ဂိုဏ်းတာဝန်ထမ်းဆောင်ပြီ
Vol. 7 Ch. 88
တစ်ရက်ကို သံတုံးတစ်တုံးကနေ တစ်ရက်ကို နှစ်တုံး။ နောက်ဆုံးမှာတော့ တစ်ရက်ကို သံတုံး သုံးတုံးအထိ ဖြစ်လာခဲ့ပါပြီ။ လီဖူချန်းရဲ့ သံရိုင်းတုံးတွေကို ဖျက်ဆီးနိုင်စွမ်းက မြန်သထက် မြန်လာခဲ့ပါတယ်။ ကံကောင်းတာ တစ်ခုက လီဖူချန်းက အရင်းအမြစ် ဌာနကနေ တစ်ကြိမ်ငှားရင် သံရိုင်းတုံး ၁၀ တုံး ငှားလို့ ရနေတာပါပဲ။
မဟုတ်ရင်တော့ အရင်းအမြစ် ဌာနကို သွားလိုက်လာလိုက်နဲ့ အလုပ်တွေကို ရှုပ်ကုန်မှာပါ။
“ဒီသံရိုင်း တုံးတွေကတော့ ငါ့ဓားချက်ကို မခံနိုင်တော့ဘူး။ ကြည့်ရတာ နောက်နေ့ကျရင် အဝါရောင် အလယ်အလတ်အဆင့် သတ္တုရိုင်းတုံးတွေ ငှားရတော့မယ် ထင်တယ်”
လီဖူချန်းက အပြင်စည်းလုပ်သား တပည့်တွေကို သူခုတ်ထားတဲ့ သံရိုင်းတုံးတွေကို သယ်ဖို့ အကူအညီ တောင်းလိုက်ပြီး အရင်းအမြစ် ဌာနကို ထွက်လာ ခဲ့လိုက်ပါတယ်။ ထို့နောက်မှာတော့ သူက အတော်ကောင်းမွန်တဲ့ သတ္တုရိုင်း နှစ်တုံးကို ပြန်ငှားလာခဲ့တယ်။ အခု သူငှားလာတဲ့ သတ္တုရိုင်း နာမည်က သံသေလို့ခေါ်ပြီး တစ်ကီလိုကို အမှတ် ၆ မှတ်တောင် တန်ပါတယ်။
ဒီနှစ်တုံးကတော့ တစ်တုံးကို ကီလို ၁၀၀၀၀ လောက် ရှိတဲ့အတွက် အနည်းဆုံးတော့ အမှတ် ၁၀၀၀၀၀ မက ရှိပါတယ်လေ။ အငှားဖြတ်ပိုင်းမှာ လက်ဗွေ နှိပ်ပြီးနောက်မှာတော့ လီဖူချန်းက အရင်းအမြစ် ဌာနကနေ ပြန်ထွက်လာပြီး သူ့နေရာကို ပြန်လာခဲ့ပါတော့တယ်။
ထန် ...
ကြယ်ပျံတစ်စင်းလို အလင်းရောင်တွေက သံသေ သတ္တုရိုင်းပေါ်ကို ကျရောက်သွားတဲ့ အခါမှာတော့ မီးပွားလေးတွေတောင် ပွင့်လာပါတယ်။
မြေပြင်ပေါ်မှာလည်း ဖုန်လုံးကြီးတွေက တစ်လှိမ့်လှိမ့်နဲ့ပေါ့။ လီဖူချန်းကတော့ ဖုန်လုံး ကြီးတွေကို တစ်ဝကြီး ရှူလိုက်ရသည့်ဟန် ရှိသည်။
“အဟွတ် ... အဟွတ် ...”
လီဖူချန်းက ချောင်းဆိုးနေရင်းနဲ့ သူ့ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်ပါတယ်။
“ကြည့်ရတာ ငါက အနည်းဆုံးတော့ အမှတ်တစ်ထောင် လျော်ရပြီ ထင်တယ်”
အရင်အခါတွေတုန်းက လီဖူချန်း သံရိုင်းတွေ သွားအပ်တိုင်း၊ အပ်တိုင်းမှာ သံရိုင်းတစ်တုံးမှာ အနည်းဆုံး ၁၀၀ ကီလိုကတော့ လျော့နေပါတယ်။
အဲဒါက သူ့ရဲ့ ဓားချက်ကြောင့် တချို့ သံရိုင်းတွေက အစအန ရှာမရအောင်ကို ပျက်စီးသွားလို့ပါ။
ကြယ်ပျံဓားသိုင်းက တဖြည်းဖြည်း တိုးတက်လာသလိုပဲ လီဖူချန်း ဓားချက်ကြောင့် အစ ရှာမရတော့တဲ့ သတ္တုရိုင်းတွေ ကလည်း ပိုပို များလာပါပြီ။
လီဖူချန်းက သူ့ရဲ့ အတွင်းစည်း ဂိုဏ်းသားဘဝရဲ့ ပထမနှစ်ဝက်မှာ လေအရိပ် ကိုယ်ဖော့ပညာကို အသားပေးပြီး လေ့ကျင့်ခဲ့တဲ့အတွက် ကြယ်ပျံဓားသိုင်းကတော့ အကြို ပြီးပြည့်စုံခြင်း အဆင့်အထိပဲ ရောက်နေပါသေးတယ်။
ဒါပေမဲ့ ဒီရက်ပိုင်းမှာတော့ ကြယ်ပျံဓားသိုင်းကိုပဲ တစ်စိုက်မတ်မတ် လေ့ကျင့်နေခဲ့တဲ့အတွက် အခုဆိုရင် တတ်သိနားလည်ခြင်း အဆင့်ကို ရောက်လာပါပြီ။
နေ့လယ်ပိုင်း အချိန်တွေကတော့ သူ့ရဲ့ မီးကျင့်စဉ် ကျင့်ဖို့အတွက် အချိန်ကောင်းပေါ့လေ။
အခါတိုင်း သူလေ့ကျင့်နေကျ ကျောက်တုံးကြီးပေါ်မှာ ကြာပန်းပုံသဏ္ဌာန် ထိုင်လိုက်ပြီး လက်ဖဝါးတွေကိုတော့ မိုးပေါ်ကို မျက်နှာ မူထားပါတယ်။
သူ့ရဲ့ ကိုယ်ပိုင် စိတ်ဝိညာဉ်ကို တစ်ချက် စစ်ဆေးကြည့်လိုက်တဲ့ အခါမှာတော့ ...
မူလက အစိမ်းရောင် ဖြစ်နေတဲ့ သူ့ရဲ့ စိတ်ဝိညာဉ်က အခုဆိုရင် ၂၀ ရာခိုင်နှုန်းက အပြာနုဘက်ကို အရောင် ပြောင်းနေတာကို တွေ့လိုက်ရပါတယ်။
သူ မှတ်မိသလောက်ဆိုရင် လူသားနယ်ပယ် အဆင့် ၉ တုန်းကတော့ ၅ ရာခိုင်နှုန်းလောက်ပဲ အပြာနုရောင် ပြောင်းနေတာပါ။
“ကြည့်ရတာ ငါ ကျင့်ကြံခြင်းနယ်ပယ် မြင့်လာလေလေ စိတ်ဝိညာဉ် ဆင့်ကဲ ပြောင်းလဲတာက ပိုမြန်လေလေပဲ ဖြစ်ရမယ်။ ဒါက ငါ့အတွက် သတင်းကောင်းပဲ”
လီဖူချန်းက ပြုံးရင်းနဲ့ သူ့ရဲ့ ကြက်သွေးရောင် လျှို့ဝှက်မီးတောက် ကျင့်စဉ်ကို ထုတ်ဖော် လေ့ကျင့်လိုက်ပါတယ်။
ကောင်းကင်နဲ့ မြေကြီးမှာ ရှိနေတဲ့ စွမ်းအင်တွေက သူ့ဆီကို စီးဝင်လာခဲ့ ကျပါပြီ။
ယုဝူရှန်းက စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၂ ကိုရောက်ဖို့ ၅ လပဲ အချိန် ယူခဲ့ရပေမဲ့ လီဖူချန်းကတော့ ၆ လ ကြာမြင့်ခဲ့ပါတယ်။
ကျင့်ကြံမှု ပါရမီအရ ဆိုရင်တော့ လီဖူချန်းက ယုဝူရှန်းထက် အနည်းငယ် မဆိုစလောက်ကလေး နှေးနေ ပါသေးတယ်။
လူသားနယ်ပယ်မှာ ဆိုရင်တော့ ဒီတစ်လလောက် အချိန်က အဲဒီလောက် အရေးမကြီးပေမဲ့ ဒီစိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်မှာတော့ အလွန် အရေးပါပါတယ်။
မြေကမ္ဘာအဆင့် ရောက်သွားရင်ဆို ပိုလို့တောင် သိသာ လာဦးမှာပါ။
ယုဝူရှန်းလို ကြယ်ငါးပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်နဲ့ ယှဉ်ရင်တော့ လီဖူချန်း မယှဉ်သာ သေးပေမဲ့ ကြယ်လေးပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေနဲ့ ယှဉ်ရင်တော့ သူ့ ကျင့်ကြံမှုနှုန်းက တန်းတူ လိုက်နိုင်ပါသေးတယ်။
သူ့ရဲ့ ကြက်သွေးရောင် လျှို့ဝှက်မီးတောက် အဆင့် ၁၀ ပါ ပေါင်းလိုက်မယ် ဆိုရင်တော့ ကြယ် ၄ ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေထက်ကို သာသွားပါပြီ။
***
ဒီနေ့မှာတော့ လီဖူချန်းက ပျင်းပျင်းရှိတာနဲ့ အစားအသောက် ခန်းမဘက်ကို ထွက်လာခဲ့ပါတယ်။
အတွင်းစည်းဂိုဏ်းရဲ့ စားသောက်ဆောင်က ဈေးနှုန်းတွေက အပြင်စည်းဂိုဏ်းက စားသောက်ဆောင်ထက်ကို ၁၀ ဆလောက် ဈေးကြီး နေပါတယ်။
သာမန် ဟင်းပွဲတစ်ပွဲ အတွက်ဆို ရွှေပြားတစ်ပြား၊ ကျန်းမာရေး အထောက်အကူပြု ဟင်းတစ်ပွဲ အတွက်ဆို ရွှေပြားဆယ်ပြား၊ အဆင့်မြင့် ဟင်းလျာတစ်ပွဲ ဆိုရင် ရွှေပြား ၁၀၀ ပြားအထိ ပေးရပါတယ်။
တကယ်လို့ မင်းသာ နေ့တိုင်း အဆင့်မြင့် ဟင်းလျာတွေကို စားချင်တယ် ဆိုရင်တော့ ရွှေပြား ၁၀၀၀၀ ကျော်လောက် ရှာထားမှ အဆင် ပြေပါလိမ့်မယ်။ ဒါက နည်းတဲ့ ပမာဏတော့ မဟုတ်ပါဘူး။
လီဖူချန်းက အဆင့်မြင့် ဟင်းလျာတစ်ပွဲကို မှာပြီးနောက်မှာတော့ ထိုင်စရာ နေရာတစ်ခု ရှာတွေ့ သွားပါတယ်။
“မင်းတို့ ကြားပြီးပြီလား ... ဖန်လီဟိုင်ကို ဂိုဏ်းတူအစ်ကိုကြီး တစ်ယောက်က ပညာပေးလိုက်တယ် ဆိုတဲ့ သတင်းလေ”
“မင်းက ဂိုဏ်းတူညီလေးဖန်ကို ပြောတာလား။ အဲဒီကောင်လေး သနားပါတယ်ကွာ။ အခုထိ ဒီနေရာကို အပြင်စည်းဂိုဏ်း ထင်နေပုံရတယ်။ အတွင်းစည်း ဂိုဏ်းထဲမှာ ပုန်းနေတဲ့ နဂါးတွေ၊ ချောင်းနေတဲ့ ကျားတွေ ဘယ်လောက်များလဲ ဆိုတာ သူအခုထိ နားမလည်သေးဘူး”
“ဒါပေါ့ကွ။ ဖန်လီဟိုင်လို ကြယ်လေးပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေက အပြင်စည်း ဂိုဏ်းမှာတော့ လက်တစ်ဆုပ် စာလောက်ပဲ ရှိပေမဲ့ အတွင်းစည်း ဂိုဏ်းမှာတော့ ရိုက်သတ်ရင်တောင် မကုန်နိုင်ဘူးလေ။ အတွင်းစည်းဂိုဏ်းမှာ ရှိတဲ့ ကြယ်လေးပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေက အပြင်စည်း တစ်ဂိုဏ်းလုံးက တပည့်တွေ ပေါင်းတာထက်ကိုတောင် များနေသေးတယ်။ ဖန်လီဟိုင်လို ကောင်က အတွင်းစည်း ဂိုဏ်းထဲမှာတော့ သာမန် တပည့်တွေနဲ့ ဘာမှ မကွာဘူး”
သူတို့ရဲ့ ပြောစကားတွေကို တစ်ဖက်ဝိုင်းမှာ ထိုင်နေတဲ့ လီဖူချန်းက ကောင်းကောင်းကြီး ကြားနေရပါတယ်။ သူက ကျိတ်ပြီးတောင် ရယ်နေလိုက်ပါ သေးတယ်။
“အဟက်”
(ကြည့်ရတာ ဖန်လီဟိုင်က အတွင်းစည်းဂိုဏ်းမှာ ကောင်းကောင်းနှိပ်ကွပ် ခံနေရသည့် ပုံပင်)
အပြင်စည်းဂိုဏ်းမှာတော့ ဖန်လီဟိုင်က ဗိုလ်ကျချင်ရင် ဗိုလ်ကျလို့ ရမယ်။ ဒါပေမဲ့ အခု အတွင်းစည်းဂိုဏ်းပါ။ ဇော်တကာဇော်တွေ စုနေတဲ့ နေရာပါ။ ပါရမီချင်း တူနေရင်တောင် ဒီက ဂိုဏ်းတူ အစ်ကိုတွေက ဖန်လီဟိုင်ထက် နှစ်တွေ ပိုကြာကြာ လေ့ကျင့်ထားတဲ့ လူတွေချည်းပဲလေ။
ဖန်လီဟိုင်ကို အသာထား။
ပါရမီ ကောင်းလှပါချည်ရဲ့ ဆိုတဲ့ ယုဝူရှန်းတောင် အတွင်းစည်း ဂိုဏ်းထဲမှာ မြောက်ကြွ မြောက်ကြွ မနေရဲပါဘူး။ မဟုတ်လို့ကတော့ အမြင်ကတ်တဲ့ ဂိုဏ်းသား တစ်ယောက်က သင်ခန်းစာ ကောင်းကောင်း ပေးသွားမှာပါ။
ကြယ်ငါးပွင့်အဆင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေက ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ရောက်ပြီး အလွန်မြင့်မားတဲ့ အဆင့်အတန်းပိုင်ရှင် ဖြစ်သွားဖို့ အခွင့်အရေး များတယ် ဆိုပေမဲ့လည်း ဒါက ဖြစ်နိုင်ချေတစ်ခု သက်သက်ပါဘဲ။
နောက်နှစ်ပေါင်းများစွာ ကြာမှ ဖြစ်လာမယ့် အရာပါ။
ပြောရမယ်ဆိုရင် ကြယ်လေးပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေလည်း ရောက်နိုင်တာပဲလေ။ ဒါကြောင့် အတွင်းစည်း ဂိုဏ်းသားတွေက ယုဝူရှန်းမကလို့ ဘာကြီးပဲ ဖြစ်နေဖြစ်နေ ဆောင့်ကြွားကြွား နေရင်တော့ သင်ခန်းစာ ပေးကျမှာပါပဲ။
သူတို့ကြားမှာ ကွာခြားမှု ရှိတာဆိုလို့ ဒီဖြစ်နိုင်ချေ ရာခိုင်နှုန်း နည်းနည်းလေးပဲ ရှိတာပင် မဟုတ်ပါလား။ ပြီးတော့ အတွင်းစည်း ဂိုဏ်းထဲမှာ အဓိက စကားပြောတာက မင်းရဲ့ အရိုး တည်ဆောက်ပုံ မဟုတ်ပါဘူး။
မင်းရဲ့ လက်သီးပါ။ အနာဂတ်ဆိုတာ မသေချာ မရေရာတဲ့ အရာပါ။ ဒါပေမဲ့ အခုလက်ရှိ လက်သီးကတော့ မင်းရဲ့ဘဝကို အဆုံးအဖြတ် ပေးသွားနိုင်ပါတယ်။ အဓိက ဆိုလိုချင်တာ ကတော့ မင်းဆီမှာ နတ်ဘုရား ဖြစ်လောက်တဲ့ ပါရမီ ရှိနေရင်တောင် အတွင်းစည်း ဂိုဏ်းကကောင်တွေ ရှေ့မှာတော့ ဆောင့်ကြွားဆောင့်ကြွား မနေပါနဲ့။
သေသွားတဲ့ ပါရမီရှင်ဆိုတာ လူသေပါပဲ။
အတွင်းအား ဗဟိုချက်မ ပင်လယ်ပျက်သွားတဲ့ ပါရမီရှင်တွေ ဆိုတာလည်း သာမန်လူနဲ့ ဘာမှ မထူးပါဘူး။
ဒါက လက်သီးက ဘယ်လိုစကား ပြောသလဲ ဆိုတာပါ။
***
အတွင်းစည်း ဂိုဏ်းသားဖြစ်ပြီး ၈ လမြောက်မှာတော့ လီဖူချန်းရဲ့ လေအရိပ် ခြေလှမ်းနဲ့ ကြယ်ပျံ ဓားသိုင်း နှစ်ခုစလုံးဟာ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်သွားခဲ့ပါပြီ။
ပြီးတော့ သူသတိ ထားမိလိုက်တာက သူ့ရဲ့ စာတွေ့ လေ့ကျင့်မှုတွေက အလုပ် မဖြစ်တော့ပါဘူး။
အခုချိန်ဟာ လက်တွေ့ တိုက်ခိုက်ရမယ့် အချိန်တန်ပါပြီ။
ရန်သူနဲ့ လက်တွေ့ တိုက်ခိုက်လိုက်မှ သာလျှင် သူလိုအပ်နေတဲ့ ဓားကွက် အနှစ်သာရရယ် ဟာကွက်တွေရယ်ကို သိနိုင်မှာပါ။
“ဟုတ်ပြီလေ။ အပြင်ထွက်ပြီး သွေးပူ လေ့ကျင့်ခန်းလေး ဘာလေး လုပ်ဦးမှပဲ။ ဂိုဏ်းထဲမှာ နေရတာ ငါ့အတွက် ထိုင်းမှိုင်း လာသလိုပဲ”
(ဂိုဏ်းတော်က ပေးတဲ့ တာဝန်တွေကို ထမ်းဆောင်တော့မယ်ကို ဆိုလိုတာပါ)
လီဖူချန်းက သူ့ကိုယ်သူ သတိပေးလိုက်ပါတယ်။
နောက်တစ်နေ့ အရောက်မှာတော့ ...
လီဖူချန်းက တာဝန်ခွဲဝေ ဌာနကို ရောက်လာခဲ့ပါပြီ။ တာဝန်ခွဲဝေ ဌာနရဲ့ ခန်းမကြီးက အတော်ကျယ်တဲ့ ဧရိယာ အကျယ်အဝန်း ရှိပါတယ်။
ဒီဌာနထဲမှာတော့ ဂိုဏ်းသား အမြောက်အမြားက လှုပ်ရှားသွားလာ နေကျပါတယ်။
လီဖူချန်း ရောက်သွားတဲ့ အခါမှာတော့ လူ တော်တော်များများက သူတို့ကြိုက်တဲ့ တာဝန်တွေကို ရွေးယူ သွားကျပါပြီ။
အတွင်းစည်း ဂိုဏ်းသားတွေအတွက် တာဝန်ကို ဂိုဏ်းတော်က အမျိုးအစား လေးမျိုး ခွဲခြား ထားပေးပါတယ်။
အဲဒီ အမျိုးအစား လေးမျိုးကတော့ အဆင့်နိမ့်တန်း တာဝန်၊ အလယ်လတ်တန်း တာဝန်၊ အဆင့်မြင့်တန်း တာဝန်နဲ့ အထွတ်အထိပ်အဆင့် တာဝန်တို့ ဖြစ်ပါတယ်။
ဒါက အဆင့်နိမ့် စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်က တပည့်တွေရယ်၊ စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အလယ်အလတ်က တပည့်တွေ အတွက်ရယ်၊ စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်မြင့်တန်းက တပည်တွေနဲ့ စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်အထွတ်အထိပ်က တပည့်တွေ အတွက် ဆိုပြီး ခွဲထားပေးတာပါ။
အမျိုးအစား တစ်ခုထဲမှာတောင် ခက်ခဲမှု အဆင့်တွေက ထပ်ခွဲထားပါတယ်။ ကြယ်တစ်ပွင့် အဆင့် ခက်ခဲမှု၊ ကြယ်နှစ်ပွင့်အဆင့် ခက်ခဲမှု၊ ကြယ်သုံးပွင့်အဆင့် ခက်ခဲမှု ဆိုပြီးတော့ပေါ့။
အတွင်းစည်း ဂိုဏ်းသားတိုင်း ပထမဆုံး ယူရတဲ့တာဝန် အမျိုးအစားကတော့ အဆင့်နိမ့်တန်း တာဝန်ပါပဲ။ ဒါပေမဲ့ ဒုတိယ အကြိမ်မြောက် တာဝန်ကျရင်တော့ ကန့်သတ်ချက် မရှိတော့ပါဘူး။
မိမိ ကြိုက်နှစ်သက်တဲ့ အမျိုးအစားကို ရွေးလို့ ရပါတယ်။ လီဖူချန်းက အဆင့်နိမ့်တန်း တာဝန်ထဲက ကြယ်တစ်ပွင့် ခက်ခဲမှုအဆင့် တာဝန်တွေကို တစ်ချက် ကြည့်လိုက်ပါတယ်။
ဒီတာဝန်အတွက် ဆုကြေးကတော့ အမှတ် ၃၀၀ ကနေ ၅၀၀ ကြားရှိပါတယ်။ ကြယ်နှစ်ပွင့် ခက်ခဲမှု အဆင့်တွေကတော့ အမှတ် ၆၀၀ကနေ ၁၀၀၀ အထိ ရမှာပါ။
ကြယ်သုံးပွင့်အဆင့် ခက်ခဲမှု အဆင့်တွေကတော့ အမှတ် ၁၀၀၀ ကနေ ၂၀၀၀ အထိ ရှိပါတယ်။
ဒီဆုကြေး ရမှတ်တွေက သိပ်ပြီး မက်မောလောက်စရာတော့ မရှိပါဘူး။
လီဖူချန်းက နှစ်ခါတောင် ပြန်မစဉ်းစားတော့ဘဲ ကြယ်သုံးပွင့်အဆင့် ခက်ခဲမှု တာဝန်တွေထဲက တစ်ခုကို ရွေးချယ်လိုက်ပါတယ်။
သူရွေးလိုက်တဲ့ တာဝန်ကတော့ ပြစ်မှုတွေကို ဆက်တိုက် ကျူးလွန်နေတဲ့ ကျန်းတဟိုင်ဆိုတဲ့ လူဆိုးတစ်ယောက်။
သူ့ရဲ့ခေါင်းကို ဖြတ်ပြီး ဂိုဏ်းတော်ကို ယူလာနိုင်မယ်ဆိုရင် ရမှတ် ၁၈၀၀ ရမှာပါ။
အစတုန်းကတော့ လီဖူချန်းက သူ့ရဲ့ ပစ်မှတ်ကို စိတ်တန်ခိုးဖွဲ့စည်း နယ်ပယ်အဆင့် ၁ နဲ့ ၃ ကြားထဲက ပညာရှင်တစ်ယောက်လို့ ထင်နေတာပါ။
သေသေချာချာ ဖတ်ကြည့်လိုက်တဲ့ အခါမှာတော့ ကျန်းတဟိုင်က စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်အဆင့် ၄ ကို ရောက်နေတာကို သိလိုက်ရပါတယ်။
ဒါပေမဲ့လည်း ဒီလောက်အဆင့်ကိုတော့ လီဖူချန်းက မှုစရာ မလိုပါဘူး။ အပြင်လောကက ပညာရှင်တွေက ကျင့်ကြံမှုအဆင့် မြင့်ချင်မြင့်မယ်။
သူတို့ရဲ့ ကျင့်စဉ်တို့၊ သိုင်းပညာရပ်တို့ရဲ့ အဆင့်အတန်း တွေကတော့ ဂိုဏ်းတွေက တပည့်တွေနဲ့ ယှဉ်ရင် အရမ်း နိမ့်ကျလွန်းပါတယ်။
သူ့ရဲ့ တာဝန်ကို လက်ခံရယူပြီးတာနဲ့ လီဖူချန်းက ချက်ချင်းပဲ မိုးပြာရောင်ဂိုဏ်းကနေ ထွက်ပြီး ဟိုင်ရှီမြို့ကို ဦးတည်လိုက်ပါတယ်။
လမ်းတစ်လျှောက်မှာတော့ လီဖူချန်းက သူ့ရဲ့ လေအရိပ် ကိုယ်ဖော့ပညာကို ကောင်းကောင်းကြီး အသုံးချ ခဲ့တာပေါ့လေ။
အတွင်းအားတွေ တစ်ဝက်လောက် ကုန်သွားတဲ့ အချိန်မှာတော့ သူက ခဏနားပြီး အတွင်းအား ကျင့်စဉ်တွေ ပြန်လေ့ကျင့် လိုက်ပါသေးတယ်။
ဒီလေအရိပ် ကိုယ်ဖော့ပညာက တကယ်ကို သူ့အတွက် အကျိုးရှိစေတဲ့ ပညာရပ်ပါပဲ။
သူဒီပညာရပ်ကို ထုတ်သုံးလိုက်တဲ့ အချိန်တိုင်းမှာ သူ့ရဲ့ ခန္ဓာကိုယ်က မြေဆွဲအားကနေ လွတ်ထွက်သွားပြီး လေပေါ်မှာ ပျံနေသလိုတောင် ခံစားရပါတယ်။
သူ့ခြေထောက်က မြေကြီးပေါ်ကို တစ်ချက် ဆောင့်လိုက်ပြီး ခုန်ထွက်သွားတိုင်းမှာ သူ့ ခန္ဓာကိုယ်က မြားတစ်စင်းလို လေထုကို ထိုးခွဲသွားပြီး အဝေးကြီးကို ရောက်သွားပါတယ်။
အဆင့် ၁ သွေးမိစ္ဆာ မြင်းတွေရဲ့ ပြေးနှုန်းတောင် လီဖူချန်းရဲ့ ပြေးနှုန်းကို ယှဉ်နိုင်ဖို့ လမ်းမမြင်ပါဘူး။
တစ်ပတ်အကြာမှာတော့ လီဖူချန်းက ဟိုင်ရှီမြို့နယ် နိမိတ်ထဲကို ရောက်ရှိလာပါပြီ။
“ငါရထားတဲ့ သတင်း အချက်အလက်တွေ အရဆိုရင် ကျန်းတဟိုင်က မြို့ထဲမှာ ပြစ်မှုတွေ အများကြီး ကျူးလွန်ခဲ့လို့ မြို့စောင့်တပ်တွေက လိုက်ဖမ်းခဲ့တယ်တဲ့။
ဒါပေမဲ့ဒီကောင်က မြို့စောင့်တပ်ရဲ့ လက်ထဲကနေ လွတ်ပြီး တောနက်ကြီးထဲ ထွက်ပြေးသွားတယ် ဆိုပဲ”
လီဖူချန်းက သူရထားတဲ့ သတင်း အချက်အလက်တွေကို ပြန်ပြီး စဉ်းစားလိုက်ပါတယ်။ စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၄ ဆိုတာ ဒီလို မြို့ငယ်လေးမှာတော့ ဆရာတစ်ဆူပါပဲ။
အခုတော့ ကျန်းတဟိုင်က တောနက်ထဲကို ထွက်ပြေးသွားတယ် ဆိုတော့ ဖမ်းဖို့ကတော့ နည်းနည်းလေး ခက်ခဲနေပါတယ်။
ဂိုဏ်းတော်ရဲ့ တာဝန်တွေက တပည့်တစ်ယောက်ရဲ့ တိုက်ခိုက်နိုင်စွမ်းကိုပဲ စမ်းသပ်တာ မဟုတ်ပါဘူး။ တပည့်တစ်ယောက်ရဲ့ ညာဏ စွမ်းရည်ကိုလည်း အကဲခတ်ချင်တဲ့ ရည်ရွယ်ချက်တွေ ပါနေ ပါသေးတယ်လေ။
***