← Chapters

ကျန်းတဟိုင်

Vol. 7 Ch. 89

ကျန်းတဟိုင်

Vol. 7 Ch. 89

ပြန်လမ်းမဲ့တောအုပ် ...

ဒီနေရာက ဟိုင်ရှီမြို့ နယ်နိမိတ် တစ်ဝိုက်မှာ အန္တရာယ် အများဆုံး နေရာတစ်ခုပါ။ ဒီရှေးကျလှတဲ့ တောအုပ်ကြီးဟာ တည်ရှိနေခဲ့တာ နှစ်ပရိစေဒ ကြာမြင့်လွန်းလှပြီ ဖြစ်တဲ့အတွက် မိစ္ဆာ သားရဲကောင်ကြီးတွေ ပြည့်နှက်နေသလို  အဆိပ်ရှိတဲ့ ပိုးမွှားတွေကလည်း နေရာအနှံ့မှာ ရှိနေ နိုင်ပါတယ်။

ဒါကြောင့် ဒီတောအုပ်ကြီးထဲကို ဝင်သွားတဲ့ သူတွေက ပြန်ထွက်လာနိုင်တယ် ဆိုတာ အရမ်းကို ရှားပါး လွန်းလှတဲ့ကိစ္စ တစ်ခုပါပဲ။

လီဖူချန်းကတော့ ဒီသတင်းတွေကို ကြောက်ရွံ့မနေဘဲ ပြန်လမ်းမဲ့ တောအုပ်အစပ်ကို တွေ့တာနဲ့ တစ်ခါတည်း တန်းပြီး တောအုပ်ထဲကို ဝင်သွားပါတယ်။

ပြန်လမ်းမဲ့ တောအုပ်ကြီးရဲ့ နက်ရှိုင်းတဲ့ တောတစ်နေရာမှာတော့ မြို့စောင့်တပ်သား ၇ ယောက်ဟာ တောနင်းပြီး ဂရုတစိုက်နဲ့ ရှာဖွေနေတယ်လေ။

ဒီမြို့စောင့်တပ်သား ၇ ယောက်ရဲ့ အဓိက အလုပ်ကတော့ မြို့တော်က ဝရမ်းထုတ်ထားတဲ့ လူဆိုး ဓားပြတွေကို ဖမ်းဆီးဖို့ပါပဲ။

ဒီ မြို့စောင့်တပ်သားတွေ အားလုံးထဲမှာ အားအနည်းဆုံးတောင်မှ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်အဆင့် ၂ ရှိပါတယ်။

အသန်မာဆုံးသူကတော့ စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၄ ပါ။

ကြည့်ရတာ ဒီအဖွဲ့က ဟိုင်ရှီမြို့ရဲ့ အထူး တပ်သားတွေ ဖြစ်မယ့်ပုံပါဘဲ။

“နံပါတ် ၆ အစ်ကို … ငါတို့ရဲ့ မြို့စားကြီးက ဒီတစ်ခါနည်နည်း အကဲ ပိုလွန်းတယ်လို့ မထင်ဘူးလား။ ဒါက လူသတ်မှု တစ်ခုပဲလေ။ ဘာဖြစ်လို့ ငါတို့က ဒီပြန်လမ်းမဲ့ တောအုပ်ထဲအထိ ဝင်ပြီးတော့ ဒီကောင့်ကို ဖမ်းဖို့ ကြိုးစားနေရတာလဲ။ ဒီကောင် တောထဲက ပြန်ထွက်လာတာကို စောင့်ပြီး ဖမ်းတာက ပိုမကောင်းဘူးလား”

အဖွဲ့ထဲက အငယ်ဆုံး ဖြစ်ဟန်တူသည့် လူက ဒီတောနက်ကြီးထဲ အထိ ဒုက္ခခံပြီး လာနေရတဲ့ အတွက် မကျေမနပ် ဖြစ်နေပုံ ရပါတယ်။ နံပါတ်ခြောက် အစ်ကိုဟု ခေါ်ခံလိုက်ရသည့် လူက

“မင်းစောက်ပိန်းလား။ မင်းမှာ ဦးနှောက် ပါမလာဘူးလား။ ငါတို့ မြို့စားမင်းရဲ့ အမုန်းဆုံးအရာက ဘာလဲဆိုတာတောင် မင်းမသိဘူးလား"

ဟု ပြန်ပြောလိုက်ပါတယ်။ အငယ်ဆုံး ဖြစ်ဟန်တူသည့် လူက

“မသိဘူးလေ။ မြို့စားမင်းက ဘာကို အမုန်းဆုံးလဲဗျ”

လို့ ပြန်မေးလိုက်ပါတယ်။

“အေး မင်း မသေမချင်း မှတ်ထား။ ငါတို့ မြို့စားမင်း အမုန်းဆုံးက မိန်းမတွေကို နိုင်ထက်စီးနင်း လုပ်ပြီး အကြမ်းဖက်တာပဲ။ ဒီ ကျန်းတဟိုင်ဆိုတဲ့ ခွေးမသားက ကုန်သည်ကြီးဝမ်ရဲ့ ငုံထားမတတ် ချစ်ရတဲ့ ရင်နင့်သည်းချာ သမီး ရတနာလေးကို အဓ္ဓမကျင့်ပြီး သတ်ပစ် လိုက်တာကွ။ ပြီးတော့ မြို့စားမင်းပိုင်တဲ့ နယ်မြေထဲကိုလည်း ပြေးလာလိုက်သေးတယ်”

အရပ်ရှည်ရှည်နဲ့ လူကလည်း ထပ်ပြီးဖြည့်စွက် ပြောလိုက်ပါသေးတယ်။

“ပြီးတော့ ကုန်သည်ကြီး ဝမ်ကလည်း ကျန်းတဟိုင်ကို ဖမ်းမိတဲ့လူကို ရွှေပြား ၅၀၀၀၀ ဆုချမယ်လို့ ဆုငွေ ထုတ်လိုက်သေးတယ်။ အဲဒီဆုငွေကို ငါတို့ ခွဲယူရင်တောင် တစ်ယောက်ကို ရွှေပြား ၇၀၀၀ လောက် ရဦးမှာကွ”

“ဟီးဟီး ... ငါအတော် တုံးတာပဲ။ ဒါပေမဲ့ ဒီပြန်လမ်းမဲ့ တောအုပ်ကြီးက အန္တရာယ် မများလွန်းဘူးလား”

အငယ်ဆုံးလူက ထပ်ပြီး မေးခွန်း ထုတ်လိုက်ပြန်ပါတယ်။ သူ့ရဲ့ ခေါင်းကို ကုတ်ရင်းနဲ့ ပေါ့လေ။ အရပ်ရှည်ရှည်နဲ့ လူက အငယ်ဆုံး တပ်သားရဲ့ ပခုံးကိုပုတ်ပြီး ဖြေရှင်းချက် ပေးဖို့ ပြောမလို့ပင် ရှိပါသေးတယ်။

ရုတ်တရက် သူ့ရဲ့ မျက်လုံးတွေက နာကျင်မှုကို ခံစားလိုက်ရသည့် ပုံဖြင့် မျက်လုံးပြူးကာ လည်ပင်းကို အုပ်ပြီး လဲကျသွားပါတယ်။

အနက်ရောင် မြားတစ်စင်းက ထိုလူရဲ့ လည်ပင်းကို ထုတ်ချင်းပေါက် ထိုးဖောက်သွားခဲ့တာပါ။

“သတိထားကြဟေ့။ နံပါတ် ၆ က အားလုံးကို သတိပေးပြီး သူကိုယ်တိုင်လည်း အသင့် အနေအထားဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်ပါတယ်။

ရွှီး ...

လေထုကို ထိုးခွင်းလာတဲ့ အသံတစ်သံကို ကြားရပြီး နောက်မှာတော့ နောက်ထပ် တပ်သား တစ်ယောက်က ထပ်ပြီး လဲကျသွားပါပြီ။

“မင်းတို့ရဲ့ အတွင်းအားတွေ အမြန်ထုတ်ပြီး ကာကွယ်ထားကြ"

ပြောပြီးတာနဲ့ နံပါတ် ၆ က သူ့ရဲ့ ကျင့်စဉ်ကို ထုတ်ဖော်လိုက်ပါတယ်။

အပြာဖျော့ဖျော့အတွင်းအားလှိုင်းတစ်ခုက ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားလိုက်ပါတယ်။

သူ့ရဲ့ သတိပေးသံကို ကြားပြီးနောက်မှာတော့ ကျန်တဲ့ တပ်သားတွေကလည်း ကိုယ်စီကိုယ်စီ အတွင်းအားတွေကို ထုတ်ပြီး ခန္ဓာကိုယ် တစ်ခုလုံးကို ကာကွယ် ထားလိုက်ကျပါပြီ။

“ဘမ်း”

တတိယ အကြိမ်မြောက် မြားက ထွက်ပေါ်လာပြန်ပါတယ်။

ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ တပ်သားတွေက အတွင်းအားတွေ ထုတ်ပြီး ကာကွယ် ထားတဲ့အတွက် မြားက အပစ်ခံရတဲ့ တပ်သားရဲ့ လည်ပင်းကို မထိုးဖောက်လိုက်နိုင်ပါဘူး။

သို့သော် မြားပစ်လိုက်တဲ့ သူရဲ့ အတွင်းအားက အရမ်းကို သိပ်သည်းနေတဲ့အတွက် အကာအကွယ်က ပျက်စီးသွားပြီး သွေးတစ်လုတ်မျှ အန်လိုက်ရပါတယ်။

"ဒီအယုတ်တမာကောင် ကျန်းတဟိုင်။ ကြည့်ရတာ ငါတို့တော့ သူ့ထောင်ချောက်ထဲ ဝင်သွားပြီနဲ့ တူတယ်။ မြို့ထဲမှာတုန်းက ဒီကောင် သူ့အစွမ်းတွေကို လျိုထားခဲ့တာပဲ”

နံပါတ်ခြောက်က ဒေါသတကြီးနဲ့ ပြောလိုက်ပါတယ်။

ဒီမြားရဲ့ အရှိန်ကို ကြည့်တာနဲ့ ပစ်လိုက်တဲ့ သူရဲ့ အဆင့်ကို ခန့်မှန်း နိုင်ပါတယ်လေ။ ပြောရမယ်ဆိုရင် ကျင့်ကြံမှု အဆင့်အတန်း အရမ်းကြီး မကွာခြားနေရင် လေးသမားက စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်က သူတစ်ယောက်ကို ထုတ်ချင်းဖောက် ပေါက်အောင် ပစ်နိုင်စရာ အကြောင်း မရှိပါဘူး။

ထန် ...

နံပါတ် ၆ က နောက်ထပ်လာတဲ့ မြားတစ်စင်းကို ဓားနဲ့ ရိုက်ထုတ် ပစ်လိုက်ပါတယ်။ ထို့နောက် မှာတော့ မြားလာရာ လမ်းကြောင်းအတိုင်း ပြေးထွက်သွားပြီး လေးသမားကို ရှာဖွေပါတော့တယ်။

သိပ်မကြာခင်မှာဘဲ နံပါတ် ၆ က စွန့်ပစ်ထားတဲ့ လေးကိုင်းတစ်ခုရယ်၊ မြားကျည်တောက် တစ်ခုရယ်ကို ရှာဖွေတွေ့ရှိ လိုက်ပါတယ်။

လေးကိုင်းကိုတော့ သွေးသစ်ပင်က အသားနဲ့ လုပ်ထားပြီး လေးကြိုးကိုတော့ မိစ္ဆာသားရဲရဲ့ အကြောတွေနဲ့ လုပ်ထားတာပါ။

ဒီလို အမျိုးအစား လေးတွေက အလွယ်တကူ ပြုလုပ်လို့ရတဲ့ အမျိုးအစားတွေပါ။

နံပါတ်ခြောက်က လေးသမားကို ရှာဖွေ မတွေ့ရတဲ့ နောက်မှာတော့ ချက်ချင်းနောက်ပြန် ဆုတ်လာလိုက်ပါတယ်။ သူ့ရဲ့ အဖွဲ့ဆီကို ပြန်ရောက်လာတဲ့ အခါမှာတော့ ရုပ်ဆိုးဆိုး လူကြီးတစ်ယောက်က လူငယ် တပ်သားလေးကို ခေါင်းဖြတ် လိုက်တာကို မြင်လိုက်ရပါတယ်။

ကျန်တဲ့လူတွေကတော့ ဘေးမှာလဲကျ သေဆုံးနေကျပါပြီ။ အချိန်တစ်ခဏလေး အတွင်းမှာပဲ တပ်သား ၇ ယောက်မှာ ၅ ယောက်ကသေပြီး တစ်ယောက်က ဒဏ်ရာ အကြီးအကျယ် ရသွားခဲ့ပါတယ်။

ဘာမှမဖြစ်ဘဲ အကောင်းပကတိဆိုလို့ နံပါတ် ၆ တစ်ယောက်ပဲ ကျန်နေပါတော့တယ်။

“ခွေးမသားကြီး”

နံပါတ် ၆ က သွေးကဲ့သို့ နီရဲနေတဲ့ မျက်လုံးအစုံနဲ့ ထိုသူကို ကြည့်ပြီး ကြိမ်းဝါးလိုက်ပါတယ်။ ကျန်းတဟိုင်က ပြုံးဖြဲဖြဲဖြင့်

“မင်းတို့ ငါ့နောက်ကို လိုက်လာတယ် ဆိုကတည်းက မင်းတို့အားလုံးက လူသေတွေ ဖြစ်သွားပြီ။ စိတ်မပူပါနဲ့။ ငါမင်းကို တစ်ခါတည်း မသတ်ပါဘူးကွာ။ မင်းကို သစ်ပင်ပေါ်မှာ ကြိုးနဲ့ ဇောက်ထိုး ဆွဲထားမှာပါ။ ဒါမှ မင်းရဲ့ ခန္ဓာကိုယ်ထဲက သွေးတွေက တဖြည်းဖြည်းနဲ့ ခန်းခြောက်လာမှာပေါ့။ ပြီးရင် မင်းရဲ့ ဒဏ်ရာတွေထဲကို အသားစား ပိုးကောင်တွေ ထည့်ပြီး ဧည့်ခံဦးမှာပါ။ ဒီကောင်တွေက မင်းရဲ့ အသွေးအသားတွေကို ပျော်ပျော်ကြီး ပွဲတော် တည်ကျဦးမှာ”

ကျန်းတဟိုင်က လူတစ်ယောက်က မသတ်သေးဘဲ ဝေဒနာတွေ ခံစားပြီးမှ သေတာကို ကြည့်ရတာ ပျော်တဲ့လူ အမျိုးအစား ဖြစ်ပါတယ်။

တစ်ခါတုန်းက ကုန်သည်ကြီးဝမ်ဟာ လမ်းဘေးမှာ ဒဏ်ရာ အကြီးအကျယ် ရပြီး သေလုမြောပါး ဖြစ်နေတဲ့ ကျန်းတဟိုင်ကို ကယ်ခဲ့ပါတယ်။

ကျန်းတဟိုင် ပြန်လည် ကျန်းမာလာတဲ့ နောက်မှာတော့ သူက ကုန်သည်ကြီးဝမ်ရဲ့ လက်အောက်မှာ ဝင်ပြီး အမှုထမ်းလိုက်ပါတယ်။

ဒီလူကို ကယ်လိုက်တာက ကုန်သည်ကြီး ဝမ်အတွက်တော့ ဂြိုလ်ဆိုး ဝင်တာပါဘဲ။ ဒီလူယုတ်မာက ကုန်သည်ကြီးဝမ်ရဲ့ နုနုထွတ်ထွတ် သမီးချောလေးရဲ့ အသွေး အသားတွေကို စုပ်ယူ စားသုံးရုံသာမက သတ်ဖြတ် ပစ်လိုက်ပါသေးတယ်။

ဒါတောင်သူက မကျေနပ်သေးဘဲ စိတ်ခု နေဆဲပါပဲ။ ဘာလို့လဲဆိုတော့ ကျန်းတဟိုင်က ကုန်သည်ကြီး ဝမ်ရဲ့ ဇနီးငယ်လေးတွေကို့ ကြံဖို့ အခွင့်အရေး မရလိုက်လို့ပါ။

***

ဒီတောအုပ်ကြီးထဲမှာတော့ အဆိပ်ရှိတဲ့ ပိုးမွှားတွေက တော်တော်လေး များပါတယ်။ ဒီပြန်လမ်းမဲ့ တောအုပ်ကြီးထဲကို ဝင်လာတဲ့ လမ်းတစ်လျှောက်မှာတော့ လီဖူချန်းက သူ့ အတွင်းအားတွေကို ထုတ်ပြီး အဆိပ်ပိုးမွှားတွေ ရန်ကို ကာကွယ်ခဲ့ရပါတယ်။

ဒီအဆိပ် ပိုးမွှားတွေက အဆင့် ၁ အဆင့်နိမ့် သားရဲ အမျိုးအစားတွေ ဖြစ်ပေမဲ့ တစ်ချက် ကိုက်မိလိုက်ရင်တော့ ဒီကောင်တွေရဲ့ အဆိပ်က ပြဿနာတော်တော် တက်သွား စေနိုင်တယ်လေ။

ပြောရမယ်ဆိုရင် တချို့ အဆိပ်ကောင်တွေဆိုရင် တစ်ချက် ကိုက်လိုက်တာနဲ့ စိတ်တန်ခိုး နယ်ပယ် အဆင့်က ပညာရှင်တွေတောင် တုံခနဲ လဲသွားနိုင်ပါတယ်။ ဒါပေမဲ့ စိတ်တန်ခိုးနယ်ပယ် အဆင့်က ပညာရှင်တွေက အဆိပ်တွေကို အတွင်းအားနဲ့ တွန်းထုတ်နိုင်တဲ့ အစွမ်း ရှိတယ်လေ။

လီဖူချန်းကတော့ ဒီပိုးမွှားတွေကို သောက်ဂရုမစိုက်ပါဘူး။ အချိန်တွေ ဘယ်လောက် ကြာသွားမှန်းတောင် မသိတော့ပါဘူး။ လီဖူချန်းတောင်မှ တောအုပ်ကြီးရဲ့ အနက်ရှိုင်းဆုံး အပိုင်းကို ရောက်မှန်းမသိ ရောက်လာခဲ့ပါပြီ။

“ဒီမှာ ခြေရာတွေပါလား”

လီဖူချန်းရဲ့ လက်ဖျား ခါလောက်အောင် ကောင်းလှတဲ့ အမြင်အာရုံက မြေပြင်ပေါ်မှာ ခပ်ရေးရေး ပေါ်နေတဲ့ ခြေရာတွေကို မြင်လိုက်ပါတယ်။ ခြေရာတွေနောက်ကို လိုက်ခဲ့ပြီးတဲ့ နောက်မှာတော့ လီဖူချန်းက တိုက်ပွဲဖြစ်နေတဲ့ နေရာနားကို ရောက်လာပါတယ်။

“ကျောက်ခွဲဓားသိုင်း”

နံပါတ် ၆ က စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၄ က ပညာရှင် တစ်ယောက် ဖြစ်တဲ့အတွက် သူ့ရဲ့ တိုက်ပွဲဝင် အတွေ့အကြုံက မနည်းလှပါဘူး။ သူ့ရဲ့ ကျောက်ခွဲဓားချက် တစ်ချက်က မြေပြင် တစ်ခုလုံးကိုတောင် တုန်လှုပ် သွားစေပါတယ်။ သူက ဓားချက် တစ်ချက်တည်းနဲ့ ကျန်းတဟိုင်ကို အသေသတ်ဖို့ ကြိုးစားလိုက်တာပါ။

“ကြည့်ရတာ မင်းက တကယ်ကို သေချင်နေတဲ့ ပုံပဲ။ ဒါဆိုရင်လည်း ငါ့ရဲ့ တကယ့် ခွန်အား အစစ်အမှန်ကို မင်းကို ပြရသေးတာပေါ့”

ကျန်းတဟိုင်က သူ့ရဲ့ ဖုံးကွယ်ထားဟန် ရှိသည့် အရှိန်အဝါတွေကို ထုတ်ပြလိုက်ပါတယ်။

သူ့ရဲ့ ကျင့်ကြံမှု အဆင့်က စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၄ ကနေ အဆင့် ၅ ကို ချက်ချင်း တက်သွားပါပြီ။

“ထန်”

ကျန်းတဟိုင်က နံပါတ် ၆ ရဲ့ လက်ထဲက ဓားကို ရိုက်ချလိုက်ပါတယ်။

ဖရူး ...

နံပါတ် ၆ ရဲ့ ပါးစပ်ကနေ သွေးတစ်လုတ်မျှ အန်ထွက်လာပြီး နောက်ကို ဆုတ်လိုက်ရပါတယ်။

“စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၅ လား”

နံပါတ် ၆ က မယုံနိုင်သည့် ဟန်ဖြင့် ရေရွတ်လိုက်တယ်။

စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်မှာက အဆင့်လေး တစ်ဆင့်တောင် ကွာခြားရင်တောင် ခွန်အားက အရမ်းကို သိသာလွန်းပါတယ်။

ဂိုဏ်းတော်က တပည့်တွေလို အဆင့်မြင့် ပညာရပ်တွေ တတ်ကျွမ်း လေ့ကျင့်ထားရင်တော့ တစ်မျိုးပေါ့လေ။

“ဟားဟားဟား”

ကျန်းတဟိုင်က အားရပါးရ ရယ်မောလိုက်ပြီး

“ဒါပေ့ါကွ။ ငါက စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၄ မဟုတ်ဘူးကွ။ ငါက စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၅ ပဲ။ ပြီးတော့ ငါက အဝါရောင် အထွတ်အထိပ် ဓားသိုင်းဖြစ်တဲ့ မိုးတိမ်တောင်ထွတ် ဓားသိုင်းကိုလည်း လေ့ကျင့်ထားပြီးပြီ။ မင်းကငါ့ကို ယှဉ်နိုင်မယ်လို့ ထင်နေတာလား”

ဒီလို မြို့ငယ်လေးတွေမှာ အထွတ်အထိပ်အဆင့် ဓားသိုင်းတွေကို လေ့ကျင့်နိုင်ဖို့ ဆိုတာ တကယ် ရှားပါးတဲ့ အခွင့်အရေး တစ်ခုပါ။

ကျန်းတဟိုင်က လုံးဝ ကံအကြောင်း တိုက်ဆိုင်သွားခဲ့ပြီး ဒီဓားသိုင်းကို ကျောက်ဂူ တစ်ခုထဲမှာ ရှာတွေ့ ခဲ့တယ်လေ။

နံပါတ် ခြောက်ရဲ့ မျက်နှာက လုံးဝ သွေးဆုတ်ပြီး စက္ကူရွက် တစ်ခုလို ဖြူဖွေးနေပါပြီ။ ဒါပေမဲ့ သူက ကျန်းတဟိုင်ကို လုံးဝ အညံ့မခံပါဘူး။

“မင်း ငါ့ကို သတ်လိုက်ရင်တောင် နောက်ထပ် ငါ့ထက်တော်တဲ့ အထူး တပ်သားတွေက မင်းကို လိုက်ဖမ်း နေဦးမှာပဲ။ မင်းဘယ်လိုမှ ပြေးလွတ်မှာ မဟုတ်ပါဘူးကွာ”

“ငါ့အတွက်တော့ စိတ်မပူပါနဲ့ကွာ။ မင်းကို သတ်ပြီးရင် ငါက တခြားနယ်မြေထဲကို ပြေးတော့မှာကွ။

မင်းထင်နေတာက မိုးပြာရောင်ဂိုဏ်းရဲ့ လက်တံတွေက တခြား နယ်ပယ်တွေအထိ ဆန့်နိုင်မယ် ထင်နေတာလား"

ကျန်းတဟိုင်က နံပါတ် ၆ ကို လှောင်ပြောင် လိုက်ပါတယ်။

မိုးပြာရောင် ဂိုဏ်းရဲ့ အုပ်ချုပ်ရာ နယ်နိမိတ် အတွင်းကနေ တခြား နယ်မြေတွေထဲကို ထွက်ပြေးသွားတဲ့ ပြစ်မှု ကျူးလွန်သူတွေ အများအပြား ရှိကျပါတယ်။

ထို့အတူ တခြားနယ်မြေတွေမှာ ပြစ်မှုတွေ ကျူးလွန်ပြီး မိုးပြာရောင်ဂိုဏ်း နယ်နိမိတ်ထဲ ပြေးဝင် ခိုအောင်းလာတဲ့ သူတွေကလည်း အများအပြားပါပဲ။

မိုးပြာရောင်ဂိုဏ်းက ကိုယ်ပိုင် နယ်မြေတစ်ခုကို ထိန်းချုပ်ထားသလို တခြား နယ်မြေတွေ ကိုလည်း အခြားသော ဂိုဏ်းတွေက ထိန်းချုပ်ထားတာပါ။

ကိုယ့်ဂိုဏ်းရဲ့ နယ်နိမိတ်ထဲ မဟုတ်ဘဲ တခြားဂိုဏ်း နယ်နိမိတ်ထဲကို ကျော်ပြီး လူဆိုး သွားဖမ်းတယ် ဆိုတာက လုပ်ပိုင်ခွင့် ကျော်လိုက်သလိုပါပဲ။

အခန့်မသင့်ရင် နားလည်မှုတွေ လွဲကုန်ပြီး ဂိုဏ်း အချင်းချင်းတောင် စစ်မက် ဖြစ်ပွားနိုင်ပါတယ်။

ဒါကြောင့် ဂိုဏ်းအသီးသီးက တပည့်တွေဟာ ခွင့်ပြုချက် မရဘဲ တခြားဂိုဏ်း နယ်မြေထဲမှာ တိုက်ခိုက်ရမယ့်အလုပ်တွေကို ရှောင်ကြဉ်ကြပါတယ်။

“တခြားနယ်မြေကို ထွက်ပြေးမယ် ဟုတ်လား ... ဘယ်နယ်မြေအထိ ထွက်ပြေးမလဲ ဆိုတာကို သိခွင့် ရှိမလားဗျာ”

ကြည်လင်ပြီး အေးစက်စက် အသံတစ်ခုက တောအုပ် တစ်ခုလုံးကို ပဲ့တင်သံတွေ ထွက်သွား စေပါတယ်။

“ဘယ်သူလဲကွ”

ကျန်းတဟိုင်က ရုတ်တရက်မို့ လန့်သွားပြီး ဒေါသနဲ့ အော်မေးလိုက်ပါတယ်။

“မိုးပြာရောင်ဂိုဏ်းရဲ့ အတွင်းစည်း တပည့်လေ”

အရိပ်တစ်ခုက ရုတ်တရက် မည်သည့် နေရာကမှန်းမသိ ပေါ်လာပြီး သစ်ပင်ကြီး တစ်ပင်ပေါ်မှာ ရပ်နေတာကို တွေ့လိုက်ရပါတယ်။

ထိုအရိပ်ရဲ့ လှုပ်ရှားမှုတွေ ညင်သာလှပြီး အသံလုံးဝ မထွက်ပါဘူး။ ဟုတ်ပါတယ်။ သူကတော့ လီဖူချန်းပါပဲ။

“မိုးပြာရောင်ဂိုဏ်းက အတွင်းစည်း တပည့်လား”

ကျန်းတဟိုင်က နည်းနည်းတော့ ဖြုံသလိုလို ဖြစ်သွားပါတယ်။ တကယ်လို့ စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ်က စစ်သည်တော် နှစ်ယောက်က ကျင့်ကြံခြင်း နယ်ပယ်ခြင်း အဆင့် တူနေမယ် ဆိုရင် မိုးပြာရောင်ဂိုဏ်းလို ဂိုဏ်းတော်က တပည့်တွေက ပိုပြီး အဆင့်မြင့်တဲ့ သိုင်းပညာတွေ၊ ကျင့်စဉ်တွေ လေ့ကျင့်ထားတာကြောင့် ပိုပြီး အသာရမှာ အမှန်ပါပဲ။

ကျင့်ကြံခြင်း အဆင့်ချင်း တူနေရင်တောင် အပြင်လောကက ပညာရှင် စစ်သည်တော်တွေကို ဂိုဏ်းတော်က တပည့်တွေက တစ်ချက်တည်းနဲ့ အသေ သတ်လိုက်နိုင်တဲ့ အစွမ်း ရှိပါတယ်။

ဒါပေမဲ့ လီဖူချန်းက စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၂ ပဲ ရှိတာကို သေချာ သိပြီးသွားတဲ့ နောက်မှာတော့ ကျန်းတဟိုင်က ရယ်လိုက်ပါတယ်။

"စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၂ လောက်လေးနဲ့ မင်းက ငါ့ရှေ့ကို ပေါ်လာပြီး ခြိမ်းခြောက် ရဲသေးတယ်။ ကြည့်ရတာ မင်းအရမ်း သေချင်နေပုံ ရတယ်”

မိုးပြာရောင်ဂိုဏ်းရဲ့ အတွင်းစည်း ဂိုဏ်းသားတွေက အစွမ်းထက်တာ မှန်ပါတယ်။ ဒါပေမဲ့ ကျန်းတဟိုင်က လီဖူချန်းကို မကြောက်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ သူက လီဖူချန်းထက် ကျင့်ကြံခြင်း အဆင့် ၃ ဆင့်တောင် သာနေတာလေ။ ဒါက လူသားနယ်ပယ်အဆင့် မဟုတ်ပါဘူး။ စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ်ပါ။

အဆင့် ၃ ဆင့်ကွာတဲ့ လူကို အနိုင် တိုက်နိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင် သလောက်ပါပဲ။

***

All Chapters