည်ကို စိုးရိမ်နေခြင်းမရှိပေ။ ထိုသို့ ကြားသိသွားလျှင်တောင် ရေးကြီးခွင်ကျယ်မဟုတ်ပေ။ မည်သူမဆို ထိုကဲ့သို့ တွေးတောနေမိမည်သာ မဟုတ်ပါလော။
အကယ်၍ ထိုသို့ တွေးမနေမှသာလျှင် ဟန်ဆောင်နေသည့်ပုံ ပေါက်နေမည်ဖြစ်သည်။
" မသိတော့ဘူးကွာ။ ထားလိုက်တော့။ ငါက သူ့ကို ထိခိုက်နစ်နာသွားအောင်လုပ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး။ ပြီးတော့ သူနဲ့ ရိုးရိုးသားသား ပူးပေါင်းခဲ့တာပဲလေ။ အဲတာမလို့ ဒီလိုအသေးစိတ် အချက်အလက်တွေအထိ လိုက်ပြီးတော့ ဂရုစိုက်နေဖို့ မလိုပါဘူး " ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီးနောက် ထိုအကြောင်းအား မေ့ထားလိုက်သည့်ပုံ ပေါ်ပါသော်လည်း လက်တွေ့တွင်မူ ယခင်တုန်းကထက်ပင် ပို၍ သတိကြီးကြီးထားနေပြီ ဖြစ်သည်။ ထိုသို့ဖြင့် အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ ပုံရိပ်ယောင် သလင်းကျောက်တုံးများမှာ တစ်တုံးပြီးတစ်တုံး ပေါ်ပေါက်လာကြသဖြင့် အတုံးသုံးဆယ် ပြည့်တော့မည် ဖြစ်သည်။
တစ်ချိန်ထဲမှာပင် ထို ပုံရိပ်ယောင် သလင်းကျောက်တုံးများအား ရရှိပိုင်ဆိုင်သွားကြသည့် လူများမှာ ၎င်းတို့အား အကဲခတ်လေ့လာရင်း တဖြည်းဖြည်းနှင့် ပို၍ ဇဝေဇဝါ ဖြစ်လာကြတော့သည်။ သူတို့မှာ ထို သလင်းကျောက်တုံးများပေါ်တွင် အချုပ်အနှောင်တစ်လွှာ ရှိနေသည်ကို အထင်အရှား မြင်နေရသည် မဟုတ်ပါလော။
သူတို့မှာ ထို အချုပ်အနှောင်ကြီးကြောင့် စိတ်မသက်မသာ ဖြစ်လာရ၏။ သူတို့၏ သက်ဆိုင်ရာ မိသားစုမျိုးနွယ်စုများ၏ မှတ်တမ်းများထဲတွင် ထို အချုပ်အနှောင်အကြောင်း ရေးသားဖော်ပြထားခြင်းမရှိပေ။ သို့သော် ဤ ကြယ်သုဿာန် ခရီးစဉ်ကြီးမှာ ယခင်တုန်းက ခရီးစဉ်များနှင့် မတူဘဲ အနည်းငယ်ခန့် ကွဲလွဲနေသည်ဖြစ်ရာ သူတို့မှာ မသေချာမရေရာဘဲ ဖြစ်နေရတော့သည်။
ထို့ကြောင့် သူတို့ထဲမှ အများစုမှာဆိုလျှင် ထို အချုပ်အနှောင်ကြီးသည် နောက်ထပ် စမ်းသပ်မှုတစ်ခု ဖြစ်နိုင်သည်လောဟု တွေးနေကြ၏။
ထို အချုပ်အနှောင်အား ချိုးဖျက်နိုင်ပါမှ သလင်းကျောက်တုံးအား အပြည့်အဝ ပိုင်ဆိုင်သွားနိုင်မည့် လျှို့ဝှက်စမ်းသပ်မှုမျိုး ဖြစ်နိုင်သည်ဟု ယူဆထားကြသည့် လူများပင် ရှိပေသည်။
တစ်ယောက်နှင့်တစ်ယောက် ခင်မင်ရင်းနှီးကြသည့် လူအချို့မှာ ထိုအကြောင်းများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသဖြင့် ထို အယူအဆမှာလည်း စတင်ပျံ့နှံ့လာတော့သည်။ လူအများစုမှာဆိုလျှင် ထို အယူအဆအား သဘောတူလိုက်ကြ၏။ စမ်းသပ်မှုတစ်ခု ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ထို အချုပ်အနှောင်အား ချိုးဖျက်ရန် လိုအပ်ပေသည်။ အဘယ်ကြောင့်ဆိုသော် အမှောင်ပညာရပ်အား အသုံးပြုခဲ့သည့် ကလေးမလေး နောက်ဆုံး ပုံရိပ်ယောင်သလင်းကျောက်တုံးအား ရယူပြီးသွားချိန်တွင် သလင်းကျောက်တုံး အတုံးသုံးဆယ်စလုံးမှာ ပိုင်ရှင်ရှိသွားသောကြောင့်ပင်။ ထိုအချိန်တွင် တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအားတစ်ခုမှာ ပုံရိပ်ယောင်ဂြိုဟ်ကြီး တစ်ခုလုံးထဲ၌ ပျံ့နှံ့သွား၏။
ထို စွမ်းအားမှာ အလွန်အမင်း ပြင်းထန်နေခြင်း မရှိပါသော်လည်း လူတိုင်းမှာ ၎င်းအား အာရုံခံမိလိုက်သည်။ ထို့အပြင် ၎င်း၏ အငွေ့အသက်များမှာ အချိန်ကြာလာသည်နှင့်အမျှ ပို၍ အားကောင်းလာနေသည်ဖြစ်ရာ တစ်နာရီအတွင်းတွင် အပြင်းထန်ဆုံး အနေအထားသို့ ရောက်ရှိသွားတော့မည် ဖြစ်သည်။ ထိုအချိန်တွင် အစွမ်းထက် လူပုံစံစက္ကူရုပ်ကြီး ပြောခဲ့သည့် စည်းမျဉ်းများအတိုင်း ပုံရိပ်ယောင်သလင်းကျောက်တုံးများအား ပိုင်ဆိုင်ထားသည့် လူများမှာ နောက်ထပ် အရည်အချင်းစမ်းသပ်ပွဲတစ်ခုထဲသို့ တည်နေရာပြောင်းရွှေ့ခံလိုက်ရမည်ဖြစ်သည်။
အခြားသူများမှာမူ ပြိုင်ပွဲထဲမှ နှုတ်ထွက်သွားရမည်ဖြစ်ပြီး အခွင့်အလမ်းများကို ရယူပိုင်ဆိုင်နိုင်စွမ်း ရှိတော့မည်မဟုတ်ပေ။
သို့သော် ထိုအချိန်တွင် ပုံရိပ်ယောင်သလင်းကျောက်တုံးများအား ပိုင်ဆိုင်ထားသည့် ပါရမီရှင်များမှာ ထို ကျောက်တုံးများပေါ်ရှိ အချုပ်အနှောင်များသည် တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအားများအား တားဆီးနေသည့် အကာအရံတစ်ခုကဲ့သို့ ဖြစ်နေသည်ကို သတိထားမိလိုက်၏။ ထို အကာအရံများမှာ အားပျော့ပါသော်လည်း သူတို့မှာ အရဲမစွန့်ရဲကြပေ။ အကယ်၍ သူတို့မှာ ထို အချုပ်အနှောင်အား ဖျက်ဆီးနိုင်စွမ်းမရှိပါက ပြိုင်ပွဲထဲမှ နှုတ်ထွက်သွားရနိုင်သည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူတို့မှာ ထိုကဲ့သို့သော ရလဒ်မျိုးအား လက်ခံနိုင်မည် မဟုတ်ပေ။
သို့သော် ထို အချုပ်အနှောင်မှာ အလွန်အင်မတန်မှ ထူးဆန်းနေ၏။ သူတို့အားလုံးမှာ အစွမ်းကုန် ကြိုးစားနေကြသည့်တိုင်အောင် မည်သူကမှ ၎င်းအား ချိုးဖျက်နိုင်စွမ်းမရှိဘဲ ဖြစ်နေရသည်။ ခေါင်းလောင်းနှင့် မိန်းမပျိုလေးနှင့် ပညာရှိပုံစံ လူငယ်လေးတို့ပင်လျှင် ဘာမှမတတ်နိုင်ကြပေ။ သူတို့မှာ နည်းလမ်းမျိုးစုံ အသုံးပြုခဲ့သည့်တိုင်အောင် မအောင်မြင်ဘဲ ကျရှုံးသွားခဲ့ရသည်သာ ဖြစ်သည်။
သူတို့သာမက အခြားသူများမှာလည်း ထိုနည်းတူပင်။ အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးနှင့် မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးတို့မှာလည်း လက်ပိုက်ကြည့်နေကြရ၏။ တည်နေရာပြောင်းရွှေ့ခြင်းစွမ်းအားများမှာ တဖြည်းဖြည်းနှင့် အားကောင်းလာနေပြီ ဖြစ်ပါသော်လည်း အချုပ်အနှောင်များမှာ ပျောက်ကွယ်သွားကြခြင်း မရှိသေးသောကြောင့် သူတို့အားလုံးမှာ ဂနာမငြိမ် ဖြစ်လာကြတော့သည်။
ထိုသို့ဖြင့် အချိန်များကုန်ဆုံးသွားပြီး အရည်အချင်း စမ်းသပ်ပွဲကြီး ပြီးဆုံးရန် တစ်နာရီသာ လိုတော့သည့် အချိန်သို့ ရောက်ရှိလာ၏။ ပုံရိပ်ယောင်ဂြိုဟ်ပေါ်ရှိ တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအားများမှာလည်း အလွန်အင်မတန်မှ အားကောင်းလာပြီ ဖြစ်သည်။ ထို စွမ်းအားများမှာ သမုဒ္ဒရာကြီးတစ်စင်းကဲ့သို့ ဖြစ်နေပြီး ပုံရိပ်ယောင်သလင်းကျောက်တုံး အတုံးသုံးဆယ်မှာမူ ထို သမုဒ္ဒရာထဲရှိ တောင်တန်းကြီးများကဲ့သို့ ဖြစ်နေ၏။ အမှန်တွင် ၎င်းတို့မှာ ထွန်းလင်းတောက်ပနေရမည် ဖြစ်သည်။ သို့သော် အချုပ်အနှောင်ကြီးကြောင့် ၎င်းတို့အား မြင်နေရသည့်တိုင်အောင် ၎င်းတို့မှာ ခြုံလွှာတစ်ခုအောက်သို့ ရောက်နေသည့်အလား ဖြစ်နေကြတော့သည်။
သို့ဖြစ်ရာ ၎င်းတို့မှာ ကောင်းကင်ဘုံဆီသို့ တက်လှမ်းနိုင်စွမ်းမရှိဘဲ ပိတ်မိနေကြသည့် နဂါးများကဲ့သို့ ဖြစ်နေကြ၏။
ထိုအခြင်းအရာများကြောင့် ပုံရိပ်ယောင် သလင်းကျောက်တုံးများအား ပိုင်ဆိုင်ထားကြသည့် လူများမှာ စိုးရိမ်စိတ်များ ကြီးထွားလာတော့သည်။ ထိုအချိန်တွင် တင်ပျဉ်ခွေထိုင်နေသည့် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို မျက်လုံးများ ပွင့်လာ၏။
" အချိန်ကျပြီ... " သူ ထိုသို့ရေရွတ်လိုက်သည်နှင့် သူ၏ မျက်ဝန်းများထဲ၌ စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ဝင်းလက်တောက်ပသွား၏။ သူသည် အသက်ပြင်းပြင်းရှူကာ စိတ်လှုပ်ရှားမှုများကို ချုပ်တည်းလိုက်ပြီးနောက် သူ၏စိတ်ကို ပြန်လည်တည်ငြိမ်သွားအောင် ထိန်းသိမ်းလိုက်သည်။ ထို့နောက် သူသည် သူ၏ ပုံရိပ်ယောင်သလင်းကျောက်တုံးအား ထုတ်ယူလိုက်၏။ ဘေးနားတစ်ဝိုက်တွင် မည်သူမှ ရှိမနေသည့်တိုင်အောင် သူသည် ဟန်ဆောင်လိုက်ဆဲပင်။ ထို့နောက် သူသည် လူပုံစံစက္ကူရုပ်ကြီး၏ ညွှန်ကြားမှုများအတိုင်း မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီးနောက် သူ၏ရှေ့တွင် ရှိနေသည့် ပုံရိပ်ယောင်သလင်းကျောက်တုံးအား လက်ညှိုးထိုးလိုက်တော့သည်။
ထိုအခါ သူ၏ရှေ့ရှိ ပုံရိပ်ယောင်သလင်းကျောက်တုံးမှာ ချက်ချင်းဆိုသလိုပင် မှုန်ဝါးဝါး ဖြစ်သွား၏။ သို့သော် တစ်အောင့်ခန့်အကြာတွင် ၎င်းမှာ ပြန်လည် ကြည်လင်ပြတ်သားလာပြီး ၎င်းပေါ်ရှိ အချုပ်အနှောင်မှာလည်း ပျောက်ကွယ်သွားတော့သည်။ သို့ဖြစ်ရာ မီးအိမ်တစ်လုံးပေါ်ရှိ အဖုံးအား ဖယ်ရှားလိုက်သကဲ့သို့ပင်။ ထိုအချိန်တွင် စူးရှတောက်ပသည့် အလင်းတန်းတစ်ခုမှာ ကောင်းကင်ပေါ်သို့ ထိုးတက်သွား၏။ ၎င်းမှာ အချုပ်အနှောင်များမှ ကင်းလွတ်သွားသဖြင့် ပုံရိပ်ယောင်ဂြိုဟ်ကြီးပေါ်ရှိ တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအားများနှင့် စည်းချက်ညီသွားပြီး ထွန်းလင်းတောက်ပလာတော့သည်။
ထို အလင်းတန်းကြီးအား ဖုံးကွယ်ထားနိုင်ရန်မှာ မဖြစ်နိုင်ပေ။ ၎င်းမှာ ညအမှောင်ထုထဲရှိ မီးတုတ်တစ်ချောင်းကဲ့သို့ပင်။ သို့ဖြစ်ရာ ပုံရိပ်ယောင်ဂြိုဟ်ပေါ်ရှိ လူတိုင်းမှာ ၎င်းအား ချက်ချင်းဆိုသလိုပင် အာရုံခံမိသွားကြ၏။ ထို့ကြောင့် အရပ်မျက်နှာအနှံ့မှ လူများမှာ ဝမ်ပေါင်လဲ့ ရှိနေသည့် အရပ်မျက်နှာဘက်သို့ လှမ်းကြည့်လိုက်ကြတော့သည်။
ထို့နောက် လူရိပ်အမြောက်အမြားမှာ သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားကြ၏။ အချိန်ပြည့်တော့မည်ဖြစ်ရာ အဝေးကြီးတွင် ရှိနေကြသည့် လူများမှာ အရှိန်ကုန်မြှင့်တင်ကာ ပြေလွှားနေကြရပြီ ဖြစ်သည်။ သို့သော်လည်း သူတို့မှာ ထိုနေရာသို့ ချက်ချင်းရောက်သွားနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် လူအယောက်သုံးဆယ်ဝန်းကျင်ခန့်သာလျှင် ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်၌ အရင်ဆုံး ပေါ်ပေါက်လာကြ၏။
သူတို့ထဲတွင် လေးယောက်သာလျှင် ပုံရိပ်ယောင်သလင်းကျောက်တုံးများကို ပိုင်ဆိုင်ထားကြသည်။
ထိုလေးယောက်ထဲတွင် မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီး ရှိနေသည်။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ အခြားတစ်ယောက်ကိုလည်း မြင်ဖူးနေ၏။ ထိုတစ်ယောက်မှာ ဖက်တီးလေး ဖြစ်ပေသည်။ အခြားနှစ်ယောက်မှာမူ... ဝမ်ပေါင်လဲ့ လုံးဝ သတိမထားမိခဲ့သည့် လူနှစ်ယောက် ဖြစ်သည်။ သူတို့မှာ လှေလက်မှတ် ဝယ်ယူခဲ့သည့် လူများထဲတွင် မပါပေ။
သူတို့လေးယောက်မှာ ထိုနေရာသို့ ရောက်ရှိလာသည်နှင့် ချက်ချင်းဆိုသလိုပင် မျက်ဝန်းများ အရောင်တောက်ပသွားကြ၏။ သူတို့မှာ ဝမ်ပေါင်လဲ့၏ လက်ထဲရှိ ပုံရိပ်ယောင်သလင်းကျောက်တုံးအား စိုက်ကြည့်နေကြသည်။ ၎င်းမှာ အပေါ်ယံတွင် သူတို့၏ ပုံရိပ်ယောင်သလင်းကျောက်တုံးများနှင့် တစ်ထေရာတည်း တူနေသည့်ပုံ ပေါ်ပါသော်လည်း အမှန်တွင်မူ မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပနေ၏။
" ငါ အချုပ်အနှောင်ကြီးကို ချိုးဖျက်နိုင်ခဲ့တာပါလား " ဝမ်ပေါင်လဲ့မှာ သူ၏ ဘေးပတ်ပတ်လည်၌ ပေါ်ပေါက်လာသည့် လူများကို လျစ်လျူရှုကာ ဝမ်းမြောက်ဝမ်းသာဖြစ်နေသည့် အမူအရာဖြင့် အော်ဟစ်လိုက်၏။ ထို့နောက် သူသည် မတ်တတ်ထလာပြီး သူ၏လက်ထဲမှ ပုံရိပ်ယောင်သလင်းကျောက်တုံးအား စိုက်ကြည့်နေလိုက်ပြီး မယုံကြည်နိုင်လောက်အောင်ဖြစ်နေသည့် ပုံဖြင့် အော်ဟစ်ရယ်မောနေလိုက်တော့သည်
" တာအိုရောင်းရင်းရှဲ့ပါလား... " ဝမ်ပေါင်လဲ့တစ်ယောက် ပုံရိပ်ယောင်သလင်းကျောက်တုံး၏ အချုပ်အနှောင်ကြီးအား ဖျက်ဆီးနိုင်ခဲ့သည်ကို မြင်လိုက်ရသောအခါ သူ၏ ဘေးနားတစ်ဝိုက်ရှိ လူများမှာ ချက်ချင်းဆိုသလိုပင် အော်ဟစ်အားပေးလိုက်ကြ၏။
" တာအိုရောင်းရင်း ဘယ်လိုနည်းနဲ့များ အဲဒီ အချုပ်အနှောင်ကို ဖျက်ဆီးနိုင်ခဲ့တာလဲ။ ကျေးဇူးပြုပြီး ပြောပြပေးပါ "
" တာအိုရောင်းရင်း။ တာအိုရောင်းရင်း အသုံးပြုခဲ့တဲ့ ပညာရပ်အကြောင်း ရှင်းပြပေးလို့ရမလား။ ကျွန်တော်တို့အားလုံးက ဘဝတူတွေပဲလေ။ တစ်ယောက်နဲ့တစ်ယောက် ကူညီရိုင်းပင်းဖို့လိုတယ် "
သူတို့မှာ အကူအညီ တောင်းနေခြင်းမဟုတ်ဘဲ သူ အသုံးပြုခဲ့သည့် နည်းလမ်းအား မေးမြန်းနေကြသည်ဖြစ်ရာ သူ၏စိတ်ထဲ၌ ရေးဆွဲထားသည့် အစီအစဉ်နှင့် အနည်းငယ်ခန့် ကွဲလွဲနေ၏။ သို့သော် သူ့ဆီတွင် အဖြေရှိပြီးသားဖြစ်သည်။ ထို့ကြောင့် သူသည် ပြုံးကာ အတွေးထဲ၌ သူ၏ နတ်ဘုရားအသိစိတ်အား ထုတ်လွှတ်လိုက်၏။
" လူကြီးမင်း လူပုံစံစက္ကူရုပ်ကြီးခဗျား။ ဒီ ပုံရိပ်ယောင်သလင်းကျောက်တုံးကို ပြန်ပြီးတော့ ချုပ်နှောင်ပေးနိုင်မလား " ဝမ်ပေါင်လဲ့မှာ သူ၏ နတ်ဘုရားအသိစိတ်အား ထိုသို့ ထုတ်လွှတ်လိုက်ပြီးနောက် စကားပြောမည့်ပုံစံ ဟန်ဆောင်လိုက်၏။ သို့သော် သူ စကားတစ်ခွန်းမှ မပြောနိုင်ခင်မှာပင် သူ၏ လက်ထဲမှ ပုံရိပ်ယောင်သလင်းကျောက်တုံးမှာ မှုန်ဝါးဝါးဖြစ်သွားပြီး မကြာသေးမီတုန်းက ပျောက်ကွယ်သွားခဲ့သည့် အချုပ်အနှောင်ကြီးမှာလည်း ပြန်လည် ပေါ်ပေါက်လာတော့သည်။
" ဒီ အချုပ်အနှောင်ကြီးက တော်တော်ကိုအစွမ်းထက်တာပဲ။ ငါ ငါ့ရဲ့ နတ်နဂါးဧကရာဇ် အသက်စွမ်းအားတွေကို အသုံးပြုပြီးတော့ ဖယ်ရှားဖို့ ကြိုးစားခဲ့တာတောင်မှ ခဏလေးပဲ ရတယ်။ အဆုံးအထိ ဖယ်ရှားနိုင်ဖို့ဆိုရင် အသက်စွမ်းအားတွေ ပိုပြီးတော့ လိုအပ်မှာ " ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ ဆွံ့အမှင်တက်သွားသည့်ပုံစံ ဟန်ဆောင်နေလိုက်ပြီး မျက်ဝန်းများ အရောင်လက်သွား၏။ ထို့နောက် သူသည် လေသံတိုးတိုးဖြင့် သက်ပြင်းချလိုက်ပြီး သူ အသုံးပြုခဲ့သည့် နည်းလမ်းကို မေးမြန်းခဲ့သည့် ဖက်တီးလေးအား လှမ်းကြည့်ကာ ဆိုလိုက်တော့သည်။
" တာအိုရောင်းရင်း။ ငါ မင်းကို မကူညီပေးချင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ငါ အသုံးပြုခဲ့တဲ့ နည်းလမ်းက ငါ့မျိုးနွယ်စုရဲ့ အမွေအနှစ်ဖြစ်တဲ့ နတ်နဂါးဧကရာဇ်တာအိုပညာရပ်ကွ။ အဲဒီပညာရပ်ကို သူစိမ်းတွေဆီ အလွယ်တကူ လွှဲပြောင်းပေးလို့ မရဘူး... "