← Chapters

ရှောင်လွဲမရနိုင်သော

Vol. 7 Ch. 94

ရှောင်လွဲမရနိုင်သော

Vol. 7 Ch. 94

“လေပြည်ဓားသိုင်း စီးမျောခြင်း”

လီဖူချန်းက ဒီလောက် လက်နက်ပုန်းတွေ အများကြီးကို လက်လွှတ်စပယ် မလုပ်ရဲပါဘူး။ သူ့ရဲ့ လေပြည်ဓားသိုင်းက ဓားချက် အရမ်းမြန်တဲ့အတွက် လက်နက်ပုန်းတွေကို ကာကွယ်ဖို့အတွက် အကောင်းဆုံး ရွေးချယ်မှုပါပဲ။

“ထန် ထန် ထန် ချွမ် ချွမ်”

လီဖူချန်းက သူ့ဆီ ဝင်လာသမျှ လက်နက်ပုန်းတွေကို ဓားနဲ့ ရိုက်ချပစ်လိုက် နိုင်ပါတယ်။ အဲဒီ အချိန်မှာပဲ မျက်နှာဖုံးနဲ့လူက လီဖူချန်းကို မီလာပြီး သူ့ရဲ့ ဆေဘာနဲ့ ခုတ်ပိုင်းလိုက်ပါတယ်။

ဖတ်

လီဖူချန်းက လှလှပပလေး နောက်ကျွမ်းပစ်ပြီး ရှောင်တိမ်းလိုက်တဲ့အတွက် ဓားချက်က ဂူနံရံကိုပဲ ပိုင်းမိသွားပါတယ်။ ထူထဲလှတဲ့ ဂူနံရံသားတွေက တိုဟူးတုံးကို ဓားနဲ့ လှီးခံလိုက်ရသလို ပြတ်ထွက်ကုန်ပါတယ်။

“ရေစက်ဓားသိုင်း”

လီဖူချန်းက ကျောက်ဂူနံရံ တစ်နေရာကို အိမ်မြှောင်တစ်ကောင်လို တွယ်တက်လိုက်ပြီး မျက်နှာဖုံးနဲ့လူရဲ့ နောက်ကျောဘက်ကို ခုန်ချလာပါတယ်။

လမ်းတစ်ဝက် လေထဲမှာတော့ ရေစက်ဓားသိုင်းကို အသုံးပြုပြီး တိုက်ခိုက်လိုက်ပါတယ်။ ဒီဓားချက်က မြွေလိမ်မြွေကောက် ပုံစံနဲ့ မျက်နှာဖုံးနဲ့လူရဲ့ နောက်ကျောကို တိုးဝင်သွားပါတယ်။

“သွားစမ်း”

မျက်နှာဖုံးနဲ့လူရဲ့ တုံ့ပြန်မှုကလည်း မခေပါဘူး။ သူက ချက်ချင်းပဲ နောက်ကိုလှည့်ပြီး လီဖူချန်းရဲ့ သံသေဓားနက်ကို ပက်ထုတ် လိုက်ပါတယ်။ ဆေဘာနဲ့ နှစ်ဖက်သွားဓား အတွေ့မှာတော့ လေထုထဲမှာ လှိုင်းဂယက်တွေ ထသွားပြီး ပေါက်ကွဲမှုတွေ ဖြစ်ပေါ်လာပါတယ်။ လေထဲမှာပဲ ရှိနေသေးတဲ့ လီဖူချန်းက ဆေဘာနဲ့ ပြန်ကန်အားကြောင့် ပျံလွှားတစ်ကောင်လို အနောက်ကို လွင့်သွားပါတယ်။

“စောက်ကလေး ... သေစမ်း”

လေနက်အဖွဲ့ ခေါင်းဆောင်က လီဖူချန်းကို သတ်ဖို့ အကောင်းဆုံး အချိန်ကို စောင့်ဆိုင်းနေတာ ကြာပါပြီ။ လီဖူချန်းက သူ့ကိုကျောပေးပြီး လွင့်ထွက်လာတာကို မြင်လိုက်တာနဲ့ ဒါက သူ့အတွက် အကောင်းဆုံး အခွင့်အရေး ဆိုတာကို သိတယ်လေ။

ဒါကြောင့် ဒူးထောက်ရက်သား လဲကျနေရာကနေ ခုန်ထလိုက်ပြီး လီဖူချန်းရဲ့ နောက်ကျောကို အားရပါးရ ခုတ်ပိုင်းချလိုက်ပါတယ်။

“ဟွန့် ငါ့ပုံက အဲဒီလောက် လွယ်နေတဲ့ပုံ ပေါ်နေလို့လား”

လီဖူချန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပါတယ်။ သူက သူ့ရဲ့နောက်မှာ လေနက်ခေါင်းဆောင် ရှိနေတာကို ဘယ်လိုလုပ် သတိမထားမိဘဲ နေမှာလဲလေ။ သူရဲ့ အသိစိတ် အာရုံနယ်ပယ်က ဒီထဲကို ဝင်လာပြီး ကတည်းက ဖြန့်ကျက်ပြီး ထားပါပြီ။

“ငရဲတံခါးက ပိတ်နေတာကိုတောင် မင်းလို ငမိုက်သားက အတင်းတံခါး ဖွင့်ခိုင်းနေတယ် ဟုတ်လား”

လီဖူချန်းက လေထဲမှာ ရောက်နေတယ် ဆိုပေမဲ့ ဘာမှ ပြန်မလုပ်ဘဲ ငြိမ်ခံနေမှာ မဟုတ်ပါဘူး။ သူက ခါးကို တစ်ချက်လိမ်လိုက်ပြီး အားယူ လိုက်ပါတယ်။ ထို့နောက်မှာတော့ လီဖူချန်းက တစ်ပတ်လည်လိုက်ပြီး သူ့ရဲ့ နဂါးမာန် ဓားသိုင်းက အကြမ်းဆုံး ဓားကွက်ဖြစ်တဲ့ နတ်နဂါးရဲ့ အမျက်ဒေါသ ဆိုတဲ့ ဓားကွက်ကို ထုတ်သုံးလိုက်ပါတယ်။

“ဝေါင်း”

ကြောက်စရာ ကောင်းလှတဲ့ ဓားကွက် အရှိန်အဝါက လေနက်အဖွဲ့ ခေါင်းဆောင်ကို ကောင်းကင်ဘုံ ကိုးဆင့်ကနေ ဆင်းလာတဲ့ နဂါးကြီးတစ်ကောင် ဟိန်းဟောက်လိုက်သလို ခံစား စေရပါတယ်။ နဂါးကြီးရဲ့ အမျက်ဒေါသက သူ့ရဲ့ စိတ်ဝိညာဉ်နဲ့ အသိစိတ် တစ်ခုလုံးကိုတောင် တုန်လှုပ် ချောက်ချား သွားစေခဲ့ပါပြီ။ ဘယ်သူက နဂါးတစ်ကောင်ရဲ့ အမျက်ဒေါသကို တောင့်ခံ နိုင်ပါမလဲလေ။

အား …

လေနက်အဖွဲ့ ခေါင်းဆောင်က အသံနက်ကြီးဖြင့် အော်ကာ ရေကန်ထဲကို ကားယားကြီး ပြုတ်ကျသွားတယ်။ သေသလား ရှင်သလား ဆိုတာကိုတော့ လီဖူချန်း ကိုယ်တိုင်လည်း မသိတော့ပါဘူး။

ဖတ် ... ဖတ် …

လီဖူချန်းကတော့ ကန်ရေပြင် မျက်နှာကို ခြေဖျားလေးနဲ့ တို့လိုက်ပြီး တစ်ဖက်ကမ်းကို ခုန်ထွက် သွားလိုက်ပါတယ်။

“မိုးပြာရောင်ဂိုဏ်းရဲ့ အတွင်းစည်း တပည့်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ညီပါပေတယ်။ မင်းရဲ့ ကျင့်ကြံမှုနဲ့ အစွမ်းအစတွေ အရဆိုရင် မင်းက အတွင်းစည်း ဂိုဏ်းသားတွေထဲမှာတောင် လက်ရွေးစင် ဂိုဏ်းသား ဖြစ်ရမယ်”

မျက်နှာဖုံးနဲ့လူက လီဖူချန်းရဲ့ လှုပ်ရှားမှုတွေကို ကြည့်ပြီး တည်တည်ငြိမ်ငြိမ်ပဲ ကောက်ချက် ချလိုက်ပါတယ်။

သူ့ကို ကြည့်ရတာ လီဖူချန်းကို သတ်နိုင်မယ်လို့ ယုံကြည်မှုအပြည့် ရှိနေတဲ့ပုံပါပဲ။

ဘုန်း …

မျက်နှာဖုံးနဲ့လူက သူ့ရဲ့ဆေဘာကို အောက်ကနေ အပေါ်ကို ပင့်ပြီး ခုတ်လိုက်ပါတယ်။ သူ့ရဲ့ ဓားချက်အောက်မှာတော့ ရေကန်ထဲက ရေတွေက ရေလုံးကြီးတွေအဖြစ် ပြောင်းသွားပြီး လီဖူချန်းဆီကို တိုးဝင် လာပါတယ်။

“ဆန်းကြယ့်အဆင့်နိမ့် ဆေဘာဓားသိုင်း - လှိုင်းလုံးတစ်ရာ”

လီဖူချန်းက ဒီလို ရေလှိုင်းတွေ တစ်ဆင့်ပြီးတစ်ဆင့် လာနေတာကို ရှောင်တိမ်းဖို့ အချိန် မရှိတော့ပါဘူး။

ဘာလို့လဲဆိုတော့ သူရပ်နေတဲ့ ၁၀ မီတာ ပတ်လည်အတွင်းမှာ ရေလုံးကြီးတွေကို ရောက်နှင့် နေပြီးပြီ ဖြစ်နေတာကြောင့်ပါ။

ရှောင်ဖို့ မဖြစ်နိုင်တော့မှတော့ ထိပ်တိုက် ရင်ဆိုင်ဖို့ကိုပဲ လီဖူချန်းက ပြင်ဆင်လိုက်ပါတယ်။

“တောရိုင်းမီးတောက် ပွင့်စမ်း”

လီဖူချန်းက အနက်ရောင်သံသေ ဓားကို လက်နှစ်ဖက်နဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး အားကုန်လွှဲပြီး ခုတ်ချ လိုက်ပါတော့တယ်။ လီဖူချန်းရဲ့ ဓားတစ်ခုလုံးမှာ မီးလျှံတွေ ထွက်ပေါ်လာပါပြီ။ ဒါပေမဲ့ မျက်နှာဖုံးနဲ့လူက သူထင်ထားတာ ထက်ကို တိုက်ပွဲ အတွေ့အကြုံ ကြွယ်ဝနေပါတယ်။

လီဖူချန်းရဲ့ ဓားရေးက ဘယ်လောက်ကောင်းကောင်း မျက်နှာဖုံးနဲ့လူရဲ့ အတွင်းအားကိုတော့ ယှဉ်ဖို့ မဖြစ်နိုင်ပါဘူး။ ရေလှိုင်းလုံးကြီးတွေက လီဖူချန်းနဲ့ သူ့ရဲ့ မီးတောက်နေတဲ့ ဓားကို ဝါးမျို သွားပါတော့တယ်။ လှိုင်းလုံးကြီးတွေ ပြန်ငြိမ်ကျ သွားတဲ့အခါမှာတော့ လီဖူချန်းရဲ့ တစ်ကိုယ်လုံးက ကျောက်ဂူနံရံထဲမှာ ကျွံဝင်နေပါပြီ။

မျက်နှာဖုံးနဲ့လူက လီဖူချန်းကို အဆုံးသတ်ပေးဖို့ အနားကပ်လာတဲ့ အချိန်မှာဘဲ လီဖူချန်းက ဂူနံရံထဲကနေ ပြန်ခုန် ထွက်လာပါတယ်။ မျက်နှာဖုံးနဲ့လူက မယုံကြည်နိုင်စွာနဲ့ လီဖူချန်းကို ကြည့်ရင်း မေးလိုက်ပါတယ်

“မဖြစ်နိုင်လိုက်တာ … မင်းဘာမှ မဖြစ်ဘူးလား”

“ခင်ဗျားကို စိတ်ပျက် စေမိသလို ဖြစ်သွားရင် တောင်းပန်ပါတယ်ဗျာ”

လီဖူချန်းက သူ့ကိုယ်ပေါ်မှာ တင်နေတဲ့ ဖုန်မှုန့်တွေကို ခါရင်းနဲ့ ပြန်ဖြေလိုက်ပါတယ်။ သူ့ကို တစ်ချက်တည်းနဲ့ ချက်ကောင်း မတိုက်နိုင်သရွေ့ကတော့ လီဖူချန်းက ဘာမှဖြစ်မှာ မဟုတ်ပါဘူး။ သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက အရမ်းကောင်းလွန်း နေတဲ့အတွက် တော်ရုံထိခိုက် ဒဏ်ရာလောက်ကိုတော့ အကောင်းပကတိ ပြန်ဖြစ်သွားစေ နိုင်ပါတယ်လေ။

ဝုန်း ... ဝုန်း …

သူတို့နှစ်ယောက်က အနီးကပ်တစ်ဖန် ပြန်တိုက်ခိုက် ကြပြန်ပါတယ်။ ဆူဆူညံညံ အသံတွေကြောင့် လိုဏ်ဂူထဲကို ဝင်လာတဲ့ ဓားပြအချို့ကတော့ စကားတစ်လုံးတောင် မပြောလိုက်ရဘဲ လီဖူချန်းရဲ့ ဓားချက်ကြောင့် သေကျေကုန်ပါတယ်။

မတရား ဖမ်းဆီးခံ ထားရပုံပေါ်တဲ့ ကိုယ်လုံးတီး မိန်းမပျိုလေးတွေကတော့ ထွက်ပြေး ကုန်ပါပြီ။ လိုဏ်ဂူ အတွင်းမှာတော့ အက်ကွဲရာတွေ၊ တွင်းတွေ၊ ချိုင့်တွေနဲ့ ရစရာ မရှိအောင် ဖြစ်နေပါပြီလေ။ မျက်နှာဖုံးနဲ့လူကော လီဖူချန်းကောက သာမန် စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်က လူမဟုတ်တဲ့ အတွက် ဒီကျောက်လိုဏ်ဂူကြီးက သူတို့ နှစ်ယောက်ရဲ့ တိုက်ခိုက်မှုတွေကို တောင်မခံနိုင်ပါဘူး။

တိုက်ခိုက်နေစဉ် အတွင်းမှာ လီဖူချန်းက ရေစက်ဓားသိုင်းရဲ့ အကောင်းဆုံး ဓားကွက်ကို ထုတ်သုံးဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပေမဲ့လည်း မျက်နှာဖုံးနဲ့လူက လီဖူချန်းကို လုံးဝ အခွင့်အရေး မပေးပါဘူး။

“ကျောက်စက်ရေ ဓားကွက်”

တစ်ကြိမ်မှာတော့ လီဖူချန်းက ကျောက်စက်ရေ ဓားကွက်ကို ထုတ်သုံး လိုက်နိုင်ပါတယ်။ မျက်နှာဖုံးနဲ့လူက လီဖူချန်းကို လှောင်ပြောင်လိုက်ပါတယ်။

“မင်းဒီဓားကွက်ကို သုံးချင်နေတယ် ဆိုတာကို ငါမသိဘူးလို့ ထင်နေတာလား”

လီဖူချန်းနဲ့ အချိန် တော်တော်ကြာကြာ တိုက်ပြီးတဲ့ နောက်မှာတော့ သူက လီဖူချန်းရဲ့ ဓားကွက် တော်တော်များများကို မှတ်မိစ ပြုနေပါပြီ။ သူက လီဖူချန်းရဲ့ ဓားသိုင်းတွေထဲမှာ ဆိုရင် သုံးရိပ်ဖြာ ဓားသိုင်းကိုပဲ နည်းနည်း ဖြုံတာပါ။ ကျန်တဲ့ ဓားသိုင်းတွေကိုတော့ ဂရုမစိုက်ပါဘူး။

မျက်နှာဖုံးနဲ့လူက သူ့ရဲ့ သိုင်းကွက်တွေကို ၇၀ ရာခိုင်နှုန်း တိုက်ခိုက်ပြီး ၃၀ ရာခိုင်နှုန်းကို ခုခံဖို့ အသုံးပြု နေရာကနေ ၉၀ ရာခိုင်နှုန်းကို တိုက်ခိုက်ပြီး ခုခံဖို့ ၁၀ ရာခိုင်နှုန်းပဲ အာရုံစိုက် ထားလိုက်ပါတော့တယ်။

သူက ခုခံဖို့ ၁၀ ရာခိုင်နှုန်း အားချန် ထားတာတောင် လွန်လှပြီလို့ တွက်နေပါသေးတယ်။

အမှန်ဆိုသူက တိုက်စစ်ကိုပဲ ၁၀၀ ရာခိုင်နှုန်း ဖွင့်တိုက် လိုက်ချင်နေတာပါ။ အခုချိန်မှာ သူလုပ်ဖို့ လိုအပ်တာက သူ့ရဲ့ ဆေဘာကို လီဖူချန်းကို တိတိကျကျ ခုတ်ပိုင်းမိအောင် လုပ်ဖို့ပါပဲ။ လီဖူချန်းရဲ့ ခန္ဓာကိုယ်က ခံနိုင်တဲ့ ကန့်သတ်ချက်ထက် ပိုတဲ့ ဒဏ်ရာကို မပေးနိုင်ရင် လီဖူချန်းကို ပြတ်ပြတ်သားသား အနိုင်ရနိုင်မှာ မဟုတ်ပါဘူး။

မျက်နှာဖုံးနဲ့လူက နောက်ဆုံးမှာတော့ ခံစစ်အတွက်ကို အားမချန် ထားတာ့ပဲ လုံးဝ တိုက်စစ် အသားပေးနဲ့ တိုက်ခိုက်လာပါပြီ။

“ဒီအချိန်ကို ငါတစ်ချိန်လုံး စောင့်နေတာ”

လီဖူချန်းရဲ့ မျက်လုံးထဲမှာတော့ အေးစက်စက် အငွေ့အသက်တွေ တစ်ချက်ဖြစ်ပေါ် လာပါတယ်။

“ကြယ်ပျံဓားသိုင်း”

အနက်ရောင် မျက်နှာဖုံးနဲ့လူရဲ့ အားအနည်းဆုံး နေရာကို ချိန်ရွယ်ပြီးတော့ တိုက်ခိုက်လိုက်တဲ့ လီဖူချန်းရဲ့ ဓားက လျှပ်စီးလိုပါပဲ။

“မကောင်းတော့ဘူး”

မျက်နှာဖုံးနဲ့ လူက အတတ်နိုင်ဆုံး ခုခံဖို့ ကြိုးစားလိုက် ပေမဲ့လည်း အရမ်း နောက်ကျသွားခဲ့ပါပြီ။

ရွှမ်း ...

အနက်ရောင်သံသေဓားက မျက်နှာဖုံးနဲ့လူရဲ့ အကာအကွယ်မဲ့နေတဲ့ ရင်ဘတ်ထဲကို တိုးဝင် သွားပါတယ်။

“သေစမ်း”

မျက်နှာဖုံးနဲ့လူရဲ့ မျက်လုံးထဲမှာ ကြောက်ရွံ့မှုတွေက ပေါ်လာပါပြီ။ သူက လီဖူချန်းရဲ့ မျက်နှာကို ညာလက်သီးနဲ့ အားကုန် ပစ်ထိုးလိုက်ပါတယ်။ နှမြောစရာပါပဲ။ သူ့လက်သီးက လီဖူချန်းကို ထိမှန် သွားပေမဲ့လည်း ထိရောက်မှု မရှိပါဘူး။ ကြယ်ပျံဓားကွက် ထိပြီးတဲ့ နောက်မှာတော့ မျက်နှာဖုံးနဲ့လူရဲ့ အတွင်းအားတွေက ပြိုကွဲကုန်ပါပြီ။

သူ့အတွင်းအားရဲ့ ၂၀ ရာခိုင်နှုန်းကို အသုံးနိုင်တောင် အတော် ကံကောင်းလို့ပါပဲ။ လီဖူချန်းက သူ့ဆီ တိုးဝင်လာတဲ့ လက်သီးကို ခေါင်းနဲ့ ခံဆောင်လိုက်ပါတယ်။ ထို့နောက်မှာတော့ လီဖူချန်းက သူ့လက်ထဲက ဓားကို မျက်နှာဖုံးနဲ့ လူဆီ အားကုန် ပစ်ပေါက်လိုက်ပါတယ်။

အနက်ရောင် သံသေဓားက မိုးကြိုးသွား တစ်ခုလို အရှိန်နဲ့ မျက်နှာဖုံးရှင်ရဲ့ လည်ပင်းကို ထိုးစိုက်သွားပါပြီ။ သွေးစိမ်းရှင်ရှင်တွေက ပန်းထွက်လာပြီး ဂူကြမ်းပြင် တစ်ခုလုံးကို ရွှဲရွှဲ စိုသွားပါတယ်။

“ချွမ် ကလမ် လမ် လမ်”

ဆေဘာ ဓားရှည်ကြီးကတော့ မြေပြင်ပေါ်ကို ပြုတ်ကျလာပါတယ်။ မျက်နှာဖုံးနဲ့ လူကတော့ လက်တစ်ဖက်နဲ့ လည်ပင်းကို ဆုပ်ကိုင်ထားပြီး နောက်လက်တစ်ဖက်က လီဖူချန်းကို လက်ညှိုး ထိုးနေပြီး တစ်ခုခုပြောဖို့ ကြိုးစားနေသည့် ပုံပင်။

နောက်ဆုံးမှာတော့ မျက်နှာဖုံးနဲ့ လူက အသက်ဓာတ်တွေ ကုန်ခန်းသွားပြီး မြေပြင်ပေါ်ကို တအိအိ လဲပြိုကျသွား ခဲ့ပါပြီလေ။

“ဒီတစ်ခေါက်ကတော့ သေခါနီးနီး ပါပဲလား။ ငါသာ တာအိုလမ်းခွဲ ပညာရပ်ကို မလေ့ကျင့် ထားရင် အကြိမ် တော်တော်များများ သေနေလောက်ပြီ”

ဓားပညာရှင်တွေရဲ့ ကြားက တိုက်ပွဲတွေက တကယ့်ကို ကြမ်းတမ်းရက်စက် လွန်းပါတယ်။ ဓားပညာရှင် နှစ်ယောက် တိုက်ခိုက်ကျရင် အဆင့်သာတဲ့ လူကပဲ နိုင်မယ်လို့ ပုံသေ သတ်မှတ်လို့ မရပါဘူး။ တစ်ချက်ကလေး သတိလစ်သွားရင်တောင် အဆင့်နိမ့်တဲ့ လူရဲ့ ဓားအောက်မှာ အသက် ပေးလိုက် ရနိုင်ပါတယ်။

ပြီးတော့ အတွင်းအား ပညာကော ခန္ဓာကိုယ် အပြင်အား ပညာကော လေ့ကျင့်ထားတဲ့ သူက ပိုပြီး အသက်ရှင်ဖို့ အခွင့်အလမ်း များပါသေးတယ်။ အခု လီဖူချန်းနဲ့ မျက်နှာဖုံးရှင်လိုပေါ့။

မျက်နှာဖုံးရှင်က လီဖူချန်းထက် သာလွန်နေပေမဲ့လည်း နောက်ဆုံးမှာတော့ သေဆုံး သွားခဲ့ရပြီလေ။ မျက်နှာဖုံးကို လီဖူချန်းက ချွတ်ကြည့်လိုက်တဲ့ အခါမှာတော့ ဖြူဖပ်ဖပ် အသားအရေရှိတဲ့ လူကြီးတစ်ယောက်က မျက်လုံးပြူးပြီး သေနေတာကို တွေ့လိုက်ရပါတယ်။

လီဖူချန်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး လေနက်အဖွဲ့ ခေါင်းဆောင်ကို ရှာဖွေလိုက်တဲ့ အခါမှာတော့ လေနက်အဖွဲ့ ခေါင်းဆောင်က ရေကန်ထဲမှာ ဘယ်အချိန် တည်းကမှန်းမသိ သေဆုံး နေပါပြီ။

ကြည့်ရတာ မျက်နှာဖုံးနဲ့လူ ရေလှိုင်းတစ်ရာဓားချက် ထုတ်လိုက်တုန်းက မတော်တဆ သတ်မိ သွားပုံပါပဲ။

“သတ်ဟေ့ … ခေါင်းဆောင်အတွက် ကလဲ့စားချေကြ”

ဂူအပြင်ဘက် ကနေပြီး ဓားပြတစ်အုပ်က လက်နက်တွေ ကိုင်စွဲပြီး ပြေးဝင်လာပါတယ်။ သူတို့ကို ခေါင်းဆောင်လာတဲ့ သူကတော့ လီဖူချန်းကို ဖမ်းလာတဲ့ ပိန်လှီလှီနဲ့ လူပါပဲ။

သူတို့ဘက်က လူအရေအတွက် သာနေတာကို သိလိုက်ရတဲ့ အခါမှာတော့ ပိန်လှီလှီနဲ့ လူက အရင်ဆုံး လီဖူချန်းကို စတင်တိုက်ခိုက် လိုက်ပါတယ်။

***

All Chapters