← Chapters

ဗလာနယ်ထဲမှ ပွင့်လန်းလာသော ပန်းတစ်ပွင့်

Vol. 32 Ch. 440

ဗလာနယ်ထဲမှ ပွင့်လန်းလာသော ပန်းတစ်ပွင့်

Vol. 32 Ch. 440

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၊ နန်းစိုက်မြို့‌တော်တွင်

ချင်မူက မြေကြီးအောက်မှ ထိုးထွက်လာခဲ့သည့် နတ်ဘုရားရုပ်တုများကို စစ်ဆေးလေ့လာနေသည်။ အထက်ကောင်းကင်ဘုံနှင့် တိုက်ပွဲပြီးစီးသွားသည်မှာ သုံးလကြာခဲ့ပြီဖြစ်၏။ သုံးလအတောအတွင်း ဒဏ်ရာခဲ့သူများကို ‌ဆေးကုသမှုများ လုပ်ဆောင်ခဲ့ကြရသည်။ ဆေးဆရာကိုယ်တိုင် ကုသပေးသည့်အတွက် အားလုံး အလျင်အမြန် သက်သာလာခဲ့ကြသည်။

ရသေ့ကြီးချင်းယိုက ‌ကျောက်စိမ်းမြို့‌တော်ငယ်ဆီ ပြန်သွားသော်လည်း မကြာခဏ သတင်းလာမေးတတ်သည်။ ကြွက်နတ်မင်းနှင့် မြေခွေးနတ်မင်းက မိုးမခနတ်မင်း၊ အဝါနတ်မင်းနှင့် အဖြူနတ်မင်းတို့၏ ပြာများကို မိုးမခပြည်နယ်သို့ ပြန်သယ်သွားကြသည်။ ဘုရင်ခွန်နှင့် ဘုရင်ရီက ရှုရှန်းဝူ၏ လိပ်ခွံကို ပင်လယ်‌ဒေသရှိ လိပ်နက်မျိုးနွယ်ဆီသို့ ပြန်ပို့ပေးလိုက်ကြ၏။

စည်းကမ်းထိန်းအကြီးအကဲကလည်း လူငယ်ဂိုဏ်းချုပ်၏ ပြာအိုးကို ယူကာ အထွတ်အမြတ်သစ်ပင်‌အောက်တွင် မြှုပ်နှံလိုက်သည်။

ချင်မူကိုယ်တိုင် တာအိုသခင်၏အလောင်းကို တာအိုဂိုဏ်းဆီသို့ ပို့ဆောင်ပေးပြီး အဘိုးကြီးမာက တထာဂတ၏ ဥတုဇရုပ်ကလာပ်တော်ကို မဟာမိုးခြိမ်းသံကျောင်းတော်ထံ ပြန်လည်ပင့်ဆောင်သွားကာ ဗုဒ္ဓတစ်သောင်းစေတီတော်မြတ်၌ ထားရှိတော်မူသည်။

ထုရှင်းဖုန်းလည်း ကျဆုံးခဲ့သော်လည်း သူ၏အလောင်းက မြေအောက်ချော်ရည်ထဲတွင် ရန်သူနတ်ဘုရားနှင့်အတူ မြုပ်နေခဲ့ပြီဖြစ်သည်။ ရသေ့ကြီးချင်းယို မြေအောက်သို့ သွားရောက်သည့်အခါ ထုရှင်းဖုန်းနှင့် အရပ်အတူတူလောက်ရှိသည့် ထုရှင်းဖုန်း၏ ဇနီးသည်ကို မြင်လိုက်ရသည်။ သူမက ထုရှင်းဖုန်း တိုက်ပွဲကျသွားသောနေရာအား ဂါဝရပြုပြီးနောက် ချင်မူကို ပြောလိုက်၏။ “မြေခရီးသွားတွေဟာ ဘယ်တော့မှ ကတိမဖျက်ပါဘူး။ လူသားဧကရာဇ် ကျွန်မတို့ကို ထပ်ဆင့်ခေါ်ရင် လူတစ်ယောက်ကတော့ ရောက်လာပါလိမ့်မယ်”

တိုက်ပွဲပြီးနောက် နတ်သက်ကြွေတောင်ကြော ပျက်စီးသွားသဖြင့် အမှောင်ထုက ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီသို့ ကျူးကျော်လာခဲ့သည်။ ချင်မူက မြေကြီးထဲတွင် စိုက်ခဲ့သော အလံကို သွားကြည့်သည့်အခါ အမှောင်ထုသည် မိုင်တစ်ရာအမှတ်ကို ကျော်ပြီး ပျံ့နှံ့လာခြင်းမရှိသေးကြောင်း တွေ့လိုက်ရ၏။ သူ အနည်းနှင့်အများ စိတ်အေးသွားမိလေသည်။

ငလျင်ဒယ်အိုးကြောင့် ပွင့်ထွက်လာခဲ့သည့် အပေါက်ကြီးမှာမူ ယခုထက်ထိ ပြန်မပိတ်သွားသေးပေ။ ကမ္ဘာခြား၏ အခြေအနေကို မြင်နေရသေးသည်။

ကမ္ဘာခြားမိစ္ဆာများက တစ်စုံတစ်ခုကို ထပ်မံပြင်ဆင်ရင်း အလုပ်များနေကြ၏။

ကျောက်ရုပ်တုများကလည်း နတ်သက်ကြွေတောင်ကြော၏ အပျက်အစီးများအကြား လှည့်လည်သွားလာနေကြသည်။ မကောင်းဆိုးဝါးမိစ္ဆာလည်း တစ်ချက်တစ်ချက် ပေါ်ထွက်လာတတ်သည်။

ဧကရာဇ်အတိုင်ပင်ခံက အင်ပါယာတစ်ခွင်ရှိ ကျောင်းတော်များမှ ကျောင်းသားတို့အား နတ်သက်ကြွေတောင်ကြောဆီသို့ သွားရောက်ကာ အတွေ့အကြုံယူခိုင်းခဲ့သည်။ သူတို့၏တာဝန်က ပေါ်ထွက်လာသော မကောင်းဆိုးဝါးမိစ္ဆာများကို ရှင်းလင်းဖယ်ရှားရန် ဖြစ်ချေရာ နေ့စဉ်နေ့တိုင်း စွန့်စားခန်းများစွာ ကျော်ဖြတ်ကြရလေသည်။ ဤနည်းဖြင့် ကမ္ဘာခြားမှ မိစ္ဆာများအတွက်လည်း အင်အားစုစည်းမိရန် ခက်ခဲလိမ့်မည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အခြေအနေအားလုံး ပုံမှန်ပြန်ဖြစ်သွားပြီး ကျောက်ရုပ်တုများနှင့် ဆန်းကြယ်ရတနာများ ပေါ်ထွက်လာမှုကြောင့် ကျီးလန့်စာစား ရုတ်ရုတ်သဲသဲ ဖြစ်နေမှုများလည်း တဖြည်းဖြည်း ငြိမ်သက်သွားသည်။ သို့ရာတွင် နတ်ဘုရားကျောက်ရုပ်တုများသည် ပျောက်ကွယ်မသွားဘဲ တောင်ကြီးများသဖွယ် မတ်မတ်ရပ်နေကြဆဲ ဖြစ်၏။

ချင်မူ၏ ရှေ့တူရူရှိ ကျောက်ရုပ်တုလည်း ထိုနတ်ဘုရားကျောက်ရုပ်များအနက်မှ တစ်ရုပ်ဖြစ်သည်။ ကျောက်ရုပ်တုသည် အရှေ့ရှိ နန်းစိုက်မြို့တော်အား လှမ်းကြည့်ရင်း မားမတ်စွာ ရပ်လျက်ရှိ၏။ အလွန်မြင့်မားထည်ဝါလှသော အသွင်အပြင်ကြောင့် ဦးနှောက်မရှိသော ပြည်သူတချို့က ၎င်းကို အမွှေးတိုင်များဖြင့် ထွန်းညှိပူဇော်ထားကြသည်။

ချင်မူက ခေါင်းမော့ပြီး ကျောက်ရုပ်တုကြီးကို လေ့လာနေသည်။ သူ့အတွေးများက ကောင်းကင်ယံရှိ တိမ်တိုက်များလို စုဝေးလာလိုက်၊ လွင့်ပါးသွားလိုက် ဖြစ်နေသည်။

“မင်းသိလား၊ ဒီကျောက်ရုပ်တုတွေက အနှေးနဲ့အမြန် အသက်ဝင်လာပြီး ကမ္ဘာကြီးကို ဖျက်စီးကြလိမ့်မယ်” ရှုရှန်းဟွာ၏အသံ ထွက်လာ၍ ချင်မူ လှည့်ကြည့်လိုက်မိသည်။ သူနှင့်သက်တူရွယ်တူ လူငယ်လေးသည် ခရီးဆောင်အိတ်ကို လွယ်၍ လျှောက်လာ၏။ ကျင်းယန်ကလည်း အိတ်သေးသေးလေးတစ်အိတ်ကို ဆွဲကာ သူ့နောက်မှ လိုက်လာသည်။

ရှုရှန်းဟွာက သူ့ဘေးတွင် ရပ်ပြီး ကျောက်ရုပ်တုကြီးအား မော့ကြည့်လိုက်သည်။ “ကပ်ဘေး လွတ်မသွားတဲ့အတွက် လူသားမျိုးနွယ်ရဲ့ ကံကြမ္မာဟာ ဆက်လက်တည်မြဲနေမှာ မှန်တယ်။ ဒါပေမဲ့ စစ်ပွဲတွေ ဖြစ်နေဦးမှာပဲ။ အထက်ကောင်းကင်ဘုံကို ကြားဖြတ်တားနိုင်ခဲ့ပေမယ့် နေ့စဉ်‌နေ့တိုင်း လူတွေ သေနေကြဦးမှာပဲလေ။ အဲဒီလူတွေက နတ်ဘုရားရုပ်တုတွေအတွက် ယဇ်ပူဇော်သလို ဖြစ်လာလိမ့်မယ်။ တစ်နေ့ကျ လိုအပ်တဲ့ စွမ်းအားပမာဏကို စုဆောင်းမိသွားပြီး သူတို့ နိုးထလာကြလိမ့်မယ်။ ဒီကမ္ဘာကြီးကို ဖျက်စီးကြလိမ့်မယ်”

ချင်မူက ကျောက်ရုပ်တုကြီးကို အေးဆေးတည်ငြိမ်စွာ ဆက်ကြည့်နေသည်။ “ငါ သိပါတယ်။ ဧကရာဇ်အတိုင်ပင်ခံလည်း သိတယ်။ ရွာလူကြီးလည်း သိခဲ့တယ်။ ဒါပေမဲ့ ရွေးချယ်စရာမှ မရှိတာ။ ငါတို့ အချိန်ကြာကြာဆွဲထားနိုင်လေလေ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ အင်အားတောင့်တင်းလာလေလေပဲ။ အရင်တုန်းကတော့ ငါတို့မှာ သူတို့ကို ပြန်တိုက်ခိုက်နိုင်တဲ့ အင်အားမရှိခဲ့လို့ အလွယ်တကူ နင်းခြေခံခဲ့ရတယ်။ ဒါပေမဲ့ အချိန်လုံလုံလောက်လောက် ရရင် ငါတို့အကြား သိပ်မကွာတော့တဲ့အထိ အင်အားကြီးလာလိမ့်မယ်။ ရွာလူကြီးလည်း ဒီလိုတွေးခဲ့တယ်။ ဧကရာဇ်အတိုင်ပင်ခံလည်း ဒီလိုတွေးထားတယ်” သူက ရှုရှန်းဟွာကို ကြည့်ကာ ရိုးသားဖြူစင်စွာ ပြုံးပြလိုက်သည်။ “အသက်ရှင်နေသေးသရွေ့ မျှော်လင့်ချက် ရှိသေးတယ် မဟုတ်လား”

သူ့အပြုံးက ကူးစက်လာ၍ ရှုရှန်းဟွာလည်း လိုက်ပြုံးမိသည်။

ကျင်းယန် ရင်ထဲတွင် တစ်မျိုးဖြစ်နေသည်။ ရှုရှန်းဟွာသည် အလွန်လေးနက်သော လူတစ်ယောက်ဖြစ်၍ ပြုံးခဲသော်လည်း ချင်မူနှင့် ဆုံတိုင်း အမြဲပြုံးနေတတ်၏။

ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်တွင် ထူးခြားသော မှော်အစွမ်းတစ်ခု ရှိနေလိမ့်မည်။

ရှုရှန်းဟွာက ငွေထုပ်တစ်ထုပ် ထုတ်ကာ ပြုံးလိုက်သည်။ “မင်းကို အကြွေးပြန်ဖို့ ငါ ဒီကို လိုက်လာခဲ့တာ။ ရော့ ဒါက ငါ တင်နေတဲ့အကြွေး။ အကြွေးဆပ်ပြီးပြီဆိုတော့ ငါ ထွက်သွားတော့မယ်”

ချင်မူ အတန်ငယ် မှင်သက်သွားသည်။ သူက ငွေထုပ်ကို ယူကာ ပြောလိုက်၏။ “နောင်တော်ရှုက ငွေရှာတာ တယ်မြန်တာပဲ”

ရှုရှန်းဟွာက ပြုံးလိုက်သည်။ “အလုပ်ကောင်းကောင်း ရလိုက်လို့ပါ။ ငါ့ပန်းပဲရုံက ဝိညာဉ်လက်နက်တွေက နာမည်တစ်ခု ရလိုက်တယ်လေ။ နောက်တော့ ဧကရာဇ်က လျှို့ဝှက်ဆန်းကြယ်ပုလဲဒူးလေးတွေ ပြန်ပြင်ဖို့ တစ်လောကလုံးမှာ ရှိတဲ့ ပန်းပဲဆရာတွေကို ဆင့်ခေါ်တယ်။ ပန်းပဲဆရာတွေထဲမှာ ငါတစ်ယောက်တည်း ဒူးလေးတွေကို ပြင်ပေးနိုင်ခဲ့ပြီး စစ်တပ်ကိုလည်း ပုံကြမ်းရေးဆွဲပေးနိုင်ခဲ့လို့ ဧကရာဇ်က ငါ့ကို ဆုလာဘ်အများကြီး ချီးမြှင့်လိုက်တာပါ”

“ဒါဆို ဘယ်သွားဖို့ တွေးထားလဲ” ချင်မူ မေးလိုက်မိသည်။

ရှုရှန်းဟွာက ခရီးဆောင်အိတ်၏ ကြိုးကို ခပ်တင်းတင်း ဆုပ်ကိုင်ပြီး ကျင်းယန်နှင့်အတူ ဆိပ်ကမ်းဆီသို့ လမ်းလျှောက်ထွက်သွားသည်။ “ငါက မင်းကို သတ်ဖို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို လာခဲ့တာ။ ပြီးရင် အထက်ကောင်းကင်ဘုံဆီ ပြန်ပြီး အေးအေးဆေးဆေး ဆက်လက်ကျင့်ကြံရမှာ။ ဒါပေမဲ့ မင်းနဲ့ တွေ့ပြီးတဲ့နောက်ပိုင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ လှည့်လည်သွားလာတာက အေးအေးဆေးဆေး တရားထိုင်နေတာထက် ပိုကောင်းတယ်လို့ ခံစားခဲ့ရတယ်”

ချင်မူ သူ့နောက် လိုက်သွားသည်။ ဆိပ်ကမ်းက အလွန်လှမ်းသေးသဖြင့် သူတို့နှစ်ယောက်၏ ခြေလှမ်းခြေကွက်များ ပြောင်းလဲစပြုလာသည်။ နှစ်ယောက်သား တိတ်ဆိတ်စွာ ယှဉ်ပြိုင်နေကြပြန်၏။

“တာအိုနှလုံးသား တိုးတက်လာတဲ့နောက်ပိုင်း ဖြစ်နိုင်တယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးတဲ့ အတွေးအခေါ်တွေကို ငါ စဉ်းစားလိုက်မိတယ်။ ဒါပေမဲ့ လေ့ကျင့်ရေး ပြီးပြီဆိုတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကနေ ထွက်သွားဖို့ အချိန်ကျပြီ”

ရှုရှန်းဟွာက ‌ကောင်းကင်ကို မော့ကြည့်ကာ ပြောလိုက်သည်။ “ငါ့နှလုံးသားထဲမှာ အဖြေမရှိသေးတဲ့ ပဟေဠိတွေ အများကြီး ရှိနေသေးတယ်။ အဲဒီပဟေဠိတွေအတွက် အဖြေတွေကို ရှာရမယ်”

“အထက်ကောင်းကင်ဘုံရဲ့ နတ်ဘုရားအားလုံး သေသွားပြီပဲ။ အထက်ကောင်းကင်ဘုံကို မပြန်တော့ဘူးလား။ အခု ခေါင်းဆောင်မရှိတော့ဘူးဆိုတော့ နောင်တော်ရှု ပြန်ပြီး ကြီးကြပ်ကွပ်ကဲသင့်တယ် ထင်တယ်နော်”

“မပြန်တော့ဘူး” ရှုရှန်းဟွာက ပြောလာသည်။ “အထက်‌ကောင်းကင်ဘုံဆိုတာက အမည်ခံသက်သက်ပဲ။ ဗလာနယ်တစ်ခုထက် မပိုဘူး။ အဲဒီကလူတွေဟာ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်မချနိုင်သလို၊ ကိုယ့်အသက်ကိုလည်း မပိုင်ကြဘူး။ နတ်ဘုရားအစစ်တွေရဲ့ အစောင့်ခွေးသာသာပဲ ရှိကြတယ်။ ဗလာနယ်ထဲမှာ ပွင့်လန်းလာတဲ့ ပန်းတစ်ပွင့်လိုမျိုး ငါလည်း ငါ့လမ်းငါ ရှာရမယ်။ နောင်တော်ချင်၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ငါ့ရဲ့လေ့ကျင့်ရေးက ပြီးဆုံးသွားပါပြီ။ ငါ့နှလုံးသားထဲက ပဟေဠိတွေအတွက် အဖြေရှာဖို့ မဟာမြို့ပျက်ဆီ ငါ သွားချင်တယ်။ မင်းရဲ့ လေ့ကျင့်ရေးကရော ဘယ်လိုလဲ”

ချင်မူ အံ့အားသင့်သွားသော်လည်း ရုတ်တရက် ပြုံးလိုက်သည်။ “ငါ့လေ့ကျင့်ရေးက အခုမှ စတာ”

သူတို့သည် ထူးဆန်းသော ခြေလှမ်းခြေကွက်များဖြင့် ဆိပ်ကမ်းဆီသို့ ဆက်လျှောက်လာခဲ့ကြ၏။ ဆိပ်ကမ်းသို့ ရောက်သည့်အခါ နှစ်ယောက်သား လက်ဝါးချင်းရိုက်လိုက်သဖြင့် မြစ်ပြင်ထက်မှ လှိုင်းလုံးကြီးများ ဝုန်းခနဲ မြောက်တက်သွားသည်။ လေများ ဝေါခနဲ တိုက်ခတ်သွားပြီး ပတ်ဝန်းကျင်တွင် လျှပ်စီးများ ဖြတ်ပြေးသွားလေသည်။

ချင်မူ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ရှုရှန်းဟွာ၏ လက်ဝါးအား ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။ သူတို့နှစ်ယောက် ပခုံးချင်း တိုက်လိုက်ကြသည်။

ရှုရှန်းဟွာက ကျင်းယန်ကို ခေါ်ကာ သင်္ဘောအပေါ် တက်သွားသည်။ သူက ခေါင်းလှည့်ကြည့်ကာ ပြုံးလိုက်၏။ “ငါ မင်းကို ပထမတစ်ခေါက် ရှုံးခဲ့တယ်။ အဲဒီအရှုံးကို ငါ တစ်ချိန်လုံး မှတ်ထားမယ်။ ပြန်လာတဲ့အခါ ဘယ်သူက လောကသခင်ခန္ဓာအတုလဲ အစစ်လဲ ကြည့်ကြတာပေါ့”

ချင်မူက ပြုံးလိုက်သည်။ “မင်းက သေချာပေါက် အတု၊ ငါကမှ အစစ်”

ရှုရှန်းဟွာ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သင်္ဘော၏ ပဲ့ခန်းထဲ ဝင်သွားသည်။

လေသင်္ဘောသည် တစတစ မြောက်တက်လာကာ အဝေးသို့ ပျံသန်းပျောက်ကွယ်သွားတော့၏။

ချင်မူ သူတို့ကို ငေးကြည့်နေမိသည်။ တောက်ပသော နေရောင်ခြည်တန်းများက ဖြာကျလျက်ရှိသည်။ ချင်မူ အကြည့်ပြန်လွှဲလိုက်ပြီး မြို့တော်ကို အပေါ်စီးမှ ကြည့်နေသည့် ကျောက်ရုပ်တုကြီးအား ပြန်ကြည့်လိုက်သည်။ လူဖျင်းများက ကျောက်ရုပ်တုကို အမွှေးတိုင်များဖြင့် ပူဇော်၍ ရှိခိုးဂါဝရပြုရင်း ကောင်းချီးပေးပါရန် ဆုတောင်းနေကြသည်။

အများကောင်းကျိုး သယ်ပိုးခဲ့သူများကိုတော့ မည်သူမှ မသိကြပေ။ ရွာလူကြီး၊ ထုရှင်းဖုန်းနှင့် ကျန်ရှိသူများမှာ ဤပြည်သူပြည်သားများကို ကယ်တင်ရန် အသက်ပေးခဲ့ကြရသော်လည်း မည်သူမျှ မသိကြသည့်အပြင် သူတို့ကို အမွှေးတိုင်ဖြင့် ပူဇော်ရှိခိုးကြသူလည်း မရှိကြပေ။ အခြားတစ်ဖက်တွင် ကမ္ဘာကို ဖျက်စီးရန် ရောက်လာသော ကျောက်ရုပ်တုများ၏ ပတ်ပတ်လည်၌ အမွှေးတိုင်များ ပြည့်နေသည်။ မည်မျှရယ်ဖွယ်ကောင်းလိုက်သနည်း။

“ရှုရှန်းဟွာ ပြောတာ မှန်တယ်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြည်သူပြည်သားတွေဟာ မွေးဖွားကြမယ်။ အိုမင်းကြမယ်။ မနာမကျန်း ဖြစ်ကြမယ်။ သေကြမယ်။ အကုန်လုံးက ကျောက်ရုပ်တုတွေအတွက် ယဇ်ကောင်တွေလို ဖြစ်နေကြလို့ နတ်ဘုရားအစစ်တွေ နိုးထလာမယ့်တစ်နေ့တော့ ရောက်လာဦးမှာပဲ”

ချင်မူ မြို့တော်ဆီသို့ ပြန်လျှောက်သွားသည်။ အဆင့်မြင့်သိုင်းပညာရှင်များစွာမှာ  အချိန်ဆွဲနိုင်ရန်လေးအတွက် အသက်ပေးခဲ့ကြရသည်။ ကျောက်ရုပ်တုများသည် ဦးနှောက်မရှိသော လူပိန်းလူဖျင်းများ၏ အို၊ နာ၊ သေဘေးမှတစ်ဆင့် အနှေးနှင့်အမြန် နိုးထလာပြီး သေမျိုးလောကတစ်ခုလုံးအား အပြတ်ရှင်းပစ်ကြလိမ့်မည်။

‘ငါ လုပ်ရမှာက ဧကရာဇ်အတိုင်ပင်ခံရဲ့ ပြုပြင်ပြောင်းလဲမှု ပိုပြီးကျယ်ပြန့်လာအောင် တွန်းအားပေးဖို့ပဲ။ မီးကို ဆီပူပူထဲမှာ ပိုပြင်းပြင်းလောင်အောင် လုပ်ပေးရမယ်။ ဒီကျောက်ရုပ်တုတွေ နိုးထလာမယ့်နေ့မှာ ငါတို့ အသင့်ဖြစ်နေရမယ်”

နန်းတွင်းကောလိပ်အတွက် နန်းတွင်းကျောင်းသား‌ ရွေးချယ်ရန် အချိန်ပြန်ရောက်လာပြီဖြစ်သည်။ ဤနှစ်တွင် ရွေးချယ်ပွဲသည် ပိုမိုစည်ကား၏။ အနယ်နယ်အရပ်ရပ်မှ ကျောင်းသားပေါင်းထောင်သောင်းချီက မြို့တော်သို့ အပြေးအလွှား ရောက်လာကြသည်။ ဧကရာဇ်မင်းမြတ်နှင့် ဧကရာဇ်အတိုင်ပင်ခံကိုယ်တိုင် နန်းတွင်းကောလိပ်သို့ လာရောက်ခဲ့၏။ တာအိုဂိုဏ်း၏ တာအိုသခင်လင်းရွှမ်၊ မဟာမိုးခြိမ်းသံကျောင်းတော်၏ တထာဂတမာ၊ ကျောက်စိမ်းမြို့တော်ငယ်၏ ရသေ့ကြီးချင်းယိုနှင့် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ချင်မူတို့လည်း တက်ရောက်ကြသည်။

ဧကရာဇ်ယန်ဖုန်းက ကျောင်းသားများစွာ နန်းတွင်းကောလိပ်သို့ စုပြုံဝင်ရောက်နေကြသည်ကို မြင်လျှင် နန်းတွင်းကောလိပ်၏တာဝန်ကို ခွဲဝေပေးရန် စာသင်ကျောင်းများ ဖွင့်လှစ်စေသည်။ မြစ်သင်္ချိုင်းတက္ကသိုလ်၊ မာန်ဟုန်မြစ်တက္ကသိုလ်၊ လီမြစ်တက္ကသိုလ်နှင့် ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ဟူ၍ အသီးသီး တည်ထောင်လိုက်သည်။ အနယ်နယ်အရပ်ရပ်မှ ကျောင်းသားများသည် တက္ကသိုလ်ကြီးလေးခုတွင် စာမေးပွဲ ဖြေဆိုကြရ၏။

တက္ကသိုလ်များက လမ်းစဉ်များ၊ ကျင့်စဉ်သိုင်းကွက်များနှင့် ကောင်းကင်နတ်သိုင်းများကို သင်ကြားပေးပြီး ထူးချွန်သူများအနေဖြင့် နန်းစဉ်အရာရှိများ ဖြစ်လာခွင့်ရှိပေသည်။

ကောင်းကင်နတ်ဆိုးဂိုဏ်းက ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ကို တာဝန်ယူကြီးကြပ်ပြီး ဂိုဏ်းသခင်အနေဖြင့် ချင်မူသည် ပထမအဆင့် ပါမောက္ခချုပ်ဖြစ်လာ၍ အမြင့်စံ စတုတ္ထအဆင့်သို့ ရာထူးတိုးသွား၏။

ထိုကိစ္စအတွက် ချင်မူက အဘွားစစ် နေထိုင်သော နန်းတော်တွင် ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ကို တည်ဆောက်ရန် ကြိုးစားပမ်းစား အားထုတ်သည်။ ပူခြစ်နေသော နွေရာသီရောက်မှ ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ကို တည်ဆောက်ပြီးစီးသည်။ ပညာရေးအတွက် အထောက်အကူပြုမည့် အဆောင်အားလုံး စုံလင်စွာ တည်ရှိ၍ အနယ်နယ်အရပ်ရပ်မှ ပါရမီရှင်အားလုံး ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ကို စိတ်ဝင်စားလာကြ၏။ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ကျောင်းစံအိမ်က ကောင်းကင်တန်ခိုးရှင်ကျောင်းသား ပထမအသုတ် ဖြစ်လာသည်။

ချင်မူက ရှုန်းရှီယွီနှင့် ယွီကျောက်ချင်းကိုလည်း ဖိတ်ခေါ်ကာ အဆောင်မှူးများအဖြင့် စာသင်ပြခိုင်းသည်။ တာအိုသခင်လင်းရွှမ်၊ အဘိုးကြီးမာ၊ ရသေ့ကြီးချင်းယိုနှင့် မြေခွေးနတ်မင်းကိုလည်း အားလျှင် အားသလို ဖိတ်ခေါ်ပေးတတ်ရာ ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်သည် တက္ကသိုလ်များအကြား ကွဲထွက်ကာ ထင်ရှားနေ၏။

တက္ကသိုလ်ဖွင့်သည့်နေ့တွင် ဧကရာဇ်အတိုင်ပင်ခံက လာရောက်လည်ပတ်ပြီး ချီးကျူးသည်။ “ပါမောက္ခချုပ်ရဲ့ ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်က တယ်စည်ကားပါလား”

ချင်မူက ပြုံးလိုက်သည်။ “ကောင်းကင်နတ်မင်း အကြောင်းမရှိဘဲ လာလည်တာတော့ မဖြစ်နိုင်ဘူး။ ဆိုပါဦး ဒီတစ်ခေါက် ဘာကိစ္စကြောင့် ရောက်လာတာလဲ”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက တခဏ ရပ်ပြီးနောက် ပြောလာသည်။ “အထက်ကောင်းကင်ဘုံကို အပြတ်ရှင်းဖို့ ငါ ပြင်နေတယ်။ ဒါပေမဲ့ အနောက်ကမ္ဘာမြေရဲ့ လမ်းကြောတွေကို အရင်ထောက်လှမ်းဖို့ လိုတယ်။ မင်း အနောက်ကမ္ဘာမြေနဲ့ ရင်းနှီးတဲ့သူတစ်ယောက်ယောက်ကိုများ သိသလား”

ချင်မူ အတန်ငယ် အံ့အားသင့်သွားသော်လည်း ရှုန်းရှီယွီကို သတိရလိုက်သည်။

“နန်းဆောင်သခင်မ၊ အနောက်ကမ္ဘာမြေရဲ့ အစစ်အမှန်နန်းတော်ကို ပြန်သိမ်းချင်လား” ဧကရာဇ်အတိုင်ပင်ခံက ဒဲ့မေးလိုက်သည်။

ရှုန်းရှီယွီမှာ အံ့ဩဝမ်းသာသွား၏။ “အစစ်အမှန်နန်းတော်က သစ္စာဖောက်တွေ လက်ထဲ ရောက်နေတာပါ။ ဧကရာဇ်အတိုင်ပင်ခံ ကျွန်မကို ကူညီပြီး ပြန်သိမ်းပေးဖို့ ယုံကြည်ချက်ရှိသလား”

ဧကရာဇ်အတိုင်ပင်ခံက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “နောင်ပြဿနာမဖြစ်ရအောင် အထက်ကောင်းကင်ဘုံကို ကျုပ် သွားချင်တယ်။ အထက်ကောင်းကင်ဘုံက အနောက်ကမ္ဘာမြေမှာ ရှိနေတာဆိုတော့ နန်းဆောင်သခင်မရဲ့ အစစ်အမှန်နန်းတော်ကိုလည်း သွားရင်း ပြန်သိမ်းပေးပါ့မယ်”

ချင်မူ ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားပြီး ရှုန်းရှီယွီဆီ လှမ်းကြည့်လိုက်သည်။ သူမက အံတင်းတင်းကြိတ်ကာ ပြောလိုက်၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာက နှင်းတောင်တန်းတွေနဲ့ မြက်ခင်းလွင်ပြင်ကို သိမ်းပြီးရင် အနောက်ကမ္ဘာမြေကို အနှေးနဲ့အမြန် စစ်ချီတက်လာမှာပါပဲ။ ဒါကြောင့် စစ်မက်မဖြစ်ပွားရအောင် ကျွန်မ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို လိုလိုလားလား အညံ့ခံပါတယ်”

“အဲဒီတိုင်းဆို နန်း‌ဆောင်သခင်မ သွားပြင်ဆင်ပါ။ ကျုပ်တို့ ရက်ပိုင်းလောက်နေရင် ထွက်ကြမယ်။ ဂိုဏ်းသခင်ရော လိုက်ခဲ့ချင်လား။ အနောက်ကမ္ဘာမြေကိုက စစ်တိုက်ဖို့ သွားမှာ မဟုတ်ဘူး၊ လမ်းကြောင်းထောက်လှမ်းဖို့ သွားမှာဆိုတော့ ဂိုဏ်းသခင် ကူညီနိုင်လောက်ပါတယ်”

ချင်မူ ဆုံးဖြတ်ရခက်နေသော်လည်း ရှုန်းရှီယွီက သူ့ကို အားကိုးတကြီး ကြည့်နေသည်။ သူက ပြုံးကာ ပြောလိုက်၏။ “အနောက်ကမ္ဘာမြေကို လိုက်ခဲ့လို့လည်း အကျိုးမယုတ်ပါဘူးလေ။ အဆိပ်ဆရာမ မုယင်ရွှယ်ကိုလည်း ကတိပေးထားတော့ သူနဲ့ တွေ့ရဦးမယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင် မဟာမြို့ပျက်ထဲမှ ကျွန်တော် သွားတွေ့ရမယ့်ဝိညာဉ် ရှိသေးတယ်”

ဧကရာဇ်အတိုင်ပင်ခံက အတန်ငယ် မှင်သက်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။ “ဒါဆို ငါနဲ့ နန်းဆောင်သခင်မ အရင်သွားနှင့်မယ်။ အဲဒီလူကို မင်းတွေ့ရင် ငါ့အစား ကျေးဇူးတင်စကား ပြောပြီး ဂါဝရပြုပေးပါ”

ချင်မူ ခေါင်းညိတ်လိုက်သည်။

All Chapters