← Chapters

ဖြုံရလောက်တဲ့ ရန်သူ

Vol. 7 Ch. 93

ဖြုံရလောက်တဲ့ ရန်သူ

Vol. 7 Ch. 93

လီဖူချန်းက မုတ်ဆိတ်မွေး ဗရဗျစ်နဲ့ လေနက်အဖွဲ့ ခေါင်းဆောင်ကို စေ့စေ့စပ်စပ် လေ့လာ နေပါတယ်။

လေနက်အဖွဲ့ ခေါင်းဆောင်က စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၆ ဖြစ်တဲ့အတွက် သူ့ထက် အဆင့် ၄ ဆင့်တောင် မြင့်နေပါတယ်။ ဒါကြောင့် သူက သတိလေး တစ်ချက်တောင် လွတ်လိုက်ဖို့ မဖြစ်နိုင်ပါဘူး။

ဒီလေနက်အဖွဲ့ ခေါင်းဆောင်ရဲ့ လက်နက်က နှစ်ဖက်သွားဓားမဟုတ်ဘဲ တစ်ဖက်သွားဓား ဖြစ်နေပါတယ်။ ဒီမိုးပြာရောင်ဂိုဏ်းရဲ့ နယ်နိမိတ် အတွင်းမှာဆိုရင် အားလုံးလိုလိုက နှစ်ဖက်သွားဓားကို အသုံးပြုကျတာ များပါတယ်။

ဒီလို တစ်ဖက်သွားဓား အသုံးပြုတဲ့ ဓားသမားတွေကတော့ အတော်လေးကို ရှားတယ်လေ။ ဒီလို သူများနဲ့မတူတဲ့ လက်နက်တွေကို သုံးတဲ့ လူတွေနဲ့ ရင်ဆိုင်ရရင် ပိုပြီး သတိထားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဖက်လူရဲ့ ဓားကွက်သွားလာပုံကို မှန်းဆဖို့ မလွယ်ကူ သေးတာကြောင့်ပါ။

လီဖူချန်းက လေနက်အဖွဲ့ ခေါင်းဆောင်ကို လေ့လာနေတဲ့ အချိန်မှာပဲ လေနက်အဖွဲ့ ခေါင်းဆောင်ကလည်း လီဖူချန်းကို ပြန်ပြီး လေ့လာနေပါတယ်။ လီဖူချန်းက အရပ် ၁.၈ မီတာရှိပြီး ကြည့်ရတာ ပျော့နွဲ့နွဲ့ရှိပေမဲ့ လှံတစ်ချောင်း ထောင်မတ်ထားသလို ခပ်မတ်မတ် ရပ်နေပါတယ်။

သူ့ရဲ့ဆီကနေ ထွက်နေတဲ့ အရှိန်အဝါတွေကလည်း ဘယ်လိုပင်တွန်းတွန်း မရွေ့နိုင်တဲ့ တောင်ကြီး တစ်လုံးလိုပါပဲ။

ထိပ်သီးပညာရှင် …

လေနက်ခေါင်းဆောင်ရဲ့ ဆဋ္ဌမ အာရုံအရ လီဖူချန်းက ထိပ်သီး ပညာရှင်ဆိုတာ သေချာ နေပါတယ်။

“ကောင်လေး … မင်းက င့ါရဲ့ လေနက်တောင်ကုန်းကို အခွင့်မရှိဘဲနဲ့ ဝင်လာတယ်။ မင်းနဲ့ငါက ရန်စရှိတာလည်း မဟုတ်ဘူး။ တစ်ယောက်နဲ့ တစ်ယောက်လည်း မမြင်ဖူးကြဘူး။

မင်းကဘာကြောင့် ငါ့စခန်းထဲမှာ ဒီလို ဝင်သောင်းကျန်း နေရတာလဲ”

လေနက်အဖွဲ့ခေါင်းဆောင်က သူ့ရဲ့ ညာဘက်လက်ကို ဓားလက်ကိုင်မှာ တင်ပြီး မေးလိုက်ပါတယ်။

“လေနက် အဖွဲ့ခေါင်းဆောင် … ခင်ဗျား ခေါင်းဆောင်တဲ့ အဖွဲ့က မရေမတွက်နိုင်တဲ့ ဓားပြမှုတွေ ကျူးလွန်ခဲ့တယ်။ ဒါကြောင့် ခင်ဗျားရဲ့ အဖွဲ့ကို သုတ်သင် ရှင်းလင်းဖို့ ကျုပ်လာခဲ့တာပဲ”

လီဖူချန်းက သူလာရခြင်း အကြောင်းကို ပြောလိုက်ပါတယ်။

“ကောင်လေး။ ငါထင်တာတော့ မင်းက လူ့ဘဝကို ငြီးငွေ့နေပြီနဲ့ တူတယ်”

လေနက်အဖွဲ့ ခေါင်းဆောင်ရဲ့ မျက်လုံးထဲမှာတော့ လူသတ်ချင်တဲ့ အရိပ်အယောင်တွေ ဖြစ်ပေါ် လာပါတယ်။

လီဖူချန်းကတော့ လူသတ်ငွေ့တွေ ထွက်နေတဲ့ လေနက်ဓားပြ ခေါင်းဆောင်ကို လျစ်လျူ ရှုလိုက်ပြီး သူဝင်လာ ကတည်းက တစ်လက်မတောင် မလှုပ်တဲ့ မျက်နှာဖုံးနဲ့လူကို တစ်ချက် ကြည့်လိုက်ပါတယ်။

သူ့ရဲ့ ဆဋ္ဌမအာရုံအရဆိုရင်တော့ ဒီမျက်နှာဖုံးနဲ့လူက လေနက်ဓားပြ ခေါင်းဆောင်လို စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၆ ဖြစ်ပေမဲ့ ပိုပြီး ကြောက်စရာကောင်းတယ် ဆိုတာကို သတိပြုမိ နေပါတယ်။

“မင်းက တကယ် သေချင်နေတာပဲ”

သူ့ရဲ့ တစ်ဖက်သွားဓားကို ဆွဲထုတ်လိုက်ပြီး လေနက်အဖွဲ့ ခေါင်းဆောင်က တိုက်ပွဲကို စတင် လိုက်ပါတယ်။ လေထဲကို ခုန်ထွက်လိုက်ပြီး ရုတ်တရက် ခုတ်ပိုင်းလိုက်တဲ့ ဓားချက်က အတော်လေး ကောင်းမွန်ပါတယ်။

ဘာဖြစ်လို့ အတော်လေး ကောင်းမွန်တယ်လို့ ပြောရသလဲ ဆိုရင်တော့ အဲဒီအချိန်မှာ လီဖူချန်းက မျက်နှာဖုံးနဲ့ လူကို သတိထားပြီး အကဲခတ် နေလို့ပါပဲ။ လီဖူချန်းက သူ့ကို လုံးဝ သတိမမှုမိတဲ့ အချိန်ကို ရွေးပြီး အလစ်အငိုက်ဖမ်း တိုက်ခိုက် လိုက်တာပါ။ မျက်နှာဖုံးနဲ့လူက ခေါင်းတစ်ချက် ညိတ်လိုက်ပြီး လေနက်အဖွဲ့ ခေါင်းဆောင်ရဲ့ တိုက်ပွဲ အတွေ့အကြုံကို အသိအမှတ် ပြုလိုက်ပါတယ်။

ဒါပေမဲ့ လေနက်ခေါင်းဆောင်ရဲ့ တိုက်ခိုက်မှုက  ‘မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ပါဘူး’ သူရင်ဆိုင် နေရတာက လီဖူချန်းပါ။ လှည့်မကြည့်ဘဲနဲ့တောင် လေနက်ခေါင်းဆောင်ရဲ့ ဆေဘာက ဘယ်နေရာကို ဦးတည်ပြီး တိုက်ခိုက်လာသလဲ ဆိုတာကို လီဖူချန်းက မှန်းဆ နိုင်တယ်လေ။

(ဆေဘာ = တစ်ဖက်သွားဓား)

ရေပြင်ညီလေး အတိုင်း ခြေလှမ်းတွေကို ဘေးတိုက် လှုပ်ရှားလိုက်ပြီး လီဖူချန်းက သူ့ဆီ ဝင်လာတဲ့ ဓားချက်ကို ပွတ်ကာသီကာ ရှောင်တိမ်းလိုက်ပါတယ်။

“ပရမ်းပတာ ဆေဘာဓားသိုင်း”

လေနက်အဖွဲ့ ခေါင်းဆောင်က လီဖူချန်း ထင်ထားတာထက်ကို ရင်ဆိုင်ရ ခက်ခဲပါတယ်။

သူ့ရဲ့ ဆေဘာက လီဖူချန်းကို မထိဘူး ဆိုတာလည်း သိရော နောက်ထပ် ဆေဘာဓားသိုင်း တစ်မျိုးကို ပြောင်းပြီး လီဖူချန်းကို လှမ်းခုတ် လိုက်ပါသေးတယ်။

သူ့ရဲ့ ဓားကွက်ပြောင်းလဲမှု အမြန်နှုန်းအရတော့ သူက ဒီဓားသိုင်းကို ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့် ပြီးသွားပြီဆိုတာ သိနိုင်ပါတယ်။

ဓားသမား တစ်ယောက်က အဝါရောင် အထွတ်အထိပ်အဆင့် ဓားသိုင်းကို ပြီးပြည့်စုံတဲ့အထိ လေ့ကျင့် နိုင်ဖို့အတွက် ပါရမီရှင် ဖြစ်စရာ မလိုပါဘူး။

ဓားသိုင်း တစ်မျိုးတည်းကို လုံလောက်တဲ့ အချိန်အတိုင်းအတာ တစ်ခုလောက်အထိ လေ့ကျင့် ခဲ့ရင်လည်း ပြီးပြည့်စုံတဲ့ အဆင့်ကို ရောက်နိုင်ပါတယ်။

ရွှီးရွှီး … ရွှမ်း ...

အစိမ်းဖျော့ဖျော့ ဆေဘာဓားက လီဖူချန်းရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို ပိုက်ကွန် အုပ်ချလိုက်သလို လွှမ်းခြုံ ထားလိုက်ပါတယ်။

လီဖူချန်းက ဓားကွက်ထဲမှာ ပိတ်မိနေပြီး ရှောင်တိမ်းစရာ နေရာလွတ် လုံးဝ မရှိသလောက် ဖြစ်နေပါပြီ။

"နဂါးမာန်ဓားသိုင်း”

လေနက် ခေါင်းဆောင်ရဲ့ ပြီးပြည့်စုံတဲ့ အဆင့်ရှိတဲ့ ဆေဘာဓားသိုင်းကို ခုခံဖို့အတွက် လီဖူချန်က နဂါးမာန် ဓားသိုင်းကို ရွေးချယ် လိုက်ပါတယ်။ လီဖူချန်းရဲ့ သံသေဓားက ဓားအိမ်ထဲက ထွက်ပေါ်လာပြီ။ နဂါးတစ်ကောင် လေထဲမှာ လူးလွန့် ထွက်ပေါ်လာပြီး တစ်လောကလုံးကို အုပ်စိုးနိုင်သည့် အရှိန်အဝါဖြင့် ဆေဘာ ဓားကွက်တွေကို ဖိနှိပ်လိုက်ပါတယ်။

ဒါက လီဖူချန်းရဲ့ အဝါရောင် အထွတ်အထိပ် ဓားသိုင်းဖြစ်ပြီး တစ်ဖက်ကမ်းခတ်တဲ့ အထိ လေ့ကျင့် ထားပြီးသား ဖြစ်ပါတယ်။

ဒီဓားသိုင်း ထုတ်သုံးလိုက်တာနဲ့ ဓားကွက်ရဲ့ အရှိန်အဝါက တစ်ခန်းလုံးကိုတောင် ဖျက်ဆီးတော့ မလိုပါဘဲ။

လေနက် ခေါင်းဆောင်ရဲ့ အမြင်မှာတော့ ရွှေဝါရောင် နဂါးကြီးတစ်ကောင်က မာန်ဖီပြီး သူ့ဆီကို ပြေးဝင် လာနေတာကို တွေ့နေရပါတယ်။

“ဝုန်း”

အစိမ်းဖျော့ဖျော့ ဆေဘာဓား အရှိန်အဝါက ရွှေဝါရောင် နဂါးကြီးရဲ့ မာန်ဖီသံ အောက်မှာ လုံးဝ တစ်စစီ ပြိုကွဲသွားပါပြီ။

မျက်နှာဖုံးနဲ့ လူတောင် သူ့ရဲ့စိတ်ကို မထိန်းနိုင်တော့ဘဲ လီဖူချန်းကို မေးလိုက်မိပါတယ်။

“မင်းက မိုးပြာရောင်ဂိုဏ်းရဲ့ အတွင်းစည်း တပည့်လား”

ဒီလို အခြေခံခိုင်ခိုင်မာမာနဲ့ ဓားတာအိုနောက်ကို လျှောက်လမ်းနိုင်တဲ့ လူငယ်လေး တစ်ယောက်က မိုးပြာရောင်ဂိုဏ်းရဲ့ အတွင်းစည်း တပည့်ကလွဲပြီး တခြား ဖြစ်နိုင်စရာ မရှိပါဘူး။

"မိုးပြာရောင်ဂိုဏ်းရဲ့ အတွင်းစည်း တပည့်လား”

လေနက်အဖွဲ့ ခေါင်းဆောင်က နည်းနည်းတော့ ဖြုံသွားပါတယ်။

ဒီ မိုးပြာရောင်ဂိုဏ်းရဲ့ အတွင်းစည်း ဂိုဏ်းထဲမှာ တကယ့်ကို လူမလွန်မသားတွေ စုထားတဲ့ တပည့်တစ်အုပ် ရှိပါတယ်။

လေနက်ဓားပြအဖွဲ့ ဒီကို မပြောင်းလာမီတုန်းက မိုးပြာရောင်ဂိုဏ်းရဲ့ အတွင်းစည်းတပည့် တစ်ယောက်က တခြား ဓားပြတစ်ဖွဲ့ကို အမြစ်ပါမကျန် သုတ်သင်ရှင်းလင်း လိုက်တာကို သူ ကြားဖူးပါတယ်။

လီဖူချန်းက သူတို့ကိုဘာမှ ပြန်မပြောပါဘူး။

အဲဒီအစား နောက်ထပ် နဂါးမာန်ဓားကွက် တစ်ကွက်ကို လေနက်ခေါင်းဆောင်ကို လက်ဆောင် ပေးလိုက်ပါတယ်။ လေနက်အဖွဲ့ ခေါင်းဆောင်က လီဖူချန်းထက် အတွင်းအားအရာမှာ ပိုသာပေမဲ့ သူ့ရဲ့ ဆေဘာဓားသိုင်းက လီဖူချန်းရဲ့ ဓားသိုင်းကို မီဖို့ အများကြီး လိုနေပါသေးတယ်။

“ချွင် ချွင် ထန် ထန်”

လေနက်အဖွဲ့ ခေါင်းဆောင်က လီဖူချန်းရဲ့ ဓားချက်တွေကို မခုခံနိုင်တဲ့အတွက် အနောက်ကို တစ်ဆုတ်တည်း ဆုတ်နေရပါပြီ။

နောက်ဆုံးမှာတော့ ကျောက်ဂူနံရံနဲ့ ကျောနဲ့ တစ်သားတည်း ဖြစ်တဲ့ အထိပါပဲ။

ဝုန်း ...

လီဖူချန်းရဲ့ ဓားချက်ကြောင့် ကျောက်ဂူနံရံမှာ အပေါက်ကြီး တစ်ခုတောင် ဖြစ်ပေါ်လာပါတယ်။

နဂါးမာန် ဓားသိုင်းက ပေါက်ကွဲမှု အားကောင်းတဲ့ ဓားသိုင်း ဖြစ်ရုံသာမက တိုက်ခိုက်မှု ထိရောက်တဲ့ စက်ကွင်း ဧရိယာကလည်း ကျယ်ပါတယ်။

ဒါပေမဲ့ လေနက်အဖွဲ့ ခေါင်းဆောင်က နှုတ်ခမ်းထောင့်ကနေ သွေးအနည်းငယ် စီးကျ လာရုံကလွဲလို့ ဒဏ်ရာ ကြီးကြီးမားမား ရသွားသည့်ပုံ မပေါ်ပါဘူး။

"သုံးရိပ်ဖြာဓားသိုင်း”

လီဖူချန်းက သူ့ဓားကွက်ကို ပိုပြီး ပရိယာယ် မာယာများတဲ့ ဓားသိုင်း ပြောင်းလိုက်ပါတယ်။ လီဖူချန်းရဲ့ ဓားရိပ်က တစ်ရိပ်ကနေ ၃ ရိပ် ဖြာထွက်လာပါတယ်။

“မကောင်းတော့ဘူး”

လေနက်အဖွဲ့ ခေါင်းဆောင်ကတော့ မျက်လုံးပြူး မျက်ဆံပြာ ဖြစ်သွားပါတယ်။ သူ့ရဲ့ အစိမ်းဖျော့ဖျော့ အတွင်းအားတွေကို ပိုထုတ်လိုက်ပြီး တစ်ကိုယ်လုံးကို ကာကွယ် ထားလိုက်ပါပြီ။ ဓားရိပ်နှစ်ရိပ်ကို ကာကွယ်လိုက်တဲ့ အချိန်မှာပဲ မီးပွားတွေ ပွင့်ထွက်လာပါတယ်။

လေနက်အဖွဲ့ ခေါင်းဆောင်က အစွမ်းကုန် ကြိုးစားပြီး ခုခံပေမဲ့လည်း တတိယ ဓားရိပ်ကိုတော့ မကာကွယ် လိုက်နိုင်ပါဘူးလေ။ လီဖူချန်းရဲ့ တတိယဓားရိပ်က လေနက်ခေါင်းဆောင်ရဲ့ ခံစစ်ထဲကို ဖောက်ဝင်လာပြီး ဘယ်ဘက်ရင်အုံကို လှီးဖြတ် သွားပါတယ်။

ဓားမှာပါလာတဲ့ အတွင်းအားကြောင့် လေနက်အဖွဲ့ ခေါင်းဆောင်က ခြေပစ်လက်ပစ် လဲကျ သွားပါပြီ။

လီဖူချန်းရဲ့ နောက်လာမယ့် ပွဲသိမ်းတိုက်ကွက်ကို ခုခံနိုင်ဖို့ သူ့မှာ အစွမ်းအစ လုံးဝ မရှိတော့ပါဘူး။

“သေစမ်း”

အဲဒီ အချိန်ကလေးမှာပဲ မျက်နှာဖုံးနဲ့လူက တိုက်ပွဲထဲကို ဝင်ပါလာခဲ့ပါတယ်။ မျက်နှာဖုံးနဲ့ လူကလည်း ဆေဘာအသုံးပြုတဲ့ သူပါပဲ။

ဒါပေမဲ့ သူ့ဆေဘာကို ပိုသေးသွယ်ပြီး ပိုရှည်ပါတယ်။

(မျက်နှာဖုံးနဲ့ လူရဲ့ ဆေဘာက ဂျပန်တွေရဲ့ ကင်ဒိုဓားနဲ့ ဆင်တူပါတယ်)

ဆေဘာရဲ့ မူလအရှည်က ၄ ပေလောက် ရှည်တဲ့အပြင် အတွင်းအားတွေနဲ့ ထိပ်မှာ ဆက်ထားတဲ့ အတွက် ဆေဘာက ၇ ပေနီးပါး ရှိပါတယ်။

ရှည်လျားတဲ့ စွတ်ကြောင်းကြီးက မြေပြင်ပေါ်မှာ ဖြစ်ပေါ်လာပြီး ပစ္စည်း အကျိုးအပဲ့တွေ ကလည်း အရပ်မျက်နှာ အနှံ့ကို ပျံတက်လာပါတယ်။

ဆေဘာဓားချက်က လီဖူချန်းကို ထိတော့မည့် အခိုက်အတန့် ဆဲဆဲလေးမှာပဲ လီဖူချန်းရဲ့ ခြေဖျားတွေက မြေကြီးကို အားယူပြီး တစ်ကိုယ်လုံး ညင်သာစွာနဲ့ ခုန်ထွက် သွားပါတော့တယ်။

သူ့ရဲ့ လှုပ်ရှားမှုတွေက ဝိညာဉ်တစ္ဆေ တစ်ကောင်လို ပေါ့ပါးပြီး သေသပ်လွန်းလှပါတယ်။

“ကြောက်စရာ ကောင်းလိုက်တဲ့ ဓားချက်ပါလား”

လီဖူချန်းက အခုထက်ထိ ဒီဓားကွက်ကနေ ဘယ်လိုလုပ် လွတ်လာသလဲ ဆိုတာကို ပြန်မတွေး နိုင်သေးပါဘူး။ ဒီမျက်နှာဖုံးနဲ့ လူက လေနက်အဖွဲ့ ခေါင်းဆောင်ထက်ကို အများကြီး ပိုကြောက်စရာ ကောင်းနေပါရောလား။

သူထင်တာ မှန်မယ်ဆိုရင် ဒီမျက်နှာဖုံးနဲ့လူက အဝါရောင် အထွတ်အထိပ် အတွင်းအား ကျင့်စဉ်ကို လေ့ကျင့်ထားသည့် ပုံပါပဲ။

လီဖူချန်းက ဘာလို့ တစ်ချက်တည်းနဲ့ ကျန်းတဟိုင်ကို သတ်နိုင်ပြီး ကျန်းရှီနန်ကို ဒဏ်ရာ ရစေသလဲ ဆိုတာကတော့ သူ့ရဲ့ အတွင်းအား ကျင့်စဉ်က ဆန်းကြယ် အလယ်အလတ် ကျင့်စဉ်ဖြစ်တဲ့ ကြက်သွေးရောင် လျှို့ဝှက်မီးတောက် ကျင့်စဉ်အဆင့် ၁၀ ဖြစ်နေလို့ပါပဲ။

အတွင်းအားကျင့်စဉ် အဆင့်အတန်းကလည်း ကျင့်ကြံခြင်း နယ်ပယ်အဆင့် ကွာခြားတဲ့ သူနှစ်ယောက် တိုက်ခိုက်တဲ့ နေရာမှာ အဆုံးအဖြတ် ပေးနိုင်ပါတယ်။

အတွင်းအားကျင့်စဉ် ဆိုတာကလည်း သိုင်းပညာရှင် တစ်ယောက်အတွက် အခြေခံ လိုအပ်တဲ့ အရာပင် မဟုတ်ပါလား။

ပညာရှင်တစ်ယောက်ရဲ့ အစွမ်းအစကို ဆုံးဖြတ်တော့မယ်ဆိုရင် သူတို့ရဲ့ ကျင့်ကြံခြင်း နယ်ပယ်အဆင့်ကို ကြည့်ရုံသာမက အတွင်းအား ကျင့်စဉ်ကိုလည်း ထည့်တွက်ပြီး စဉ်းစား ရပါသေးတယ်။

လောလောဆယ်တော့ လီဖူချန်းက ပြန်လည်တိုက်ခိုက်ဖို့ အခွင့်မသာသေးဘဲ လေအရိပ် ခြေလှမ်းကိုသာ အသုံးပြုပြီး ဆက်တိုက်ရှောင်တိမ်း နေရပါတယ်။

ရွှမ်း ...

မျက်နှာဖုံးနဲ့လူက သူ့ဓားလမ်းကြောင်းမှာ ရှိနေတဲ့ ကိုယ်လုံးတီး မိန်းမပျိုလေး တစ်ယောက်ကိုတောင် ငဲ့ညာခြင်း မရှိဘဲ နှစ်ပိုင်း ပိုင်းဖြတ်လိုက်ပါတယ်။

“ခွေးကြီး”

ဘာမှ အန္တရာယ် မပေးနိုင်တဲ့ အပြစ်မဲ့ မိန်းမပျိုလေး တစ်ယောက်ကိုတောင် ရက်ရက်စက်စက် သတ်ပစ်လိုက်တာကို မြင်တွေ့လိုက်ရတဲ့ နောက်မှာတော့ လီဖူချန်းက သူ့ကိုယ်သူ စိတ်မထိန်း နိုင်တော့ပါဘူး။

“ငါတစ်ခါလောက်တော့ အသက်နဲ့ရင်းပြီး တိုက်သင့်ပြီ”

လီဖူချန်းက လေအရိပ် ခြေလှမ်းကို ရုပ်သိမ်းလိုက်ပြီး ကြက်သွေးရောင် လျှို့ဝှက်မီးတောက် ကျင့်စဉ်ကို ထုတ်ဖော်အသုံးပြု လိုက်ပါတယ်။

ထို့နောက်မှာတော့ ကြက်သွေးရောင် မီးဓားသိုင်းထဲက သတ်ဖြတ်ကွက် တစ်ကွက်ဖြစ်တဲ့  ‘အဆက်မပြတ် လောင်ကျွမ်းခြင်း’ ဆိုတဲ့ ဓားကွက်နဲ့ ပြန်လည် တိုက်ခိုက်လိုက်ပါတယ်။

“ထန်”

ဓားနှစ်လက် တွေ့အဆုံမှာတော့ မီးပွင့်တွေ ဖြာထွက်သွားပြီး လီဖူချန်းက အနောက်ကို လွင့်ထွက် လာခဲ့ပါတယ်။

“ပြင်းလိုက်တဲ့ ဖိအား”

လီဖူချန်းက ခန္ဓာကိုယ် ဟန်ချက်ကို ထိန်းဖို့အတွက် အနောက်ကို နောက်ထပ် မီတာ အနည်းငယ်လောက် ဆုတ်လိုက် ရပါသေးတယ်။

သူ့ရဲ့ ဓားကိုင်လက် တစ်ခုလုံးကလည်း ထုံကျင်နေပါပြီ။

“မြစ်ရေ တစ်သွင်သွင်စီး ဆေဘာဓားသိုင်း”

မျက်နှာဖုံးနဲ့လူက အနောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရပါတယ်။ ဒါပေမဲ့လည်း သူက ဆန်းကြယ်တဲ့ ခြေလှမ်းကိုးလှမ်း လှမ်းလိုက်ပြီး လီဖူချန်းဆီကို မြားတစ်စင်း ပစ်လိုက်သလို ပြန်ပြေး ဝင်လာပါတယ်။ ဓားနှစ်လက်က အကြိမ်ပေါင်းများစွာ ထိပ်တိုက်ရင်ဆိုင် လိုက်ကြပါတယ်။

မျက်နှာဖုံးနဲ့ လူရဲ့ ၇ ပေလောက်ရှိတဲ့ ဆေဘာကြီးက လုံးဝ ထိန်းမနိုင် သိမ်းမရနဲ့ လီဖူချန်းရဲ့ ဟာကွက်တွေထဲကို အညှာအတာမရှိ တိုက်ခိုက်နေပါတယ်။

ပြောရမယ်ဆိုရင် လီဖူချန်းက မြုံးထဲမှာရှိတဲ့ ငါးတစ်ကောင်လို ပြေးစရာ မြေမရှိဘဲ ယက်ကန်ယက်ကန် ဖြစ်နေပါပြီ။

“လောင်မီးဓားကွက်”

လီဖူချန်းက သူ့ဓားထဲကို ကြက်သွေးရောင် မီးအတွင်းအားတွေ အကုန် ထည့်လိုက်ပြီး မျက်နှာဖုံးနဲ့ လူကို အစွမ်းကုန် ပြန်တိုက်လိုက်ပါတယ်။ ဓားကနေ ထွက်ပေါ်လာတဲ့ အပူရှိန်တွေက မျက်နှာဖုံးနဲ့ လူကို တဒင်္ဂလောက် ကြောင်အ သွားစေမိပါတယ်။

လီဖူချန်းကတော့ အခွင့်အရေးကို လက်လွှတ်မခံဘဲ တစ်ဖက်ရန်သူရဲ့ ဆေဘာဓားကွက် အောက်ကနေ ရုန်းထွက် လိုက်တယ်လေ။

“ကြယ်ပျံ ဓားသိုင်းနဲ့မှသာ ဒီခွေးမသားကြီးကို သတ်နိုင်မယ့်ပုံပဲ။ ဒါပေမဲ့ ငါအခု ဒီဓားသိုင်း ထုတ်သုံးလို့ အဆင် မပြေသေးဘူး။ ငါ့ခန္ဓာကိုယ်က ဒီဓားသိုင်းကို ထုတ်သုံးနိုင်တဲ့ အခြေအနေရှိလို့ နေသေးတယ်။ လောလောဆယ်တော့ ပြေးမှပဲ”

လီဖူချန်းက သူ့ရဲ့ လေအရိပ် ကိုယ်ဖော့ပညာကို ထုတ်ဖော်လိုက်ပြီး ပျံလွှားတစ်ကောင်လို လိုဏ်ဂူ အပေါက်ဝကို ပြေးထွက် သွားပါတော့တယ်။

မျက်နှာဖုံးနဲ့ လူကလည်း ဒီလို တိုက်ပွဲအလယ်မှာ တစ်ဖက်လူက ရုတ်တရက် ထွက်ပြေး သွားမယ်လို့ မထင်မိတဲ့အတွက် ဘာမှ မပြင်ဆင်ထားမိပါဘူး။ သူလိုက်ဖမ်းဖို့ သတိဝင်လာတဲ့ အချိန်မှာတော့ ဟိုးအဝေးမှာ ပြေးနေတဲ့ လီဖူချန်းရဲ့ အရိပ် ရေးရေးလေးကိုပဲ မြင်လိုက် ရပါတော့တယ်လေ။

ဒါပေမဲ့ သူက လီဖူချန်းကို အသက်ရှင်လျက် မထားနိုင်တဲ့အတွက် မရရအောင် ပြေးလိုက် သွားပါသေးတယ်။

“ဘာတွေ ဖြစ်ကုန်တာလဲ။ ဘာကြောင့် ဒီကောင်လေးက ဒဏ်ရာတစ်ချက်တောင် မရဘဲ ငါ့ဓားကွက် အောက်ကနေ ရုန်ထွက် သွားနိုင်ရတာလဲ”

မျက်နှာဖုံးနဲ့လူက လီဖူချန်းနောက် ပြေးလိုက်ရင်းနဲ့ စဉ်းစား နေပါသေးတယ်။ အစွမ်းအစချင်း ယှဉ်လိုက်မယ်ဆိုရင် သူက လီဖူချန်းထက် အများကြီး သာပါတယ်။ ယုတ္တိရှိရှိ စဉ်းစားမယ်ဆိုရင် လီဖူချန်းက အတွင်းအားတွေအကုန် သုံးပစ်လိုက်တာ ဖြစ်ရင်ဖြစ် ဒါမှမဟုတ် ဒဏ်ရာ အကြီးအကျယ် ရပြီးမှ သူ့ဓားကွက်ကနေ ရုန်းထွက် နိုင်မှာပါ။

အခု လီဖူချန်းကို ကြည့်ရသလောက်တော့ ဘာဒဏ်ရာမှ ရသွားပုံ မပေါ်ပါဘူး။ ဒါ့အပြင် လီဖူချန်း ပြေးနေလိုက်တာများ ဆိုတာ စူဠလိပ် ရေထဲ လွှတ်လိုက်တဲ့ အတိုင်းပါပဲ။

"ကြည့်ရတာ ဒီကောင်လေးက အဆင့်အတန်းမြင့်တဲ့ ခန္ဓာကိုယ် သန့်စင်နည်း စနစ်တစ်ခု ကျင့်ထားတာ ဖြစ်ရမယ်”

မျက်နှာဖုံးနဲ့လူရဲ့ မျက်လုံးထဲမှာ သွေးဆာတဲ့ အရိပ်အယောင်တွေ ထွက်ပေါ်လာပါတယ်။ ပညာရှင်တွေ ကြားထဲမှာ ခန္ဓာကိုယ်သန့်စင်တဲ့ လမ်းစဉ်ကော အတွင်းအား လမ်းစဉ်ကော နှစ်ခုစလုံးကို အဆင့်မြင့်မြင့် လေ့ကျင့် တတ်ကျွမ်းထားတဲ့ သူတွေက သာမန် ပညာရှင်တွေထက်ကို ပိုပြီး အစွမ်း ထက်ကြပါတယ်။

သူတို့ရဲ့ တိုက်ခိုက်မှုက ကြောက်စရာ ကောင်းလှသလို ခန္ဓာကိုယ်ရဲ့ ခံနိုင်ရည် ရှိမှုကလည်း အံ့သြစရာ ကောင်းလောက်အောင် ကြံ့ခိုင်လှပါတယ်။

မျက်နှာဖုံးနဲ့လူက လီဖူချန်းကို အထက်စီးကနေဖိပြီးတိုက်ခိုင်နိုင်ပေမဲ့လည်း ဒဏ်ရာရအောင်တော့ မလုပ်နိုင်သေးပါဘူးလေ။

“မင်းကို ထွက်ပြေးခွင့် မပေးနိုင်ဘူး”

မျက်နှာဖုံးနဲ့လူက လက်နက်ပုန်း တစ်ဆုပ်ကို နှိုက်ယူလိုက်ပြီး ပြေးလွှားနေတဲ့ လီဖူချန်းကို ပစ်ခတ် လိုက်ပါတယ်။

***

All Chapters