← Chapters

ကောင်းရှုကို အနိုင်ယူခြင်း

Vol. 7 Ch. 98

ကောင်းရှုကို အနိုင်ယူခြင်း

Vol. 7 Ch. 98

မြေကွက်လပ်ပေါ်မှာတော့ ကောင်းရှုနဲ့ လီဖူချန်းက တစ်ယောက်ကိုတစ်ယောက် ၁၀ မီတာခွာပြီး ရပ်နေပါတယ်။ တစ်ယောက်က ကောင်းကလန်ရဲ့ ကောင်းကင်ဘုံက ပေးသနားတဲ့ ကြယ်လေးပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်။ နောက်တစ်ယောက်က လီကလန်က အရေးမစိုက်တဲ့ အသုံးမကျတဲ့ကောင်။

ကိုယ်ပိုင် အရည်အချင်းနဲ့ ဒီနေ့ ဒီအဆင့်အထိ ရောက်အောင် ကြိုးစား လေ့ကျင့်ခဲ့တဲ့သူ။ ဒီနှစ်ယောက်ရဲ့ ကြားထဲက တိုက်ပွဲက အရမ်း အဓိပ္ပာယ်ရှိပါတယ်။ ပါရမီနဲ့ ကြိုးစားအားထုတ်မှု။ မည်သည့်ဘက်က အနိုင်ရမည်နည်း။

ကောင်းရီလုံနဲ့ လီရှန်းရှီတို့တောင်မှ အသက်ကို ရဲရဲမရှူဘဲ စိတ်ဝင်တစား စောင့်ကြည့် နေပါပြီ။

“လီဖူချန်း … စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်တဲ့ ကိစ္စအတွက် ငါဘယ်တော့မှ နောင်တ ရနေမှာ မဟုတ်ဘူး။ ငါ့ဘဝကို ငါပဲပိုင်တယ်။ ဘယ်သူ့မှ ငါ့ကို စိုးမိုးခြယ်လှယ်ခွင့် မရှိဘူး”

ကောင်းရှုက တည်တည်ငြိမ်ငြိမ်နဲ့ လီဖူချန်းကို ပြောလိုက်ပါတယ်။ လီဖူချန်းကလည်း ပြန်တုံ့ ပြန်ပါတယ်။

“အမှန်အတိုင်း ပြောရမယ်ဆိုရင် ငါဘယ်တုန်းကမှ မင်းကို မကြိုက်ခဲ့ဘူး။ ငါကြိုက်နှစ်သက်တဲ့ အရာကို ငါကိုယ်တိုင် ယူနိုင်တဲ့ အရည်အချင်း ငါ့မှာ ရှိပြီးသား။ သူများက ငါ့အတွက် လုပ်ပေးစရာ မလိုဘူး။ အထူးသဖြင့် လက်ထပ်တဲ့ ကိစ္စပေါ့”

"နင်က ငါ့ကို ဘယ်တုန်းကမှ မကြိုက်ခဲ့ဘူးလား”

လီဖူချန်းရဲ့ စကားကို ကြားလိုက်ပြီး နောက်မှာတော့ ကောင်းရှုက ဘာကြောင့်မှန်းမသိ ဝမ်းနည်းသလိုလို ခံစားလိုက်ရပါတယ်။ ကောင်းရှုက သူမရဲ့ အလှအပနဲ့ ပါရမီအပေါ် အမြဲ ယုံကြည်မှု ရှိခဲ့တာလေ။

အခုတော့ သူမကို စိတ်မဝင်စားတဲ့ လူငယ်တစ်ယောက် ရှိနေတာကို သူမ ကြားသိ လိုက်ရပါပြီ။ သူမနေရာမှာ တခြားတစ်ယောက် ဆိုရင်လည်း သူမလိုဘဲ ခံစားရမှာပါပဲ။

“အဲဒီလို ကိစ္စတွေ ရှိခဲ့မှတော့ ဒီတစ်ခါ တိုက်ခိုက်ပြီး မကျေနပ်တာတွေကို ဖြေရှင်း လိုက်ကြရအောင်”

ကောင်းရှုက အသက်ကို တစ်ဝကြီး ရှူလိုက်ပြီး လီဖူချန်းကို ပြောလိုက်ပါတယ်။ သူမရဲ့ မျက်လုံးတွေ ထဲမှာတော့ မကျေနပ်ချက်တွေ မရှိဘဲ တိုက်ပွဲကို ဆာလောင်သည့် အကြည့်သက်သက်ဘဲ ရှိနေပါတယ်။

"ဝမ်းနည်းစရာပဲ။ ဒီပွဲက ငါပဲနိုင်မှာ”

လီဖူချန်းက ဓားကို ဆွဲမထုတ်သေးဘဲ ကောင်းရှုကို မမှိတ်မသုန် ကြည့်နေပါတယ်။

သူမရဲ့ မျက်လုံးထဲမှာ အေးစက်စက် အရိပ်အငွေ့တစ်ခု ထွက်ပေါ်လာပြီး နောက်မှာတော့ ကောင်းရှုက သူမရဲ့ အနက်ရောင် သံသေဓားကို ဆွဲထုတ်ပြီး လီဖူချန်းကို တိုက်ခိုက်လိုက်ပါ တော့တယ်။

ကောင်းရှုရဲ့ ကျင့်ကြံမှု အဆင့်က ကောင်းယန်ထက် တစ်ဆင့် နိမ့်ပေမဲ့လို့ အကုန်လုံး ခြုံငုံ ကြည့်မယ်ဆိုရင်တော့ ကောင်းယန်ထက် အများကြီး အစွမ်းထက်ပါတယ်။

သူမရဲ့ ဆန်းကြယ် အလယ်အလတ် အဆင့်ဖြစ်တဲ့ ကျောက်စိမ်းလျှို့ဝှက်အရိပ် အတွင်းအား ကျင့်စဉ်က အဆင့် ၉ ကို ရောက်နေရုံမက ဆန်းကြယ်အဆင့်နိမ့် ဓားသိုင်းဖြစ်တဲ့ ဆန်းကြယ်ရေ ဓားသိုင်းကလည်း အကြို ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်နေပါပြီ။

ပြီးတော့ သူမက ကိုယ်ခန္ဓာသန့်စင်တဲ့ နည်းစနစ်ဖြစ်တဲ့ မြောက်ဘက် ကောင်းကင်ဘုံ စစ်နတ်ဘုရား ခန္ဓာကိုယ်ကလည်း ၇၀၀၀ ကီလိုဂရမ် အပြင်အားကို ပေးစွမ်းပါတယ်။ ဒီပညာရပ် ၃ ခုရဲ့ အစွမ်းကြောင့် သူမက စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၄ ရှိတဲ့ တတိယတန်းစား အတွင်းစည်း တပည့်တွေကိုတောင် အနိုင်ယူနိုင် ပါတယ်။

ပြီးတော့ ကောင်းယန်က တတိယတန်းစား အတွင်းစည်း တပည့်ပါ။ အခု ဒီကိုရောက်နေတဲ့ လူတွေထဲမှာ ပထမတန်းစား တပည့်ဆိုလို့ လီဖူချန်းနဲ့ ကောင်းရှုပဲ ရှိတာပါ။ ဒုတိယတန်းစား တပည့်တွေတောင်မှ ရေတွက်ကြည့်မယ် ဆိုရင် လက်တစ်ဖက် မပြည့်ပါဘူး။

"မုန်တိုင်းထန်ထန် လှိုင်းထန်ထန်”

ဓားတစ်ချက် ဝှေ့ယမ်းလိုက်တာနဲ့ လေထု ပတ်ဝန်းကျင်က တုန်ခါသွားပြီး ရေလှိုင်းလုံးကြီး တွေက ဖြစ်ပေါ်လာပါပြီ။ ကောင်းရှုရဲ့ ဓားသိုင်းက အရမ်းကို သေသပ်မြန်ဆန် လွန်းလှတဲ့အတွက် ရပ်တန့်ဖို့တောင် မဖြစ်နိုင်သလိုပါပဲ။

“ကျောက်စိမ်းနီ နှင်းခဲအရည်ပျော်”

အားကုန် တိုက်ခိုက်လာတဲ့ ကောင်းရှုရဲ့ ဓားကွက်ကို ခုခံဖို့အတွက်က လီဖူချန်းကလည်း စတင် လှုပ်ရှားလာပါပြီ။ သူ့ရဲ့ လက်ဝါးရိုက်ချက် ထုတ်လိုက်တာနဲ့ ပတ်ဝန်းကျင် လေထုတစ်ခုလုံးက ပူစပ်စပ် ဖြစ်လာပါတယ်။ လီဖူချန်းရဲ့ လက်ဝါး တစ်ခုလုံးကတော့ မီးလိုရဲရဲ တောက်နေပါတယ်။

ဖတ် …

ကောင်းရှုရဲ့ဓား လီဖူချန်းရဲ့ လက်ဝါးနဲ့ ထိပ်တိုက် အတွေ့မှာတော့ “နေလာနှင်းပျောက်” ဆိုသလိုပဲ သူမရဲ့ ဓားကွက်အရှိန်နဲ့ ဓားအလင်းရောင်တွေက မှိန်ဖျော့သွားပါတယ်။

“မကောင်းတော့ဘူး”

ကောင်းရှုက မျက်နှာ ပျက်သွားပါတယ်။ လီဖူချန်း သုံးလိုက်တဲ့ လက်ဝါးသိုင်းက လီကလန်ရဲ့ ကျောက်စိမ်းနီ ဓါးကွက်ကို ပြင်ထားတဲ့ လက်ဝါးသိုင်း ဆိုတာကို သူမ ကောင်းကောင်းကြီး ရိပ်မိပါတယ်။

ဒီလက်ဝါးသိုင်းက အဝါရောင် ထိပ်တန်းအဆင့်ပဲ ရှိတဲ့ သိုင်းပါ။ ဒါပေမဲ့ လီဖူချန်း သုံးလိုက်တဲ့ အခါမှာတော့ သူမရဲ့ ဆန်းကြယ်အဆင့်နိမ့် ဓားသိုင်းကိုတောင် ဖိနှိပ် သွားပါပြီ။ ကောင်းရှုက နောက်ထပ် ဓားကွက်ပြောင်းဖို့ လုပ်နေတဲ့ အချိန်မှာပဲ လီဖူချန်းဆီက လက်ဝါးရိုက်ချက်တစ်ချက် ထပ်ထွက် လာပါတယ်။ လီဖူချန်းရဲ့ ဒီရိုက်ချက်က မီးလိုပဲ ပူပါတယ်။

ဒါကြောင့် ကောင်းရှုက ပြန်မတိုက်ရဲဘဲ အနောက်ကို ခြေလှမ်း တော်တော်များများ ဆုတ်ပြီး ရှောင်လိုက်ရတယ်။

“ကြက်သွေးရောင် လျှို့ဝှက်မီးတောက် အဆင့် ၁၀ လား”

လီရှန်းရှီက မျက်လုံး ပြူးသွားပါတယ်။ လီကလန်သား တော်တော်များများဟာ ကြက်သွေးရောင် မီးတောက်ကျင့်စဉ်နဲ့ ကြက်သွေးရောင် လျှို့ဝှက်မီးတောက် ကျင့်စဉ်ကိုပဲ ရွေးချယ် လေ့ကျင့်ကြတာပါ။

လီရှန်းရှီက ကြက်သွေးရောင် လျှို့ဝှက်မီးတောက် ကျင့်စဉ်အဆင့် ၁၁ မှာပါ။

အခု လီဖူချန်း ထုတ်လိုက်တဲ့ အတွင်းအား အပူချိန်က သူ့ထက် နည်းနည်းပဲ နိမ့်ကျတာကို ခံစား လိုက်ရတဲ့အတွက် ကြက်သွေးရောင် လျှို့ဝှက်မီးတောက် အဆင့် ၁၀ လို့ ကောက်ချက် ချလိုက်တာပါ။

ဒါကြီးက လီရှန်းရှီကို တုန်လှုပ် သွားစေပါတယ်။ ကောလာဟလတွေအရ လီဖူချန်းက သိုင်းပညာရပ်တွေ အပေါ် ထိုးထွင်းသိမြင်မှု အရမ်းကောင်းတယ် ဆိုတာကို သူသိထားပြီး ပေမဲ့လည်း အခုဟာကြီးကတော့ အရမ်း များသွားပါပြီ။

“ငါတို့ ဒီစောက်ရူး ကောင်းရှုကို အနိုင်ယူသွားတာကို ရပ်ကြည့် နေလို့တော့ မဖြစ်ဘူး”

ကောင်းရီလုံက တိုက်ပွဲကို ဒီအတိုင်း ဆက်တိုက်ခွင့် မပေးနိုင်တော့ပါဘူး။ ကောင်းရှုက ကောင်းကလန်ရဲ့ ပြယုဂ် တစ်ခုပါ။ ကောင်းရှုရဲ့ အရှုံးက ကောင်းကလန်သားတွေရဲ့ စိတ်ဓာတ်ကို ရိုက်ချိုး ပစ်လိုက် နိုင်ပါတယ်။ ဒီလိုဖြစ်ရပ်က လုံးဝကို ပေးဖြစ်လိုက်လို့ မရပါဘူး။

“ကောင်းယို … မင်း ကောင်းရှုရှုံးခါနီး ဖြစ်လာရင် ဝင်ပြီးတိုက်။ တကယ်လို့ လီဖူချန်းကို ဒဏ်ရာ အကြီးအကျယ် ရသွားစေမယ် ဆိုရင်တောင် မညာနဲ့။ ငါမင်းကို ကာကွယ်ပေးထားမယ်။ သဘောပေါက်လား”

ကောင်းရီလုံက ကောင်းယိုကို တိုးတိုးလေး ပြောလိုက်ပါတယ်။

သူက ကောင်းကလန် လူငယ်မျိုးဆက်ရဲ့ ခေါင်းဆောင် ဖြစ်တဲ့အတွက် ဒီလိုကိစ္စမှာ ဝင်ပါဖို့ အဆင် မပြေပါဘူး။ ဒါကြောင့်ကောင်းယိုကို ဝင်ပါ ခိုင်းလိုက်တာက အကောင်းဆုံး ရွေးချယ်မှု တစ်ခုပါဘဲ။

“စိတ်မပူနဲ့။ ငါသိတယ်”

ကောင်းယိုက ခပ်အုပ်အုပ် ပြန်ပြောလိုက်ပါတယ်။ သူတို့နှစ်ယောက် ပြောနေတာကို ကြားလိုက်တဲ့ ကောင်းဖန်ကတော့ အေးစက်စက်တစ်ချက် ရယ်လိုက်တာပေါ့။

“ကောင်းရှုကိုတောင် လက်ဝါးသိုင်း သက်သက်နဲ့ပဲ အထက်စည်းက တိုက်နေတယ်။ ဒီလီဖူချန်းက အနာဂတ်မှာ ငါတို့ ကောင်းကလန်အတွက် တကယ့် ပြဿနာကောင် ဖြစ်လာမှာ အသေအချာပဲ”

ယန်ကလန်သားတွေ ကလည်း အစက အေးအေးသာသာ ရှိနေပေမဲ့ အခုတော့ အိုးကင်း တိုက်ခံထားရတဲ့ ပုရွက်ဆိတ်တွေလို ဖြစ်နေပါပြီ။ လီဖူချန်းဟာ လီဖူချန်း သာမန် အရိုးတည်ဆောက်ပုံ မကလို့ ဘာကြီးပဲ ဖြစ်နေဖြစ်နေ ဒီလို တိုးတက်နေပုံနဲ့ ဆိုရင် ယန်ကလန်အတွက် ဒီလီဖူချန်းက တကယ့် ပြဿနာကောင် ဖြစ်လာမှာပါပဲ။

ယန်ကလန်က အစကတည်းကမှ လီကလန်နဲ့ အဆင်ပြေတာ မဟုတ်ပါဘူး။ လီဖူချန်း အတောင်အလက် စုံလာတဲ့ တစ်နေ့မှာ ယန်ကလန်က ပျက်စီးသွားနိုင်ပါတယ်။ သာမန်အရိုး တည်ဆောက်ပုံနဲ့ လူက မြေကမ္ဘာအဆင့်ကို ချိုးဖောက်ဝင်ရောက်ဖို့ ဆိုတာ အခွင့်အရေး အရမ်း နည်ပါးတယ် ဆိုပေမဲ့ လီဖူချန်းသာ ကံကောင်းထောက်မပြီး မြေကမ္ဘာအဆင့်ကို ရောက်သွားရင်တော့ ယန်ကလန် ဘာဖြစ်သွားမလဲ ဆိုတာကို တွေးတောင် မတွေးရဲ စရာပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် သာမန်အရိုး တည်ဆောက်ပုံနဲ့ လူကလည်း မြေကမ္ဘာအဆင့်ကို ရောက်နိုင်တယ်ဆိုတဲ့ အရာကတော့ လူတိုင်း လက်ခံထားတဲ့ အရာပါပဲလေ။ ယန်ကလန်က ကောင်တွေကတော့ လီဖူချန်းရဲ့ ဟာကွက်တွေကို ကောင်းကောင်းကြီး လေ့လာ နေကြပါပြီ။

တိုက်ပွဲစည်းဝိုင်းထဲမှာတော့ ကောင်းရှုက အံကြိတ်ပြီး တိုက်ခိုက် နေပေမဲ့လည်း အနောက်ကိုပဲ တရစပ် ဆုတ်နေရပါတယ်။ လက်ဝါးသိုင်းပဲ သုံးနေတဲ့ လီဖူချန်းက သူမကို အထက်စည်းက ဖိနှိပ် တိုက်ခိုက်နေတယ် ဆိုတာကြီးက သူမအတွက်တေ့ာ လုံးဝ လက်သင့်မခံနိုင်တဲ့ အရာပါ။ သူမဘဝမှာ တစ်ခါမှာ ဒီလို ဖြစ်လာလိမ့်မယ်လို့ တွေးမထင် ထားခဲ့မိပါဘူး။

သာမန်အရိုး တည်ဆောက်ပုံ ပိုင်ရှင်က သူမလို ကြယ်လေးပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ကို အေးအေးလူလူနဲ့ အထက်စည်းကနေ တိုက်နိုင်မယ် ဆိုတာကိုပေ့ါ။ လီဖူချန်း ထွက်ပေါ်လာခြင်းက သူမရဲ့ ယုံကြည်မှုတွေနဲ့ သူမရဲ့ မာနတွေကို တိုက်စား သွားစေပါတယ်။

“မင်းအတွက် အရှုံးပဲ”

လီဖူချန်းက ကောင်းရှုရဲ့ လစ်ဟာနေတဲ့ ဘယ်ဘက်ခြမ်းကို ကပ်သွားလိုက်ပြီး ကြက်သွေးရောင် လျှို့ဝှက်မီးတောက် အတွင်းအားနဲ့ ရိုက်ချလိုက်ပါတယ်။ လက်ဝါးရိုက်ချက်က တိကျပြီး မြန်ဆန် လွန်းတဲ့အတွက် ကောင်းရှုက ဓားနဲ့ ခံဆောင်ပေးရုံက လွဲပြီး ဘာမှ မတတ်နိုင်တော့ ပါဘူး။

ကောင်းရှုရဲ့ နှုတ်ခမ်းထောင့်ကနေ သွေးတွေ စီးကျလာပါပြီ။ သူမရဲ့ ဓားကိုင်ထားတဲ့ လက်ကလည်း တဆတ်ဆတ် တုန်နေပါပြီ။ လီဖူချန်းသာ နောက်ထပ် အားစိုက်လိုက်လို့ကတော့ သူမ ရှုံးသွားတော့မှာ အသေအချာပါပဲ။

“လီဖူချန်း ... မင်းက အရမ်း လက်စောင်းထက်နေတယ် ဟုတ်လား။ ငါ ကောင်းယိုက မင်းကို နည်းနည်းပါးပါး သင်ခန်းစာပေးမှ ဖြစ်တော့မယ်”

တကယ့် အရေးကြီးတဲ့ အခိုက်အတန့် လေးမှာပဲ အရိပ်တစ်ခုက ကောင်းရှုဘေးနားမှာ ပေါ်လာပြီး လီဖူချန်းကို ရိုက်ချလိုက်ပါတယ်။

“အောက်တန်းကျတယ်”

“အရှက် မရှိလိုက်တာ”

လီရှန်းရှီနဲ့ လီကျင်းရွယ်ရဲ့ ပါးစပ်ထဲကနေ စကားလုံးတွေက တစ်ချိန်တည်း ထွက်လာပါတယ်။ သူတို့ရဲ့ အတွေးထဲမှာတော့ ကောင်းကလန်က ဒီလောက်အထိ နိမ့်ကျတဲ့ အပြုအမူမျိုးကို သုံးလာ လိမ့်မယ်လို့ မထင်ထားပါဘူး။

ဖြစ်ပျက် သွားတာတွေက အရမ်းကို မြန်ဆန်လွန်းတဲ့ အတွက် သူတို့ နှစ်ယောက်စလုံးက လီဖူချန်းကို အချိန်မီ ကယ်ဆယ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ သူတို့က ဆုတောင်းပေးရုံက လွဲပြီး ဘာမှ မတတ်နိုင်တော့ ပါဘူးလေ။ လီဖူချန်းရဲ့ မျက်လုံးထဲမှာ လူသတ်ငွေ့တွေ ရစ်သိုင်းလာပါတယ်။ သူက လုံးဝ နောက်မဆုတ်ဘဲ ကောင်းယိုရဲ့ လက်ဝါးရိုက်ချက်ကို ခံဆောင် လိုက်ပါတယ်။

“ဝုန်း”

မိုးကြိုးအစင်း ၁၀၀ လောက် ပစ်ချလိုက်သလိုပါပဲ။ ကြောက်စရာကောင်းတဲ့ အတွင်းအား လှိုင်းတွေကြောင့် မြေကြီးက ၃ လက်မအထိ မြင့်တင်လာပြီး ငလျင်အသေးစား လေးတွေတောင် လှုပ်ခတ်သွားပါတယ်။

နှစ်ယောက်စလုံးက အနောက်ကို ၇ လှမ်း ၈ လှမ်းလောက် ဆုတ်လိုက်ရပြီး မြေပြင် ပေါ်မှာတောင် စွတ်ကြောင်းကြီးတွေ ပေါ်လာပါတယ်။

“ဒါ … ဒါကဘယ်လိုလုပ် ...”

ကောင်းယိုက ထိတ်လန့် သွားပါပြီ။ သူက စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၅ က ပညာရှင်လေ။ ဒါတောင်မှ လီဖူချန်းကို ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ဘူး။ အံ့အားသင့်သွားတဲ့ သူတွေက ကောင်းယို တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ လီရှန်းရှီနဲ့ လီကျင်းရွယ်တို့ကလည်း အံ့အား သင့်သွားပါတယ်။ ထို့နောက်မှာတော့ လီဖူချန်း ဘာမှမဖြစ်တာ သိလိုက်ရတဲ့ အတွက် ကျေနပ်အားရ ဖြစ်သွားပါတယ်။

“ကောင်းယို … မင်းကို ဝင်ပါဖို့ ဘယ်သူက ပြောလို့လဲ။ ထွက်သွား”

ကောင်းရှုက မျက်စိမျက်နှာပျက်နဲ့ ကောင်းယိုကို ဒေါသတကြီး အော်ပစ်လိုက်ပါတယ်။ ကောင်းရှုရဲ့ စကားကြောင့် ကောင်းယိုက မျက်နှာ ပျက်သွားပါတယ်။ သူက ကောင်းရှုရဲ့ ကျေးဇူးတင်မှုများ ရမလားဆိုပြီး ဝင်ကူညီ လိုက်တာပါ။

အခုတော့ ’မျက်နှာမရ ခြေထောက်ရ’ ဆိုသလို ဖြစ်နေပါပြီ။

တစ်ဖက်မှာလည်း လီဖူချန်းက ဒဏ်ရာ ကြီးကြီးမားမား မရသွားတဲ့အတွက် သူ့ကို ပြန်တိုက်ခိုက် တော့မှာပါ။ သူ ဘာဆက်လုပ်လို့ လုပ်ရမှန်း မသိအောင်ကို ကြောင်အ နေရပါပြီ။ ကောင်းရှုက သူမရဲ့ ဒေါသတွေကို တည်ငြိမ်အောင် ပြန်ထိန်းလိုက်ပြီး လီဖူချန်းကို ပြောလိုက်ပါတယ်။

“ငါ ဒီတိုက်ပွဲမှာ ရှုံးတယ်ဆိုတာ ဝန်ခံတယ်”

ပြောပြီးတာနဲ့ သူမက အနောက်လှည့်ပြီး ထွက်သွားပါတော့တယ်။ ကောင်းကလန်က လူတွေကိုလည်း လုံးဝဥပေက္ခာ ပြုလိုက်ပါပြီ။

“အခုချိန်ကစပြီး မင်းနဲ့ ငါ့ကြားမှာ ဘာမကျေလည်မှုမှ မရှိတော့ဘူး”

လီဖူချန်းက ကောင်းရှုရဲ့ နောက်ကျောကို ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။ သူက ကောင်းရှုကို အနိုင်ယူလိုက် နိုင်တာနဲ့ ကျေနပ် နှစ်သိမ့်နေမှာ မဟုတ်ပါဘူး။ သူ့ရဲ့ လမ်းစဉ်က ဓားတာအိုကို ရှာဖွေမယ့် လမ်းစဉ်ပါ။

ဒီလမ်းစဉ်မှာ ကောင်းရှု ဒါမှမဟုတ် ယုဝူရှန်းက လမ်းမှာ ခဏတွေ့ရတဲ့ ဆူးလေးတွေပါပဲ။ သူခံယူ ထားတာကတော့ လီဖူချန်းဆိုတဲ့ သူသည်သာ လီဖူချန်းရဲ့ ပြိုင်ဘက်ပါ။ သူ့ရဲ့ အလားအလာကို အဆုံးစွန်အထိ ထုတ်ပြပြီး တစ်နေ့မှာ သူက ကောင်းကင်ဘုံ ၉ ခုကနေ လောကကြီးကို ငုံ့ကြည့်နေမယ့် သူပါ။

ဒီခရီးလမ်းမှာ သူ့ကို အထင်သေးပြီး အနှောင့်အယှက်ပေးတဲ့ ဘယ်သူကိုမဆို သူက ပြတ်ပြတ်သားသား ရှင်းလင်း ပစ်ဦးမှာလေ။ ဒါသည်သာ သူကိုးကွယ်တဲ့ ကိုယ်ပိုင်တာအိုပါ။

***

All Chapters