ကြယ်ပျံဓားသိုင်း
Vol. 7 Ch. 87
မျက်စိတစ်မှိတ် အတွင်းမှာပဲ လီဖူချန်းက မိုးပြာရောင်ဂိုဏ်းကို ရောက်လာတာ နှစ်နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။
အပြင်စည်း ဂိုဏ်းထဲမှာတော့ အနယ်နယ် အရပ်ရပ်က များပြားလှတဲ့ လူငယ် ပါရမီရှင် လေးတွေက မိုးပြာရောင်ဂိုဏ်းရဲ့ အပြင်စည်းဂိုဏ်းသား စာမေးပွဲကို ဖြေဆိုဖို့အတွက် တဖွဲဖွဲ ရောက်လာနေပါတယ်။
ပြန်စဉ်းစား ကြည့်လိုက်မယ်ဆိုရင် ယုံဝူးမြို့ရဲ့ ပါရမီရှင် ပြိုင်ပွဲစတင်ဖို့ကလည်း သိပ်မလို တော့ပါဘူး။
ဒါပေမဲ့ လီဖူချန်းက ယုံဝူးမြို့က လာမယ့် လူငယ်တွေက ဘယ်သူတွေလဲ ဆိုတာကို စိတ်မဝင်စားသလို အဓိကကလန် ၄ ခုက ပါရမီရှင် လူငယ်တွေ ဘယ်လောက် ပါလာသလဲ ဆိုတာကိုလည်း ဂရုမစိုက်ပါဘူး။
သူက သူ့ရဲ့ ကျင့်ကြံခြင်း ကမ္ဘာလေးမှာပဲ ပျော်မွေ့ နေပါတော့တယ်။
မိုးပြာရောင်ဂိုဏ်းရဲ့ တောင်တန်း နယ်နိမိတ် အတွင်းမှာတော့ မြင်းစီးသမား အုပ်စုတစ်စုက ဒုန်းစိုင်း စီးနင်းပြီး သွားလာနေပါတယ်။
မြင်းတွေပေါ်မှာတော့ အပြာရောင် ဝတ်ရုံဝတ် လူကြီးတစ်ယောက်နဲ့ လူငယ်လေး ၃ ယောက် စီးနင်း လိုက်ပါလာပါတယ်။
သူတို့ထဲက တစ်ယောက်ကတော့ အရမ်း ချစ်စရာကောင်းတဲ့ မိန်းမငယ်လေး ဖြစ်ပြီး အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားပါတယ်။
သူမရဲ့ မျက်နှာပေါ်မှာတော့ စိတ်လှုပ်ရှားမှုတွေက အထင်းသားပင်။ ဒီအနီရောင် မိန်းမငယ်လေး ကတော့ ကောင်းမိန်ပဲ ဖြစ်ပါတယ်။ သူမက ကြယ်တစ်ပွင့်အဆင့် အရိုးတည်ဆောက်ပုံ ရှိပြီး လီဖူချန်းနဲ့ဆိုရင် သက်တူရွယ်တူပါပဲ။
ပုံမှန်အားဖြင့် ကြယ်တစ်ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေက ပါရမီရှင် ပြိုင်ပွဲမှာ ထိပ်ဆုံး ၅ ယောက်အတွင်း ဝင်ဖို့ဆိုတာ လုံးဝ အခွင့်အရေး မရှိပါဘူး။
ဒါပေမဲ့လည်း ယုံဝူးမြို့က ပါရမီရှင်တွေက အရင်တစ်ခါမှာ မိုးပြာရောင် ဂိုဏ်းထဲကို ဝင်ရောက်သွားပြီ ဖြစ်တဲ့အတွက် ကောင်းမိန်အတွက်ကတော့ ဒီတစ်ခါ ပြိုင်ပွဲမှာ ထိပ်ဆုံး ၅ ယောက်ထဲ ဝင်ဖို့ကတော့ အရမ်းလွယ်ကူ သွားခဲ့ပါပြီ။
ပါရမီရှင်ပြိုင်ပွဲမှာ လီဖူချန်း ပါသွားကတည်းက ယုံဝူးမြို့ထဲမှာ ကြီးကြီးမားမား ဖြစ်ရပ်တွေ မပေါ်လာခဲ့ တော့ပါဘူး။
ဆိုလိုချင်တာက လီဖူချန်းလို ရွက်ပုန်းသီး ပါရမီရှင်တွေ မပေါ်လာတော့ဘူးလို့ ဆိုလိုချင်တာပါ။
လီဖူချန်းလို သာမန်အရိုး ကိုယ်ထည်ပိုင်ရှင်က အားလုံးကို ကျော်ဖြတ်ပြီး ပထမကို ရယူသွားတယ် ဆိုတာက လောကနိယာမကို ဆန့်ကျင်တဲ့ သဘောပါ။ လီဖူချန်းတို့ အလှည့်တုန်းကတော့ ယုံဝူးမြို့ ပါရမီရှင် ပြိုင်ပွဲမှာ ကြယ် ၃ ပွင့် အရိုးတည်ဆောက်ပုံနဲ့ လူငယ်နှစ်ယောက် ပေါ်ထွက်ခဲ့ပါတယ်။
သူတို့တွေကတော့ အားလုံး သိတဲ့အတိုင်း ယန်ခိုင်နဲ့ ကျူးဟောင်ရှုပါ။
သူတို့နှစ်ယောက် မပေါ်လာခင်တုန်းကတော့ ယုံဝူးမြို့က ပါရမီရှင် ပြိုင်ပွဲတွေမှာ အခြားသော ကြယ်သုံးပွင့် အရိုးတည်ဆောက်ပုံ ပါရမီရှင်တွေ မထွက်ပေါ် ခဲ့ဖူးပါဘူး။
ပြီးတော့ အဲဒီနှစ်တုန်းက ယုံဝူးမြို့မှာ ကောင်းရှုလို ပြိုင်ပွဲမှာ ဝင်မပြိုင်ဘဲ ကြိုတင် အရွေး ခံထားရတဲ့ ကြယ်လေးပွင့်အဆင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်လည်း ရှိခဲ့ပါသေးတယ်။
ဒီနှစ်မှာတော့ ယုံဝူးမြို့က လူသုံးယောက်ပဲ အရွေး ခံခဲ့ရပါတယ်။ သူတို့တွေကတော့ ကောင်းကလန်က ကောင်းမိန်၊ ယန်ကလန်က လူငယ်တစ်ယောက်နဲ့ ကျူးရှောင်မင်လို့ အမည်ရတဲ့ လူငယ်လေး တစ်ယောက်ပါ။ ကျုးရှောင်မင်က ကျူးဟောင်ရှုရဲ့ ဝမ်းကွဲမောင်လေး တော်စပ်ပြီးတော့ ဒီနှစ်ရဲ့ တစ်ဦးတည်းသော ကြယ် ၂ ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ပါ။
အပြာရောင်ဝတ်ရုံနဲ့ အကြီးအကဲကတော့ သူခေါ်လာတဲ့ လူငယ်သုံးယောက်ကို ကြည့်ရင်းနဲ့ စိတ်ပျက်သည့် အမူအရာနဲ့ ခေါင်းခါ လိုက်မိပါတယ်။
ဒီသုံးယောက်ထဲမှာ ကျူးရှောင်မင် တစ်ယောက်တည်းသာ အပြင်စည်းတပည့် ဖြစ်ဖို့ အခွင့်အရေး နည်းနည်း ရှိတယ်ဆိုတာ သူသိနေတယ်လေ။ ကျန်တဲ့ နှစ်ယောက်ကတော့ အပြင်စည်း လုပ်သားတပည့်တွေ ဖြစ်မှာ သေချာသည် မဟုတ်ပါလား။
(ငါဘာလို့ အရင်တစ်ခေါက်က ကောင်လို ကံမကောင်းရတာလဲ။ ငါ့ရာထူးကတော့ တက်ဖို့ လမ်းမမြင် တော့ပါဘူးကွာ)
အပြင်စည်းလုပ်သား တပည့်ဆိုတာ မိုးပြာရောင် ဂိုဏ်းထဲမှာတော့ အဆင့်အနိမ့်ဆုံး ရာထူးလေ။
ပုံမှန်အားဖြင့်ဆိုရင် အပြင်စည်းလုပ်သား တပည့် ၁၀၀ မှာမှ အပြင်စည်းတပည့် ဖြစ်လာတာက တစ်ယောက်ပဲ ရှိပါတယ်။
ဒီလိုကောင်တွေ ရလာမှတော့ ဂိုဏ်းတော်က သူ့ကို ဘာရာထူးမှ တိုးပေးနိုင်မှာ မဟုတ်ပါဘူး။ မနှစ်တုန်းက လီဖူချန်းလို တစ်ယောက် ရခဲ့ရင်တော့ သူ့ဘဝကြီးက ပြောင်းလဲ သွားနိုင်ပါတယ်။
အပြင်စည်းလုပ်သား တပည့်တွေ တိုးတက်မှု နှုန်းကလည်း နှေးကွေး လွန်းတယ်လေ။ သူတို့အတွက် အမြင့်ဆုံး မျှော်လင့်ချက်က စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကို ရောက်တဲ့အခါ အတွင်းစည်း လုပ်သားတပည့် ဖြစ်တာပါပဲ။
ပြီးရင် မိုးပြာရောင်ဂိုဏ်းရဲ့ စစ်တပ်မှာ တာဝန်ထမ်းဆောင်တာ အလွန်ဆုံးပါဘဲ။ ဘာမှထူးပြီး ဖြစ်လာမယ့်ကောင်တွေ မဟုတ်ပါဘူး။
မိုးပြာရောင်ဂိုဏ်းရဲ့ စစ်တပ်ဆိုတာ အသေခံ တပ်တွေပါပဲ။ တခြားဂိုဏ်းတွေနဲ့ စစ်ဖြစ်ပြီဆိုရင် ဒီကောင်တွေက ရှေ့ဆုံးကနေ ဝင်သေ ပေးရုံကလွဲပြီး ဘာမှ အသုံးမဝင်တဲ့ ကောင်တွေပါ။
ဒါပေမဲ့ ဒီလို အသက်ကို စွန့်ပြီး တိုက်ခိုက်ရတဲ့ ပွဲတွေမှာ ဉာဏ်အလင်းပွင့်ပြီး အဆင့် တက်သွားတဲ့ သူတွေလည်း ရှိပါသေးတယ်။ အဲဒီလို တပည့်တွေကတော့ စစ်တပ်ထဲမှာ ရာထူးကြီးကြီးတွေ ရကုန်တာပေါ့လေ။ အပြင်စည်း လုပ်သားတပည့်တွေရဲ့ ဘဝက စဉ်းစားကြည့်မယ် ဆိုရင် တကယ် သနားစရာ ကောင်းပါတယ်။
ကံကောင်းမှုကြီး တစ်ခုနဲ့သာ မကြုံခဲ့ရရင် သူတို့ ဘဝတွေဟာ လူမသိသူမသိနဲ့ဘဲ သေဆုံး သွားရမှာပါ။ အပြင်စည်း လုပ်သားတပည့် တော်တော်များများဟာ ဒီလိုဘဝမျိုးနဲ့ နေဖို့ကို လက်မခံ နိုင်တာကြောင့် သူတို့ရဲ့ သက်ဆိုင်ရာကလန် အသီးသီးကို ပြန်သွားလေ့ ရှိကြပါတယ်။
***
အချိန်တွေက တရွေ့ရွေ့နဲ့ ကုန်ဆုံး လာခဲ့ပါပြီ။ မိုးပြာရောင်ဂိုဏ်းရဲ့ တောနက်ကြီး တစ်ခုအလယ်မှာတော့ ...
ဝိညာဉ်တစ်ကောင်နဲ့တူတဲ့ လူရိပ်တစ်ခုက သစ်ပင်တွေပေါ်မှာ ပြေးလွှားနေပါတယ်။ ဒီအရိပ်နဲ့ လူက လက်ညှိုးတစ်ချောင်း သာသာလောက်ပဲရှိတဲ့ သစ်ကိုင်းတွေကိုတောင် ကွေးညွှတ် မသွားစေဘဲ ခုန်ပျံ သွားလာနိုင်စွမ်း ရှိနေတယ်လေ။
ဝှီး ...
အဲဒီအရိပ်က မြေပြင်ပေါ်ကို ခုန်ဆင်းလာတဲ့ နောက်မှာတော့ အရိပ်ပိုင်ရှင်ကို ကောင်းကောင်းကြီး သိလိုက်ရပါပြီ။
အဲဒီအရိပ်ပိုင်ရှင်ကတော့ လီဖူချန်းပါပဲ။
“ဒီပညာရပ်က ကိုယ်ဖော့ ပညာရပ်လို့ နာမည်တွင်တာလည်း မထူးဆန်းပါဘူး။ ဒီလေအရိပ် ခြေလှမ်းရဲ့ အဆင့် ၃ ကို ရောက်အောင် ၄ လတောင် လေ့ကျင့်လိုက်ရတာဘဲ”
လေအရိပ် ခြေလှမ်းက ခန္ဓာကိုယ်သန့်စင်တဲ့ ကျင့်စဉ်တွေလို မဟုတ်ပါဘူး။ ဒီပညာရပ်မှာက သိုင်းပညာလိုပဲ အဆင့် ၆ ဆင့် ရှိပါတယ်။
(စာဖတ် ပရိသတ်တွေအတွက် အဆင့်လေးတွေ ရေးပေးလိုက်ပါတယ်။
ပထမအဆင့် = မူလ အခြေခံအဆင့်
ဒုတိယအဆင့် = အကြို ပြီးပြည့်စုံခြင်း အဆင့်
တတိအဆင့် = ပြီးပြည့်စုံခြင်း အဆင့်
စတုတ္ထအဆင့် = တတ်သိ နားလည်ခြင်းအဆင့်
ပဉ္စမအဆင့် = အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်
ဆဌမအဆင့် = တစ်ဖက်ကမ်းခတ် တတ်မြောက်ခြင်း အဆင့်)
ဆန်းကြယ်အဆင့်နိမ့် ပညာရပ်ဖြစ်တဲ့ ကိုယ်ဖော့ပညာရပ်က ဆန်းကြယ်အဆင့်နိမ့် သိုင်းပညာတွေထက်ကို အဆပေါင်းများစွာ ပိုပြီး ခက်ခဲပါတယ်။
ဒီကိုယ်ဖော့ ပညာရပ်ကို လေ့ကျင့်ဖို့အတွက် ထိုးထွင်း သိမြင်နိုင်မှုကလည်း ကောင်းဖို့ လိုသလို အနှစ်သာရကိုလည်း ဖမ်းဆုပ်နိုင်ဖို့ လိုအပ်ပါသေးတယ်။
ပြီးတော့ လိုအပ်တဲ့ သွေးကြောတွေကိုလည်း ဖွင့်နိုင်ရ ဦးမှာပါ။
လီဖူချန်းလို ၄ လလောက် လေ့ကျင့်လိုက်တာနဲ့ လေအရိပ် ကိုယ်ဖော့ပညာရဲ့ တတိယအဆင့်ကို ရောက်သွားတယ် ဆိုတာက တကယ်ကို တော်တော်လေး ရှားပါးတဲ့ ဖြစ်ရပ်ပါပဲ။
ပုံမှန် ဖြစ်စဉ်တွေမှာတော့ အတွင်းစည်း တပည့်တွေဟာ ဆန်းကြယ်အဆင့်နိမ့် ကိုယ်ဖော့ပညာရပ်ရဲ့ ဒုတိယအဆင့်ကို ရောက်ဖို့တောင် တစ်နှစ် သို့မဟုတ် နှစ်နှစ်လောက် အချိန် ယူရလေ့ ရှိပါတယ်။
တတိယအဆင့်ကို ရောက်ဖို့ဆိုရင်တော့ အနည်းဆုံး ၅ နှစ်လောက် အချိန် ယူရမှာပါ။ လီဖူချန်းက လေအရိပ် ကိုယ်ဖော့ပညာကို ရုပ်သိမ်းလိုက်ပြီး ကြက်သွေးရောင် လျှို့ဝှက်မီးတောက် ကျင့်စဉ်ကို ထုတ်ဖော်လိုက်တဲ့ အခါမှာတော့ လီဖူချန်းရဲ့ ညာဘက်လက်ပေါ်မှာ မီးတောက်လေး တစ်ခုက ပေါ်ထွက် လာခဲ့ပါတယ်။
ဝုန်း
လီဖူချန်းက သူ့ရဲ့ ညာဘက်လက်နဲ့ သစ်ပင်ကြီး တစ်ပင်ကို ရိုက်ချလိုက်တဲ့ အခါမှာတော့ ...
သစ်ပင်ကြီးဟာ မီးဟုန်းဟုန်း တောက်လောင် သွားခဲ့ပါပြီလေ။ ဒီလေးလအတွင်းမှာ လီဖူချန်းက လေအရိပ် ကိုယ်ဖော့ပညာမှာပဲ တိုးတက်လာတာ မဟုတ်ပါဘူး။
သူ့ရဲ့အဓိက ကျင့်ကြံခြင်း စနစ်ဖြစ်တဲ့ ကြက်သွေးရောင် လျှို့ဝှက်မီးတောက် ကျင့်စဉ်ကလည်း အဆင့် ၁၀ အထိကို ရောက်လာခဲ့ပါပြီ။
တကယ်လို့သူသာ လူသားနယ်ပယ် တုန်းကလို ကျင့်ကြံမှုနှုန်းနဲ့ ဆိုရင်တော့ လီဖူချန်းက အဆင့် ၁၀ ကို ရောက်ဖို့အတွက် အနည်းဆုံးတော့ အချိန် တစ်နှစ်မက လိုပါလိမ့်မယ်။
ဒါပေမဲ့ အခု ကျင့်ကြံမှုနှုန်းကတော့ လုံးဝ အံ့အားသင့်လောက် စရာပါပဲ။
လူသားနယ်ပယ် အဆင့်မှာတုန်းက ဒီဆန်းကြယ် အလယ်အလတ်အဆင့် ကြက်သွေးရောင် လျှို့ဝှက်မီးတောက်ကို ကျင့်ရတာက လီဖူချန်း အတွက်တော့ အတော်လေး ခဲယဉ်းခဲ့ပါတယ်။
ဘယ်လောက်ပဲ ထိုးထွင်း သိမြင်နိုင်မှု ကောင်းပါစေဦး။ သူ့ရဲ့ စိတ်ဝိညာဉ် အတွင်းအား ဗဟိုချက်က စကား ပြောနေသေးတယ်လေ။
အခုတော့ စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်ကို ရောက်လာခဲ့ပြီ ဖြစ်တဲ့အတွက် ဒီ ကြက်သွေးရောင် လျှို့ဝှက်မီးတောက် ကျင့်စဉ်ကို ကျင့်ဖို့လိုအပ်တဲ့ အခြေခံတွေနဲ့ ပြည့်စုံသွားပါပြီ။
လူတစ်ယောက်က နယ်ပယ်အဆင့် တစ်ခုကို တက်သွားတာနဲ့ လေ့ကျင့်နှုန်းတွေကလည်း ပိုပြီး မြန်လာတာက ဖြစ်နေကျ ဓမ္မတာ တစ်ခုပါပဲလေ။
ဒါပေမဲ့ ကြက်သွေးရောင် လျှို့ဝှက်မီးတောက် ကျင့်စဉ်ရဲ့ နောက်ပိုင်း အဆင့်တွေကတော့ ပိုပြီး ခက်ခဲလာဖို့ ရှိပါတယ်။
ဒီကျင့်စဉ် ခက်ခဲလာတာနဲ့အမျှ ကျင့်ကြံမှုကလည်း နှေးကွေး လာမှာပါ။ လီဖူချန်းက အတွေး ရေယာဉ်ထဲမှာ နစ်မြော နေရာကနေ ပြန်လည်သတိ ဝင်လာခဲ့ပါတယ်။ အခုချိန်မှာ သူ့အတွေးထဲမှာတော့ ထောက်ပံ့ရေး ရမှတ်တွေက ဘာမှ မဟုတ်သေးပါဘူး။ အချိန် ရှိနေတုန်းမှာ သူ့ရဲ့ အစွမ်းအစတွေကို အဘက်ဘက်မှာ ပြည့်စုံအောင် လေ့ကျင့်ဖို့ကသာ အဓိကပါ။
ထောက်ပံ့ရေး ရမှတ်တွေကို ရယူမယ်ဆိုရင် သူ့ရဲ့ အချိန်တွေက အတော်လေး ပေးလိုက် ရပါလိမ့်မယ်။ သူက ပထမဆုံးတာဝန် မပြီးသေးတဲ့အထိ လေ့ကျင့်နေဖို့ကိုပဲ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ဒါမှ အပြင်လောကကို ရောက်တဲ့အခါမှာ တော်ကာကျမည် မဟုတ်ပါလား။
***
ဒီလိုနဲ့ပဲအချိန်တွေက တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာခဲ့ပါတယ်။ လီဖူချန်းရဲ့ စွမ်းရည်တွေကလည်း ဘက်ပေါင်းစုံကနေ တစ်ဖြည်းဖြည်းချင်း တိုးတက်လာနေပါပြီ။
“ကြောက်စရာကောင်းလိုက်တဲ့ ဓားချက်ပဲ”
လီဖူချန်းနဲ့ ခြေသုံးလှမ်း အကွာမှာတော့ သံတုံးကြီး တစ်တုံးက နှစ်ပိုင်းပြတ်လျက် ရှိနေပါတယ်။ လီဖူချန်းကတော့ မျက်ခုံးကြီး ပင့်လျက် အငေးသားနဲ့ ပေါ့လေ။
သူက သူ့ရဲ့ ပြင်ပခန္ဓာကိုယ် အားကိုတောင် မသုံးဘဲ ဓားကွက်သီးသန့်နဲ့ ဒီသံတုံးကြီးကို ပိုင်းဖြတ် လိုက်နိုင်တာပါ။ ဒီဆန်းကြယ် အဆင့်နိမ့် ကြယ်ပျံဓားသိုင်းက လေ့ကျင့်ရတာ ခက်သလောက် ထွက်လာတဲ့ ရလဒ်ကလည်း မယုံနိုင် လောက်စရာပါပဲ။
ဒီဓားသိုင်းမှာ ဓားကွက်က တစ်ကွက်တည်းသာ ရှိပါတယ်။ အဲဒီဓားကွက် နာမည်ကတော့
“ကြယ်ကြွေ”
ဓားကွက်ကို စထုတ်လိုက်တာနဲ့ ဓားရဲ့ အလင်းရောင်တွေက မျက်လုံးတွေကို ကျိန်းသွား စေသလို လုံးဝ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတွေလည်း ဖြစ်ပေါ် လာစေပါတယ်။
ဒီသံတုံးကြီးက အဝါရောင် အဆင့်နိမ့် သတ္တုရိုင်း အမျိုးအစားထဲမှာ ပါနေပေမဲ့လည်း သူ့ရဲ့ မာကျောမှုကတော့ သာမန်ကျောက်တုံး ကျောက်ခဲကြီးတွေရဲ့ နှစ်ဆလောက် ရှိတာပါ။
သာမန် စိတ်တန်ခိုးဖွဲ့ စည်းပုံအဆင့်က ပညာရှင်တွေကလည်း ဓားကို အသုံးပြုပြီး ဒီသံတုံးကြီးကို ပဲ့ထွက်သွားအောင် ခုတ်နိုင်တယ် ဆိုပေမဲ့ လီဖူချန်းလို နှစ်ပိုင်း တိတိရိရိ ပြတ်သွားအောင် ခုတ်ဖို့ကတော့ သူတို့အတွက် လွယ်ကူတဲ့အလုပ် မဟုတ်ပါဘူး။
ဒီဓားသိုင်းက ခန္ဓာကိုယ်သန့်စင်တဲ့ နည်းစနစ်တွေကို တန်ပြန်ဖို့ သီးသန့် ထွင်ထားသလား လို့တောင် လီဖူချန်းက ခံစားနေရပါတယ်။
ဒီဓားကွက်နဲ့သာ ပိုင်းချလိုက်လို့ကတော့ မင်းခန္ဓာကိုယ် ဘယ်လောက် မာပါတယ်ပဲ ပြောပြော ဒဏ်ရာ ရသွားဖို့ကတော့ ၁၀၀ ရာခိုင်နှုန်းပါပဲ။
သူ့ရဲ့ တွက်ချက်မှု အရဆိုရင် သူအခု လေ့ကျင့်ထားတဲ့ တာအိုလမ်းခွဲ ခန္ဓာကိုယ် ပညာရပ်ကို သုံးထားရင်တောင် ကြယ်ကြွေဓားကွက်က သူ့ကို နှစ်ပိုင်း ပြတ်သွားစေလောက်ပါတယ်။
အနည်းဆုံးတော့ နှစ်ပိုင်း မပြတ်သွားရင်တောင် ဒဏ်ရာအကြီးအကျယ် ရသွားမှာကတော့ အသေအချာပါပဲ။
ရွှမ်း …
ရွှမ်း …
ရွှမ်း …
သူ့လက်ထဲက အနက်ရောက် သံဓားကတော့ ကြယ်တစ်စင်း ကြွေကျလာသလို အလျင်ရယ် တောက်ပတဲ့ အလင်းရောင်တွေရယ်ကို ဆောင်ကြဉ်းပြီး သံတုံးကြီးကို အပိုင်းပိုင်းအစစ ဖြစ်စေ လိုက်ပါပြီ။
နောက်ထပ်တစ်ရက် အကြာမှာတော့ ၂ မီတာလောက်ရှည်တဲ့ နောက်ထပ် သံတုံးကြီး တစ်ခုက ရစရာ မရှိလောက်အောင် အပိုင်းပိုင်း အစစနဲ့ မြေပြင်ပေါ်မှာ ပြန့်ကျဲနေတာကို ထပ်တွေ့ လိုက်ရပါတယ်။
လီဖူချန်းကတော့ လေကလေး တစ်ချွန်ချွန်နဲ့ ခြံထောင့်မှာရှိတဲ့ နောက်ထပ်သံတုံးကြီး တစ်ခုကို သယ်လာပြန်ပါပြီ။
သံရိုင်းတုံးတွေက တစ်ကီလိုဂရမ်ကို ထောက်ပံ့ရေးရမှတ် တစ်မှတ်နဲ့ ညီမျှပါတယ်။
ဒီ ၂ မီတာလောက်ရှိတဲ့ သံတုံးကြီး တစ်တုံးဆိုရင် ၁၀၀၀၀ ကီလိုဂရမ်လောက် ရှိမှာပါ။
ဆိုလိုချင်တာကတော့ ဒီသံတုံးကြီး တစ်တုံးက ရမှတ် ၁၀၀၀၀ တန်တယ် ဆိုတာပါပဲ။ ပထမတန်းစား တပည့်တစ်ယောက် အနေနဲ့ လီဖူချန်းက အရင်းအမြစ် ဌာနကနေ သံရိုင်းတွေကို ငှားလို့ ရပါတယ်။
လေ့ကျင့်ပြီးမှ ပြန်ထားရင်လည်း အလေးချိန် မလျော့သေးသရွေ့ အမှတ်တွေ ပြန်လျော်စရာ မလိုပါဘူး။
သတ္တုရိုင်းတွေက ပြန်ပြီး အရည်ကျိုလို့ ရတာက လီဖူချန်းအတွက် ကံကောင်းစေပါတယ်။
လီဖူချန်းတို့လို ပထမတန်းစား တပည့်တွေ အကုန်လုံးက လေ့ကျင့်ဖို့အတွက် သတ္တုရိုင်းတွေကိုပဲ ငှားလေ့ ရှိပါတယ်။
တချို့အဆင့်မြင့် အတွင်းစည်း တပည့်တွေဆိုရင် အဝါရောင် အဆင့်မြင့် သတ္တုရိုင်းတွေကိုပါ ငှားပါသေးတယ်။
ဘာလို့လဲဆိုတော့ သူတို့ အပြင်စည်း ကျောင်းသားဘဝက လေ့ကျင့်ခဲ့တဲ့ ကျောက်တုံးတွေက သူတို့အတွက် အထောက်အကူ လုံးဝ မပြုတော့လို့ပါပဲ။
ဒါပေမဲ့ ဒီလို သတ္တုရိုင်းတွေကို ငှားခွင့်က ပထမတန်းစား တပည့်တွေကိုပဲ အထူး အခွင့်အရေး အနေနဲ့ ပေးထားတာပါ။ ဒုတိယတန်းစား တပည့်တွေတောင်မှ သတ္တုရိုင်းတွေကို ငှားပြီး လေ့ကျင့်ခွင့် မရကြပါဘူး။
***