အလွယ်တကူပဲ အနိုင်ယူလိုက်တယ်
Vol. 7 Ch. 97
"ဟိုမှာ လီဖူချန်း ရောက်လာပြီ”
လီကျင်းရွယ်က လက်ညှိုး ထိုးပြလိုက်ပါတယ်။
“အားလုံးပဲ တောင်းပန်ပါတယ်ခင်ဗျာ။ ကျွန်တော်နည်းနည်း နောက်ကျသွားတယ်”
လီဖူချန်းက လက်နှစ်ဖက်ကို ခွက်ကိုင်ထားသည့် ဟန်ဖြင့် ခါးကိုင်းပြီး အားလုံးကို တောင်းပန်လိုက်ပါတယ်။
ဟမ့်
လီယွန်ဟိုင်က နှာခေါင်းတစ်ချက် ရှုံ့ပြီး လီဖူချန်းကို မကျေနပ်သည့် ပုံဖြင့် ကြည့်နေပါတယ်။ လီရှန်းရှီကတော့ ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီး
“မင်းလာပေးရင်ကို ရပါပြီ”
ကောင်းကလန်ရဲ့ တဲထဲမှာတော့ …
“အဲဒါက လီဖူချန်း ဆိုတာလား … ကြည့်ရတာတော့ နာမည်ကြီးသလောက်လည်း မဟုတ်ပါလား”
ကောင်းရီလုံက မှတ်ချက် ချလိုက်ပါတယ်။ ကောင်းဟောင်ကလည်း
“ငါသူ့ကို စိန်ခေါ်တာကို စောင့်ကြည့်လိုက်။ ဒီကောင်က အတွင်းစည်းတပည့် ဖြစ်လာပြီးတဲ့ နောက်မှာ အရင်လိုနှုန်းနဲ့ တိုးတက်နေဦးမယ် ဆိုတာကို ငါမယုံဘူး”
“သူ့အစွမ်းအစကို တစ်ယောက်ယောက်တော့ အရင်စမ်းသပ် ကြည့်ရမှာပဲ”
ကောင်းရီလုံက ကောင်းဟောင်ကို လီဖူချန်းရဲ့ ပြိုင်ဘက် ဖြစ်နိုင်မယ်လို့ မယူဆပါဘူး။ ဒါပေမဲ့လည်း တစ်ယောက်ယောက်က အမိုက်ခံပြီး လီဖူချန်းရဲ့ အစွမ်းအစကို စမ်းသပ်ဖို့လိုတာ ဖြစ်တဲ့အတွက် ခွင့်ပြုလိုက်ပါတယ်။
ကောင်းရီလုံရဲ့ ဘေးမှာ ထိုင်နေတဲ့ ကောင်းရှုရဲ့ မျက်လုံးတွေကတော့ ဘာကြောင့်မှန်းမသိ တောက်ပ နေနေပါပြီ။
“အဲဒီကလေးက ဘယ်လောက်တော်နေလို့ နောက်ကျပြီး ရောက်လာရတာလဲ”
ယန်ကလန်နဲ့ ရှန်းတုကလန်ရဲ့ ကလန်သားတွေကလည်း လီဖူချန်းရဲ့ ပါရမီက ကျော်ကြား နေသလောက် အစွမ်း ထက်သလား ဆိုတာကို သိချင်နေကြပါတယ်။ ကောင်းယိုနဲ့ လီဆန်းဟီတို့ရဲ့ တိုက်ပွဲကတော့ လုံးဝ အထွတ်အထိပ်ကို ရောက်နေပါပြီ။ လီဖူချန်ရဲ့ အမြင်မှာတော့ လီဆန်းဟီရဲ့ ဓားသိုင်းက ကောင်းယိုထက် နိမ့်ကျပါတယ်။
ဒီအတိုင်း ဆက်သွားရင်တော့ နောက်ထပ် သိုင်းကွက် ၁၀၀ အတွင်းမှာ လီဆန်းဟီက ကျိန်းသေပေါက် ရှုံးမှာပါ။
သူတွက်ထားတဲ့ အတိုင်းပါပဲ။
၉၅ ကွက် အရောက်မှာတော့ လီဆန်းဟီရဲ့ လက်ထဲက အနက်ရောင် သံသေဓားက လွှတ်ထွက်သွားပြီး ကောင်းယိုရဲ့ မိကျောင်းကန်ချက် တစ်ချက်ကိုလည်း ခံလိုက်ရပါတယ်။ လီဆန်းဟီက မျက်နှာတစ်ခုလုံး နီရဲသွားပါတယ်။
“ကောင်းယို … ငါမင်းကိုသတ်မယ်”
လီဆန်းဟီက မြေပေါ်ကနေ လူးလိမ့်ထလိုက်ပြီး ကောင်းယိုဆီကို ဒေါသတကြီးနဲ့ ပြေးဝင်သွားပါတယ်။
“ဖုန်း”
ကောင်းယိုက လီဆန်းဟီ သူ့ဆီ ဝင်လာတာကိုတောင် မစောင့်ဘဲ မျက်နှာကို ပြေးပြီး ကန်ထည့် လိုက်တာကြောင့် လီဆန်းယီ တစ်ယောက်ခမျာ မြေကြီးပေါ် ကားယားကြီး ပစ်လဲပြီး သတိ မေ့သွားပါတယ်။
“ရွံစရာကြီးကွာ”
ကောင်းယိုက လီဆန်းဟီကို ကန်မိတဲ့ ခြေထောက်ကို သုတ်ရင်းနဲ့ ပြောလိုက်ပါတယ်။ ဒီအဖြစ်အပျက်ကို မြင်လိုက်ရတဲ့ လီကလန်သားတွေရဲ့ မျက်နှာပေါ်မှာတော့ အရှက်ရမှုတွေ ပေါ်နေပါတယ်။ အထူးသဖြင့် ခေါင်းဆောင်ဖြစ်တဲ့ လီရှန်းရှီပေါ့လေ။
ကလန် ၃ ခု လက်ရည် စမ်းလိုက်တိုင်းမှာ လီကလန်က အမြဲ ရှုံးနိမ့်တဲ့ဘက်မှာ နေရပြီး ကျန်တဲ့ ကလန်တွေရဲ့ လှောင်ပြောင် ရှုံ့ချခြင်းကိုပဲ ခံနေရတာပါ။ လီကလန်ရဲ့ လူငယ်မျိုးဆက် ခေါင်းဆောင်ဖြစ်တဲ့ လီရှန်းရှီ အတွက်တော့ ဒီဖြစ်ရပ်ကြီးဟာ ကလန်အတွက် သူဘာမှ မလုပ်ပေး နိုင်ပါလားဆိုတဲ့ အသိကြီးနဲ့ နှလုံးသားထဲမှာ အရိပ်မဲကြီး တစ်ခုသဖွယ် အမြဲ ဖြစ်နေခဲ့တာလေ။
“လီဖူချန်း … ငါဆိုတဲ့ ကောင်းဟိုက မင်းကိုစိန်ခေါ်တယ်”
ကောင်းဟိုက အရှေ့ကို ထွက်လာပြီး ဓားဦးနဲ့ လီဖူချန်းကို ညွှန်ကာ စိန်ခေါ်လိုက်ပါတယ်။ သူ့ရဲ့ စိန်ခေါ်မှုကို ကြားအပြီးမှာတော့ အားလုံးရဲ့ မျက်လုံးတွေက လီဖူချန်းဆီကို ရောက်လာပါတယ်။
အပြင်စည်းဂိုဏ်းရဲ့ နံပါတ် ၁ ဆိုတဲ့ တပည့်ကြီးက ဘာများ လုပ်ပြနိုင်မလဲ ဆိုပြီးတော့ပေါ့လေ”
“ဘာလို့လည်း … ကောင်းကလန်မှာ ငါ့ကို စိန်ခေါ်ရဲတဲ့ တခြားလူ မရှိတော့ဘူးလား”
လီဖူချန်းက ကောင်းကလန်သားတွေ ရှိတဲ့ဘက်ကို ကြည့်ပြီး မထီမဲ့မြင် ပြုသလို မေးလိုက်ပါတယ်။ ကောင်းရီလုံက အေးစက်စက်နဲ့ ပြန်ပြောလိုက်ပါတယ်။
“မင်း ဒီစကားပြောဖို့ အရမ်း စောနေသေးတယ်”
“လီဖူချန်း ... မင်းရဲ့ ေ-ာက်ပါးစပ်ကို ပိတ်ပြီး ငါ့ဓားချက်ကို မြည်းကြည့်စမ်း”
ကောင်းဟိုက ဒေါသ အရမ်းထွက်နေပါပြီ။ သူက လီဖူချန်းကို မနိုင်နိုင်ဘူး ဆိုတာကို သိပေမဲ့ တခြားလူတွေက သူ့ကို အထင်သေးတဲ့ ပုံစံနဲ့ ဆက်ဆံတာကို သူလက်သင့် မခံပါဘူး။
လီဖူချန်းဆီကို သူက အလွန် လျင်မြန်စွာနဲ့ ပြေးဝင်သွားပြီး နဂါးမာန် ဓားကွက်ဖြင့် တိုက်ခိုက် လိုက်ပါတယ်။
(ကောင်းဟိုကလည်း လီဖူချန်းလိုပဲ နဂါးမာန် ဓားသိုင်းကို ရွေးချယ်ထားတာပါ)
သူတို့ နှစ်ယောက်စလုံးက စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၂ ကလူတွေ ဖြစ်ပေမဲ့ လီဖူချန်းရဲ့ အမြင်မှာတော့ ကောင်းဟိုက အတွေ့အကြုံ အရမ်း နုပါတယ်။
လီဖူချန်းက သူနဲ့ တိုက်ရတာ ကလေးနဲ့လူကြီး ရန်ဖြစ် နေသလိုတောင် ခံစားနေရပါတယ်။ သူ့ဆီကို ဝင်လာတဲ့ အနက်ရောင် သံဓားကို လီဖူချန်းက ပြန်လည်း မခုခံသလို ရှောင်လည်း မရှောင်တိမ်းဘဲ ရပ်နေပါတယ်။ လီဖူချန်းက မလှုပ်မယှက် နေနေတာကို တွေ့လိုက်ရတဲ့ အခါမှာ ကောင်းဟိုက အားတက် သွားပါတယ်။
“ငါ့ကို အထင်သေးရင်တေ့ာ မင်းပဲ ခံစားသွားရ လိမ့်မယ်”
ကောင်းဟိုက ကြုံးဝါးပြီး လီဖူချန်းကို ဓားနဲ့ ထိုးချလိုက်ပါတယ်။
စွပ် …
အနက်ရောင် သံသေဓားက လီဖူချန်းရဲ့ ခန္ဓာကိုယ်ကို ထိုးစိုက်သွားတယ်။ စစချင်းမှာတော့ ကောင်းဟောင်က ပျော်သွားပါတယ်။ ထို့နောက်မှာတော့ ထိတ်လန့် သွားပါတယ်။ ဓားက လီဖူချန်းကို ထိုးမိလိုက်တာ သေချာပေမဲ့ သူခံစား လိုက်ရတာကတော့ လေဟာနယ်ကိုပဲ ထိုးမိ လိုက်သလိုပါပဲ။
ဒါပေမဲ့ သူ့ဓားက လီဖူချန်းကို စိုက်သွားတာကို သူလုံးဝ မြင်လိုက်တယ်လေ။ ကောင်းဟိုက သူ ထင်ယောင်ထင်မှားများ ဖြစ်နေသလား လို့တောင် စဉ်းစားနေပါပြီ။ တကယ်တော့ ကောင်းဟိုက ထင်ယောင်ထင်မှား ဖြစ်နေတာ မဟုတ်ပါဘူး။
ဓားက လီဖူချန်းကို ထိုးစိုက်ခါနီး လေးမှာပဲ လီဖူချန်း ဘေးကို ခြေလှမ်းတစ်လှမ်း ရွေ့ပြီး ကပ်ရှောင် လိုက်တာပါ။ လီဖူချန်းရဲ့ ရွေ့လျားမှုက အရမ်းကို မြန်ပြီး သေသပ်လွန်းတဲ့ အတွက် ကောင်းဟောင်က သေချာ မမြင်လိုက်တာပါ။ ထို့နောက်မှာတော့ လီဖူချန်းက ကောင်းဟိုရဲ့ လစ်ဟာနေတဲ့ ရင်ဘတ်ထဲကို လက်ဝါးရိုက်ချက် တစ်ချက် ပစ်သွင်း လိုက်ပါတော့တယ်။
ဖရူး ...
ကောင်းဟိုရဲ့ ပါးစပ်ထဲကနေ သွေးတွေ အန်ထွက်လာပြီး ကောင်းဟိုက မြေကြီးပေါ်ကို ဒူးထောက်လဲကျ သွားပါတော့တယ်။
“ကောင်းလိုက်တဲ့ သိုင်းအား ထိန်းချုပ်မှုပါလား”
လီရှန်းရှီ၊ ကောင်းရီလုံနဲ့ ယန်အိုတို့ အားလုံးရဲ့ မျက်လုံးတွေဟာ စိတ်ဝင်စားမှုကြောင့် အရောင် တောက်လာပါတယ်။
သူတို့ရဲ့ မျက်လုံးထဲမှာတော့ လီဖူချန်းက ခြေတစ်လှမ်းရွေ့ပြီး ရှောင်လိုက်တာကော ကောင်းဟိုကို ရိုက်ချလိုက်တာကိုကော ရှင်းရှင်းလင်းလင်း တွေ့ရတယ်လေ။
“ကြည့်ရတာ ဒီကလေးက ဆန်းကြယ်အဆင့်နိမ့် ကိုယ်ဖော့ပညာကိုတောင် လေ့ကျင့် ထားပြီပဲ”
ကောင်းရီလုံက အစကတည်းက ကောင်းဟိုဆီက ဘာမှ မမျှော်လင့်ထားတဲ့အတွက် ကောင်းဟိုရဲ့ အရှုံးက သူ့ကို ဘာမှထူးပြီး မအံ့သြစေပါဘူး။
သူအံ့သြမိတာ တစ်ခုပဲရှိပါတယ်။ အဲဒါကတော့ လီဖူချန်းရဲ့ ကိုယ်ဖော့ပညာက အလယ်အလတ် အဆင့်လောက်ကို ရောက်နေတာကိုပါ။
“လီဖူချန်း ... ငါမင်းရဲ့ အစွမ်းကို စမ်းကြည့်မယ်”
ကောင်းဟိုကို ဆွဲထူရင်းနဲ့ ကောင်းယန်က လီဖူချန်းရဲ့ ဆောင့်ကြွားကြွား မျက်နှာပေးကို လုံးဝ သည်းမခံ နိုင်တော့သဖြင့် စိန်ခေါ်လိုက်ပါတယ်။
သူမရဲ့ ခန္ဓာကိုယ်ကို တစ်ချက်လှုပ်လိုက်တာနဲ့ သူမက တိုက်ပွဲစည်းဝိုင်းထဲ ရောက်လာပါတယ်။
"ဟိုး … ဟိုး ဒါက တိမ်ငန်း ကိုယ်ဖော့ပညာပါလား”
လီဖူချန်းက တစ်ချက် ကြည့်လိုက်တာနဲ့ ကောင်းယန်ရဲ့ ကိုယ်ဖော့ပညာကို တန်းသိပါတယ်။ ကောင်းယန်က ဒီနှစ်ဆိုရင် ၂၃ နှစ်ထဲ ဝင်နေပါပြီ။
သူမက စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၃ ဖြစ်ပြီး ကောင်းဟောင်ထက် တစ်ဆင့် မြင့်ပါတယ်။ လွန်ခဲ့တဲ့ ၈ နှစ်ကတည်းက မိုးပြာရောင် ဂိုဏ်းထဲကို ဝင်ခဲ့တာဖြစ်ပြီး ကိုယ်ဖော့ပညာကို အထူး လေ့ကျင့်ထားသူ တစ်ယောက်ပါ။
သူမက တိမ်ငန်း ကိုယ်ဖော့ပညာကို အကြို ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်ထားသူ ဖြစ်တာကြောင့် လီဖူချန်းကို ယှဉ်ဖို့အတွက် ယုံကြည်မှု အပြည့်ရှိပါတယ်။
ဒါကြောင့်လည်း သူမက လီဖူချန်းကို စိန်ခေါ်လိုက်တာပါ။
ပြီးတော့ လီဖူချန်းရဲ့ ကိုယ်ဖော့ပညာကို မြင်ရပြီးနောက်မှာ သူမရဲ့ ကိုယ်ဖော့ပညာက လီဖူချန်းထက် သာကြောင်းကို ပြချင်စိတ်တွေ အရမ်း များနေပါသေးတယ်။
"မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး”
လီဖူချန်းက ခေါင်းခါပြီး ငြင်းလိုက်ပါတယ်။
“ကိုယ့်ကိုယ်ကိုယ် အရမ်း အထင်မကြီးစမ်းနဲ့။
စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၂ နဲ့ စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၃ ကြားမှာ ဘယ်လောက် ကွာဟချက် ကြီးသလဲဆိုတာ နင့်ကို ပြပေးမယ်”
ကောင်းယန်က ယုံကြည်မှု အပြည့်နဲ့ ပြန်ပြောလိုက်ပါတယ်။ သူမက စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၃ မှာပဲ ရှိသေးပေမဲ့ အပြင်ဘက်လောကကို ထွက်တုန်းက စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၅ က ပညာရှင်ကို အနိုင်ယူခဲ့ ဖူးပါတယ်။
"မင်းရဲ့ အကောင်းဆုံးသိုင်းကွက် ထုတ်လိုက်”
လီဖူချန်းက ပါးစပ်ကနေ ပြိုင်ငြင်း နေရတာကို စိတ်မပါတဲ့ သူတစ်ယောက်ပါ။ ဒါကြောင့် လက်သီးနဲ့ပဲ စကားပြောပါတော့မယ်။ စူးရှတဲ့ အသံပေါက်ကွဲမှု တစ်ခု လေထဲမှာ ဖြစ်ပေါ်သွားပြီး နောက်မှာတော့ ကောင်းယန်က သူမရပ်နေတဲ့ နေရာကနေ ပျောက်သွားကာ လီဖူချန်းရဲ့ အနောက်မှာ ပြန်ပေါ်လာပါတယ်။
“အရှုံးပေးလိုက်တော့”
သူမရဲ့ ဓားကို ဆွဲထုတ်လိုက်ပြီး လီဖူချန်းကို ပိုင်းချလိုက်ပါတယ်။
ကောင်းယန်ရဲ့ ဓားက လေဟာနယ်ကိုပဲ ခုတ်မိလိုက်ပါတယ်။ ကောင်းယန်က လီဖူချန်းကို မထိဘူး ဆိုတာကို သိတာနဲ့ အနောက်ကိုတန်းပြီး ဆုတ်လိုက်တယ်။ လီဖူချန်းက လက်နှစ်ဖက်ကို အနောက်ပစ်ပြီး သူမကို ပြုံးကြည့်နေပါတယ်။ သူ့ရဲ့ အပြုံးက ကောင်းယန်ကို ငါမပြောဘူးလား။ မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူးလို့ ပြောနေသလိုပါပဲ။
“ဘဝင်မြင့်နေတဲ့ကောင်”
ကောင်းယန်က လီဖူချန်းရဲ့ အပြုအမူကို ကြည့်ပြီး မခံချိမခံသာ ဖြစ်နေပါတယ်။ သူမရဲ့ လက်ကောက်ဝတ်ကို တစ်ချက် လှုပ်လိုက်တဲ့ အခါမှာတော့ ဓားရိပ် ၃ ရိပ် ထွက်ပေါ်လာပါပြီ။ ဒီဓားသိုင်းကို လီဖူချန်းက ကောင်းကောင်းကြီး သိပါတယ်။
ဒါက ’သုံးရိပ်ဖြာ ဓားသိုင်း’ ပါ။
ပြီးတော့ သူမရဲ့ ဓားထွက်ပုံကို ကြည့်ရတာ တစ်ဖက်ကမ်းခတ် အဆင့် ရောက်နေပါပြီ။ ဒါက ကောင်းဟောင် သုံးသွားတဲ့ နဂါးမာန် ဓားသိုင်းထက်ကို အဆင့်မြင့်ပါတယ်။
“မင်းရဲ့ ဓားသိုင်းကတော့ မဆိုးပါဘူး။ ဒါပေမဲ့ ကိုယ်ဖော့ပညာကတော့ အရမ်း နိမ့်နေတယ်”
လီဖူချန်းက တစ်ချက် လှုပ်လိုက်တာနဲ့ ကောင်းယန်ရဲ့ နောက်ကျောဘက်ကို ရောက်သွား ပါတယ်။ ထို့နောက်မှာတော့ ကောင်းယန်ရဲ့ နောက်ကျောကို လက်ဝါးနဲ့ ရိုက်ချလိုက်ပါတယ်။
ကောင်းဟောင်လိုပဲ ကောင်းယန်လည်း သွေးအန်ကာ မြေပြင်ပေါ်ကို ခေါင်းစိုက်ပြီး လဲသွားခဲ့ရ ပါပြီ။ ကြည့်နေတဲ့ သူတွေအားလုံးက သက်ပြင်းကိုယ်စီ ခိုးချလိုက်ရပါတယ်။ လီဖူချန်းရဲ့ ကိုယ်ဖော့ပညာက အရမ်းကို အစွမ်းထက်လွန်း နေပါပြီ။ ကိုယ်ဖော့ပညာကို အထူး လေ့ကျင့်ထားတဲ့ ကောင်းယန်တောင်မှ တစ်ချက်ကလေးတောင် ပြန်မတုံ့ပြန် လိုက်နိုင်ပါဘူး။
“ကောင်းတယ်ဟေ့”
လီရှန်းရှီကတော့ အားပါးတရ လက်ခုပ်တီးပြီး လီဖူချန်းကို ချီးကျူးလိုက်ပါတယ်။ သူ့ကိုယ်သူ လီကလန် လူငယ်မျိုးဆက် ခေါင်းဆောင်ဆိုတာကို မေ့နေပုံပါပဲ။ လီယွန်ဟိုင်နဲ့ လီဆန်းဟီရဲ့ အရှုံးက လီကလန်သားတွေကို မျက်နှာ မဖော်နိုင်အောင် အရှက်ရ စေခဲ့ပါတယ်။
ဒါပေမဲ့အခုတော့ သူတို့က နှစ်ပွဲဆက် ပြန်နိုင်ခဲ့ပြီလေ။ ဒါတောင် လီဖူချန်းကို ကြည့်ရတာ သူ့အစွမ်း အကုန်တောင် မထုတ်ရသေးတဲ့ ပုံပါပဲ။ ပိုပြီး အရေးကြီးတာ လီဖူချန်းက အခုထိ ဓားမထုတ် သေးပါဘူး။ အခု အရှက်ရ နေတာကတော့ ကောင်းကလန် ဖြစ်သွားပါပြီ။
ကောင်းကလန်ဘက်က လီဖူချန်းကို ဆဲဆိုသံတွေ ထွက်ပေါ်လာပါတယ်။
“ခွေးမသား လီဖူချန်း … အရှက် မရှိဘူးလား”
“ကောင်းယန်လို မိန်းမချောလေးကိုတောင် မညှာမတာ တိုက်ရဲတယ်။ ခွေးမသား လီဖူချန်း။ မင်းတို့ အကြီးအကဲတွေ မိန်းကလေးတွေကို ညှာတာရမယ်လို့ မသင်ပေး ခဲ့ဘူးလား”
လီဖူချန်းကတော့ သူ့ကို ဆဲဆိုသံတွေကို ပန်းနဲ့ ပေါက်နေတယ်လို့ ထင်နေပုံ ရပါတယ်။ လက်နှစ်ဖက်ကို နောက်ပစ်ကာ မိန့်မိန့်ကြီး ပြုံးပြီး ရပ်နေပါတယ်။ (ခွေးသူတောင်းစား ကောင်းကလန်က ကောင်တွေ ... သတ္တိရှိရင် ငါ့ကို စိန်လာခေါ်စမ်း။ မင်းတို့ ေ-ာက်ခွက်တွေကို မင်းတို့ကို မွေးပေးတဲ့ အမေအရင်း တွေတောင်မှ မမှတ်မိအောင် ထိုးပေးဦးမယ်)
ကောင်းမိန်ကလည်း မျက်လုံးအပြူးသားနဲ့ လီဖူချန်းကို ကြည့်နေမိပါတယ်။
သူမက ကောင်းယန်နဲ့ ကောင်းဟောင်ရှုံးပြီး လီဖူချန်း အနိုင်ရသွားတာကို လုံးဝ မယုံကြည်နိုင် သေးပါဘူး။ ယုံဝူးမြို့မှာ လီဖူချန်းရဲ့ သတင်းတွေ ကြားတုန်းက ကောလာဟလတွေပါလို့ သူမ ထင်ခဲ့တာပါ။
မိုးပြာရောင်ဂိုဏ်းကို ရောက်တော့ လီဖူချန်းက သမိုင်းဝင် အပြင်စည်းတပည့် နံပါတ် ၁ ဆိုတာ သိရပေမဲ့ လီဖူချန်းရဲ့ အစွမ်းကို မျက်မြင်ကိုယ်တွေ့ မဟုတ်တဲ့အတွက် သိပ်ပြီး အထင်မကြီး ထားပါဘူး။ အခုလက်တွေ့ မြင်လိုက်ရတဲ့ အခါမှတော့ လီဖူချန်းက သူမကြားသိ ထားတာထက်ကို အစွမ်း ထက်နေတယ် ဆိုတာ လက်ခံလိုက်ပါပြီ။
တစ်ချိန်တည်းမှာပဲ သူမရဲ့ နှလုံးသားထဲကနေ မကောင်းတဲ့ အတိတ်နိမိတ် တစ်ခုကို ခံစားလိုက်ရ ပါတယ်။ မိန်းမတွေရဲ့ ကိုယ်ပိုင် မသိစိတ်က လီဖူချန်းဟာ တစ်နေ့ ကောင်းကလန်အတွက် အကြီးမားဆုံး ဆူးငြောင့် ဖြစ်လာမယ်လို့ သတိ ပေးနေပါတယ်။ လီယွန်ဟိုင်ကလည်း မကောင်းတဲ့ ခံစားချက်ကြီး ရနေပါတယ်။
သူ့ရဲ့ စိတ်ထဲမှာ ခံစားနေရတာကတော့ ကောင်းကင်ကြီးက လုံးဝ မတရားပါဘူး။ လီကလန်ကို ဂုဏ်ယူရအောင် လုပ်ပေးတဲ့သူက ဘာလို့ သူမဟုတ်ဘဲ လီဖူချန်း ဖြစ်နေရတာလဲ။ သူက ဒီတစ်သက်တော့ လီဖူချန်းကို ဘယ်လိုမှ လိုက်မီတော့မှာ မဟုတ်ဘူးလို့တောင် ခံစား နေရပါပြီ။
“ဒီလီဖူချန်းဆိုတဲ့ ကောင်လေးက မခေဘူး။ ကြည့်ရတာ နောက်ဆုံးတော့ ကောင်းကင်ဘုံက လီကလန်ကို မျက်နှာသာနည်းနည်း ပေးလိုက်ပုံပဲ”
ဘေးမှာ ကြည့်နေတဲ့ ရှန်းတုကလန်ကတောင် လီဖူချန်းကို မှတ်ချက်ပေးလာပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ လေသံတွေထဲမှာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှုတွေ ကတော့ အပြည့် ပါနေပါတယ်။
“လီဖူချန်း … ငါတို့နှစ်ယောက် တစ်ခါမှ မတိုက်ဖူးသေးဘူး။ ဒီနေ့တော့ တိုက်ကျရအောင်”
ကောင်းရှုက တိုက်ပွဲကို ဆာလောင်စိတ် အပြည့်နဲ့ လီဖူချန်းကို စိန်ခေါ်လိုက်ပါတယ်။ လီဖူချန်းက ကောင်းရှုရဲ့ မျက်လုံးတွေထဲကို စူးစူးနစ်နစ် ကြည့်လိုက်ပြီး ခေါင်းညိတ် ပြလိုက်ပါတယ်။
“တိုက်တာပေါ့”
အခုချိန်အထိ သူက ကောင်းရှုနဲ့ တစ်ခါမှ မတိုက်ဖူးသေးပါဘူး။ အခုလို အခွင့်ကြုံချိန်မှာ ကောင်းရှုကို အနိုင်ယူမှကို ဖြစ်မှာပါ။ ဒါမှ သူ့စိတ်ထဲက အရိပ်မည်းကြီးကို ဖျက်ပစ် လိုက်နိုင်မှာလေ။ ကောင်းရှုက စေ့စပ်ပွဲ ဖျက်သိမ်းလိုက်တဲ့ ကိစ္စဟာ လီဖူချန်းရဲ့ နှလုံးသားထဲမှာ အမြဲတမ်း အရိပ်မည်းကြီး တစ်ခုအဖြစ် ကျန်ရှိ နေခဲ့တာပါ။
မိန်းကလေးဘက်က ယောကျ်ားလေးကို အရည်အချင်း မပြည့်မီဘူးဆိုပြီး ငြင်းခံရတာက ယောက်ျား တစ်ယောက်အတွက် အရှက်အရဆုံး ကိစ္စတစ်ခုပါ။ ကောင်းရှုကို အနိုင်ယူပြီးမှသာ လီဖူချန်းဆိုတဲ့ သူက ကောင်းရှုလိုအပ်တဲ့ အရည်အချင်းထက်ကို အများကြီး ပိုရှိနေတဲ့ သူဆိုတာကို သက်သေ ပြနိုင်မှာလေ။
***