ပွပေါက်တိုးပြီ
Vol. 7 Ch. 95
“မင်းက မင်းကိုယ်မင်း အရမ်း အထင်ကြီးနေတာဘဲ”
လီဖူချန်းက အေးစက်စက် ရယ်လိုက်ပါတယ်။ လီဖူချန်းရဲ့ မျက်လုံးတွေကတော့ သွေးဆာနေတဲ့ နတ်မိစ္ဆာ တစ်ကောင်လို ဖြစ်နေပါပြီ။
ဓားဆိုတာ ကရုဏာမဲ့ခြင်းရဲ့ ပြယုဂ်တစ်ခုပင် မဟုတ်ပါလား။ ပြီးတော့ ဓားဆိုတာ သတ်ဖြတ်ဖို့ အတွက် ပြုလုပ်ခဲ့တာလေ။ ဓားတစ်စင်းက သတ်ဖြတ်ဖို့ မလုပ်နိုင်မှတေ့ာ ဘာအဓိပ္ပာယ် ရှိပါဦး မည်နည်း။
လီဖူချန်းရဲ့ ဓားကလည်း လူဆိုး၊ လူယုတ်တွေအတွက်တော့ အကြင်နာ ကင်းမဲ့တဲ့ ဓားတစ်စင်းပါဘဲ။ သူဓားတစ်ချက် ဝှေ့လိုက်တိုင်းမှာ ဓားပြနှစ်ယောက်ကတော့ အနည်းဆုံး သူ့ဓားအောက်မှာ သေဆုံး ကုန်ကြပါတယ်။
သွေးစီးကြောင်းတွေကလည်း ဂူထဲမှာ မြစ်တစ်စင်းလို ဖြစ်နေပါပြီ။
“ပြေး ... ပြေးကြဟေ့။ ဒီကောင်က လူမဟုတ်ဘူး။ သွေးဆာနေတဲ့ မိစ္ဆာ …”
ကျန်ရှိနေတဲ့ ဓားပြတွေကတော့ သေမှာ ကြောက်တဲ့အတွက် ထွက်ပြေးဖို့ ကြိုးစားနေကြ ပါတယ်။ အခုချိန်မှာ သူတို့စိတ်ထဲမှာ ရှိနေတဲ့ အတွေးတစ်ခုကတော့ သူတို့ မိဘတွေက မွေးတုန်းက ခြေထောက်တွေကို ဘာလို့ နောက်ထပ် ၂ ပေလောက် ရှည်အောင် မမွေးပေး လိုက်တာလဲ ဆိုတာပါပဲ။
တကယ်လို့ သူတို့ ခြေထောက်တွေသာ ၂ ပေလောက် ထပ်ရှည်ခဲ့မယ် ဆိုရင် အခုလို ထွက်ပြေးတဲ့ အချိန်မှာ ကောင်းကောင်းကြီး အသုံးဝင်မှာလေ။
ဖတ် ဖတ် ဖတ် …
လီဖူချန်းက ကြမ်းပြင်ပေါ်မှာ ကျနေတဲ့ လက်နက်တွေကို ခြေထောက်နဲ့ ပစ်ကန်လိုက်ပါတယ်။ ထိုလက်နက်တွေက အသိဉာဏ် ရှိသည့်အလား ပြေးသွားပြီး ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ဓားပြတွေရဲ့ အသက်ကို နှုတ်ယူလိုက်ပါတယ်။
သိပ်မကြာခင်မှာပဲ ဓားပြအားလုံးက သေဆုံး သွားကြပါပြီ။ မြေပြင်ပေါ်မှာ အတုံးအရုံး သေဆုံးနေတဲ့ ဓားပြတွေကို မြင်တွေ့နေရပေမဲ့ လီဖူချန်းက ဝမ်းနည်းခြင်း တစ်စုံတစ်ရာကို မခံစား ရပါဘူး။
ဒီလူတွေက ကျင့်ကြံသူတွေပါ။ သာမန်လူတွေ မဟုတ်ပါဘူး။ သူတို့က သူတို့ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းဖို့ အခွင့်အရေးတွေ ရှိရက်သားနဲ့ လူသတ် ဓားပြတိုက်တဲ့ အလုပ်ကို ရွေးချယ်ခဲ့ကြတယ်။
အပြစ်မဲ့တဲ့ ရွာသူရွာသားတွေကို သတ်ဖြတ်တယ်။ ရွာတွေကို မီးရှို့ ဖျက်ဆီးတယ်။
အခုဒီမှာ တွေ့ခဲ့ရတဲ့ ကိုယ်လုံးတီး မိန်းမပျိုတွေဟာဆိုရင် ဒီဓားပြတွေ အတင်းအကျပ် ဖမ်းဆီးခြင်း ခံခဲ့ရ သူတွေပါပဲ။
သူတို့ရဲ့ အလိုဆန္ဒတွေကို ဖြည့်ဆည်းဖို့အတွက် ဒီလို အပြုအမူမျိုး ကိုတောင် လုပ်ရဲတယ်။ ဒီလိုလူတွေမှ သေဖို့ မထိုက်တန်ရင် ဘယ်လူတွေက သေဖို့ ထိုက်တန်မှာလဲ။
“မင်းတို့အားလုံး အဝတ်အစား ရှာဝတ်လိုက်ကြ။ ပြီးရင် ဒီဓားပြတွေရဲ့ ရတနာတွေကို ငါ့အတွက် ရှာပေး။ ပြီးရင် မင်းတို့ တစ်ယောက်ချင်းစီကို ပြန်ခွဲဝေ ပေးမယ်”
“သူရဲကောင်းလေး … အကျဉ်းထောင် လှောင်ချိုင့်တွေထဲမှာ အဖမ်းခံနေရတဲ့ ညီအစ်မတွေ ရှိနေပါ သေးတယ်။ ကျေးဇူးပြုပြီး သူမတို့ကို ကယ်တင် ပေးပါဦးရှင်”
အမျိုးသမီး တစ်ယောက်က မဝံ့မရဲနဲ့ လီဖူချန်းကို အကူအညီ တောင်းလိုက်ပါတယ်။
လီဖူချန်းက
“ကျွန်တော့်ကို သူတို့ အဖမ်းခံထားရတဲ့ နေရာကို လိုက်ပြပေးပါ”
အကျဉ်းခန်းကို စောင့်နေကျတဲ့ ဓားပြတွေက အပြင်မှာ ဘာတွေဖြစ်သွားသလဲ ဆိုတာကို မသိကြသေးပါဘူး။ ဒါကြောင့် သူတို့က လီဖူချန်းကို မြင်တဲ့ အချိန်မှာ ဟန့်တားပြီး နာမည် မေးလိုက်ပါသေးတယ်။ လီဖူချန်းဆီက အဖြေကတော့ ဓားပါပဲ။ လီဖူချန်းက အညှာအတာ ကင်းမဲ့စွာ ဓားပြတွေကို သတ်ဖြတ် ပစ်လိုက်ပါတယ်။
ဒီဓားပြတွေက မိန်းမပျိုတွေ အများကြီးကို ဖမ်းဆီး ထားတာပါ။ လီဖူချန်းရဲ့ ကယ်ဆယ်မှုကို ခံခဲ့ရ အပြီးမှာတော့ အယောက် ၄၀ လောက်ရှိတဲ့ မိန်းမတွေဟာ စိတ်မထိန်း နိုင်တော့ပဲ ငိုယို ကြပါတော့တယ်။
လီဖူချန်းက သက်ပြင်း ချရုံကလွဲလို့ ဘာမှ မတတ်နိုင်တော့ပါဘူး။ ဒီမိန်းကလေးတွေက တကယ်ကို သနားစရာပါ။ သူတို့နေထိုင်တဲ့ နေရာကို ပြန်သွားရင်တောင် ပတ်ဝန်းကျင်ရဲ့ ငြူစူစောင်းမြောင်း အပုတ်ချ ခြင်းတွေကို ခံရမှာ မလွဲမသွေပါပဲ။ ဒီလို ဓားပြတွေရဲ့ ဖမ်းဆီးမှုကို ခံရပြီး နောက်မှာတော့ အပျိုစစ်ဖို့ ဆိုတာ မဖြစ်နိုင် တော့ပါဘူး။
(တရုတ်ပြည်မှာ မင်္ဂလာဦးညကျရင် သတို့သား အမေက အိပ်ရာခင်းအဖြူ လာခင်းထားလေ့ ရှိပါတယ်။ တကယ်လို့ မနက်မှာ အဲဒီအိပ်ရာခင်းက သွေးတွေ ပေနေရင် ဒီချွေးမက အပျိုစစ်တယ် ဆိုပြီး ယောက္ခမအိမ်မှာ မျက်နှာပန်း လှလှနဲ့ နေထိုင်ရပါတယ်။ တကယ်လို့ အခင်းမှာ သွေးမရှိဘူး ဆိုရင်တော့ ဒီကောင်မ အပျိုမစစ်ဘူးဆိုပြီး ယောက္ခမအိမ်မှာ အခိုင်းအစေ သာသာပဲ နေရပါတယ်။ ဒါက ဗဟုသုတအဖြစ် ပြောပြတာပါ)
နောက်ဆုံးမှာတော့ လီဖူချန်းက မနေနိုင်တော့ဘဲ ဒီမိန်းမပျိုလေးတွေကို နှစ်သိမ့်ဖို့ ကြိုးစား ပါတော့တယ်။
“ငိုမနေကြနဲ့တော့။ မင်းတို့ရဲ့ ဘဝကြီးက တရား မမျှတဘူးလို့ မင်းတို့ ခံစားနေရတာကို ငါနားလည်တယ်။ မင်းတို့ရဲ့ အနာဂတ်တွေဟာ လှပတော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းတို့အခု ငိုနေလို့လည်း ဘာများ ထူးခြားလာမှာလဲ။ အခု မင်းတို့ ဒီဓားပြတွေရဲ့ စည်းစိမ် ရတနာတွေ အားလုံးကို ရအောင် ရှာခဲ့ကြ။ မြို့တော်ကို ပြန်ရောက်တဲ့ အခါကျရင် မင်းတို့တစ်ဘဝလုံး ကောင်းကောင်းမွန်မွန် နေထိုင်စားသောက် သွားလို့ရတဲ့ ငွေကြေးကို ငါ မင်းတို့အားလုံးကို ခွဲဝေပေးမယ်။ ငါပေးလိုက်တဲ့ ငွေတွေနဲ့ဆိုရင် မင်းတို့ဘဝတွေက ပိုပြီး သာယာလှပ သွားမှာပါ”
လီဖူချန်းရဲ့ စကားအပြီးမှာတော့ အားလုံးဟာ ဓားပြတွေရဲ့ ပိုင်ဆိုင်မှုတွေကို ရှာဖွေဖို့အတွက် အလုပ်များကုန်ပါတယ်။ ရွှေပြား ၁၅၀၀၀၀။ လေနက်အဖွဲ့ရဲ့ စခန်းထဲကနေ ရှာတွေ့တာကတော့ ရွှေပြား ၁၅၀၀၀၀ ပါပဲ။
ဒါက နည်းတဲ့ ကြွယ်ဝချမ်းသာမှု မဟုတ်ပါဘူး။ ဒီလောက် ငွေကြေးပမာဏကို ရဖို့အတွက် လေနက်ဓားပြ အဖွဲ့ရဲ့ လက်ထဲမှာ အပြစ်မဲ့တဲ့ ရွာသူ၊ ရွာသားတွေ ဘယ်လောက်များ သေဆုံးခဲ့ရပြီလဲ ...
ရွှေတွေအပြင် ဓားပြတွေရဲ့ လက်နက်တွေရယ်၊ အကောင် ၁၀၀ ကျော်ရှိတဲ့ သွေးမိစ္ဆာ မြင်းတွေကလည်း ရှိပါသေးတယ်။ ဒါတွေကို ရောင်းလိုက်ရင်လည်း ငွေအတော်များများ ရဦးမှာပါ။
မြင်းလှည်း အနည်းငယ်ကို ရှာလိုက်ပြီး လီဖူချန်းက ရှာလို့တွေ့သမျှ ရွှေပြားတွေနဲ့ လက်နက်တွေကို လှည်းတွေပေါ်မှာ တင်လိုက်ပါတယ်။
ထို့နောက်မှာတော့ သူက မြင်းတွေနဲ့ မိန်းမပျိုတွေကို ခေါ်ပြီး ကျင်လင်းမြို့ကို ပြန်ခဲ့ ပါတော့တယ်။
***
နောက်ထပ် ရက်အနည်းငယ် အကြာမှာတော့ ကျင်လင်းမြို့ကို ရောက်ရှိလာခဲ့ပါပြီ။
“တစ်ယောက်ကို ရွှေပြား ၁၀၀၀ စီ ပေးလိုက်မယ်။ အခုချိန်ကစပြီး ကိုယ့်ဘဝကို ကိုယ်ကျောင်းကြပေတော့”
စားသောက်ဆိုင် တစ်ခုရဲ့ ဒုတိယထပ်မှာ တည်ခင်း ကျွေးမွေးပြီးတဲ့ နောက်မှာတော့ လီဖူချန်းက ကတ်ပြားတစ်ခုကို ရွှေပြား တစ်ထောင်တန်တဲ့ ကတ် ၄၀ ကျော် ထုတ်ပြီး မိန်းမပျိုလေးတွေကို တစ်ယောက်လျှင် တစ်ကတ်စီ ဝေပေးလိုက်ပါတယ်။ ဒီရွှေပြားတစ်ထောင်နဲ့ ဆိုရင်တော့ သူတို့ဘဝ တစ်လျှောက်လုံး ကောင်းကောင်း နေထိုင်သွားဖို့ လုံလောက် ပါတယ်လေ။
“အခုလို သူရဲကောင်းလေးရဲ့ ကြင်နာမှုကို အရမ်းကျေးဇူး တင်ပါတယ်ရှင်။ ကျွန်မကတော့ ဒီဘဝမှာ ဒီကျေးဇူး ကြွေးတွေကို ပြန်မဆပ် နိုင်တော့ပါဘူး။ တကယ်လို့ နောက်ဘဝများ ရှိခဲ့မယ်ဆိုရင် သူရဲကောင်းလေးရဲ့ အခိုင်းအစေခံ ဘဝနဲ့ ပြန်ပြီး အကြွေးဆပ်ပါ့မယ်ရှင်”
“သူရဲကောင်းလေးရဲ့ ကြင်နာမှုကိုတော့ ဘယ်တော့မှ မေ့နိုင်တော့မှာ မဟုတ်ပါဘူး”
မိန်းမပျိုလေးတွေရဲ့ ကျေးဇူးတင် စကားတွေနဲ့ ဆုမွန်ကောင်း တောင်းပေးတဲ့ စကားတွေက လီဖူချန်းကို ဝမ်းသာပီတိ ဖြစ်စေပါတယ်။ မိန်းမပျိုလေးတွေနဲ့ လမ်းခွဲအပြီးမှာတော့ လီဖူချန်းက မိုးပြာရောင်ဂိုဏ်းကို ပြန်လာခဲ့ပါပြီ။
အပြန်လမ်းမှာတော့ လီဖူချန်းရဲ့ အိမ်ကို တစ်ချက် ပြန်ကြည့်ချင်စိတ်တွေက တဖွားဖွား ဖြစ်ပေါ်လာပြီး အဲဒါက သူ့ကို နေမထိထိုင်မသာ ဖြစ်နေစေပါတယ်။ အခုချိန်မှာသူက ငွေကြေးတွေ အတော်လေး ချမ်းသာနေတဲ့အပြင် အဝါရောင် ထိပ်တန်းအဆင့် အတွင်းအား ကျင့်စဉ်ကိုပါ ရှာတွေ့ လာခဲ့တာလေ။
တကယ်လို့သာ လီကလန်က လူတွေက ဒီကျင့်စဉ်ကို လေ့ကျင့်လိုက်မယ်ဆိုရင် နှစ်အနည်းငယ် အတွင်းမှာပဲ လီကလန်ရဲ့ အဆင့်က နောက်တစ်ဆင့် တက်လာနိုင်ပါတယ်။
နောက်ပြီးတော့ သူ့မှာ အခု ရွှေပြား ၂၀၀၀၀၀ လောက် ရှိနေပါတယ်။ သူသာ ဒီရွှေပြားတွေထဲက ၁၀၀၀၀၀ လောက်ကို သူ့မိဘတွေကို လက်ဆောင်အဖြစ် ပေးလိုက်နိုင်မယ်ဆိုရင် သူ့မိဘတွေက လီကလန်ထဲမှာ ဒီထက်ပိုပြီး တင့်တောင့်တင့်တယ် နေနိုင်မှာပါ။
ဒါပေမဲ့လည်း နောက်ဆုံးမှာတော့ လီဖူချန်းက ပြန်မသွားဖို့ကိုဘဲ ရွေးချယ်လိုက်ပါတယ်။ အခု အချိန်လောက်ဆိုရင် သူ အတွင်းစည်းတပည့် ဖြစ်သွားပြီဆိုတဲ့ သတင်းက လီကလန်ကို ရောက်နေပြီး လောက်ပါပြီ။
ဒီသတင်းကို သိပြီးသွားရင်တော့ လီကလန်ရဲ့ ဘိုးဘေးကြီးနဲ့ အကြီးအကဲတွေကတော့ သူ့မိဘတွေကို အနေကျပ်အောင် လုပ်တော့မှာ မဟုတ်ပါဘူး။ အဲဒီထက် ပိုအရေးကြီးတာက လီဖူချန်းက လီကလန်က ထွက်ခွာလာတုန်းက စိတ်ပိုင်းဖြတ်ခဲ့တာ တစ်ခုရှိပါတယ်။
အဲဒါကတော့ သူတစ်နေ့ လီကလန်ကို ပြန်လာခဲ့ရင် လီကလန် တစ်ခုလုံးကို မြေလှန်ပစ်နိုင်တဲ့ အစွမ်းအစ ရှိရမယ်လို့ပါ။
အခုချိန်မှာတော့ သူ့စွမ်းရည်က လီကလန်က ဘိုးဘေးကြီးကို သမနိုင်မယ့်အစွမ်း မရှိသေးပါဘူး။
***
မိုးပြာရောင်ဂိုဏ်းကို ပြန်ရောက်တဲ့ အခါမှာတော့ လီဖူချန်းက တာဝန် ပြီးမြောက်ကြောင်းကို တစ်ခါတည်း ဝင်သတင်း ပို့လိုက်ပါတယ်။
လုပ်ငန်းတာဝန် ဌာနရဲ့ အကြီးအကဲက လီဖူချန်းရဲ့ သတင်းပို့မှုကို သိလိုက်ရတဲ့ အချိန်မှာ လုံးဝ အကြီးအကျယ် အံ့အား သင့်သွားပါတယ်။
ဒါပေမဲ့ သိပ်မကြာခင်မှာဘဲ ဒါက လီဖူချန့်ရဲ့ ကံကောင်းမှုပဲ ဖြစ်ရမယ်လို့ ခန့်မှန်း လိုက်ပါတယ်။ လီဖူချန်းက ကျင်းလင်မြို့စားရဲ့ တပ်တွေ လေနက် ဓားပြစခန်းကို ဝင်စီးတဲ့ အချိန်နဲ့ ကွက်တိ သွားကြုံတာကြောင့် ဒီတာဝန်က အောင်အောင်မြင်မြင် ဖြစ်သွားတာ ဖြစ်ရမယ်လို့ပေါ့။
ဒီလိုမှ မဟုတ်ရင် လီဖူချန်းလို စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၂ က တပည့်လေးက ဘယ်လိုလုပ် ဒီတာဝန်ကို အောင်မြင်နိုင်မှာလဲလေ။
ဘယ်လိုပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ပါလေ။
လီဖူချန်းက လေနက်ဓားပြ ခေါင်းဆောင်းရဲ့ ခေါင်းကို ဖြတ်ယူလာနိုင်မှတော့ ဒီတာဝန် ပြီးမြောက်တယ် ဆိုတာကို သူက အတည်ပြု ပေးမှာပါပဲ။
လီဖူချန်းရဲ့ ကိစ္စကို သူဝင်ရောက် စွက်ဖက်စရာ ဘာအကြောင်းမှ မရှိပါဘူး။ လေနက်ဓားပြ အဖွဲ့ကို နှိမ်နင်းပြီးတဲ့ တာဝန်ကို ပြီးမြောက်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းက နောက်ထပ် တာဝန်တွေကို ယူဖို့စိတ်ကူး မရှိတော့ပါဘူး။
အခု တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကြောင့် လေအရိပ် ခြေလှမ်းနဲ့ ကြယ်ပျံဓားသိုင်းက နောက်တစ်ဆင့်တက်ဖို့ သိပ်မဝေးတော့ဘူး ဆိုတာကို သူခံစား နေမိပြီလေ။
ဒီလ အတောအတွင်းမှာ သူက ခရီးသွားတိုင်းမှာ လေအရိပ် ကိုယ်ဖော့ပညာကိုပဲ အသုံးပြုခဲ့တာပါ။ ခရီးသွားနေစဉ်မှာပဲ သူက လေရဲ့ ဖိအားနှုန်းကို လျော့ကျအောင် ဘယ်လိုလုပ်ရမလဲ၊ သူ့ရဲ့ အမြန်နှုန်းကို ဘယ်လို မြှင့်ရမလဲ၊ သူ့ရဲ့ တည်ရှိနေမှုကို ရှာမတွေ့အောင် ဘယ်လို ကိုယ်ယောင် ဖျောက်ထားရမလဲ ဆိုတာတွေကို ပိုပိုပြီး နားလည် သဘောပေါက် ခဲ့ပါတယ်။
ကြယ်ပျံ ဓားသိုင်းကတော့ တစ်ကြိမ်ပဲ ထုတ်သုံးခဲ့ရတယ် ဆိုပေမဲ့ အဲဒီ တစ်ကြိမ်က သူ့ထက် အစွမ်းအစ အများကြီး သာတဲ့သူကို သတ်တဲ့ နေရာမှာ သုံးခဲ့တာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ။ သူ့ရဲ့ ကိုယ်ဖော့ပညာနဲ့ ဓားသိုင်းကတော့ အနည်းနဲ့အများ တိုးတက် လာတာပါပဲ။
***
တောင်တန်းတွေရဲ့ အလွန် တောနက်ကြီး တစ်ခုထဲမှာတော့ ...
အနက်ရောင် အရိပ်တစ်ခုက တစ္ဆေတစ်ကောင် ရွေ့လျား သွားလာနေသလို အသံ တစ်စွန်းတစ်စမှ မထွက်ဘဲ လှုပ်ရှားသွားလာ နေပါတယ်။ သတိထားပြီး မကြည့်မိဘူး ဆိုရင် ဒီအရိပ်နက်ကြီးကို တွေ့နိုင်မှာတောင် မဟုတ်ပါဘူး။ ဒီအနက်ရောင် အရိပ်ကြီးက အလွန်တစ်ရာကို မြန်လွန်းပါတယ်။ မျက်စိတစ်မှိတ် အတွင်းမှာတောင် တစ်နေရာကနေ တစ်နေရာကို အလွန် လျင်မြန်စွာ ရွေ့လျား နိုင်ပါတယ်။
မင်းမျက်စိမမှိတ်ခင်မှာ ဟိုးအဝေးကြီးမှာ ရှိနေတာကို တွေ့လိုက်ရ ပေမဲ့လည်း မျက်စိမှိတ်ပြီး ပြန်ဖွင့် လိုက်ရင်တော့ မင်းအရှေ့ကို ရောက်နေပါပြီ။ ဒီလို အမြန်နှုန်းနဲ့ အသံမထွက်အောင် သွားလာ နိုင်နေတဲ့ သူကို ဝိညာဉ် ဒါမှမဟုတ် တစ္ဆေတစ်ကောင်လို့ ပြောရင်တောင် မှားမယ် မထင်ပါဘူး။
အနက်ရောင် အရိပ်က ခုန်ပျံနေရာကနေ လေဟုန်စီးပြီး ငှက်တစ်ကောင်လို သစ်ပင်ကြီး တစ်ပင်ပေါ်က သစ်ကိုင်းငယ်လေး တစ်ခုဆီသို့ ခုန်တက်သွားပါတယ်။ သစ်ကိုင်းကလေးက ဘယ်လောက်တောင် သေးငယ်သလဲဆိုရင် ငှက်တစ်ကောင် လာနားရင်တောင် ကျိုးကျ သွားနိုင်တဲ့ အထိပါပဲ။
“လေအရိပ် ခြေလှမ်းရဲ့ အဆင့် ၄ က တကယ်ပဲ မယုံနိုင်စရာ ကောင်းလှပါလား”
ကိုယ်ဖော့ပညာတွေက တကယ်ပဲ လေ့ကျင့်ရတာ ခက်ခဲတယ် ဆိုပေမဲ့ လေ့ကျင့်အောင်မြင် ပြီးသွားရင်တော့ ရလာမယ့် အကျိုးကျေးဇူးတွေက တကယ်ကို မယုံကြည်နိုင်စရာ ပါပဲ။
တကယ့် တိုက်ပွဲတွေမှာ ကိုယ်ဖော့ပညာကလည်း အတွင်းအား ကျင့်စဉ်တွေလို အရေး ပါပါတယ်။ တကယ်လို့ မင်းက မင်းရန်သူထက်ကို နှေးနေမယ်ဆိုရင် အဆုံးသတ်မှာ ခံစားရမယ့် သူက မင်းကလွဲလို့ တခြား ဖြစ်နိုင်မယ့်သူ မရှိပါဘူး။
တကယ်လို့ မင်းရန်သူက မင်းထက်ကို အစစအရာရာမှာ သာနေတယ် ဆိုရင်တောင် မင်းက ကိုယ်ဖော့ပညာကို အသုံးပြုပြီး ထွက်ပြေး နိုင်ပါသေးတယ်။ အဓိက ပြောချင်တာကတော့ မင်းရဲ့ ကိုယ်ဖော့ပညာက လုံလောက်တဲ့ အဆင့်တစ်ခုအထိ ကောင်းနေ သေးသရွေ့တော့ တစ်ဖက်လူနဲ့ တိုက်ခိုက်ရင် အသာစီး ရနိုင်တယ် ဆိုတာပါပဲ။ အနိုင်တိုက်မလား ဒါမှမဟုတ် ထွက်ပြေးမလား။
အားလုံးက မင်းအပေါ်မှာပဲ မူတည်ပါတယ်။ နောက်ထပ် ရက်အနည်းငယ် အကြာမှာတော့ ...
ရွှမ်း ...
နှစ်မီတာလောက်ရှိတဲ့ အဝါရောင် အလယ်အလတ် အဆင့်ရှိတဲ့ သတ္တုရိုင်းတုံးကြီးဟာ လီဖူချန်းရဲ့ ဓားချက်ကြောင့် တစ်စစီ ဖြစ်ကုန်ပါပြီ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ဆိုရင် လီဖူချန်းက ဒီလို လုပ်ဆောင်နိုင်တဲ့ အစွမ်းအစ မရှိသေးပါဘူး။
အမြန်နူန်းနဲ့ တိုက်ခိုက်မှုအားက သက်ဆိုင်ရင် သက်ဆိုင်မှာပါ။ ဒါပေမဲ့ လုံးလုံးလျားလျားကြီး သက်ဆိုင်နေတာတော့ မဟုတ်ပါဘူး။ ဥပမာအနေနဲ့ လီဖူချန်း အသုံးပြုနေကျ ဖြစ်တဲ့ လေပြည် ဓားသိုင်းပေါ့။ ဒီဓားသိုင်းက အရမ်းမြန်တယ် ဆိုပေမဲ့ တိုက်ခိုက်နိုင်မှု အားကတော့ အတော်လေး နည်းပါတယ်။
ဒါပေမဲ့ ကြယ်ပျံဓားသိုင်းကတော့ တစ်မူ ထူးခြားပါတယ်။ ဒီဓားသိုင်းက အမြန်နှုန်းကော တိုက်ခိုက်မှုအား အပိုင်းမှာပါ အားကောင်းလွန်းပါတယ်။ ဒီဓားသိုင်းမှာတော့ အမြန်နှုန်း မြင့်လေလေ တိုက်ခိုက်မှုအားက ကောင်းလေလေပါပဲ။
“ဖူချန်း ... နောက်ထပ် သုံးရက်ကြာရင် ငါတို့ လီကလန်နဲ့ ကောင်းကလန်က အပျော်တမ်း လက်ရည်စမ်းပွဲ တစ်ခု တိုက်ဖို့ရှိတယ်။ ငါတို့ဘက်က လူအင်အား နည်းနေလို့ နင်လည်း လာခဲ့ပါလား”
ဒီနေ့မှာတော့ ထက်မြက်ပုံရတဲ့ အမျိုးသမီး တစ်ယောက်က လီဖူချန်းဆီကို အလည် ရောက်လာပါတယ်။
“အစ်မ ကျင်းရွယ်ပါလား”
လီဖူချန်းက သူ့ကို မှတ်မိပါတယ်။
လီကျင်းရွယ်က အသက် ၃၁ နှစ်ရှိပြီ ဖြစ်ပြီး စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၈ ကို ရောက်နေပါပြီ။
သူမရဲ့ ပါရမီက လီဆန်ဟီထက်တော့ အများကြီး သာပါတယ်။
လီဆန်ဟီက ဒီနှစ်မှာ အသက် ၃၀ ပြည့်မှာဖြစ်ပြီး စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၅ ပဲ ရှိပါသေးတယ်လေ။
“ဟုတ်ပြီလေ။ ကျွန်တော် လာခဲ့ပါ့မယ်”
လီဖူချန်းက ခေါင်းညိတ်လိုက်ပါတယ်။ လီကျင်းရွယ်က ဂိုဏ်းတော်ထဲမှာ လီဖူချန်း လုပ်ဆောင် ခဲ့တာတွေအတွက် အရမ်းကို ကျေနပ်အားရ နေတာပါ။ သူမက လီဖူချန်းကို သတိ ပေးလိုက်ပါသေးတယ်။
“အဲဒီနေ့ကျရင် ကောင်းဟောင်နဲ့ ကောင်းယန်ကို နင်သတိထားဦး"
***