← Chapters

မီးကန္တာရ

Vol. 32 Ch. 441

မီးကန္တာရ

Vol. 32 Ch. 441

ချင်မူသည် ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်၏ ပါမောက္ခချုပ် ဖြစ်သည့်အတွက် ထွက်မသွားခင် သူ၏တာဝန်များအား တခြားတစ်ယောက်ထံ လွှဲပြောင်းခဲ့ရ၏။ ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်၏ ကျောင်းသားအများစုမှ နတ်ဂိုဏ်းမှ ဖြစ်သလို၊ အဆောင်မှူးများကလည်း နတ်ဂိုဏ်းသားများ ဖြစ်ကြသည်။ သူ မရှိလျှင်တောင်မှ ပြဿနာမရှိသည့်အတွက် ချင်မူအနေဖြင့် စိုးရိမ်စရာမလိုပေ။

သူက နဂါးထိန်းကျမ်းစဉ်ကို စစ်ယွင်ရှန်းလက်ထဲ ထည့်ကာ ရေနဂါးများအား စောင့်ရှောက်ပေးရန် လူရှာခိုင်းလိုက်သည်။

“သူတို့က စွမ်းအင်ဆေးလုံးတွေကို စားတယ်။ ဒါပေမဲ့ အမျိုးအစားမတူရင် စားတဲ့ စွမ်းအင်ဆေးလုံးအမျိုးအစားလည်း မတူဘူး” ချင်မူ ညွှန်ကြားပြသနေသည်။ “အမျိုးအစားတွေနဲ့ လိုအပ်တဲ့ ပမာဏကို ငါ ချရေးပေးထားတယ်။ ကောင်းကင်နတ်မယ်၊ မမေ့နဲ့နော် သူတို့ကို မထိန်းနိုင်ရင် လင်းအာကို ရှာလိုက်။ လင်းအာက  ဒီရေနဂါးတွေကို ထိန်းနိုင်တယ်”

စစ်ယွင်ရှန်းက ပြုံးလိုက်သည်။ “နဂါးထိန်းကျမ်းစဉ် ရှိနေတာပဲ ကျွန်မက မြေခွေးလေးထက် ဘယ်လိုလုပ် နိမ့်ကျနိုင်မှာလဲ။ ရှင် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ရေနဂါးတွေ မခေါ်သွားတော့ဘူးလား။ မြေခွေးလေးကရော လိုက်မှာမဟုတ်ဘူးလား”

“လင်းအာက မြေခွေးနတ်မင်းဆီကနေ မှော်အစီအရင်တွေ သင်ဖို့ ထွက်သွားတယ်။ ငါနဲ့ လိုက်မှာမဟုတ်ဘူး။ အနောက်ကမ္ဘာမြေကို သွားမှာကလည်း လမ်းကြောင်းထောက်လှမ်းရုံသက်သက်ပါ။ အန္တရာယ်ရှိမှာ မဟုတ်ဘူး”

ချင်မူ သူမကို မှာစရာသည်များ မှာပြီးနောက် အဘွားစစ်တို့ကို နှုတ်ဆက်၍ ထွက်ခွာရန် ပြင်သည်။ သူ နဂါးချီလင်ပေါ် တက်ရန် ပြင်လိုက်စဉ်တွင် နဂါးချီလင်ဘေး၌ ထိုင်နေသော အသက်ငါးနှစ်၊ ခြောက်နှစ်အရွယ် ကလေးမလေးတစ်ယောက်ကို တွေ့လိုက်ရသည်။

“ညီမလေးချီအာ၊ နိုင်းခွေနဲ့ အနောက်ကမ္ဘာမြေကို လိုက်မသွားဘူးလား” ချင်မူ ဇဝေဇဝါ မေးလိုက်မိသည်။

ရှုန်းချီအာက ခေါင်းယမ်းပြသည်။ “မယ်မယ်က အစ်ကိုတော်နဲ့ လိုက်လာဖို့ မှာခဲ့တာ။ ဧကရာဇ်အတိုင်ပင်ခံက ရည်မှန်းချက်ပြည့်ဝဖို့ဆို ဘာမဆို စတေးနိုင်တဲ့ သူ,မလို့ မယုံဘူးလို့ ပြောတယ်”

“နိုင်းခွေက အမြော်အမြင်ရှိတာပဲ။ အစ်ကိုနဲ့ လိုက်ခဲ့တာလည်း ကောင်းတယ်။ ဧကရာဇ်အတိုင်ပင်ခံနဲ့ နိုင်းခွေရဲ့ ရည်မှန်းချက်က ကြီးတော့ အစ်ကိုနဲ့ လိုက်ခဲ့တာ ပိုအန္တရာယ်ကင်းလိမ့်မယ်”

ချင်မူ ရှုန်းချီအာကို ချီကာ နဂါးချီလင်၏ ကျောပေါ် တင်လိုက်သည်။ “ဖက်တီးနဂါး၊ ထွက်ကြမယ်”

နဂါးချီလင်က ခြေကုန်သုတ် ပြေးပြီး မီးလျှံတိမ်တိုက်များကို နင်းကာ လေပေါ် ပျံတက်လိုက်သည်။ “ဂိုဏ်းသခင်၊ အခုရက်ပိုင်း သွေးနီမီးလျှံဆေးလုံးအရသာကနေ ထူးဆန်းနေသလိုပဲ။ အရသာ ပြောင်းလိုက်သေးလား”

ချင်မူ ခေါင်းယမ်းလိုက်သည်။ “ဖက်တီးနဂါး၊ ပေါက်ကရတွေ မပြောနဲ့၊ ငါ အရသာပြောင်းလိုက်ရင် မင်းက မသိမှာကျလို့”

နဂါးချီလင် တွေဝေနေသည့်အချိန် ရှုန်းချီအာက တအံ့တဩ ပြောလိုက်သည်။ “ဖက်တီးနဂါးက အရင်တစ်ခေါက်နဲ့စာရင် အများကြီးမြန်လာတာပဲ။ ဗိုက်ကြီးလည်း အရင်လောက် မပူတော့ဘူး”

သူမစကားက နဂါးချီလင်၏ သံသယများကို ပိုမိုကြီးထွားလာစေသည်။ သွေးနီမီးလျှံဆေးလုံးများ စားတိုင်း ဆေးလုံးတစ်လုံးချင်း နွှာ၍ ချင်မူ တစ်ခုခုလုပ်ထားသည်လား သူ ကြည့်ခဲ့သော်လည်း မူမမှန်သည့်အရာတစ်ခုမှ မတွေ့ခဲ့ရပေ။

ချင်မူ ပြုံးလိုက်သည်။ သွေးနီမီးလျှံစွမ်းအင်ဆေးလုံးနှင့် မီးဓာတ်ကောင်းကင်အားဖြည့်ဆေးလုံးများကို သူ အဆင့်မြှင့်ထားခြင်းဖြစ်၏။ အရသာက အနည်းငယ် စပ်ရုံမှအပ သွေးနီမီးလျှံစွမ်းအင်‌ဆေးလုံးနှင့် တူသည်။ နဂါးချီလင်အနေဖြင့် အရသာလွဲနေကြောင်း ပြောနိုင်သော်လည်း အကြောင်းရင်းကို သိမည်မဟုတ်ပေ။

နဂါးချီလင်သည် များစွာမြန်လာသလို၊ သက်လုံလည်း ကောင်းလာ၏။ နှစ်ရက်သုံးရက်ကြာသော် သူတို့ မဟာမြို့ပျက်သို့ ‌ရောက်လာကြသည်။ သူ လသင်္ဘောအား ထားခဲ့သည့် နေရာဆီ သွားလိုက်သောအခါ သင်္ဘောနှင့် မလှမ်းမကမ်းတွင် ရွာလူကြီး၏ ကျောက်ရုပ်တုအား တွေ့လိုက်ရသည်။

ထိုနေရာတွင် မိသားစုနှစ်စု ရွာတည်၍ နေ,နေကြသည်ကိုပင် တွေ့လိုက်ရသဖြင့် ချင်မူ အံ့အားသင့်သွားမိသည်။ မိသားစုနှစ်စုသည် အမှောင်ထုကို ဟန့်တားပေးနိုင်သော ကျောက်ရုပ်တုကို တွေ့၍ ကျောက်ရုပ်တုဘေးတွင် လာရောက်နေထိုင်ကြခြင်း ဖြစ်လိမ့်မည်။

သူတို့က နဂါးနှင့်တူသော်လည်း နဂါးမဟုတ်သော၊ ချီလင်နှင့်တူသော်လည်း ချီလင်မဟုတ်သော သတ္တဝါတစ်ကောင်အား ချင်မူ စီးလာသည်ကို မြင်လျှင် ကြောက်ရွံ့လာကြသည်။ ငယ်ငယ်ရွယ်ရွယ် မုဆိုးနှစ်ယောက်က မှိန်းများကို ကောက်ယူ၍ တံခါးဝတွင် အသင့်အနေအထားဖြင့် ရပ်လိုက်ကြသည်။ သူတို့၏ဇနီးသည်များက အနောက်မှ ချောင်းကြည့်နေကြ၏။

ချင်မူ ရပ်လိုက်ပြီး ရှုန်းချီအာကို နဂါးချီလင်ပေါ်မှ ချပေးလိုက်သည်။ သူက မုဆိုးနှစ်ယောက်ကို နှုတ်ဆက်လိုက်၍ မုဆိုးနှစ်ယောက်ကလည်း ပြန်နှုတ်ဆက်သည်။ “နောင်ကြီးက ဓားပြလား”

“ကျွန်တော်က မိတ်ဆွေဟောင်းကြီးကို လာတွေ့တဲ့ ဖြတ်သွားဖြတ်လာတစ်ယောက်ပါ။ မပူပါနဲ့ အန္တရာယ်မပြုပါဘူး” ချင်မူက ရွာလူကြီး၏ ‌ကျောက်ရုပ်တုရှေ့တွင် ရပ်ကာ ယဇ်ပူဇော်သည့်ပစ္စည်းများအား နေရာချလိုက်သည်။ “ဒါက ကျွန်တော့်မိသားစုက ဘိုးဘိုးလေ။ သူ့ကို ဂါဝရပြုဖို့ ဒီလာတာပါ။ သူ့ရဲ့ ဒုက္ခိတခန္ဓာကိုယ်က နောင်ကြီးတို့ကို ကာကွယ်ပေးနိုင်သေးတာ သိရင် သေချာပေါက် ဝမ်းသာသွားလိမ့်မယ်”

သူ အရိုအသေပေးပြီးနောက် ဝိညာဉ်လမ်းညွှန်အစီအရင်ကို ထုတ်လွှတ်လိုက်သည်။ တမုဟုတ်ချင်း တိမ်တိုက်များ မည်းမှောင်အုံ့ဆိုင်းလာပြီး အမှောင်ငွေ့များ အလိပ်လိပ် ထလာသည်။ ဝိညာဉ်လမ်းညွှန်ကြောင့် ရွာအပြင်တွင် အရိုးစုများ ပေါ်လာသော်လည်း ရွာလူကြီး၏ ကျောက်ရုပ်တုမှာ အသက်ဝင်မလာပေ။

များစွာမကြာလိုက်ဘဲ ချင်မူ၏မှော်စွမ်းအင် ကုန်ခမ်းလုနီးပါး ဖြစ်သွားသည်။ သူ ဝိညာဉ်လမ်းညွှန်အစီအရင်ကို ရုပ်သိမ်းတော့မည့်အချိန်မှာပဲ ရွာလူကြီး၏ ကျောက်ရုပ်တုက ရုတ်တရက် လှုပ်လာပြီး ရွှေဒင်္ဂါးတချို့ ထွေးထုတ်ကာ စကားပြောလာသည်။ “မူအာ၊ တစ္ဆေပွဲတော်နေ့၊ လပြည့်ညရောက်ရင် ငါ မင်းကို ငရဲတံခါးဝမှာ စောင့်နေမယ်” ပြောပြီးသည်နှင့် သူက ကျောက်ရုပ်ပြန်ဖြစ်သွားသည်။

ချင်မူ ဖုန်းတုကြေးပြား ရှစ်ပြားကို ကောက်လိုက်သည်။

ရွာသားများမှာ စိတ်ရှုပ်ထွေးနေကြ၏။

ချင်မူက သူတို့ကို ကျေးဇူးတင်ပြီးနောက် ငွေအနည်းငယ်ပေးလိုက်သည်။ “ကျောက်ရုပ်တု မညစ်ပတ်အောင် မကြာခဏ သန့်ရှင်းပေးဖို့ တောင်းဆိုပါတယ်” ပြောပြီးသည့်အခါ သူ လှည့်ထွက်လာသည်။

ရွာသားများက သူ့နောက်ကျောကို ငေးကြည့်နေကြပြီး မိန်းကလေးတစ်ယောက်က ငေးရာမှ အသိဝင်လာသည်။ သူမက ရုတ်တရက် အော်လိုက်၏။ “ဒီကောင်လေးက အဲဒီညတုန်းက သင်္ဘောကို မောင်းလာတဲ့ ကောင်းကင်နတ်ဘုရားနဲ့ မတူဘူးလား”

“ဟုတ်တယ် တူနေတာပဲ။ အဲဒီသင်္ဘောကြီး ငါတို့ရွာပေါ်က ဖြတ်သွားတုန်းက ကောင်းကင်နတ်မင်းတစ်ပါးကို သင်္ဘောပေါ်မှာ ငါ မြင်လိုက်ရတယ်။ သူက ဒီကောင်လေးနဲ့ တစ်ပုံစံတည်းပဲ” မိန်းကလေးတစ်ယောက်က တအံ့တဩ ထပြောသည်။

“ပေါက်ကရတွေ မပြောနဲ့။ သူက ငါတို့ထက်တောင် ငယ်သေးတယ်။ ဘယ်လိုလုပ် အဲဒီသင်္ဘောရဲ့ ကောင်းကင်နတ်မင်း ဖြစ်နိုင်မှာလဲ” မုဆိုးတစ်ယောက်က ပြောလိုက်၏။

...

ချင်မူက ရှုန်းချီအာကို နဂါးချီလင်ပေါ် တက်ကာ အနောက်တည့်တည့်သို့ ထွက်လာခဲ့သည်။

သူတို့က အနောက်ကောင်းကင်နန်းတော်၏ ချိုင့်ဝှမ်းကို ဖြတ်လာကြပြီး ထွက်မသွားခင် နန်းတော်၏ အပျက်အစီးများကို ကြည့်ရှုနေကြလေသည်။ ဆယ်ရက်ကျော် ကြာသည့်အခါ မဟာမြို့ပျက်၏ အနောက်ဘက်အကျဆုံးအပိုင်းသို့ သူတို့ ရောက်လာကြ၏။ ထိုနေရာတွင် တောင်တန်းတစ်တန်း ရှိနေသည်။ နှင်းဖုံးနေသော တောင်များက မဟာမြို့ပျက်ကို အနောက်ဘက်မှကာဆီးထား၏။

“ဒီမှာလည်း နတ်သက်ကြွေတောင်ကြော ရှိနေတာလား”

ချင်မူ နဂါးချီလင်ကို စီး၍ တောင်ထိပ်တစ်ခုအပေါ် တက်လိုက်သည့်အခါ ပုလဲဒူးလေးတစ်လက်မှ မြားတစ်စင်းက လေဟုန်ခွင်း၍ ရွှစ်ခနဲ ပြေးဝင်လာသည်။ နဂါးချီလင်က မြားကို ခြေသည်းများဖြင့် ဆုပ်ဖမ်းလိုက်၏။ ဖမ်းပြီးနောက် သူ အလန့်တကြား ခုန်ပြီး အော်ဟစ်လိုက်မိသည်။ “ဂိုဏ်းသခင်၊ ကျွန်တော် သန်မာလာတယ်”

ချင်မူ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာတွင် သူတို့ရှိရာဘက်သို့ အလိုအလျောက် လှည့်လာသော ပုလဲဒူးလေးကြီးများအား မြင်လိုက်ရသည်။ “ဖက်တီးနဂါး၊ မြန်မြန်ပြေး”

ထွမ်

လျှို့ဝှက်ဆန်းကြယ်ပုလဲဒူးလေးများ၏ စွမ်းအားက တရှိန်ထိုး ထွက်ပေါ်လာပြီး မြားတန်းများနှင့်အတူ ဆီးနှင်းများ လိုက်ပါလာသည်။ နဂါးချီလင်က လွှားခနဲ ခုန်ပျံကာ တောင်တစ်ဖက်ခြမ်းသို့ ရောက်သွားသည်။

မယုံနိုင်လောက်အောင် ကြီးမားလှသည့် မြားတန်းများက ရေခဲဆူးများအသွင် ဖွဲ့ကာ သူတို့ဆီ ပြေးဝင်လာကြသည်။ နဂါးချီလင် ကျယ်လောင်စွာ ဟိန်းလိုက်သည့်အခါ သူ့အနောက်တွင် မီးတောက်မီးလျှံ အလျှံတညီးညီး တောက်လာ၏။ မီးတိမ်တိုက်များကြောင့် မြားများ လောင်ကျွမ်းကုန်သည်။ သို့သော် အရည်မပျော်သွားသည့် ရေခဲဆူးများက သူတို့ဆီ တန်းတန်းမတ်မတ် ပြေးဝင်လာကြသည်။

ချင်မူ ဓားသိုင်းကို လက်ဖြင့် ထုတ်ဖော်လိုက်သည့်အခါ ဓားအလက်ရှစ်ထောင်က ကောင်းကင်ယံကို ပျံတက်သွားပြီး ရေခဲဆူးများအား ခုတ်ပိုင်းချလိုက်၏။

နဂါးချီလင်က တောင်အောက်ပြေးဆင်းသွားပြီး ရေခဲဆူးများက မိုးပေါက်များသဖွယ် ရွာကျလာသည်။ တောင်အောက်ရောက်မှ မြားများ ရပ်တန့်သွားတော့သည်။

ချင်မူမှာ သက်ပြင်းချလိုက်သည့်အချိန်မှာပဲ သူ့မျက်နှာကို လာရိုက်သည့် အပူလှိုင်းများအား ခံစားလိုက်ရသည်။ သူ ရှေ့သို့ လှမ်းကြည့်ရာတွင် မျက်စိတဆုံး ကျယ်ပြန့်နေသော ကန္တာရတစ်ခုကို မြင်တွေ့ရ၏။ မီးတောက်မီးလျှံများက ကန္တာရထဲတွင် တဟုန်းဟုန်း တောက်လောင်နေပြီး ကောင်းကင်တစ်ပြင်လုံး နီစွေးနေသည့်တိုင်အောင် မီးမြှိုက်နေသည်။

ချင်မူ နောက်လှည့်လိုက်သည့်အခါ နှင်းတောင်တန်းက သူ့အနောက်၌ ရှိနေသည်။

“မီးကန္တာရကို ဖြတ်ပြီးရင် အနောက်ကမ္ဘာမြေကို ရောက်ပြီ” ရှုန်းချီအာက ကျယ်လောင်ပြတ်သားသောအသံဖြင့် ပြောလာသည်။ “အနောက်ကမ္ဘာမြေက ဒီအနောက်တည့်တည့်မှာပဲ”

ချင်မူမှာ စိတ်ရှုပ်ထွေးနေမိသည်။ “အနောက်ကမ္ဘာမြေနဲ့ မဟာမြို့ပျက်ကြားမှာ ဘာလို့မီးပင်လယ်တစ်စင်း ရှိနေတာလဲ။ မီးတောက်တွေက ဘယ်က ရောက်လာတာလဲ”

“မယ်မယ်ပြောတာတော့ မဟာမြို့ပျက်ရဲ့ အစွန့်ပစ်ခံလူတွေ ထွက်မလာနိုင်အောင် နတ်ဘုရားတွေက ဒီမီးတောက်တွေကို ဖန်တီးခဲ့တာတဲ့” ရှုန်းချီအာက ရုတ်တရက် မီးတောက်များထဲ ခုန်ချလိုက်ရာ ချင်မူ လန့်ဖျပ်သွားသည်။ သူမက ပြုံးပျော်စွာဖြင့် ပြေးလွှားနေ၏။ “ဒီက မီးတောက်တွေ ညီမတော်ကို မထိခိုက်ဘူး။ မဟာမြို့ပျက်ရဲ့ အစွန့်ပစ်ခံလူတွေကိုပဲ မီးမြှိုက်ပစ်တာ။ ညီမတော်တို့အတွက် ဒီမီးတောက်တွေက တစ်စက်မှကို မပူတာ။ ဒါပေမဲ့ မဟာမြို့ပျက်ရဲ့ အစွန့်ပစ်ခံလူတွေအတွက်တော့ ဒီမီးပင်လယ်က သိပ်အန္တရာယ်များတယ်

“မယ်မယ်ပြောတာ ကြားဖူးတယ်။ မဟာမြို့ပျက်ရဲ့ အစွန့်ပစ်ခံလူတွေ မီးကန္တာရထဲ ဝင်လိုက်ရင် သူတို့ရဲ့ မျက်ခုံးနှစ်ဖက်ကြားမှာ မီးတောက်အမှတ်အသားတွေ ပေါ်လာလိမ့်မယ်တဲ့၊ အစွန့်ပစ်ခံလူရဲ့ အဆင့်အတန်းက မြင့်မားလေလေ၊ မီးတောက်များများ ပေါ်လာလေလေပဲ”

ချင်မူ မီးတောက်များကို လှမ်းထိကြည့်သည့်အခါ ဖျင်းခနဲ ပူသွားသည်။ သူ ကပျာကယာ လက်ပြန်ရုတ်လိုက်သော်လည်း လက်ချောင်းများမှာ မီးစွဲလောင်နေသေး၏။

သူက မီးကို ကမန်းကတန်း ငြှိမ်းပြီး မျက်မှောင်ကြုတ်သွားသည်။

မီးကန္တာရသည် မဟာမြို့ပျက်၏လူများအတွက် အမှန်တကယ် အန္တရာယ်များသောနေရာ ဖြစ်သည်။ မီးကန္တရာထဲ ဝင်လိုက်လျှင် တစ်ကိုယ်လုံး လောင်ကျွမ်းပြာကျသွားနိုင်သည်။

“ချီအာ၊ အ‌‌ပေါ်တက်ခဲ့” ချင်မူ၏ ချီစွမ်းအင်က ပြေးလွှားနေသော ကလေးမလေးကို ပွေ့သယ်ပြီး နဂါးချီလင်၏ ကျောပေါ် တင်လိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံနဲ့ နန်းဆောင်သခင်မက ငါတို့ထက် ရက်ပိုင်းလောက် စောပြီး ထွက်သွားတာ။ ငါတို့ ဒီမှာ ကြာကြာနေလို့မဖြစ်ဘူး။ ဖက်တီးနဂါး...”

“အစ်ကိုတော်၊ အစ်ကိုတော့်မျက်နှာ ဘာဖြစ်သွားတာလဲ” ရှုန်းချီအာက ရုတ်တရက် မေးလိုက်သည်။

ချင်မူ သူမကို ကြောင်တောင်တောင် ကြည့်လိုက်မိ၏။ “အစ်ကို့မျက်နှာ ဘာဖြစ်နေလို့လဲ”

“အစ်ကိုတော့်မျက်နှာပေါ်မှာ အမှတ်အသားတွေ အများကြီးပဲ” ရှုန်းချီအာက တအံ့တဩ ထအော်သည်။ “အမှတ်အသားတွေက လူးတောင် လူးလွန့်နေသေးတယ်။ အများကြီးပဲ အများကြီး ထွက်လာနေပြီ။ အစ်ကိုတော် နေမကောင်းဘူးလား။ ဟုတ်သား အစ်ကိုတော်က မဟာမြို့ပျက်ရဲ့ အစွန့်ပစ်ခံလူကိုး.,. ဒါပေမဲ့ မီးအမှတ်အသားတွေက များလွန်းမနေဘူးလား”

ချင်မူမှာ မယုံနိုင်သဖြင့် ဆေးဆရာ ပေးခဲ့သော မှန်ကို ကပျာကယာ ထုတ်လိုက်သည်။ မှန်ကို ကြည့်လိုက်သည့်အခါ သူ့မျက်နှာအပေါ်တွင် အစိမ်းရောင်၊ အနီရောင်အမှတ်အသားများ အမှန်တကယ် ရှိနေသည်ကို မြင်လိုက်ရ၏။ ၎င်းတို့က လူးလွန့်နေသော်လည်း သူ့မျက်နှာထက်၌ ညီတူညီမျှ ပြန့်ကြဲနေသည်။

သူ အင်္ကျီကော်လံကို ဖြဲလိုက်သည့်အခါ ရင်ဘတ်အပေါ်တွင်လည်း အစိမ်းရောင်၊ အနီရောင်အမှတ်အသားများ ရှိနေသည်။

ချင်မူ အင်္ကျီကို ချွတ်လိုက်ပြီး ထောင်ကျယ်အိတ်ထဲမှ မှန်များ ပျံထွက်လာသည်။ မှန်များကို ကြည့်လိုက်ရာတွင် သူ့တစ်ကိုယ်လုံး ပျံ့နှံ့နေသော အမှတ်အသားများကို မြင်လိုက်ရ၏။ သူ့တစ်ကိုယ်လုံးတွင် အစိမ်းရောင်၊ အနီရောင်မီးတောက်များ ဖုံးလွှမ်းနေလေသည်။

ရှုန်းချီအာမှာ ချင်မူ၏ အဝတ်ဗလာ ကိုယ်အပေါ်ပိုင်းကို ကြည့်ရင်း မှင်သက်နေသည်။ မီးတောက်များက သူ့တစ်ကိုယ်လုံးနီးပါး လွှမ်းခြုံထား၏။

‘မယ်မယ်ပြောဖူးတာတော့ အစွန့်ပစ်ခံလူတစ်ယောက်ရဲ့ အဆင့်အတန်း မြင့်မားလေလေ၊ ခန္ဓာကိုယ်အပေါ်မှာ မီးတောက်တွေ ပေါ်လာလေလေတဲ့။ သာမန်အစွန့်ပစ်ခံလူတွေဆိုရင် မျက်ခုံးနှစ်ဖက်ကြားမှာ မီးတောက်အမှတ်အသားတစ်ခုပဲ ပေါ်လာပေမယ့် အစ်ကိုတော်ရဲ့ တစ်ကိုယ်လုံးမှာ မီးတောက်အမှတ်အသားတွေ ဖုံးနေတယ်’ ကလေးမလေးမှာ ကြက်သေသေနေမိသည်။ ‘သူ့အဆင့်အတန်းက ဘာများလဲ...’

“မီးကြောင့်များလား” ချင်မူက စဉ်းစားကာ ပြောလိုက်သည်။ “စောစောက ငါ မီးနဲ့ ထိလိုက်သေးတယ်။ မီးက ငါ့ခန္ဓာကိုယ်ထဲ ဝင်လာလို့ ဒီထူးဆန်းတဲ့ အမှတ်အသားတွေ ပေါ်လာတာနေမှာ... ဖက်တီးနဂါး၊ နှင်းတောင်တန်းတွေဆီ ပြန်ဆုတ်လိုက်”

နဂါးချီလင်မှာ သူပြောနေသည်ကို နားမလည်သော်လည်း မီးကန္တာရထဲမှ ဂရုတစိုက် ဆုတ်ခွာလိုက်သည်။ နှင်းတောင်တန်း၏ အရိပ်အောက်ရောက်သည့်အခါ အမှတ်အသားများ တစတစ မှိန်ကျသွားသည်ကို မှန်များမှတစ်ဆင့် ချင်မူ မြင်လိုက်ရသည်။ တောင်တစ်လုံး၏အခြေသို့ ရောက်သည့်အချိန်တွင် အမှတ်အသားများ အလျှင်းပျောက်ကွယ်သွား၏။

ချင်မူက မှန်များကို ပြန်မသိမ်းသေးဘဲ အင်္ကျီပြန်ဝတ်လိုက်သည်။ “ဖက်တီးနဂါး၊ ဆက်သွား၊ ဘာမှမဖြစ်ဘူး။ ဒီအမှတ်အသားတွေက အစွန့်ပစ်ခံလူ ဟုတ်ဟုတ်မဟုတ်ဟုတ် ခွဲခြားဖို့လောက်ပဲ ဖြစ်မယ်”

နဂါးချီလင်က မီးကန္တာရထဲသို့ တရှိန်ထိုး ပြေးဝင်လိုက်၍ ချင်မူ့ခန္ဓာကိုယ်အပေါ်တွင် အမှတ်အသားများ ပြန်ပေါ်စပြုလာသည်။ ၎င်းတို့က လူးလွန့်နေသော်လည်း လူငယ်လေးမှာ ဂရုမစိုက်ပေ။

မီးကန္တာရသည် အမှန်တကယ် ထူးခြား၏။ မီးလေပွေများက နေရာအနှံ့ တိုက်ခတ်နေပြီး သူတို့အုပ်စုဆီသို့ ရောက်လာတတ်သည်။ နဂါးချီလင်မှာ မီးဓာတ်နဂါး ဖြစ်သည်နှင့်အားလျော်စွာ မီးတောက်ထိန်းချုပ်ရသည်ကို အလွန်သဘောကျ၍ မီးလေပွေများထဲ ပျော်ပျော်ကြီး ပြေးဝင်သွားတတ်သည်။ သို့သော် တစ်ခါတွင် ချင်မူမှာ ‌သေလုမျောပါး မီးလောင်သွားသဖြင့် နဂါးချီလင်အား တားလိုက်ရသည်။

နဂါးချီလင်မှာ မီးလောင်မှုများကြောင့် သူ့တစ်မျက်နှာလုံး မည်းခြစ်နေသည်ကို မြင်လျှင် အလန့်တကြား ထခုန်မိလိုက်၏။ ထိုအခါမှ သူက လိမ်လိမ်မာမာဖြင့် အနောက်ကမ္ဘာမြေသို့ ဆက်သွားသည်။ မီးက သူ့အပေါ် သက်ရောက်မှုမရှိသော်လည်း ချင်မူ့ကိုတော့ သေစေနိုင်လေသည်။

“အစ်ကိုတော် အရှေ့မှာ မြေနုကျွန်းတစ်ကျွန်း ရှိတယ်” ရှုန်းချီအာက စိတ်လှုပ်ရှားစွာ အော်သည်။ “အဲဒီမှာ ရေရှိတယ်”

ချင်မူ တအံ့တဩ အော်လိုက်မိသည်။ “ဒီလိုနေရာမှာ ရေရှိတယ်တဲ့လား”

ထို့နောက် မီးကန္တာရထဲတွင် မြေနုကျွန်းတစ်ကျွန်းအား တွေ့လိုက်ရသည်။ သံလွင်ပင်များက လှပသော ကန်တစ်ကန်၏ ဘေး၌ ပေါက်နေပြီး နှင်းကဲ့သို့ ဖြူဆွတ်နေသော ဆိတ်သားရေတဲများလည်း ရှိနေသည်။

နဂါးချီလင်က ကန်စပ်ကို ကမန်းကတန်း ပြေးသွားသည်။ ချင်မူ ခုန်ဆင်းကာ ပြောလိုက်၏။ “ဧည့်သည်တွေကြည့်ရတာ အဝေးက လာတာဖြစ်မယ်။ နှောင့်ယှက်မိလို့ အားနာပါတယ်ဗျာ”

ဆိတ်သားရေတဲတစ်တဲ ပွင့်လာပြီး လူငယ်တစ်ယောက်က ပြုံးလျက် ထွက်လာသည်။ “နှောင့်ယှက်တယ်မခေါ်ဘူး။ ငါ အခု အစီအရင်တစ်ခု စီရင်နေတာ၊ လူတစ်ယောက်ကို ယဇ်ပူဇော်ဖို့ လိုနေတာနဲ့ အ‌တော်ပဲ။ အဲဒီယဇ်ကောင်က မင်းပေါ့ကွာ”

လူငယ်၏အမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး ချင်မူက မပြောမဆို ဓားဆွဲထုတ်လိုက်သည်။ ဓားအလက်ရှစ်ထောင်သည် တစ်ပြိုင်တည်း ပျံတက်သွားပြီး လူငယ်အား လွှမ်းခြုံလိုက်၏။

All Chapters