← Chapters

မျိုးနွယ်များကြားပြိုင်ပွဲ

Vol. 7 Ch. Chapter 33

မျိုးနွယ်များကြားပြိုင်ပွဲ

Vol. 7 Ch. Chapter 33

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V7 Chapter 33 - မျိုးနွယ်စုများအကြားပြိုင်ပွဲ

မက်ဒါနာက ပျင်းရိစရာကောင်းပြီး အပြောင်းအလဲမရှိတဲ့ အဖြူရောင်မျက်နှာကျက်ကြီးကို စိုက်ကြည့်နေမိတယ်။ တကယ်လို့ အဲဒီမျက်နှာကျက်ကြီးသာ အသက်ရှိတယ်ဆိုရင် ထပ်တွေ့ကြပြန်ပြီနော်လို့ ပြောမလားပဲ။

"နောက်ထပ် ဒီနေရာထပ်ရောက်လာပြန်ပြီလား။" ဒေါသထွက်နေတဲ့ ရွှေရောင်ဆံပင်နဲ့အလှလေး မက်ဒါနာ (ရုပ်ဖျက်ထား)က ဒေါသတကြီးအော်ဟစ်လိုက်တယ်။ ဒါပေမဲ့ ဆေးရုံခန်းက သူတစ်ယောက်တည်းအတွက်မဟုတ်ဘဲ တခြားသူတွေလည်း ရှိနေတယ်။

"လေးလအတွင်း နောက်ထပ်ပိုးကောင်ဗိုလ်ချုပ်တစ်ယောက်နဲ့ ထပ်တွေ့ရမယ်လို့ ထင်ကိုမထားတာ။" ရေဂင်နဲ့ တိုက်ခိုက်တုန်းက ပါခဲ့တဲ့ ဖ​လေရာက နဖူးပေါ်လက်တင်စဥ်းစားရင်း ပြောလိုက်တယ်။ သူလည်း ဟိုကောင်လေးနဲ့ပွဲမှာ တော်တော်ခံလိုက်ရတာမလို့ တစ်ကိုယ်လုံး ပတ်တီးတွေနဲ့ပါ။

"ဒီအတိုင်းသာဆိုရင် လူသားတွေအကုန်လုံး သုံးနှစ်အတွင်း မျိုးတုန်းကုန်လိမ့်မယ်ထင်တယ်။ နင့်ဝတ်စုံတွေကို ထပ်ပြီးအဆင့်မြှင့်လို့မရဘူးလား၊ မက်ဒါနာရေ။"

လင်ဒါကလည်း ပြောလိုက်တယ်။ မက်ဒါနာက

သက်ပြင်းတချချနဲ့ ပြန်ဖြေလိုက်တာပေါ့။ "ဇက်သတ္တုက ကမ္ဘာ့ဒဏ်အခံဆုံးသတ္တုမဟုတ်လား။ ငါလည်း ဒီထက်ပိုကောင်းတဲ့ ဝတ်စုံတွေထွင်လို့မရတော့ဘူး။"

ပြောရရင် လက်ရှိငွေရောင်စစ်သည်ဝတ်စုံက ကမ္ဘာမြေမှာရှိတဲ့ အကောင်းဆုံးဆိုတဲ့နည်းပညာတွေနဲ့ထုတ်လုပ်ထားတာဖြစ်ပြီး ပိုကောင်းအောင်လုပ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဆိုဖီယာကလည်း ထောက်ခံတဲ့အနေနဲ့ ဝင်ပြောပါတယ်။

"ဖက်ဒရေးရှင်းမှာလည်း အယ်ဖာတွေကို တိုက်ရိုက်ရင်ဆိုင်ဖျက်ဆီးနိုင်တဲ့ နည်းပညာဝတ်စုံမျိုးမရှိဘူး။ ဒါကြောင့် မက်ဒါနာပြောတာအမှန်ပဲ။"

ခနနေတော့ ဆေးရုံတံခါးပွင့်လာတယ်။ ခါတိုင်းလိုပဲ ဖရီးမေဆင်ဝတ်စုံနဲ့လူကြီး ဝင်လာပြီးတော့ သူတို့မေ့မျောနေတုန်းက ဖြစ်ခဲ့တဲ့သတင်းတွေကို လာပြောပြတာ။

"ထပ်ပြီးတွေ့ခွင့်ရလို့ ဝမ်းသာပါတယ်၊ မစ်ရှင်အဖွဲ့ဝင်တို့။ ဝီလီယံစပေါ့မြို့လေးကို ခင်ဗျားတို့တွေ အောင်အောင်မြင်မြင်နဲ့ ကာကွယ်ပေးလိုက်နိုင်ပါတယ်။ ပြီးတော့ ယင်ကောင်ရဲ့အကြော​သေအဆိပ်ကို နယူးယောက်ကျောင်းရဲ့ဆရာမဟဲရိုးက ဖြေဆေးဖော်ပေးခဲ့တာကြောင့် ခင်ဗျားတို့မြန်မြန်ပြန်ကောင်းလာခဲ့တာပါ။"

မက်ဒါနာက ခေါင်း​ညိတ်လိုက်တယ်။ သူသာ နယူးယောက်ဟီးရိုးကျောင်းရဲ့ကျောင်းအုပ်မဖြစ်ခဲ့ရင် အခုအချိန်လောက်ဆို သေနေလောက်ပါပြီ။ ပြောရရင် ကတိတစ်ခုကိုတည်နိုင်ခဲ့လို့သာ ဒီလိုလူတွေရဲ့သစ္စာရှိမှုကို ခံစားရတာပါ။ ဒါပေမဲ့ ကျောင်းသားတွေနဲ့အတူ ဖမ်းချုပ်ခံထားရတဲ့ ရွယ်တူအပြင်လူကောင်မလေးတစ်ယောက်ကို ပြန်သတိရလာတဲ့အတွက် မက်ဒါနာမေးလိုက်တယ်။

"လီရာရော၊ မြူတန့်မဟာမိတ်အဖွဲ့က အဲဒီကောင်မလေးရော ဘာဆက်ဖြစ်သွားလဲ။"

"သူ့ကိုတော့ တခြားဆေးရုံခန်းတစ်ခန်းမှာ ထားထားပါတယ်။ ခင်ဗျားတို့က သူ့ကိုကယ်ခဲ့တာကြောင့်လားမသိပေမဲ့ ကျုပ်တို့ကို ရန်မူမယ့်ပုံမရှိပါဘူး။ ပြီးတော့

သူ့မှာတခြားသွားစရာရှိပုံမပေါ်ဘူး။"

ကြေးစားစစ်တပ်အတွင်းပိုင်းမှာ ပြဿနာတွေနဲ့တွေ့နေရပြီဖြစ်လို့ မြူတန့်မဟာမိတ်က မကြာခင်ပြိုလဲတော့မှာပါ။ လူသားမဟာမိတ်မှာလည်း ဝဲလ်ဆင်က ပိုးကောင်တွေ ကြိုးဆွဲရာအတိုင်း ကနေရပြီဖြစ်လို့ ငြိမ်းချမ်းရေးမဟာမိတ်ပဲကျန်တော့တာပါ။ မကြာခင်မှာ မဟာမိတ်သုံးခုရဲ့စစ်အေးကာလက ပြီးဆုံးသွားတော့မှာပါ။ ပြီးရင်ကမ္ဘာကြီးက ကျူးကျော်စစ်ပွဲတစ်ခုကို ရင်ဆိုင်ရတော့မှာ။

"သူ့ကို ခနနေရင် သွားတွေ့ကြတာပေါ့။" မက်ဒါနာက ပြောလိုက်တော့ အားလုံးခေါင်းညိတ်လိုက်ကြပါတယ်။ ဖရီးမေဆင်လူကြီးကတော့ ထွက်မသွားခင် မက်ဒါနာတို့ကို တစ်ခုအသိပေးလိုက်သေးတယ်။

"ဒါနဲ့တင်မီဂရီဂိုရီဆိုတဲ့ ကောင်လေးက ခင်ဗျားတို့ထဲက တစ်ယောက်ရဲ့အမျိုးထင်တယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက ဆေးရုံကိုနေ့တိုင်းလာပြီး တွေ့ခွင့်တောင်းနေတာ။ ခင်ဗျားတို့ကို အနှောင့်အယှက်မဖြစ်ဘူးဆိုရင် ဝင်ခွင့်ပေးလိုက်ရမလား။"

မက်ဒါနာက သေချာစဥ်းစားကြည့်တယ်။ တင်မီအပေါ် သူ့ရဲ့အမြင်က အခုတလောရှုပ်ထွေးနေပေမဲ့ နည်းနည်းလေးအကောင်းမြင်လာတဲ့အပြင် အခုက သူ့အစ်မဖြစ်တဲ့ လင်ဒါကိုယ်တိုင် ဆေးရုံတက်နေရတာဆိုတော့ ခွင့်ပြုသင့်တယ်မဟုတ်လား။

"ကောင်းပြီလေ၊ သူ့ကိုဝင်ခွင့်ပေးလိုက်ပါ။"

"မက်ဒါနာ၊ နင်ဘာပြောလိုက်တယ်။" လင်ဒါနဲ့ဖ​လေရာက မျက်လုံးပြူးပြီး မက်ဒါနာကို ကြည့်လိုက်မိကြတယ်။ ဆိုဖီယာနဲ့ဖရက်အတွက်လည်း အလားတူပါပဲ။

"ခါတိုင်းဆို နင်တင်မီအသံကြားတာနဲ့ ခါးခါးသီးသီးဖြစ်နေကျပါ။ အခုဘယ်လိုဖြစ်သွားတာလဲ။"

ဆိုဖီယာက မေးလိုက်တယ်။ မက်ဒါနာက ခေါင်းကုတ်ရင်းနဲ့ "ဝီလီယံစပေါ့တုန်းက ငါသူ့အဖိုးအိမ်မှာ ညအိပ်လိုက်ရတယ်လေ။ ဒီတော့ ဆိုးဆိုးဝါးဝါးမဆက်ဆံသင့်ဘူးလားလို့။"

မက်ဒါနာက ပုံမှန်လေသံနဲ့ ပြောလိုက်တာဖြစ်ပေမဲ့ အခန်းထဲမှာရှိနေတဲ့ ကောင်မလေးတွေရဲ့အကြည့်တွေထဲမှာ သံသယတွေနဲ့ပြည့်လာတာမလို့ မက်ဒါနာအနေရကျပ်သွားတယ်။ သူတို့ဘာတွေမနာလိုဖြစ်နေမှန်းကို သူနားမလည်နိုင်တော့ဘူး။

ခနနေတော့ ဖရီးမေဆင်လူကြီး အခန်းထဲကထွက်သွားပြီး တင်မီရောက်လာတယ်။ မျက်တွင်းတွေ ချောင်ကျနေပြီး ပါးရိုးတွေထောင်နေတဲ့ ကောင်​လေးက လက်ထဲမှာ တောင်ကြားလီလီ ပန်းစည်းလေးတစ်စည်းကို ကိုင်ထားရင်း အခန်းထဲကို ဝင်လာတယ်။ ခါတိုင်းပလေးဘွိုင်းပုံစံပေါက်နေတဲ့ ကောင်လေးက အခုကျတော့ ရောဂါဆိုးကြီးနဲ့ တိုက်ပွဲဝင်နေရတဲ့ လူမမာလိုပဲ။

"အစ်မလည်း ဝီလီယံစပေါ့မှာ ဒဏ်ရာရသွားတယ်ကြားလို့ ဦးလေးအစားလာတွေ့တာ။ ဪ... ပြီးတော့ ဆာSilverKnightလည်း ဒီမှာရှိနေတယ်ဆို။"

တင်မီက အခန်းထဲမှာရှိနေတဲ့ ပန်းအိုးထဲကို သူ့လီလီပန်းတွေကို ထိုးထည့်ဖို့ကြိုးစားပေမဲ့ ငါးခါလောက် ကြိုးစားပြီးမှ အထဲဝင်သွားတဲ့အပြင် ပန်းအိုးကိုမှောက်အောင်လုပ်မိလို့ ရေတွေဖိတ်ကျကုန်တယ်။

"အာ... ဆောရီးပါဗျာ၊ အခုတလော စိတ်နဲ့လူနဲ့မကပ်ဘူးရယ်။"

"နင်ပြောတဲ့ ဆာSilver Knightက ငါ့ကုတင်ဘေးကတစ်ယောက်လေ။"

လင်ဒါက မက်ဒါနာကို လက်ညိုးထိုးပြလိုက်တယ်။ စိတ်ရောလူပါ ပြိုကျပျက်စီးနေတဲ့ တင်မီက မျှော်လင့်ချက်အလင်းရောင်လေးနဲ့ မက်ဒါနာကို ကြည့်လိုက်တယ်။ ပြီးနောက် ချက်ချင်းတက်ကြွလာပြီး မက်ဒါနာနားကို ပြေးလာပြီး လက်ကိုကိုင်တယ်။ အခန်းထဲမှာ ရှိနေတဲ့လူတွေအကုန်လုံး တင်မီကိုရိုက်သတ်တော့မယ့်အကြည့်နဲ့ ကြည့်လိုက်ကြတယ်။

"မစ်ပေါ်လီယာနာ၊ ဒါဆိုရင် ခင်ဗျားက လူတိုင်းပြောပြောနေတဲ့ စူပါဟီးရိုးကြီး Silver Knightပေါ့နော်။

ကျွန်တော့်အိမ်မှာ တစ်ညတည်းခိုသွားတာ ဂုဏ်ယူစရာပါပဲ။"

"နင်ဂုဏ်ယူတာက ဟုတ်ပြီ၊ ငါ့လက်ကို လွှတ်စမ်းပါ။" မက်ဒါနာက ရှက်သွားပြီး လက်ကိုပြန်ရုပ်လိုက်တယ်။ တင်မီကတော့ အရူးတစ်ယောက်လိုမျိုး ပြုံးနေရင်းနဲ့ မက်ဒါနာကိုတစ်ခုတောင်းဆိုတယ်။

"မစ်​ပေါ်လီယာနာ၊ ကျွန်တော်တို့က အပြင်မှာလူချင်းလည်းသိနေပြီဆိုတော့ ကျေးဇူးပြုပြီး ကျွန်တော့်ကို အသိမိတ်ဆွေအဖြစ် လက်ခံပေးပါ၊ နော်... နော်...။"

တင်မီဆိုတဲ့ကောင် အခန်းထဲဝင်လာကတည်းက ရှိသမျှလူတွေအကုန်လုံး သူအချစ်နာကျနေမှန်း သိကြတယ်။ ဒါပေမဲ့ ဒီတစ်ကောင့်သားက ဖွင့်မပြောရဲတဲ့အပြင် သူ့ဘာသာသူ ဖရန့်ဇုန်ထဲ အတင်းတိုးဝင်ဖို့ ကြိုးစားနေတဲ့ပုံပဲ။ လင်ဒါကတော့ လေပူတွေကို မှုတ်ထုတ်ရင်း သူ့မောင်ကို ပြောလိုက်ပါတယ်။

"မောင်လေးရေ၊ စိတ်မရှိပေမဲ့ ဆာ Silver Knight မှာ ပိုင်ရှင်ရှိတယ်ကွဲ့။"

"....." တင်မီက လင်ဒါပြောတဲ့စကားကို စစချင်းမယုံသေးဘူး။ မက်ဒါနာရဲ့လက်ချောင်းဆယ်ချောင်းလုံးကို အပြန်ပြန်အလှန်လှန်ကြည့်ပြီးတော့ လင်ဒါကိုကြည့်လိုက်တယ်။ စေ့စပ်လက်စွပ်မတွေ့လို့ပါ။ လင်ဒါကတော့

"စေ့စပ်လက်စွပ်ရှာနေတာဆိုရင်တော့ မရှိသေးဘူးပေါ့ကွယ်။ ဒါပေမဲ့ တို့နှစ်ယောက်က တိုက်ခန်းတစ်ခုတည်းမှာ အတူနေပြီး အတူမနက်စာချက်ပြုတ်စားရင်း ကလေးတစ်ယောက်ကိုမွေးစား ပြုစုပျိုးထောင်ပေးနေတာ။"

တင်မီက အဲဒီစကားကြောင့် မိုးကြိုးပစ်ချခံရသလိုမျိုး တုန်ယင်သွားပြီး မက်ဒါနာကို ကြည့်လိုက်တယ်။

သူ့မျက်လုံးတွေက မက်ဒါနာဆီက အတည်ပြုချက်ကို လိုချင်နေတဲ့သဘော။ မက်ဒါနာကလည်း လီဆာကို မနက်စာချက်ကျွေးဖူးတာ သတိရပြီးခေါင်းညိတ်ပြမိတယ်။

တင်မီလည်း မဟန်နိုင်တော့ဘဲ ဖင်ထိုင်လျက်လဲကျသွားတယ်။ လင်ဒါကတော့ ဒီလောက်နဲ့တင် မရပ်သေးပါဘူး။ ခေါင်းအုံးကို ပြင်အုံးပြီး မျက်နှာကို လက်နဲ့ထောက်ပင့်တင်ရင်း ပြောလိုက်ပါတယ်။

"ပြီးတော့ ​ပေါ်လီယာနာဆိုတာက ရန်သူတွေကို လှည့်စားဖို့ သုံးတဲ့နာမည်ကွဲ့။ သူ့နာမည်အရင်းက မက်ဒါနာ။"

တင်မီက မက်ဒါနာကို နောက်ထပ် အတည်ပြုချက် တောင်းခံတဲ့အနေနဲ့ ကြည့်လိုက်ပြန်တယ်။ မက်ဒါနာကတော့ သက်ပြင်းရှည်ကြီးချလိုက်ရင်း သူ့ခေါင်းက ဆံပင်တုကို ဖြုတ်လိုက်တယ်။ ရွှေရောင်ဆံပင်တွေပျောက်သွားပြီး ငွေရောင်ဆံနွယ်လေးတွေအစားထိုးလာတာ မြင်လိုက်ရတော့ တင်မီတစ်ယောက် အသက်ရှုမှားသွားပြီး ပြောလိုက်လေရဲ့။

"ဒါဆိုရင် မိစ္ဆာမလေးက တစ်ချိန်လုံး နတ်သမီးလေးဖြစ်နေခဲ့တာပေါ့။ မဟုတ်သေးဘူး၊ နတ်သမီးလေးက

အစကတည်းက မိစ္ဆာမလေးပေါ့။ အဟေဟေ... သူတို့က တကယ်တော့ တစ်ယောက်တည်းပဲကွ။ အဟေဟေ၊ ဒါဖြင့်ငါသစ္စာဖောက်မိနေတာ မဟုတ်ဘူးပေါ့။ နောက်ဆုံးတော့ ငါနားလည်သွားပြီ။ မင်းလွင်က မက်ဒါနာ၊ မက်ဒါနာက နတ်သမီးလေး။ ပေါ်လီယာနာက မိစ္ဆာမလေး။ မိစ္ဆာမလေးကလည်း နတ်သမီးလေး။ ဒီတော့ မက်ဒါနာက ပေါ်လီယာနာ၊ ပေါ်လီယာနာကလည်း မက်ဒါနာပဲ။ ငါ့ကို ပြုစားတာလည်း သူ၊ ငါ့ကို ကုစားတာလည်းသူ။ ငါလေးက သူ့အတွက်ဘာလား။ အဟေးဟေး...."

သွပ်သွပ်ခါအောင် ရူးသွားတဲ့တင်မီက သူ့ဆံပင်ကိုသူ ဆောင့်ဆွဲရင်း အရူးတစ်ယောက်လို အကျယ်ကြီးစရယ်တယ်။ မက်ဒါနာလည်း ထိတ်လန့်လာပြီး လက်ဝါးကိုမှောက်ကာ တင်မီကိုနှစ်သိမ့်ပေးဖို့ကြိုးစားလိုက်ပေမဲ့...

"တင်မီ၊ နင်သတိထားဦးလေ။"

"အားဟားဟား၊ ငါဘာမှမကြားချင်တော့ဘူး...." စိတ်ဖောက်ပြန်သွားတဲ့ တင်မီကတော့ သူ့နားသူပိတ်ပြီး ဆေးရုံခန်းထဲကနေ ထွက်ပြေးသွားတယ်။ ဆေးရုံစင်္ကြန်လမ်းထဲ ပြေးနေတာမလို့ တာဝန်ကျသူနာပြုတွေကို တိုက်မိမလိုဖြစ်သွားသေးတယ်။ မကြာခင်မှာပဲ တင်မီရဲ့အသံက တစ်စတစ်စတိုးသွားပြီး ဘာမှမကြားရတော့ဘူး။

"လင်ဒါရေ၊ နင်လုပ်လိုက်တာ သူတကယ်ရူးသွားပြီလားမသိဘူး။"

မက်ဒါနာက ပြောလိုက်တော့ လင်ဒါက ပခုံးတွန့်ပြတယ်။ "မတတ်နိုင်ဘူးလေ၊ ငါ့မှာရှိနေတဲ့ လက်ရှိပြိုင်ဘက်အရေအတွက်နဲ့တင် စိတ်ညစ်စရာဖြစ်နေပြီ။ ပေါကြောင်ကြောင်နောက်တစ်ကောင် အနားမှာထပ်တိုးလာမှာ မမြင်ချင်ပေါင်။"

လင်ဒါ့စကားကို လူတိုင်းသဘောတူကြပုံပဲ။ ဖရက်၊ ဆိုဖီယာနဲ့ဆိုဖီယာတို့ သုံးယောက်လုံးက ခေါင်းညိတ်ပြီး 'အင်း'လို့ ထောက်ခံလိုက်ကြတယ်။ မက်ဒါနာကိုယ်တိုင်ကတော့ ဘာလုပ်ရမှန်းမသိတော့ဘူး။

....

တင်မီထွက်သွားပြီးတဲ့နောက် သူတို့လုပ်ဖြစ်တာက လီရာကိုသွားတွေ့တာပဲ။ လီရာက မပြီးပြည့်စုံဘူးဆိုပေမဲ့ လူလုပ် S rank တစ်ယောက်ပါ။ သူတို့လီရာရှိနေတဲ့ အခန်းထဲဝင်လာတော့ လီရာက ဆေးရုံကုတင်ပေါ်ကနေဆင်းပြီး မက်ဒါနာရဲ့ရှေ့မှာ ဒူးထောက်ချလိုက်တယ်။

"ကျေးဇူးရှင်ကို ဂါရဝပြုပါတယ်။"

"....." မက်ဒါနာက သူ့ရှေ့မှာရှိနေတဲ့ လီဆာနဲ့ရွယ်တူကောင်မလေးကို ကြည့်လိုက်ပြီး ဘာပြောရမှန်းမသိ ဖြစ်နေပါတယ်။

"ထပါ၊ နင်ငါ့ကို အဲဒီလိုကြိုဆိုဖို့မလိုပါဘူး။" မက်ဒါနာက ကောင်မလေးကို ထူပေးတော့ ကောင်မလေးက

အခုလိုဆက်ဆံခံရတာကို အသားမကျဖြစ်နေတဲ့ပုံပါပဲ။

"နင်ဘယ်လိုလုပ်ပြီး ဒီရောက်လာတာလဲ။" မက်ဒါနာမေးလိုက်တော့ ကောင်မလေးက သူ့ကိုအစအဆုံးပြန်ဖြေတယ်။ သူတို့ကြုံတွေ့ခဲ့ရတာတွေက တကယ်ကို ပြင်းထန်ပါတယ်။

စစ်ပွဲနှင်းဆီက သူတို့အဖေလိုချစ်ခင်ရတဲ့ ပါမောက္ခ ရူးဒေါ့ခ်ကို သတ်လိုက်ပြီး လော့ဒ်မာရှယ်က အာဏာရဖို့အတွက် သူတို့ကို လက်စားချေချင်စိတ်ဖြစ်လာအောင် သွေးထိုးခဲ့တယ်။ လက်စားချေနေရင်းကနေ သူတို့ရဲ့မပြီးပြည့်စုံတဲ့ မြူတန့်ခန္ဓာကိုယ်ကြောင့် လီနာသေဆုံးသွားတယ်။ စစ်ပွဲနှင်းဆီကို တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ လီရာမှာ ရည်မှန်းချက်ဆိုတာ ပျောက်ဆုံးသွားပြီး သူ့အာရုံထဲမှာရနေတဲ့ အားအကြီးဆုံးအရာတစ်ခုနောက်ကိုလိုက်နေတာပါ။

"အားအကြီးဆုံးအရာဆိုတာက ပိုးကောင်ဘုရင်မကို ပြောတာဖြစ်နေမလား။" မက်ဒါနာက လီရာပြောပြတာကို အသေးစိတ်နားထောင်နေရင်းက မေးကိုထောက်ပြီး စဥ်းစားကြည့်တယ်။ လီရာကိုယ်တိုင်ကတော့ အဲဲဒီအရာက ဘာလဲဆိုတာ သဲသဲကွဲကွဲသိပုံမရပါဘူး။

"ကျွန်မကိုစွမ်းအားတိုးမြှင့်ပေးတာ ခံခဲ့ရပြီးတည်းက ကမ္ဘာပေါ်က S rank အဆင့် လူတွေအားလုံးကို အာရုံခံစားမိနေတာ။ အဝေးကြီးဆိုရင် အတိအကျ မသိရပေမဲ့ အခုလိုရှေ့မှာထိုင်နေရင်တော့ ရှင်တို့ရဲ့စွမ်းအားပုံစံအတိအကျကို စိတ်ကူးပုံဖော်လို့ရတယ်။"

နောက်တော့ ကလေးမက လင်ဒါကို လက်ညိုးညွန်ပြလိုက်တယ်။ "သူက ​ညို့ယူခြင်း။" နောက်တော့ ဆိုဖီယာ "သူပြောတဲ့စကားတိုင်းက ဥပဒေသလိုပဲ။" ပြီးတော့ ဖရက် "သူကတော့ မိုးကြိုးတွေရဲ့သခင်။" နောက်ဆုံးကတော့ မက်ဒါနာပါ။ "ရှင်ကတော့ နည်းပညာပစ္စည်းတွေရဲ့ဘုရင်မ။"

"ဒီတော့ ဝီလီယံစပေါ့မြို့ကို နင်ရောက်နေတာ ယင်ကောင်ဗိုလ်ချုပ်ရဲ့စွမ်းအားကို ခံစားမိလို့လား။"

ကောင်မလေးက မက်ဒါနာရဲ့စကားကိုကြားတော့ ခေါင်းညိတ်ပြတယ်။ "အစကတော့ ကျွန်မခံစားမိနေတဲ့ အကြီးဆုံးစွမ်းအားလို့ ထင်ထားတာပဲ။ ဒါပေမဲ့ ပုံစံတူပြီးတော့ အများကြီးပိုအားနည်းတဲ့တစ်ခုဖြစ်နေတာ။"

"ဒါဆိုရင်တော့ သူခံစားမိနေတာ ပိုးကောင်ဘုရင်မမှန်း သေချာသွားပြီ။" မက်ဒါနာက ကောက်ချက်ချတယ်။ ဆိုဖီယာကတော့ "မထင်မှတ်ထားဘဲ လမ်းပြမြေပုံတစ်ခုကို ရလိုက်တာပဲ။ သူက ငါတို့တွေအဖို့ အများကြီးအဖိုးတန်သွားပြီ။ ငါတို့ရန်သူတွေကို ခြေရာခံနိုင်မယ့် နည်းလမ်းပဲ။"

မက်ဒါနာလည်း ခေါင်းညိတ်လိုက်ပြီး လီရာကို မေးလိုက်တယ်။ "လောလောဆယ် နင့်မှာနေစရာနေရာမရှိသေးဘူးမဟုတ်လား။"

လီရာက ခေါင်းညိတ်ပြတော့ မက်ဒါနာက ရှေ့ဆက်ပြီးပြောပါတယ်။ "ပြီးတော့ နင့်စွမ်းအားကိုဘယ်လိုသုံးရမလဲဆိုတာလည်း သေချာလေ့ကျင့်ထားပုံမပေါ်တော့ ငါတို့ဟီးရိုးကျောင်းမှာ အဆောင်နေကျောင်းသူအဖြစ် လာတက်ပါလား။ ပညာသင်ဆုပေးမယ်လေ။"

"ကျောင်းဆိုတာ ဘာကြီးမှန်းမသိပေမဲ့ တခြားရွေးစရာမရှိတော့ လက်ခံလိုက်မယ်လေ။"

"ဒါဆိုရင် နင်နောက်နေ့ကစပြီး ငါတို့ကျောင်းမှာနေလို့ရပြီ။" မက်ဒါနာက ခေါင်းညိတ်ပြီးလက်ခံလိုက်တယ်။

သူတို့အခန်းထဲကနေ ပြန်ထွက်လာတော့ အဖွဲ့သားတွေကြားမှာ သဘောထားကွဲလွဲမှုတချို့တော့ ရှိနေဆဲပါ။ အထူးသဖြင့် ဖလေရာက လီရာကိုယုံသင့်တယ် မထင်သေးဘူး။

"စစ်ပွဲနှင်းဆီက အသက်ရှင်နေသေးမှန်း နင်တို့သိတာပဲလေ။ ကြေးစားစစ်တပ်က အဖွဲ့ဝင်ဟောင်းတစ်ယောက်ကို ငါတို့ကျောင်းမှာ နေခွင့်ပြုတာ ကောင်းတယ်လို့မထင်ဘူး။"

မက်ဒါနာကတော့ ခေါင်းခါပြတယ်။ "မဟုတ်ဘူး၊ သူ့မျက်လုံးတွေကို သေချာကြည့်ရင် လီဆာကိုငါတို့စတွေ့တုန်းက အတိုင်းပဲ။ ဒီကောင်မလေးက လမ်းပျောက်နေတာ။ ပြီးတော့ ငါတို့က မကြာခင်လန်ဒန်ကို သွားရဦးမှာမဟုတ်လား။ နယူးယောက်မှာ စွမ်းအားကြီး အစောင့်အရှောက်မချန်ခဲ့လို့မရဘူး။"

နယူးယောက်က အခုရန်သူ့ဌာနချုပ်ဖြစ်နေတဲ့ ဝါရှင်တန်နဲ့ အတော်လေးနီးတဲ့နေရာမှာ ရှိနေတာပါ။ ဥစာကီက သူတို့ကိုအရင်ဆုံးစတိုက်ဖို့ စိတ်မဝင်စားသေးပေမဲ့ သူ့လက်အောက်မှာ အမိန့်မနာခံတဲ့ ပိုးကောင်ဗိုလ်ချုပ်တွေလည်း အများကြီးရှိနေဆဲပါ။

ဆိုဖီယာကလည်း သူ့ဖုန်းကိုထုတ်ကြည့်လိုက်တယ်။

သူပြန်ရောက်လာကတည်းက မက်ဒါနာက သူ့ကိုမဟာမိတ်စနစ်ထဲ ထည့်ပေးထားပါတယ်။ ဖုန်းမျက်နှာပြင်မှာတော့ မစ်ရှင်အဖွဲ့အစည်းအဝေးလို့ရေးထားပြီး လန်ဒန်ကို တစ်ပတ်အတွင်းလာဖို့ ဖရာလီတာက သူတို့ကိုဆင့်ခေါ်ထားတယ်။

"သေချာပေါက် သားရဲလေးကောင်အစည်းအဝေးမှာ

ထူးခြားတာတစ်ခုခု ဖြစ်နေပြီထင်တယ်။" ဆိုဖီယာ ပြောလိုက်တော့ အားလုံးခေါင်းညိတ်လိုက်ကြတယ်။

....

လော့ဟက်မာတင်ဌာနချုပ်မှာတော့ ကျောင်းသားတစ်ယောက်လို ဝတ်ဆင်ထားတဲ့ ကောင်လေးက နားကျပ်တပ်ထားပြီး ဟစ်ဟော့စာသားတွေလိုက်ရွတ်နေတဲ့ လူငယ်နဲ့ ပခုံးချင်းယှဥ်ပြီးရပ်လိုက်တယ်။

ဘာရွန်ကတော့ သူတို့နှစ်ယောက်ရှေ့မှာရပ်နေပြီး မကျေမနပ်ဖြစ်နေပုံပါပဲ။

"ပိုးဖလံနဲ့ယင်ကောင်၊ မင်းတို့က မကြာခင် ငါတို့အင်ပါယာရဲ့နှလုံးသည်းပွတ်ဖြစ်တဲ့ ဧကရီဘုရင်မနဲ့တွေ့တော့မှာ။ မလေးမစားလုပ်တာမျိုးရှိရင် ငါကိုယ်တိုင် မင်းတို့ကို အပြစ်ပေးမယ်။"

"ဘာရွန်၊ မင်းလိုကောင်က ငါတို့ကို စည်းကမ်းတွေ ရှင်းပြနေစရာမလိုပါဘူး။ ငါတို့သိပြီးသားပါ။"

ဟစ်ဟော့လူငယ်က နားကျပ်ကိုချွတ်လိုက်ပြီး ဘာရွန်ဘေးမှာ သွားရပ်ရင်း မကျေမနပ်ပြောလိုက်တယ်။

ကောင်လေးကတော့ အပိုစာသားတွေမပြောဘဲ ဌာနချုပ်ထဲကို အရင်ဆုံးဝင်တယ်။ ကျန်တဲ့သူတွေလည်း နောက်ကလိုက်တာပေါ့။

ခန်းမကြီးတစ်ခုရဲ့အဆုံးသတ်မှာတော့ ဥစာကီက အရိုးခေါင်းအစစ်တွေနဲ့ပြည့်လုပ်ထားတဲ့ ပလ္လင်ပေါ်မှာထိုင်နေပြီး သူ့ဆီကနေ ကြောက်မက်ဖွယ်ကောင်းတဲ့ အရှိန်အဝါတွေဖြာထွက်နေပါတယ်။

ရေဂင်ကတော့ ပလ္လင်အောက်က တစ်နေရာမှာ ကျုံကျုံလေး ခစားနေတယ်။ ဥစ္စာကီက ဘာရွန်နဲ့ပိုးဖလံကို လစ်လျူရှုထားပြီး ယင်ကောင်ကိုပဲ ကြည့်နေပါတယ်။ ပိုးဖလံကတော့ ရေဂင်ကိုတွေ့တာနဲ့ ပြေးသွားပြီး ပခုံးပုတ်တယ်။

"ရို့၊ ပိုးတောင်မာကြီး။ မင်းကြောင့် သစ်ဆွေးပိုးသေသွားတယ်ကြားတယ်။ စိတ်မကောင်းစရာပဲ၊ ဘုရင်မက မင်းကိုသဘောကျတော့မယ်မထင်ဘူး။ မင်းမျိုးနွယ်နဲ့ ငါ့မျိုးနွယ်ရဲ့ပြိုင်ပွဲမှာ အစကတည်းက မင်းခြေတစ်လှမ်းနောက်ကျနေပြီပဲ။"

ယင်ကောင်ကောင်လေးကတော့ သူတို့နှစ်ယောက်ရဲ့အဓိပ္ပါယ်မရှိတဲ့ စကားတွေကို လစ်လျူရှုထားပြီး ဘုရင်မကို ရိုရိုသေသေဘဲ ဂါရဝပြုလိုက်တယ်။

"ကျွန်မက ရှင့်ကို ပိုးဖလံထက် အရင်ကြိုရောက်လာမယ်ထင်ထားတာ။ ဘာကြောင့်နောက်ကျနေရတာလဲ။"

ယင်ကောင်က ဘုရင်မကို ဦးညွှတ်ပြီး ပြန်ဖြေပါတယ်။ "ငယ်သားတချို့ တိုက်ခိုက်ခံရလို့ သူတို့ကိစ္စ လိုက်ဖြေရှင်းနေရင်းနဲ့ နောက်ကျသွားတာပါ။ နောက်မဖြစ်စေရပါဘူး။"

All Chapters