တစ်ချက်တည်း
Vol. 7 Ch. 90
“စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၂ ပဲလား”
နံပါတ် ၆ ရဲ့ မျက်လုံးထဲမှာ ပေါ်နေတဲ့ မျှော်လင့်ချက် အလင်းရောင်တွေကတော့ မှေးမှိန်သွားခဲ့ပြီး စိတ်ပျက်မှုတွေက အစားထိုးဝင်ရောက် လာခဲ့ပါတယ်။
မိုးပြာရောင်ဂိုဏ်းရဲ့ အတွင်းစည်း ဂိုဏ်းသား …
စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၂ ကလူငယ်။
ဒီလူငယ်လေးက စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၄ က ပညာရှင်တွေနဲ့ လက်ရည်တူ တိုက်ခိုက်နိုင်ရင် နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကျန်းတဟိုင်လို စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၅ က ပညာရှင်ကိုတော့ ဘာတတ်နိုင်မည်နည်း။ ဒါက ကျောက်တောင်ကို ကြက်ဥနဲ့ ပေါက်တယ်ဆိုတဲ့ အဖြစ်မျိုးပါ။ ဒီကောင်လေးက အရိုးတည်ဆောက်ပုံ ကြယ်သုံးပွင့် ဒါမှမဟုတ် ကြယ်လေးပွင့် ရှိနေရင်တောင် မျှော်လင့်ချက် မရှိပါဘူး။
“သေစမ်း ... စောက်ကလေး”
ကျန်းတဟိုင်က မြေပြင်ပေါ်မှာ ကျနေတဲ့ နံပါတ် ၆ ရဲ့ နှင်းသံမဏိဓားကို အတွင်းအားနဲ့ ဆွဲငင်ယူလိုက်ပြီး တစ်ဆက်တည်း လီဖူချန်းကို ပစ်ပေါက်လိုက်ပါတယ်။
ရှူး ...
နှင်းသံမဏိဓားက လေထု အေးစက်စက်ကို ထိုးဖောက်သွားပြီး လီဖူချန်းဆီကို မြားတစ်စင်း အလား ထွက်သွားပါတော့တယ်။ နှင်းသံမဏိဓားရဲ့ အပေါ်ယံ မျက်နှာပြင်မှာတော့ အနက်ရောင် ချီစွမ်းအားတွေ လွှမ်းခြုံ ထားတာပေါ့လေ။
ကျန်းတဟိုင်က တကယ်ကို အဆင့်မရှိတဲ့ ကောင်ပါပဲ။
သူနဲ့ လီဖူချန်းက အဆင့် ၃ ဆင့် ကွာနေတာကို သိတာတောင် အရှက်မရှိ အလစ်တိုက်လိုက် ပါသေးတယ်။ နှင်းသံမဏိဓားက လျှပ်စီးလက်သလိုပဲ လီဖူချန်းဆီကို ပြေးဝင်လာပါပြီ။ လီဖူချန်း နေရာမှာ တခြားလူ ဆိုရင်တော့ ဒီအလစ်အငိုက် တိုက်ခိုက်တာက အောင်မြင်ရင် အောင်မြင်ပါလိမ့်မယ်။
ဒါပေမဲ့ အခုက လီဖူချန်းပါ။
ကျန်းတဟိုင်ရဲ့ အလစ်အငိုက်ဖမ်း တိုက်လိုက်တဲ့ နှင်းသံမဏိဓားက ပစ်မှတ်ကို ရှာမတွေ့ သွားပါဘူး။
လီဖူချန်းက သူ့ရဲ့ ဘယ်ဘယ်လက်ညှိုးနဲ့ လက်ခလယ်ကို အသုံးပြုပြီး ဓားထိပ်ဖျားကို ညှပ်ပြီး ဖမ်းထားလိုက်ပါတယ်။
အရှိန်ပြင်းစွာနဲ့ လျင်မြန်စွာ လာနေတဲ့ နှင်းသံမဏိဓားက လီဖူချန်းရဲ့ လက်ချောင်းတွေ ကြားမှာတော့ တိခနဲ ရပ်သွားပါပြီ။ ဓားမှာရှိနေတဲ့ ချီစွမ်းအင်တွေ ကလည်း ပျောက်ကွယ် သွားကုန်ပါတယ်။ ကျန်းတဟိုင်ကတော့ ပါးစပ်ကြီး အဟောင်းသားဖြင့်
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”
နံပါတ် ၆ ကလည်း ကြောင်အအ ဖြစ်နေတာပေါ့လေ။
“မင်းပစ္စည်း မင်းပြန်ယူလိုက်”
လီဖူချန်းက ဓားကို တောက်ထုတ်လိုက်ပါတယ်။ နှင်းသံမဏိဓား ကျန်းတဟိုင် ပစ်လိုက်တဲ့ အရှိန်ထက် ပိုမြန်တဲ့နှုန်းနဲ့ လာရာလမ်းအတိုင်း ပြန်လာခဲ့ပါတယ်။
အား …
ဓားက ကျန်းတဟိုင်ရဲ့ ရင်အုပ်ကို ထိုးစိုက်သွားပြီး သွေးတွေ တစ်သွင်သွင် စီးကျ လာစေပါတယ်။
“ပြေးရမယ်”
ဒါက ကျန်းတဟိုင်ရဲ့ ခေါင်းထဲကို ပထမဆုံး ဝင်လာတဲ့ အတွေးပါ။ သူက လီဖူချန်းကို ထပ်ပြီး တိုက်ခိုက်ဖို့ မစဉ်းစားတော့ပါဘူး။ သူ့ရဲ့ နှစ်ပေါင်းများစွာသော အတွေ့အကြုံတွေက လီဖူချန်းက ဘယ်လောက် ကြောက်စရာကောင်းသလဲ ဆိုတာကို သတိ ပေးနေတယ်လေ။ သူထွက်ပြေးကို ပြေးမှ ရမှာပါ။
တစ်ဖက်လူက တကယ့် နတ်ဆိုးဘုရင် ဝင်စားပြီး မွေးဖွားလာသလိုပါဘဲ။ သူအားကုန် ပစ်လိုက်တဲ့ ဓားကိုတောင် လက်နှစ်ချောင်းတည်းနဲ့ ဖမ်းလိုက်တာဆိုတော့ သူ မပြေးရင် သူရူးနေလို့ ပါပဲ။
“မင်းပြေးလို့ လွတ်မယ် ထင်နေတာလား”
ခန္ဓာကိုယ် တစ်ချက် လှုပ်လိုက်တာနဲ့ လီဖူချန်းက ကျန်းတဟိုင်ရဲ့ ပြေးလမ်းအရှေ့မှာ ပေါ်လာပါတယ်။
“မင်းသေလိုက်စမ်း”
ကျန်းတဟိုင်က မျက်လုံးတွေ နီရဲနေပြီး ရူးမတတ် ဖြစ်နေပါပြီ။ သူက သူ့ရဲ့ အတွင်းအားတွေကို အကုန် ထုတ်ဖော်လိုက်ပါတယ်။
သူ့ရဲ့ ခန္ဓာကိုယ် ခံနိုင်ရည်ကို အဆုံးစွန်အထိ ထုတ်လိုက်တာ ဖြစ်တဲ့အတွက် ဒွါရ ၇ ပေါက်က နေတောင် သွေးတွေ စီးကျလာတဲ့ အထိပါပဲ။
သူ့ရဲ့ ရင်အုပ်ကနေလည်း သွေးတွေက စီးကျနေသေးတာ ဖြစ်တဲ့အတွက် သူ့ကို ကြည့်ရတာ မတရား သတ်ဖြတ် ခံလိုက်ရတဲ့ ဝိညာဉ်တစ်ကောင်က သွေးကြွေး ပြန်တောင်းနေသလို ပုံတောင် ပေါက်နေပါတယ်။
ထို့နောက်မှာတော့ ကျန်းတဟိုင်က လီဖူချန်းကို ခုန်အုပ်ပြီး တိုက်ခိုက် လိုက်ပါတော့တယ်။
ရွှမ်း ...
အသံနဲ့အတူ တစ်ပြိုင်နက် ခေါင်းတစ်လုံးက လေထဲကို မြှောက်တက်သွားပါတယ်။ လီဖူချန်းက သူ့ရဲ့ ဓားကို ဘယ်အချိန်က ထုတ်လိုက်ပြီး ခုတ်ချလိုက်မှန်းတောင် မသိပါဘူး။
ကျန်းတဟိုင်ရဲ့ ဦးခေါင်းမဲ့နေတဲ့ ခန္ဓာကိုယ်ကြီးကတော့ မြေကြီးပေါ်မှာ ဒူးထောက်သား ရှိနေပါပြီ။ လီဖူချန်းရဲ့ ဓားချက်ကို ညွှန်းဆိုရမယ် ဆိုရင် လေညင်းလေးတစ်ခုက ကျီစယ်ပြီး တိုက်ခတ်သွားတဲ့ အတိုင်းပါဘဲ။
ကျန်းတဟိုင်ဆို သူ သေသွားတာကိုတောင် သိလိုက်မယ့်ပုံ မပေါ်ပါဘူး။
“အရမ်းညံ့တယ်”
လီဖူချန်းက ခေါင်းကို တွင်တွင်ခါနေပြီး စိတ်ပျက်လက်ပျက် ရှိနေသည့် ပုံဖြင့် မတ်တတ် ရပ်နေပါတယ်။
တကယ်လို့သာ တခြား တစ်ယောက်ယောက်က လီဖူချန်းရဲ့ မှတ်ချက်ကိုကြားရင် လီဖူချန်းရဲ့ ဖင်ကို ဆောင့်ကန်ချင် ကန်သွားမှာပါ။
(ကျန်းတဟိုင်က ညံ့တာ မဟုတ်ဘူးကွ။ မင်းကိုက အရမ်း ကြမ်းလွန်းနေတာ)
ကျန်းတဟိုင်က အဝါရောင်အဆင့် ဓားသိုင်းကိုပဲ ကျင့်ဖူးတာလေ။
လီဖူချန်းက ဆန်းကြယ်အဆင့် ဓားသိုင်းကိုတောင် အောင်မြင်ပြီးသား။
ပြီးတော့ လီဖူချန်းက ကြက်သွေးရောင် လျှို့ဝှက်မီးတောက် ကျင့်စဉ်အဆင့် ၁၀ ကိုတောင် ရောက်ခဲ့ပြီးပြီ။ ဘယ်လိုလုပ် အဆင့်လေး ၃ ဆင့် ကွာတာကို စကားထဲ ထည့်ပြောလို့ ရမှာလဲ။
ပြီးတော့ လီဖူချန်း ကျင့်ခဲ့တဲ့ အဝါရောင် အထွတ်အထိပ်အဆင့် ဓားသိုင်းတွေ အကုန်လုံး တစ်ဖက်ကမ်းခတ်တဲ့ အဆင့်အထိ ရောက်နေ ပြီးသားလေ။
ကျန်းတဟိုင်က သူ့မှာ တစ်ခုတည်းရှိတဲ့ မိုးတိမ်တောင်ထွတ် ဓားသိုင်းကိုတောင် ပြီးပြည့်စုံခြင်း အထိပဲ လေ့ကျင့်နိုင်သေးတာ။ လီဖူချန်းကို ဓားသိုင်းမှာမီဖို့ အဆင့် ၃ ဆင့် လိုနေပါသေးတယ်။
ကျင့်ကြံခြင်း အဆင့်ကလွဲရင် ကျန်းတဟိုင်က လီဖူချန်းကို ဘယ်နေရာမှာမှ မယှဉ်သာပါဘူး။
“ဒါမှမဟုတ် ငါများ အရမ်းတော်နေလို့ များလား”
အဆင့်နိမ့်တန်း တာဝန်ကို ဓားတစ်ချက်နဲ့ပဲ ရှင်းလိုက်ရတဲ့ အတွက် လီဖူချန်းက ဂိုဏ်းတော်ကို တော်တော်ကြီး စိတ်ပျက်နေပါပြီ။
(ငါက ငါ့ဓားသိုင်း တိုးတက်ချင်လို့ အပြင်လောကကို ထွက်လာခဲ့တာလေ။ အခုတော့ ဓားတစ်ချက်ပဲ သုံးလိုက်ရတယ် တဲ့လား။ တာဝန်ခွဲဝေရေး ဌာနက အကြီးအကဲတွေ ဦးနှောက် မကောင်းတော့တာ များလား)
တော်တော်ကြာကြာ စဉ်းစားပြီးတဲ့ နောက်မှာတော့ လီဖူချန်းက ဖြစ်နိုင်တာ တစ်ခုကို စဉ်းစား မိသွားပါပြီ။
“အေးလေ။ ငါကလည်း သာမန်လူမှ မဟုတ်တာ။ အပြင်စည်းဂိုဏ်းရဲ့ ရာစုနှစ်တွေ အတွင်းမှာ အတော်ဆုံး တပည့်ပဲမဟုတ်လား။ ပြီးတော့ အတွင်းစည်းဂိုဏ်းရဲ့ ပထမတန်းစား တပည့်လေ”
“ကျွန်တော့်အသက်ကို ကယ်တင် ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သူရဲကောင်းလေး”
တပ်သားတွေထဲမှာ မသေဘဲ ကျန်ခဲ့တဲ့ နံပါတ် ၆ က လက်နှစ်ဖက်ကို ဆုပ်ပြီး လီဖူချန်းကို တရုတ်ရိုးရာ အရိုအသေ ပေးနည်းနဲ့ အရိုအသေ ပေးလိုက်ပါတယ်။
သူ့ရဲ့ အမြင်မှာတော့ ကျန်းတဟိုင်ကို ဓားတစ်ချက်တည်းနဲ့ ခေါင်းဖြတ် လိုက်နိုင်တဲ့ လီဖူချန်းက မိုးပြာရောင်ဂိုဏ်းရဲ့ တကယ့် ပြိုင်ဘက်ကင်း စာရင်းထဲက ပါရမီရှင်တစ်ယောက် ဖြစ်ကို ဖြစ်ရမယ်လို့ တွက်ထား ပြီးပါပြီ။
ဒီလို မိုးပြာရောင်ဂိုဏ်းက ပြိုက်ဘက်ကင်းအဆင့် ပါရမီရှင် တစ်ယောက်ရဲ့ အဆင့်အတန်းက ဟိုင်ရှီမြို့စား ထက်တောင်မှ ကြီးမြတ် ပါသေးတယ်လေ။
"အဲဒီလောက်ကြီး အရိုအသေ မပေးပါနဲ့ဗျာ။ ကျွန်တော်က ဂိုဏ်းကပေးတဲ့ တာဝန်ကို ထမ်းဆောင်ရုံ သက်သက်ပါပဲ”
လီဖူချန်းက ကျန်းတဟိုင်ရဲ့ ကိုယ်ပေါ်မှာ မြန်မြန်ဆန်ဆန်ပဲ ရှာဖွေလိုက်ပါတယ်။ သိပ်မကြာခင်မှာဘဲ ရွှေပြား တစ်သောင်းတန်တဲ့ ကတ်ပြားနှစ်ပြားကို ရှာဖွေ တွေ့ရှိပါတယ်။ မိုးပြာရောင် ဂိုဏ်းနယ်မြေမှာပဲ ဖြစ်ဖြစ်၊ အခြား နယ်မြေတွေမှာပဲ ဖြစ်ဖြစ် ရွှေတိုက်က တစ်ခုပဲ ရှိပါတယ်။
အဲဒီရွှေတိုက် နာမည်က ဝမ်းထုံ ရွှေတိုက်ပါ။ ဒီရွှေကတ်ပြားနဲ့ဆိုရင် ကြိုက်တဲ့ ဝမ်းထုံ ရွှေတိုက်ခွဲတွေမှာ ရွှေပြားတွေနဲ့ လဲလှယ်လို့ ရပါတယ်။
"သူရဲကောင်းလေး ... ကုန်သည်ကြီးဝမ်က ကျန်းတဟိုင်အတွက် ရွှေပြား ၅၀၀၀၀ ဆုကြေး ထုတ်ထားပါသေးတယ်။ သူရဲကောင်းလေးက ကျန်းတဟိုင်ကို သတ်လိုက်မှတော့ ဟိုင်ရှီမြို့မှာ ဝင်ပြီး ဆုကြေးငွေ ၅၀၀၀၀ကို ထုတ်ယူလိုက်ပါလား”
နံပါတ်၆က ဆုကြေးငွေ၅၀၀၀၀ကို မလိုချင်လို့တော့မဟုတ်ပါဘူး။
ဒါပေမဲ့ ဒီအကြောင်းကို လီဖူချန်းကို ပြောပြပြီး သူတို့ရဲ့ ဆက်ဆံရေးကို ရင်းနှီးအောင် လုပ်လိုက်တာက ပိုပြီးကောင်းမွန်တဲ့ အခွင့်အရေး ဆိုတာကို သူက ကောင်းကောင်းကြီး နားလည် သဘောပေါက် ထားတယ်လေ။
လီဖူချန်းက သူ့အပေါ် အကောင်းမြင်သွားရင် နောင်တစ်ချိန်မှာ အများကြီး သူ့အတွက် အထောက်အကူ ဖြစ်လာပါလိမ့်မယ်။
“သြော် ... အဲဒီလိုဆုငွေ ထုတ်ထား သေးတာလား”
လီဖူချန်းက မျက်လုံးတွေ အရောင်တောက်သွားပါတယ်။ ဝရမ်းထုတ် ခံထားရတဲ့ လူဆိုးတွေဟာ သတ်မှတ်တဲ့ ဆုကြေးတွေ ရှိပါတယ်။ ဒါကို ကုန်သည်ကြီးဝမ်က ထပ်ပြီးဆုငွေ ထုတ်ထားတယ် ဆိုတော့ လီဖူချန်းအနေနဲ့ ပွပြီးရင်း ပွပါပဲ။
လီဖူချန်းလို ငမွဲကလည်း အလကားရတဲ့ ရွှေပြားတွေကို လက်လွှတ်ခံမယ့် သူလည်း မဟုတ်ပါဘူး။
ဒဏ်ရာ အပြင်းအထန်ရပြီး မေ့မျောနေတဲ့ တပ်သားကို ပွေ့လိုက်ရင်းနဲ့ နံပါတ် ၆ ကျန်တဲ့ သေဆုံးသူတွေကို ဦးညွှတ် အရိုအသေ ပေးလိုက်ပါတယ်။
“ညီအစ်ကိုတို့ … ငါ့မှာ ရွေးချယ်စရာလမ်း မရှိတော့လို့ပါ”
သူက ဒီအလောင်းတွေကို သူနဲ့အတူ သယ်သွားဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် မသေသေးတဲ့ တပ်သားကိုပဲ ပြန်သယ်သွား နိုင်ပါတယ်။ ကျန်တဲ့ တပ်သားတွေရဲ့ အလောင်းကိုတော့ ဒီတောထဲမှာပဲ ပစ်ထား ခဲ့ရတော့မှာပါ။
“ငါသူတို့ကို သယ်ခဲ့လိုက်မယ်”
လီဖူချန်းက နံပါတ် ၆ ကို ပြန်ကူညီ လိုက်ပါတယ်။ နံပါတ် ၆ သာ သတိမပေးခဲ့ရင် ရွှေပြား ၅၀၀၀၀ မရဘဲ နေမှာလေ။ ကျန်းတဟိုင်ရဲ့ အလောင်းအပါအဝင် စုစုပေါင်း အလောင်း ၆ လောင်းကို လီဖူချန်းက အိတ်ကြီး တစ်ခုထဲမှာ ထည့်ပြီး ထမ်းလာခဲ့ပါတယ်။
ဒီအလောင်းတွေရဲ့ အလေးချိန်က ကီလို ၁၀၀၀ လောက်တောင် မရှိတဲ့အတွက် သူတို့ကို သယ်လာရတာက လီဖူချန်းအတွက် ပေါ့တောင် ပေါ့နေပါသေးတယ်။
ထပ် … ထပ် … ထပ် …
သူတို့ရဲ့ အပြန်လမ်းမှာတော့ ကင်းမြီးကောက်ကြီး တစ်ကောင်က သူတို့ကို နှောင့်ယှက်ဖို့ ကြိုးစား လိုက်ပါသေးတယ်။
အဲဒီ ကင်းမြီးကောက်က အဆင့် ၂ အမျိုးအစားထဲက အနိမ့်စား သားရဲတစ်ကောင်ပါ။ တစ်ဆွေ့ခုန်လို့လည်း ခေါ်ပါတယ်။ တစ်ဆွေ့ခုန် ကင်းမြီးကောက်တွေက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်က စစ်သည်တော် ပညာရှင်တွေကိုတောင် အလွယ်တကူ သေနိုင်စေပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ကို မာကျောလှတဲ့ အကြေးခွံတွေနဲ့ ဖုံးအုပ်ထားတဲ့အတွက် စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် နိမ့်တန်းက သူတွေရဲ့ တိုက်ခိုက်မှုကိုတောင် လုံးဝ မမှုပါဘူး။
ဒီ သုံးမီတာလာက်ရှိတဲ့ ကင်းမြီးကောက်ကြီးက ခေါင်းကို မော့လိုက်ပြီး လီဖူချန်းနဲ့ နံပါတ် ၆ ဆီကို အဆိပ်ငွေ့တွေ မှုတ်ထုတ်လိုက်ကာ စတင် တိုက်ခိုက်လိုက်ပါတယ်။
ကင်းမြီကောက်ကြီးရဲ့ ပတ်လည် ၇ မီတာလောက် အတွင်းက သစ်ပင်တွေတောင်မှ ညှိုးနွမ်း ခြောက်ကပ်ပြီး သစ်ရွက်တွေတောင်မှ ကြွေကျလာကုန်ပါပြီ။
ရွှမ်း ...
ဒါပေမဲ့ ဓားအိမ်ထဲက ဓားဆွဲထုတ်သံ တစ်သံ ကြားရပြီး နောက်မှာတော့ တစ်ဆွေ့ခုန် ကင်းမြီးကောက်ကြီးရဲ့ ခေါင်းဟာ မြေပြင်ပေါ်ကို ပြတ်ကျသွားပါတော့တယ်။
“ကဲ … ကဲ … ငါတို့လမ်းကို ထပ်ဆက်ရအောင်”
လီဖူချန်းက ဒီကင်းမြီးကောက်ရဲ့ အစိတ်အပိုင်းတွေကို စိတ်မဝင်စားပါဘူး။
ဒီကင်မြီးကောက်ကြီး တစ်ကောင်လုံးကိုယူပြီး သွားရောင်းရင်တောင်မှ ရွှေပြား ၁၀၀ လောက်ပဲ ရမှာလေ။ နံပါတ် ၆ ကတော့ စိတ်ပျက်သွားပါတယ်။ ရွှေပြား ၁၀၀ ကို လမ်းပေါ်မှာ သူက ဒီအတိုင်း မထားသွားချင်ပါဘူး။
နောက်ဆုံးမှာတော့ နံပါတ် ၆ နဲ့ လီဖူချန်းတို့ဟာ ပြန်လမ်းမဲ့ တောအုပ်ထဲကနေ ထွက်လာပြီး ဟိုင်ရှီမြို့ကို ရောက်လာခဲ့ကျပါပြီ။
မိုးပြာရောင်ဂိုဏ်းရဲ့ အတွင်းစည်းတပည့် ဆိုတဲ့ ဂုဏ်ကြောင့် ကုန်သည်ကြီးဝမ်က မဆိုင်းမတွဘဲ ရွှေပြား ၅၀၀၀၀ ကို လီဖူချန်းကို ထုတ်ပေးပါတယ်။
ကုန်သည်ကြီးဝမ်ရဲ့ တောင်းဆိုချက်ကြောင့် လီဖူချန်းက ကျန်းတဟိုင်ရဲ့ အလောင်းကို သူ့ကို ပေးထား ခဲ့လိုက်ပါတယ်။
ကျန်းတဟိုင်ရဲ့ အလောင်းကို ကုန်သည်ကြီးဝမ်က ဘာလုပ်မလဲ ဆိုတာကိုတော့ လီဖူချန်းက စဉ်းစား မနေချင်တော့ပါဘူး။
ဟိုင်ရှီမြို့စားမင်းက လီဖူချန်းကို တစ်ရက်လောက်နေဖို့ တောင်းဆိုသော်လည်း လီဖူချန်းက အားနာပါးနာနဲ့ ငြင်းလိုက်ရပါတယ်။
“ရွှေပြား ၇၀၀၀၀ ကို ဒီလိုလေး လုပ်လိုက်တာနဲ့ ရှာလို့ ရတယ်လား”
လီဖူချန်းက ဂိုဏ်းတော်က ပေးအပ်တဲ့ တာဝန်တွေကို လုပ်ဆောင်ရတာကိုတောင် စပြီး ကြိုက်လာ သလိုလိုပါဘဲ။ သူ့လက်ရည်ကိုလည်း သွေးလို့ ရတဲ့အပြင် ပိုက်ဆံလည်း ရှာလို့ရတယ်။
ပြီးတော့ ထောက်ပံ့ရေး ရမှတ်တွေပါ ရဦးမယ်။ လီဖူချန်းအဖြစ်က ညီမချောလေးတွေ အများကြီးရှိတဲ့ အစ်မကြီးကို ကြိုက်လိုက်ရ သလိုပါဘဲ။ ခေါင်ထိ အကုန်စားပါ။ တစ်ချက်ခုတ် သုံးချက်ပြတ်ပါ။ ခဲတစ်လုံးနဲ့ ငှက်သုံးကောင် ပစ်သလိုမျိုးပါ။
***