ကန္တာရထဲက နဂါးများ
Vol. 32 Ch. 442
ထိုလူငယ်၏ တုံ့ပြန်မှုကလည်း မြန်သည်။ ချင်မူ ဓားဆွဲထုတ်လိုက်သည်နှင့် သူက ဆိတ်သားရေတဲထဲသို့ ခုန်ဝင်သွားသည်။
ဘက်ပေါင်းစုံမှ ဓားရောင်များက ဆိတ်သားရေတဲကို အစိတ်စိတ်အမွမွ လှီးဖြတ်လိုက်ပြီး တုံ့ခနဲ ရပ်ကာ မြေကြီးထဲသို့ တရှိန်ထိုး ဝင်သွားကြသည်။ စောစောက လူငယ်က ဆိတ်သားရေတဲထဲ ခုန်ဝင်ပြီးနောက် မြေအောက်မှ ထွက်ပြေးသွားခြင်းဖြစ်၏။
ဘုန်း
တစ်မိုင်အကွာခန့်တွင် ဓားပျံအလက်ရှစ်ထောင်သည် မြေအောက်လိုက်ဂူထဲမှ ပျံထွက်လာကာ လူငယ်နောက် လိုက်သွား၏။ လူငယ်က လေပေါ် ခုန်တက်ကာ လက်နှစ်ဖက်လုံး ဖြန့်ကားလိုက်သည်။ ရွှေတောင်ပံနှစ်ခုက သူ့ကျောပေါ်မှ ပြန့်ကားလာပြီး တဖတ်ဖတ် ခတ်လိုက်သည့်အခါ ရွှေရောင်ငှက်မွှေးဓားချွန်များက ချင်မူ၏ ဓားရောင်များဆီသို့ ပြေးဝင်လာသည်။ တချွင်ချွင် ထိတိုက်၊ မီးပွင့်သံများနှင့်အတူ ဓားပျံများ အရပ်လေးမျက်နှာသို့ ပျံထွက်သွားသည်။
ချင်မူ့လက်က ရှေ့သို့ ဖမ်းဆုပ်ဟန် လုပ်လိုက်ရာတွင် ဖရိုဖရဲ ပျံဝဲနေသော ဓားပျံများ တုံ့ခနဲ ရပ်တန့်သွားသည်။ ဓားပျံများက အလယ်တွင် စု၍ တဝီးဝီးလည်နေသည့် သုံးကိုက်အရွယ် စက်လုံးကြီးတစ်လုံး အသွင် ဖွဲ့တည်လာသည်။
စက်လုံးက ချင်မူ၏ ဓားစက်လုံးအပြင် တခြားမဟုတ်ပေ။
ဓားစက်လုံးသည် ကြီးမားလှပြီး တရစပ် လည်နေသည်။ သတ္တုချင်း ထိခတ်သံများလည်း တချွင်ချွင် မြည်နေ၏။
မီးလေပွေတစ်လုံးက စွေ့ခနဲ တိုက်ခတ်ကာ လူငယ်ကို ပင့်မြှောက်၍ မြိုချလိုက်သည်။ သို့တိုင်အောင် တခဏကြာသော် သူက လေပွေ၏အပေါ်တွင် ရပ်လျက် ပေါ်လာပြီး တဟားဟား ရယ်နေသည်။ “ဂိုဏ်းသခင်ချင်၊ လူသားဧကရာဇ်ချင်၊ မင်း ငါ့ကို လိုက်ခြောက်နေတာပဲ။ ငါက မင်းတစ်ကိုယ်လုံး ဆေးမင်ကြောင်တွေ ဖုံးနေလို့ ကြောက်မယ်ထင်နေလား။ မြည်းကြည့်လိုက်စမ်း ငါ့တိုက်ကွက်ကို”
လူငယ်က ပန်ကုန်းစုန်ပင် ဖြစ်၏။ သူက လေပွေထက်တွင် ရပ်နေရာမှ ချင်မူဆီသို့ ဂါဝရပြုလိုက်သည်။
သူ ဂါဝရပြုလိုက်သောအခါ သူ့အနောက်တွင် ကြောက်မက်ဖွယ်ရာ ယဇ်ပလ္လင်တစ်ဆူ ဖွဲ့တည်လာပြီး မိစ္ဆာနတ်ဘုရားတစ်ပါး ထလာကာ ဂါဝရပြုရန် အသင့်ပြင်နေသည်။
ချင်မူ လက်ချောင်းငါးချောင်းကို ဖြန့်ကားကာ ဖိချလိုက်သည်။ မီးလေပွေအောက်ရှိ မြေပြင်မှာ ရုတ်ခြည်း လိမ်ဖယ်သွားပြီး ကျောက်ခဲသဲမှုန်များက ဝဲကဲ့သို့ လည်လာကာ မြေပြင်ထက်ရှိ အရာအားလုံးကို မြိုချလိုက်၏။
ပန်ကုန်းစုန် ယိမ်းယိုင်သွား၍ ဂါဝရပြုခြင်း အထမမြောက်လိုက်ပေ။ သူ ခေါင်းပြန်မော့လိုက်သည့်အခါ ဓားစက်လုံးက ဓားအလက်ရှစ်ထောင်အဖြစ် ပြန်ကွဲသွားသည်ကို မြင်လိုက်ရသည်။ ဓားပျံများက တရွှီးရွှီး လည်လျက် ပါးစပ်ကြီးဖြဲထားသကဲ့သို့သော အသွင်ဖြင့် သူ့ဆီ လာနေသည်။
ဝဲကတော့ဓားချက်
“လက်တစ်ချောင်းဖြင့် တောင်တန်းမြစ်ပြင်ကို ငြိမ်သက်စေခြင်း”
ပန်ကုန်းစုန်၏ ခန္ဓာကိုယ်မှ ဒုန်းခနဲ ဒုန်းခနဲ မြည်သံလေးချက် ထပ်ဆင့်ကဲထွက်ပေါ်လာသည်။ သူ၏ကောင်းကင်ရတနာများ ပွင့်သွားပြီး မှော်စွမ်းအင်မှာ တရှိန်ထိုး မြင့်တက်သွား၏။ သူ့ဘယ်လက်က မြေပြင်ကို လက်ညှိုးထိုးလိုက်သည့်အခါ မီးကြာပွင့်တစ်ပွင့် ပွင့်လာပြီး မြေကြီးအား ငြိမ်သက်သွားစေသည်။
သူ့ညာလက်က သူ့ကို ဝါးမြိုတော့မည့် ပါးစပ်ကြီးအား လက်ညှိုးထိုးလိုက်ရာ ထိုပါးစပ်ထဲတွင်လည်း မီးကြာပွင့်များ ဖွဲ့တည်လာသည်။ မီးကြာပွင့်များက လည်နေသော ဓားများကို ဝင်တိုက်လိုက်သဖြင့် ချင်မူ၏ ဝဲကတော့ဓားချက် ပုံစံပျက်သွားသည်။
ပန်ကုန်းစုန်က သရော်တော်တော် ပြုံးလိုက်၏။ “ဂိုဏ်းသခင်ချင်၊ ငါက ခုနစ်စဉ်ကြယ်အဆင့် ရောက်နေပြီ။ မင့်ထက် တစ်ဆင့်မြင့်တယ်။ အဆင့်တစ်ဆင့်ကွာတယ်ဆိုတာ မိုးနဲ့မြေ ကွာနေသလိုပဲ။ ငါ မင်းကို လုံးဝအနိုင်ယူနိုင်တယ်။ ငါ့မှော်စွမ်းအင်ကြောင့် မင်း မျှော်လင့်ချက်မဲ့နေပြီမလား”
ထိုစဉ်မှာပဲ မီးကြာပွင့်များ ကြေမွသွားသဖြင့် ပန်ကုန်းစုန် အံ့အားသင့်သွားသည်။ ‘သူ့မှော်စွမ်းအင်က ငါ့အောက် နည်းနည်းမှ မလျော့ပါလား၊ ငါက ခုနစ်စင်ကြယ်အဆင့် ရောက်နေပြီသားလေ.... သူက ဘယ်လိုလုပ် ငါ့ကို ယှဉ်နိုင်မှာလဲ’
ဆယ်ဘဝ လူပြန်ဝင်စားခဲ့သော မကောင်းဆိုးဝါး ပန်ကုန်းစုန်သည် သူ၏မှော်စွမ်းအင်က အဆင့်တူများတွင် နံပါတ်တစ်ဖြစ်သည်ဟု မပြောဝံ့သော်လည်း သေချာပေါက် အင်အားအကြီးဆုံးများထဲမှ တစ်ယောက် ဖြစ်၏။ အဆင့်တူတွင် မှော်စွမ်းအင်သိပ်သည်းမှုအရ သူ့ကို ယှဉ်နိုင်သူ များများစားစား မရှိပေ။ ချင်မူပင်လျှင် သူ့ကို မကျော်တက်နိုင်ခဲ့ပေ။
သူနှင့် ချင်မူ အကြိမ်များစွာ တိုက်ခိုက်ခဲ့ဖူးသည်။ ပထမအကြိမ်က အဆင့်တစ်ဆင့်တည်းတွင် ဖြစ်ခဲ့သည်။ နှစ်ယောက်လုံး အရပ်ခြောက်မျက်နှာအဆင့် ဖြစ်၍ မှော်စွမ်းအင်က သူမသာ၊ ကိုယ်မသာ ရှိခဲ့သည်။
ချင်မူက လမ်းစဉ်၊ ကျင့်စဉ်သိုင်းကွက်များနှင့် ကောင်းကင်နတ်သိုင်းများကို အားကိုးကာ အလိုက်သင့်ပြောင်းလဲနိုင်သည်။ ထို့ကြောင့် ပန်ကုန်းစုန် ရှုံးနိမ့်ခဲ့ရ၏။
သို့သော် ဒုတိယအကြိမ် ပြန်ဆုံသည့်အချိန်တွင် သူ၏သိုင်းအဆင့်ကို ချင်မူထက် သာအောင် မြှင့်နိုင်ခဲ့၍ မှော်စွမ်းအင်ကလည်း များစွာအားကောင်းလာခဲ့သည်။ ချင်မူက ဧရာမဓားစက်လုံးကြီးကို သုံးကာ သူနှင့် သရေကျခဲ့သည်။
ယခုတွင် သူသည် ခုနစ်စဉ်ကြယ်အဆင့် ကောင်းကင်နတ်သိုင်းပညာရှင်တစ်ဦး ဖြစ်နေပြီဖြစ်သော်လည်း ချင်မူက အရပ်ခြောက်မျက်နှာအဆင့်တွင်သာ ရှိသေးသည်။ ထို့ကြောင့် ချင်မူအနေဖြင့် သူ၏မှော်စွမ်းအင်ဖြင့် ဖိနှိပ်ခံရကာ သူ၏ ကောင်းကင်နတ်သိုင်းအား ဖြိုခွဲနိုင်မည်မဟုတ်ပေ။
သို့တိုင်တောင် ချင်မူ့ဓားပျံများက ပန်ကုန်းစုန်၏ ကောင်းကင်နတ်သိုင်းကို တမုဟုတ်ချင်း ဖြိုခွဲနိုင်ခဲ့သေးသည်။ ဓားပျံများကို အားကိုးနေသည်ဆိုသော်ငြား ချင်မူ၏မှော်စွမ်းအင်က သူ့အောက် များစွာနိမ့်ကျနေခြင်းမရှိသည်မှာ သိသာသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ လိုလန်ရွှေနန်းတော်ကို တိုက်ခိုက်ခဲ့စဉ်အခါက ပန်ကုန်းစုန်သည် လွမ်သီခန် အညံ့ခံသည်နှင့် အရေးနိမ့်မည်ကို သိနေခဲ့၏။ ထို့ကြောင့် ဧကရာဇ်အတိုင်ပင်ခံ တိုက်ခိုက်မည့်အချိန်ကိုပင် မစောင့်ဘဲ အဆင့်မြင့်မှော်ဆရာများ၊ မှော်ဆရာဘုရင်များနှင့် ဥသျှောင်မှော်ဆရာကိုပင် ထားရစ်ခဲ့ကာ ကိုယ်လွတ်ရုံးထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။ သူ ညတွင်းချင်း ပျောက်သွားသည်ကို မည်သူမှ မသိခဲ့ပေ။
လိုလန်ရွှေနန်းတော် အပြတ်ရှင်းခံလိုက်ရပြီး ဥသျှောင်မှော်ဆရာမှာလည်း ဧကရာဇ်အတိုင်ပင်ခံ၏ ကွပ်မျက်ခြင်းခံခဲ့ရသည်။ ပန်ကုန်းစုန်က မြက်ခင်းလွင်ပြင်တွင် ဆက်နေ၍မရတော့မှန်း သဘောပေါက်သည်။ ဧကရာဇ်အတိုင်ပင်ခံ သူ့ကို မြေလှန်ရှာမည်ကို သိသည့်အတွက် မီးကန္တာရထဲတွင် ပုန်းနေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ပြန်လည်မွေးဖွားလာသူ ဖြစ်သည်နှင့်အညီ ပန်ကုန်းစုန်၏ သိုင်းအဆင့်တက်နှုန်းက ကြောက်စရာကောင်းလောက်အောင် မြန်သည်။ ဤသည်မှာ မည်သည့်ကောင်းကင်နတ်သိုင်းပညာရှင်မှ မယှဉ်နိုင်သော သူ၏ အားသာချက်တစ်ချက် ဖြစ်သောကြောင့် မြေနုကျွန်းထဲတွင် ပုန်းအောင်းရင်း ညရောက်လျှင် အနောက်ကမ္ဘာမြေ၏ သိုင်းသမားများကို ဖမ်းကာ ဝိညာဉ်စုပ်ယူခဲ့လေသည်။ ထိုသို့ဖြင့် နှစ်ဝက်အတွင်း ခုနစ်စဉ်ကြယ်အဆင့်သို့ တက်သွားခဲ့သည်။
သူ၏အကြံအစည်က ယခင်သိုင်းအဆင့်သို့ ပြန်ရောက်သည်အထိ ကျင့်ကြံပြီးနောက် ထာဝရငြိမ်းချမ်းရေးအင်ပါယာအား ကလဲ့စားချေရန် ဖြစ်သည်။ အချိန်ကျလာပါက မည်သူက သူ၏မြားကို တားနိုင်မည်နည်း။
သို့တိုင်တောင် ချင်မူနှင့်ဆုံတွေ့ရခြင်းက သူ့အား ထိတ်လန့်သွားစေသည်။ သူ့အနေဖြင့် ခုနစ်စဉ်ကြယ်အဆင့်မှော်စွမ်းအင်ဖြင့် ချင်မူ့ကို အနိုင်ရသင့်သော်လည်း တစ်ဖက်လူ၏ အစွမ်းအစများကလည်း တရှိန်ထိုး မြင့်တက်လာခဲ့သည်။ သူ အသာစီးမရလိုက်ပေ။
“ပန်ကုန်းစုန် ၊ မင်း အဆများစွာ နောက်ကျကျန်ခဲ့ပြီ”
ချင်မူက မြေနုကျွန်းထဲမှ မီးပင်လယ်ထဲသို့ တရှိန်ထိုး ပြေးဝင်လိုက်သည်။ သူ၏ခန္ဓာကိုယ်က လေကိုထိန်းချုပ်သွားသကဲ့သို့ အလျားလိုက် ရွေ့လျားသွားသည်။ သူ့ကိုယ်ပေါ်ရှိ ကြွက်သားများမှာ ရေနဂါးများပမာ လူးလွန့်လိမ်ကျစ်နေပြီး သူ၏ရုပ်ခန္ဓာကလည်း ပြိုင်ဘက်ကောင်းလောက်အောင် သန်မာနေ၏။
“မင်းက ဒီမှာ ပုန်းနေတာဆိုတော့ မသိလောက်သေးဘူး။ လိုလန်ရွှေနန်းတော် ရှင်းလင်းခံလိုက်ရတဲ့နောက်ပိုင်း လမ်းစဉ်တွေ၊ ကျင့်စဉ်သိုင်းကွက်တွေ၊ ကောင်းကင်နတ်သိုင်းတွေ အရှိန်အဟုန်နဲ့ တိုးတက်လာတယ်။ အရပ်ခြောက်မျက်နှာအဆင့်မှာ မူလဝိညာဉ်ကိုလည်း ဖွဲ့တည်နိုင်နေပြီ။ ဒါကြောင့် ခုနစ်စဉ်ကြယ်အဆင့်က ကောင်းကင်ရတနာကလွဲရင် အရပ်ခြောက်မျက်နှာအဆင့်နဲ့ ဘာမှမကွာခြားတော့ဘူး။ သိုင်းအဆင့်အရလည်း မင်း ငါ့ထက် သာမနေတော့ဘူး”
ပန်ကုန်းစုန်၏ခန္ဓာကိုယ်က ရွှေအတိပြီးသော ဗုဒ္ဓရှင်တော်မြတ်တစ်ပါးပမာ တောက်ပနေပြီး ချင်မူ့ကို ဝင်တိုက်လိုက်သည်။ နဂါးတွန်သံများ၊ ဗုဒ္ဓသံများ ဆူညံသွားကာ ပန်ကုန်းစုန်၏မျက်နှာ တမုဟုတ်ချင်း သွေးဆုပ်ဖြူလျော်သွား၏။ သူ့လက်မောင်း ဂျွတ်ခနဲ ကျိုးသွားပြီး ပန်ကုန်းစုန် လွင့်ထွက်သွားသည်။
“မင်းးးးး။ ဒါ နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်မဟုတ်ဘူး” သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။
နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်က ရုပ်ခန္ဓာကျင့်စဉ်တစ်မျိုးဖြစ်ပြီး ဧကရာဇ်ယန်ဖုန်း တီထွင်ဖန်တီးထားသော သိုင်းကွက်လည်း ဖြစ်သည်။ ပန်ကုန်းစုန် နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ကို မသင်ခဲ့ရသော်လည်း သင်ထားသော ချင်မူဖြင့် သိုင်းကွက်များစွာ ဖလှယ်ဖူး၏။
နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်မှာ အင်အားကြီးမားသော်လည်း ၎င်းကို ယှဉ်နိုင်သည့် ကျင့်စဉ်များစွာ ရှိသေးချေရာ ပန်ကုန်းစုန် မကြောက်ပေ။
သို့သော် ဤ ‘နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်’ ကြောင့်ပင် သူ အထိနာလိုက်ရချေပြီ။ ချင်မူ ထုတ်ဖော်လိုက်သော သိုင်းကွက်များက အင်မတန် လွှမ်းမိုးကြီးစိုးနေ၏။ သူ၏ရုပ်ခန္ဓာခွန်အားကလည်း လူယောင်ဖန်ဆင်းထားသော နဂါးတစ်ကောင်ပမာ တုနှိုင်းမဲ့ပြိုင်ဘက်ကင်းလောက်အောင် အားကောင်းပြင်းထန်နေသည်။ နဂါးခွန်အား တရှိန်ထိုး ဖောက်ခွဲထွက်ပေါ်လာသည့်အခါ သူ၏ကြွက်သား၊ အရွတ်များနှင့် အရိုးများက နဂါးရိုင်းများသဖွယ် ကြီးမားပြင်းထန်သော အားလှိုင်းကို ထုတ်လွှတ်လိုက်ကြသည်။
ထိုကဲ့သို့ အားလှိုင်းကို ရင်ဆိုင်ရသည့်အချိန်တွင် ပန်ကုန်းစုန်၏ ရွှေရောင်ဗုဒ္ဓခန္ဓာမှာ အရေးနိမ့်သွား၍ သူ့လက်မောင်းရိုး ကျိုးထွက်သွားသည်။ တံတောင်ဆစ်မှ အရိုးက ငေါထွက်နေ၏။
“ဓားဖောက်ခွဲလှိုင်း”
ချင်မူက လက်ဝါးကို အောက်သို့ ဖိချလိုက်သည်။
ဝှစ် ဝှစ် ဝှစ်
မရေမတွက်နိုင်သော ဓားများက မိုးပေါက်များသဖွယ် ရွာကျလာပြီး ပေါက်ကွဲမှုမှ လိမ့်ထွက်လာသော ဓားရောင်လှိုင်းများက ပန်ကုန်းစုန်ကို ခြုံလွှမ်းသွားတော့သည်။
ပန်ကုန်းစုက နာကျင်မှုကို တောင့်ခံ၍ ဓားရောင်များ သူ့ကို မထိခင် သဲကန္တာရထဲ ငုပ်လျှိုးသွားသည်။
ဓားအလက်ရှစ်ထောင် ကျလာသည့်အခါ သဲမှုန်များ တထောင်းထောင်း ထသွား၏။ လွင့်မျောနေသော သဲမှုန်များကြားတွင် ဓားရောင်များက ဟိုဟိုသည်သည် ဖြတ်ပြေးခုတ်ပိုင်းနေသည်။
ချင်မူ မြေပြင်ပေါ် ဆင်းသက်လိုက်၏။ သူက လေပြင်းကို ဖွဲ့တည်ကာ ကန္တာရမီးတောက်များအား ဖိသိပ်လိုက်သည်။ သူ့ခြေဖျား မြေကြီးကို ထိလိုက်သည်နှင့် သူ လေပေါ် ပြန်မြောက်တက်သွားသည်။ သူ ဖြတ်သွားသောနေရာတိုင်းတွင် မီးတောက်များက ဘေးနှစ်ဖက်သို့ အလိုအလျောက် ခွဲသွားကြသည်။
မိုင်အနည်းငယ်အကွာတွင် မီးကန္တာရမှာ သဲတထောင်းထောင်း ထနေသည်။ မရေမတွက်နိုင်သော ဓားရောင်များက ကောင်းကင်ယံသို့ တရှိန်ထိုး တက်သွားပြီး ချင်မူ မာန်သွင်းအော်ဟစ်လိုက်သည့်အခါ ချီစွမ်းအင်သည် အနီရောင်သဲများနှင့် ကျောက်ခဲများကြားသို့ ကမူးရှူးထိုး ပြေးဝင်သွားသည်။ ရုတ်ခြည်းဆိုသလို ကန္တာရထဲတွင် အနီရောင်သဲနဂါးများ ဖွဲ့တည်လာ၏။
နဂါးများက အနီရောင်သဲများထဲတွင် ထွက်ချည်ဝင်ချည် သွားလာနေကြသည်။ ထို့နောက် ကောင်းကင်ယံတွင် စုဝေးနေသော ဓားရောင်များဆီသို့ တက်လာပြီး ကောင်းကင်နတ်သိုင်းစွမ်းအား ပေါက်ကွဲထွက်ပေါ်လာကာ အားကောင်းပြင်းထန်သည့် နဂါးတွန်သံ ဟိန်းထွက်လာသည်။ အသံလှိုင်းကြောင့် သဲမှုန်များ မြောက်တက်သွား၏။
ဓားရောင်များ ဝင်းလက်နေသည့် သဲမုန်တိုင်းကြားတွင် ပန်ကုန်းစုန်၏ပုံရိပ်က မပီဝိုးဝါး ပေါ်လာသည်။ သူက တဒင်ဒင် တုန်ခါနေသော ဒယ်အိုးကြီးတစ်လုံးအပေါ်တွင် မတ်တပ်ရပ်နေသည်။ ဒယ်အိုးဆီမှ အသံလှိုင်းများက ဓားရောင်များ တောက်ထုတ်လျက်ရှိသည်။
ဒယ်အိုးကြီးက ရုတ်တရက် မြေကြီးထဲ ဝင်ရောက်ကာ သဲများအောက်မှ ထွက်ပြေးသွားသည်။
ချင်မူ အလျင်အမြန် ပြေးလိုက်သွားပြီး အော်လိုက်သည်။ “ချင်းချင်း၊ ရေသွားခပ်ပြီး ဖက်တီးနဂါးနဲ့ မြန်မြန်လိုက်လာခဲ့”
ရှုန်းရှီအာက ဇဝေဇဝါဖြင့် နဂါးချီလင်အား ပြောလိုက်သည်။ “အစ်ကိုတော် အာရုံထွေပြားနေပြီ။ ငါ့ကို ချင်းချင်းတဲ့”
နဂါးချီလင် ခေါင်းယမ်းလိုက်သည်။ “ပန်ကုန်းစုန်ရဲ့ အစွမ်းအစကို နင် မသိသေးဘူး။ သူက နာမည်အရင်း သိတာနဲ့ နင့်ကို မိုင်တစ်ထောင်အကွာကနေ ဂါဝရပြုပြီး အသက်နုတ်နိုင်တယ်။ ဒါကြောင့် ဂိုဏ်းသခင်က တမင်တကာ နာမည်အရင်း မခေါ်လိုက်တာ
“ဂိုဏ်းသခင်အနေနဲ့ သူ့ကို အသေသတ်နိုင်ဖို့ ယုံကြည်ချက်အပြည့်အဝ မရှိတာကြောင့်လည်း ပါလောက်မယ်။ ဒါကြောင့် ငါတို့ကို ရေခပ်ပြီး သူ့နောက် လိုက်ခိုင်းခဲ့တာ။ ဂိုဏ်းသခင်က အစွန့်ပစ်ခံလူလေ၊ မီးကန္တာရထဲမှာ ကြာကြာမနေနိုင်ဘူး။ မီးကန္တာရထဲမှာက ရေငွေ့လည်း မရှိတော့ သူ ရေဓာတ်ကောင်းကင်နတ်သိုင်းတွေကိုလည်း သုံးလို့မရဘူး။ လာ မြန်မြန် ရေခပ်ပြီး သူ့နောက် လိုက်ရအောင်”
ရှုန်းချီအာ သူ့စကားကို နားလည်၍ ရေခပ်ရန် ကန်ဆီ ပြေးသွားလိုက်သော်လည်း အလန့်တကြား ထအော်သည်။
နဂါးချီလင် ကပျာကယာ ပြေးသွားလိုက်သည့်အခါ ကန်အောက်ခြေတွင် အရိုးဖြူများ ပုံနေသည်ကို မြင်လိုက်ရသည်။ အလောင်းမည်မျှ ပစ်ချခံရသည်လဲ ရေတွက်၍ပင် မရပေ။
ပန်ကုန်းစုန်သည် ဝိညာဉ်ကို စုပ်ယူ၍ ကျင့်ကြံသူဖြစ်၏။ ထို့ကြောင့် သူက အနောက်ကမ္ဘာမြေ၏ သိုင်းပညာရှင်တို့ကို သတ်ကာ ကန်ထဲ ပစ်ချထားလေသည်။
“ငါတို့ ရေခပ်ဦးမှာလား” ရှုန်းချီအာ၏မျက်နှာတွင် သွေးမရှိတော့ပေ။
နဂါးချီလင်က လျှာကိုက်၍ ကန်ထဲသို့ သွေးတချို့ ထွေးချလိုက်သည်။ ကန်ရေများ ပွက်ပွက်ဆူလာ၏။ မရေမတွက်နိုင်သော ဝိညာဉ်များ အုံးအုံးထလာကြပြီး သွေးကို အငမ်းမရ စားနေကြလေသည်။
နဂါးချီလင်မှာ ရှုန်းချီအာ၏ အင်္ကျီကော်လံကို ကမန်းကတန်း ကိုက်ချီကာ ရေများလာမစင်အောင် နောက်ဆုတ်လိုက်သည်။
“ဒီကန်က အဆိပ်သင့်နေပြီ သောက်လို့မရတော့ဘူး” နဂါးချီလင် ကလေးမလေးကို ခပ်လှမ်းလှမ်းတွင် ပြန်ချကာ ပြောလိုက်သည်။ “ငါ့အမြီးထိပ်ဖျားပေါ် တက်၊ သေချာထိုင်ပြီး နောက်လှန်ချလိုက်”
သူ အမြီးကို နှိမ့်ပေး၍ ရှုန်းချီအာက အလျင်အမြန် တက်လိုက်သည်။ သူမသည် သေသေချာချာ ထိုင်၍ နောက်လှန်ချရန်လည်း မမေ့ပေ။
နဂါးချီလင် အမြီးကို မြှောက်လိုက်သည့်အခါ ရှုန်းချီအာက အမြီးထိပ်မှ သူ့ကျောပေါ်သို့ လျှောကျလာသည်။ ကလေးမလေးက တခစ်ခစ် ရယ်လိုက်၏။ “နောက်တစ်ခေါက်လောက်”
“ကစားရမယ့်အချိန် မဟုတ်ဘူး။ ငါ့လည်ဆံမွှေးကို တင်းတင်းဆုပ်ထား။ ဂိုဏ်းသခင်နောက် လိုက်တော့မယ်” နဂါးချီလင်က သတိပေးလိုက်သည်။
ရှုန်းချီအာက သူ၏လည်ဆံမွှေးများပေါ် တက်လာပြီး လက်သေးသေးလေးများဖြင့် ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။ ရုတ်တရက် နဂါးကြေးခွံတစ်ချပ်က ဘေးမှ မြောက်ကြွလာကာ သူမကို ဖုံးအုပ်လိုက်၏။ နဂါးချီလင်မှာ အမြန်ပြေးလျှင် ကလေးမ ပြုတ်သွားမည်စိုး၍ ဤသို့လုပ်လိုက်ခြင်း ဖြစ်လေသည်။
ယခင်က ချင်မူ ကာကွယ်ပေးနေသည့်အတွက် ရှုန်းချီအာ ပြုတ်ကျမည်ကို သူ စိုးရိမ်စရာမလိုသော်လည်း ချင်မူမရှိသည့်အချိန်တွင် ရှုန်းချီအာကို သူ့ဘာသာ ဂရုစိုက်ရလိမ့်မည်။
နဂါးချီလင်က မှော်စွမ်းအင်ဖြင့် အကာအကွယ်တစ်ခုကိုလည်း ဖွဲ့တည်ကာ ရှုန်းချီအာကို ဝန်းရံစေလိုက်သည်။ ပြုတ်မကျအောင် မြဲမြဲကိုင်ထားရန်လည်း သတိပေးပြီးနောက် ချင်မူနောက်သို့ တရှိန်ထိုး ပြေးလိုက်တော့၏။ သူ့အနေဖြင့် အမြန်နှုန်းကို ဝုန်းခနဲ မမြှင့်တင်ရဲ၍ ဖြည်းဖြည်းချင်း မြန်မြန်ပြေးနေသည်။ သူ့ခြေထောက်များက မြန်သထက် မြန်လာကာ များစွာမကြာလိုက်ဘဲ အသံ၏အမြန်နှုန်းကိုပင် ကျော်တက်သွားသည်။ သူတို့အနောက်တွင် မီးတောက်မီးလျှံများမှာ တဖျတ်ဖျတ် လင်းလိုက်မှောင်လိုက်ဖြင့် ကျန်ရစ်ခဲ့၏။
“ဖက်တီးနဂါး၊ နင့်အမြန်နှုန်းက ပိုတောင်မြန်လာသေးတယ်” ရှုန်းချီအာက အော်လိုက်သည်။ “အစ်ကိုတော့်အရှေ့မှာ ဘာလို့ မြန်မြန်မပြေးတာလဲ”
“နင့်လို ကလေးပေါက်စလေးက ဘာသိမှာတုန်း။ မြင်းတစ်ကောင်ကို မြန်မြန်ပြေးစေချင်ရင် ကောင်းကောင်းကျွေးဖို့လိုတယ်လေ” နဂါးချီလင်က သူ့ကိုယ်သူ ကျေနပ်စွာဖြင့် ပြုံးလိုက်သည်။ “ငါ တမင်တကာ နှေးနှေးပြေးနေတာ။ ဒါမှ ဂိုဏ်းသခင်က ငါ မြန်မြန်ပြေးနိုင်အောင် အစာကောင်းကောင်းကျွေးမှာပေါ့။ အမြန်နှုန်းကို ဖြည်းဖြည်းချင်း မြှင့်ပြမှ ပိုကောင်းတဲ့ စွမ်းအင်ဆေးလုံးတွေရဲ့ အာနိသင်ကို သူ သတိထားမိမယ်။ ဒါဆို သူ စွမ်းအင်ဆေးလုံးကို အဆင့်ထပ်မြှင့်ဖို့ ကြိုးစားလိမ့်မယ်
“ဒါ့အပြင် အရသာကိုလည်း ဂရုစိုက်ပေးလိမ့်မယ်။ ငါသာ ရုတ်တရက်ကြီး မြန်မြန်ပြေးပြလိုက်ရင် သူ စွမ်းအင်ဆေးလုံးတွေကို အဆင့်မမြှင့်တော့ဘဲ သာမန်မီးဓာတ်ကောင်းကင်အားဖြည့်ဆေးလုံးတွေပဲ ကျွေးတော့မှာပေါ့။ ဂိုဏ်းသခင်ကို သွားမပြောနဲ့ဦး တော်ကြာ အပျင်းတက်သွားဦးမယ်”
ရှုန်းချီအာမှာ သူပြောနေသော အကြောင်းအရာကို နားမလည်သော်လည်း ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်သေး၏။
နဂါးချီလင် အတန်ကြာ ပြေးပြီးသည့်တိုင်အောင် ချင်မူ့ကို လိုက်မမှီသေးပေ။ လမ်းတစ်လျှောက်တွင် ပေါက်ကွဲသွားသည့် သဲတောင်ပို့များကို မြင်လျှင် သူ ထိတ်လန့်သွားသည်။ ချင်မူနှင့် ပန်ကုန်းစုန်တို့ အနီးနားတွင် တိုက်ခိုက်သွားကြခြင်းဖြစ်လိမ့်မည်။
များစွာမကြာလိုက်ဘဲ အဝေးတွင် မြေကြီးအား မညှာမတာ ထိုးနှက်နေသော အနီရောင်သဲဘီလူးကြီးတစ်ကောင်ကို နဂါးချီလင် မြင်လိုက်ရသည်။
“အဲ့ဒါ ငါတို့အနောက်ကမ္ဘာမြေ အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ ကျင့်စဉ်ပဲ” ရှုန်းချီအာက တအံ့တဩ အော်သည်။ “အစ်ကိုတော်များလား”
နဂါးချီလင်က ခေါင်းယမ်းလိုက်ပြီး အနည်းငယ်စိတ်ပူလာ၏။ “ဂိုဏ်းသခင်ရဲ့ မှော်စွမ်းအင်က အဲဒီလောက် မသိပ်သည်းဘူး။ လာ သွားကြည့်ရအောင်”
သူက ကွေ့သွားလိုက်ပြီး သဲဘီလူးကြီးကို မြင်သည့်အခါတွင်တော့ မမှင်သက်မိဘဲ မနေတော့ပေ။