← Chapters

ယုံစားမရသော အနောက်ကမ္ဘာမြေ

Vol. 32 Ch. 443

ယုံစားမရသော အနောက်ကမ္ဘာမြေ

Vol. 32 Ch. 443

မီးကန္တာရထဲတွင် နန်းတော်အပျက်အစီးတစ်ခု ရှိသည်။ မြေဝါရောင်နန်းဆောင်တစ်ဝက်ကျော်မှာ ပြိုကျပျက်စီးနေပြီး တံတိုင်းအကျိုးအပဲ့များ၊ နံရံအပြိုအပျက်များသာ ထိုးထိုးထောင်ထောင် ရှိနေ၏။ ဤနေရာ၏ မီးတောက်မီးလျှံများက ကျန်နေရာများထက် အလျှံတညီးညီး တောက်လောင်နေသည်။

နန်းတော်ပျက်၏ ပရဝုဏ်က အလွန်ကျယ်ဝန်းလှသည်။ အနည်းဆုံးမိုင်တစ်ထောင်ခန့် ရှိသည်။ သဲဘီလူးကြီး၏ ပတ်ပတ်လည်တွင် မီးတောက်များက တဟုန်းဟုန်း လောင်မြိုက်နေ၍ ၎င်း၏ခန္ဓာကိုယ်မှာ ခြစ်ခြစ်တောက် နီရဲနေချေသည်။ ဘီလူးကြီးတွင် ခြေထောက်မရှိသော်လည်း အလွန်လျင်မြန်စွာ ရွေ့လျားနိုင်သည်။

နန်းတော်ပျက်အတွင်းရှိ လမ်းကြိုလမ်းကြားများအတိုင်း သဲဘီလူးကြီး ရွေ့လျားသွားသည့်အခါ မြေပြင်ထက်ရှိ သဲမှုန်များမှာ ဝဲကဲ့သို့ တဝေါဝေါ လည်လျက် မြောက်တက်လာ၏။

သဲဘီလူးကြီးက ချင်မူနှင့် ပန်ကုန်းစုန်‌နောက်သို့ လိုက်နေသည်။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် တစ်ချက်တစ်ချက် တိုက်ခတ်တတ်ကြပြီး ဘုန်းခနဲ ဘုန်းခနဲ ရိုက်ချလိုက်သံများကလည်း အဆက်မပြတ် မြည်ဟည်းနေသည်။ သဲဘီလူးကြီးဆီ ရိုက်ချက်တိုင်းက အလွန်လေးပင်လှ၍ ကန္တာရပေါ် ကျလာသည့်အခါ သဲကျောက်ခဲများက ဓားချွန်ချွန်များသဖွယ် လွင့်စင်လာတတ်သည်။

သို့တိုင်အောင် သဲဘီလူးကြီးကြောင့် နန်းတော်ပျက်မှာ ပျက်စီးသွားခြင်းမရှိပေ။ သဲများက တံတိုင်းပျက်များ၊ နံရံများကို ဖြတ်၍ စီးဆင်းသွားခြင်းဖြစ်လေရာ နန်းတော်အပေါ် ထိခိုက်မှုမရှိပေ။

အ‌နောက်ကမ္ဘာမြေ၏ ကောင်းကင်နတ်သိုင်းများသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်နတ်သိုင်းများနှင့် ကွဲပြားပြီး သူတို့၏လမ်းစဉ်မှာ ‘အရာရာတိုင်းတွင် ဝိညာဉ်ရှိသည်’ ဆိုသော အယူအဆဖြစ်သည်။ သဲကျောက်ခဲများကိုပင် ဝိညာဉ်သွင်း၍ ဘီလူးကြီးတစ်ကောင် ဖွဲ့တည်နိုင်သည်။ သဲဘီလူးတစ်‌ကောင်ဆီမှ ရိုက်ချက်တိုင်းက တောင်တန်းများကို ဖြိုခွဲနိုင်၏။

ချင်မူနှင့် ပန်ကုန်းစုန်သာ ချောင်ပိတ်မိသွားလျှင် သဲဘီလူးကြီး၏ ကြောက်မက်ဖွယ်ရာ စွမ်းအင်သက်သက်ဖြင့်ပင် နှစ်ယောက်လုံး ဒဏ်ရာအပြင်းအထန် ရသွားနိုင်သည်။

သို့တိုင်အောင် သူတို့နှစ်ယောက်က သဲဘီလူးကြီး၏ တိုက်ကွက်များကို ရှောင်တိမ်းနေရသည့်အချိန်မှာပင် တစ်ယောက်ကိုတစ်ယောက် သတ်နေကြသေးသည်။

ပန်ကုန်းစုန်မှာ လက်မောင်းတစ်ဖက် ကျိုးနေသဖြင့် စိတ်သွားတိုင်း ကိုယ်မပါပေ။ ချင်မူ့အနေဖြင့်လည်း ဓားအလက်ရှစ်ထောင်ကို ထိန်းချုပ်နိုင်သော်ငြား သူ၏ဓားကွက်က မည်မျှတိကျပါစေ၊ သဲဘီလူးကြီးကို ဒဏ်ရာရအောင် မခုတ်ပိုင်းနိုင်ဖြစ်နေသည်။ ဓားချက်ကြောင့် သဲဘီလူးကြီး၏ လက်မောင်းတစ်ဖက် ပြတ်သွားစေကာမူ တခဏကြာလျှင် အကောင်းအတိုင်း ပြန်ထွက်လာတတ်သည်။

သဲဘီလူးကြီး၏ ရုပ်ခန္ဓာကျင့်စဉ်မှာ ထူးခြားသည့်အပြင် သိုင်းကွက်များကလည်း အနှိုင်းမဲ့ ကြီးစိုးနေသည်။ သို့သော် မှော်အစီအရင်များ၊ ကောင်းကင်နတ်သိုင်းများ မထုတ်လွှတ်နိုင်ဘဲ လက်သီးသိုင်းသာ သုံးနိုင်သည့်အတွက် တော်သေးသည်။

သို့သော် ထူးဆန်းသည်မှာ သဲဘီလူးကြီးသည် ချင်မူ့ကိုသာ ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်၏။ ပန်ကုန်းစုန်ကို အာရုံမရှိပေ။

“အစစ်အမှန်‌ကောင်းကင်နန်းတော်ရဲ့ မှော်အစီအရင်” နဂါးချီလင်က ပတ်ဝန်းကျင်ကို အကဲခတ်ကာ မေးလိုက်သည်။ “မှော်အစီအရင်ပညာရှင် ဘယ်မှာပုန်းနေတာလဲ”

“အဲ့ဒါကြီးက ကန္တာရအစောင့်ဘီလူးကြီး။ ကောင်းကင်နတ်သိုင်းမဟုတ်ဘူး” ရှုန်းချီအာက သူ၏လည်ဆံမွှေးများကို ကုပ်တွယ်၍ ခေါင်းပေါ် တက်လာသည်။ သူမက အခြေအနေကို ကြည့်ကာ ပြောလိုက်၏။ “မယ်မယ်ပြောဖူးတယ်။ ကန္တာရထဲမှာ ရှေးဟောင်းနန်းတော်ပျက်တွေ အများကြီးရှိတယ်တဲ့။ အဲဒီနေရာတွေက ကန္တာရကို စောင့်ရှောက်တဲ့ နတ်ဘုရားတွေ စံမြန်းခဲ့ကြတဲ့ နေရာတွေတဲ့လေ။ နတ်ဘုရားတွေ ထွက်သွားရမယ့် အချိန်‌ရောက်လာတော့ ကန္တာရကို စောင့်ရှောက်ပေးဖို့ အစောင့်တွေ ထားခဲ့တယ်။ မဟာမြို့ပျက်က အစွန့်ပစ်ခံလူတိုင်းကို အစောင့်တွေက တိုက်ခိုက်ကြမှာတဲ့”

ရုတ်တရက် နန်းတော်ပရဝုဏ်ထဲရှိ အနီရောင်သဲများ အုံကြွမြောက်တက်လာပြီး သဲဘီလူးကြီးနောက်တစ်ကောင် ထလာကာ ချင်မူ့ဆီ လျင်မြန်စွာ ပြေးဝင်လာသည်။

ချင်မူ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည့်အခါ သဲဘီလူးကြီးနှစ်ကောင်ဆီသို့ အနီရောင်သဲနဂါးများ တရှိန်ထိုး ထွက်သွားသည်။ ပန်ကုန်းစုန်နောက် လိုက်နေစဉ် သူ၏ချီစွမ်းအင်က အင်တိုက်အားတိုက် လည်ပတ်လာခဲ့၍ ကောင်းကင်နတ်သိုင်းများ၏စွမ်းအားမှာ ပိုမိုအားကောင်းပြင်းထန်လာသည်။ ဤအခိုက်အတန့်တွင် သူ၏သိုင်းစွမ်းအားက အမြင့်ဆုံးဖြစ်နေ၏။

အနီရောင်သဲနဂါးများက သဲဘီလူးကြီးနှစ်ကောင်အား ထိုးဖောက်ပစ်လိုက်သည်။

“အမ်”

ချင်မူ အံ့အားသင့်သွားသည်။ သူ၏ကောင်းကင်နတ်သိုင်းထဲရှိ မှော်စွမ်းအင် စုပ်ယူခံလိုက်ရသည်ကို ခံစားလိုက်ရ၏။ သဲနဂါးများ သဲဘီလူးနှစ်ကောင်၏ ခန္ဓာကိုယ်များကို ထိုးဖောက်လိုက်သည့်အချိန်တွင် ၎င်းတို့၏ကိုယ်ထဲရှိ မှော်စွမ်းအင်များ ပျောက်ချင်းမလှ ပျောက်ကွယ်သွားသည်။

ပန်ကုန်းစုက အခြေအနေကို အခွင့်အကောင်းယူကာ ဧရာမဒယ်အိုးကြီးကို ရွက်,မလျက် တဟုန်ထိုး ပြေးဝင်လာသည်။ သဲဘီလူးကြီးနှစ်ကောင်ကလည်း သဲနဂါးများနှင့်‌ မှော်စွမ်းအင်ကို စုပ်ယူလိုက်ပြီးနောက် ကြောက်ခမန်းလိလိ ကြီးထွားလာကာ ချင်မူ့အား တိုက်ခိုက်ကြသည်။

ချင်မူက လက်မကို ထောင်လျက် လက်သီးဆုပ်ကာ ပန်ကုန်းစုန်၏ လက်သီးချက်ဆီ ထိုးချလိုက်သည်။ ပန်ကုန်းစုန်မှာ သူ့လက်သီးထဲ၌ ခွန်အားမရှိတော့သကဲ့သို့ ခံစားလိုက်ရပြီး ချင်မူ့လက်သီးဆီသို့ ဆွဲငင်ခံလိုက်ရသည်။

ထောင်ထားသည့် လက်မက ပန်ကုန်းစုန်အား တုန်လှုပ်သွားစေ၏။

‘လက်သီးရဲ့ ခွန်အားက အဲဒီလက်မထဲမှာ စုနေတာပဲ’

သူ ရုန်းထွက်ရန် ကြိုးစားလိုက်သည့်အချိန်တွင် ချင်မူ့သိုင်းကွက်က လက်သီးသိုင်းမဟုတ်ကြောင်း သဘောပေါက်သွားသည်။ ၎င်းက ဓားသိုင်းဖြစ်ပြီး လက်မက ဓားအဖြစ် ဖွဲ့တည်နေသည်။ ပန်ကုန်းစုန်အနေဖြင့် လွတ်အောင် မရုန်းနိုင်လျှင် လက်မ သူ့အပေါ် ဖိချလိုက်သည်နှင့် ဓားလှိုင်းက သူ့ကို သေချာပေါက် နှစ်ခြမ်းပိုင်းပစ်လိုက်လိမ့်မည်။

‘ဒီကောင်ရဲ့ သိုင်းကွက်အသားပေးပညာရပ်က ဘာလို့ ဒီလောက်မြန်မြန် တိုးတက်လာပြီး ကြောက်စရာကောင်းနေတာလဲ။ ငါတို့ရဲ့ နောက်ဆုံးတိုက်ပွဲပြီးတာဖြင့် တစ်နှစ်တောင် မကြာသေးဘူး ဘာကြောင့် သူ့စွမ်းရည်တွေက မြန်မြန်ဆန်ဆန် တိုးတက်လာတာလဲ”’

ပန်ကုန်းစုန် အားကုန်သုံးကာ ချင်မူ့လက်သီးထဲမှ ရုန်းထွက်လိုက်သည်။ သူ ရုန်းထွက်လိုက်သောအခိုက်အတန့်မှာပဲ ချင်မူ့လက်မအတွင်းရှိ ဓားရောင်က ကြောက်မက်ဖွယ်ရာ တောက်ပလာ၏။  ချင်မူ၏ချီစွမ်းအင်က ကြိုးမျှင်အသွင် ပြောင်းကာ ဓားသေးသေးလေးများ ထွေးယှက်နေသကဲ့သို့ ဖွဲ့တည်လာသည်။ ချင်မူ လက်မကို ဖိချလိုက်သည့်အခါ ဓားရောင်က ခုတ်ပိုင်းချလိုက်သည်။

ပန်ကုန်းစုန်က တမုဟုတ်ချင်း အရိပ်မည်းမည်းပြောင်းကာ သဲမြေထဲ ဝင်ပြီး ကမန်းကတန်း ထွက်ပြေးသွား၏။

ချင်မူက လက်ဝါးဖြန့်ကာ ရိုက်ချလိုက်သည်။ သဲမြေထက်တွင် ဧရာမလက်ဝါးရာကြီး ထင်းသွား၏။ ပန်ကုန်းစုန် စိတ်သက်သာရသွားသည်။ ‘ဒီကောင် လွဲသွားပြီ’

နောက်တခဏတွင် ကောင်းကင်ယံ၌ ပုန်းအောင်းနေသော ဓားရောင်များက တဝှမ်ဝှမ် မြည်လာပြီး မြေပြင်ထက်သို့ ထိုးဆင်းလာ၏။ ပန်ကုန်းစုန်အနေဖြင့် ရှောင်ရန် မဖြစ်နိုင်တော့ပေ။

ထိုစဉ်မှာပဲ ချင်မူ့ခြေဖဝါးအောက်မှ သုံးကောင်မြောက် သဲဘီလူးကြီး ထလာ၍ ရွာကျလာသော ဓားများ ကစဉ့်ကလျား ဖြစ်သွားသည်။ ပန်ကုန်းစုန်က လူပုံစံ ပြန်ပြောင်းပြီး သဲများထဲမှ ခုန်ထွက်လာသည်။ သူက ဓားရောင်များကို လှစ်ခနဲ ရှောင်တိမ်းရင်း နန်းတော်ပျက်၏ အပြင်သို့ လွတ်မြောက်သွား၏။

သူ နောက်လှည့်ကြည့်လိုက်သည့်အခါ သဲဘီလူးကြီးသုံးကောင် ချင်မူ့အား ဖိနှိပ်နေသည်ကို မြင်လိုက်ရသည်။ ချင်မူ သေပြီလား၊ ရှင်သေးလား မသိရပေ။

‘ဒီကောင် ဒဏ်ရာအပြင်းအထန် ရသွားရင် သူ့ကို သတ်ဖို့ အခွင့်အရေးကောင်းပဲ’ ပန်ကုန်းစုန် ထိုသို့တွေးနေသည့်အချိန် နဂါးချီလင် ပြေးလာသည်ကို မြင်လိုက်၍ သရော်တော်တော် ပြုံးလိုက်သည်။ ‘မင်းလို တိရစ္ဆာန်တစ်ကောင်တောင် ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့လေ’

သူက ဦးညွှတ်ဂါဝရပြုကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ဖက်တီးနဂါး”

သူ့အနောက်၌ ဧရာမယဇ်ပလ္လင်ကြီး ဖွဲ့တည်လာပြီး ပလ္လင်ထက်ရှိ မိစ္ဆာနတ်ဘုရားများ ဂါဝရပြုလိုက်သည်။

နဂါးချီလင်က သူ့ကို အဖက်မလုပ်သဖြင့် ပန်ကုန်းစုန် မချင့်မရဲ ဖြစ်လာသည်။ သူက ကပျာကယာ ဦးညွှတ်လိုက်ပြန်သည်။ “နဂါးချီလင်”

နဂါးချီလင်က အနား ရောက်လာပြီဖြစ်သည်။ သူ့ပါးစပ်မှ မီးတောက်များ ဖြာထွက်လာ၏။

ပန်ကုန်းစုန် သွေးအန်လိုက်ရသည်။ သူ့ဒဏ်ရာများမှာ ပေါ့ပေါ့သေးသေး မဟုတ်ပေ။ ဝိညာဉ်ဂါဝရပြုကောင်းကင်နတ်သိုင်းက သူ၏ချီစွမ်းအင်ကို များစွာ ကုန်ခမ်းစေသည်။ ယခုတွင် နှစ်ကြိမ်ဂါဝရပြုလိုက်၍ ချီစွမ်းအင်အမြောက်အမြား လျော့ကျသွားချေပြီ။

“ချင်းချင်း” ပန်ကုန်းစုန်က အံတင်းတင်းကြိတ်ပြီး နောက်တစ်ကြိမ် ဂါဝရပြုလိုက်သည်။

ရှုန်းချီအာက ဖက်တီးနဂါး၏ လည်ဆံမွှေးများကို ခပ်တင်းတင်း ဆုပ်၍ ခေါင်းပေါ်တွင် ထိုင်ကာ လူငယ်အား စပ်စပ်စုစု ကြည့်နေသည်။

ပန်ကုန်းစုန် သွေးတစ်ပွက်အန်လိုက်ရသည်။ နဂါးချီလင်၏ ပါးစပ်မှ မီးတန်းတစ်တန်း ထွက်လာပြီး ဆယ်မိုင်ကျော်အထိ လွှမ်းခြုံသွား၏။ မီးတန်း ဖြတ်သွားသော နေရာတိုင်းရှိ သဲတောင်ပို့များ ပြားကပ်သွားသည်။

ပန်ကုန်းစုန်က ဒယ်အိုးကြီးထဲ ပြေးပုန်းပြီး တဒေါင်ဒေါင် မြည်သံများကို နားစွင့်နေသည်။ ထို့နောက် ဒယ်အိုးကြီးက လေပေါ် မြောက်တက်သွားပြီး ဒယိမ်းဒယိုင်ဖြင့် ဆယ်မိုင်ကျော်အကွာသို့ ကျသွားသည်။

နဂါးချီလင်က ဒယ်အိုးကျသွားသည့်နေရာသို့ တရှိန်ထိုး ပြေးသွားလိုက်သော်လည်း သွေးစွန်းနေသော သဲကျင်းတစ်ကျင်းကိုသာ မြင်လိုက်ရသည်။ ပန်ကုန်းစုန် မြေကြီးအောက်မှ ထွက်ပြေးသွားကြောင်း ထင်ရှား၏။

“ငါ့အစွမ်းအစစ်က သူ့ကို မတားနိုင်ဘူးလား။ နှစ်တစ်သောင်း နေထိုင်ခဲ့တဲ့လူတွေက နယ်နယ်ရရ‌တော့ မဟုတ်ဘူးပဲ။ ဂိုဏ်းသခင်ထက်တောင် အပြေးတော်သေးတယ်” နဂါးချီလင်က တလေးတစား စုပ်သပ်လိုက်သည်။

ရုတ်တရက် နန်းတော်ထံမှ ပေါက်ကွဲသံကြီး ထွက်လာ၍ နဂါးချီလင် လှည့်ကြည့်လိုက်သည်။ ထိုနေရာတွင် လေးကောင်မြောက် သဲဘီလူးကြီး ထလာသည်ကို သူ တွေ့လိုက်ရ၏။ ၎င်းက ကိုက်တစ်ရာ မြင့်မားပြီး မဟာမိုးခြိမ်းသံကျောင်းတော်၏ ဗုဒ္ဓတစ်သောင်းစေတီတော်နှင့် အမြင့်တူချေသည်။ သဲဘီလူးကြီးသည် ချင်မူ့နောက်သို့ အသည်းအသန် လိုက်နေ၏။

“ဂိုဏ်းသခင် တစ်ခုခုဖြစ်လို့ မဖြစ်ဘူး”

နဂါးချီလင် တမုဟုတ်ချင်း ပြေးလိုက်သည့်အချိန်တွင် ချင်မူ့ခန္ဓာကိုယ် ဖျတ်ခနဲ ပျောက်သွားသည်ကို မြင်လိုက်ရ၏။ နောက်တခဏတွင် သူ့ရှေ့တည့်တည့်၌ ပျံဝဲလျက် ပေါ်လာသည်။ ထူးဆန်းသော မီးတောက်များနှင့် နေရာရွှေ့ပြောင်းသင်္ကေတများက သူ့တစ်ကိုယ်လုံး လွှမ်းခြုံနေပြီး လျင်မြန်စွာ လည်နေကြသည်။

ချင်မူ ကိုယ်ပေါ်ရှိ မီးတောက်များအား ကပျာကယာ ငြှိမ်းလိုက်၏။ မီးဟပ်မှုများကြောင့် သူ့မျက်နှာမှာ မည်းခြစ်နေပြီဖြစ်သည်။ ကံကောင်းစွာနှင့် သူ့အဝတ်အစားများကို ယွီကျောက်ချင်းတို့မျိုးနွယ်မှ ချုပ်ပေးထားသဖြင့် မီးတောက်များကြားတွင် ပျက်စီးမသွားပေ။

သူ့အနောက်မှ အသံဗလံမျိုးစုံ ထွက်လာ၍ ချင်မူ နောက်လှည့်ကြည့်လိုက်မိသည်။ သဲဘီလူးကြီးများက နန်းတော်အပြင်သို့ ပျံထွက်လာကြပြီး ဒေါသတကြီး လိုက်လာနေကြ၏။

“ဖက်တီးနဂါး ပြန်ဆုတ်” ချင်မူက တရှိန်ထိုး ပြေးလာနေသော နဂါးချီလင်အား လက်ကာပြလိုက်သည်။

သဲဘီလူးကြီးများသည် အလွန်မြန်လှ၏။ များစွာမကြာလိုက်ဘဲ ချင်မူ့အရှေ့ ရောက်လာကာ နှစ်ကောင်စီ ခွဲပြီး ချင်မူ့အား ဘယ်နှင့်ညာမှ ညှပ်တိုက်လိုက်ကြသည်။

သူတို့ သူ့အပေါ် ခုန်အုပ်တော့မည့်အချိန်တွင် ချင်မူ့ကိုယ်ပေါ်ရှိ နေရာရွှေ့ပြောင်းသင်္ကေတများ တောက်ပလာပြီး သူ့ခန္ဓာကိုယ်က ဖျတ်ခနဲ ပျောက်သွားပြန်သည်။

သဲဘီလူးများ အချင်းချင်း ဝင်တိုက်မိ၍ သဲများ ဖွားခနဲ လွင့်စင်ပြန့်ကြဲသွားသည်။ သို့သော် မကြာခင်မှာပဲ သူတို့၏ခန္ဓာကိုယ်များ ပြန်လည်ဖွဲ့တည်လာကာ နန်းတော်ပျက်ဆီသို့ ကမူးရှူးထိုး ပြန်ပြေးသွားကြ၏။ သို့သော် ပြန်မရောက်ခင် သဲဘီလူးကြီးများ ပြိုကွဲသွားပြီး သဲပုံများ ဖြစ်သွားကြသည်။

နဂါးချီလင်က ချင်မူ ပျံဝဲနေသောနေရာသို့ အပြေးသွားလိုက်သည်။ သူ့အနောက်တွင် တစ်ဝက်ကျော်ပြိုကျနေသော နန်းဆောင်တစ်ခု ရှိနေသည်။ နန်းဆောင်အတွင်းထဲ၌ ဆန်းဆန်းပြားပြား အမှတ်အသားများ ဖုံးနေသည့် သစ်သားနတ်ဘုရားရုပ်တုအတွက် ကျောင်းဆောင်တစ်ဆောင် တည်ထား၏။ ထိုသစ်သားနတ်ဘုရားရုပ်တု၏ ခေါင်းပြတ်မှာ ကြမ်းပြင်ပေါ်တွင် ဖြစ်သည်။

ချင်မူ လက်မြှောက်လိုက်သည့်အခါ ရွှင်ပျော်ပျော်ဓားက ပြန်လည်ပျံသန်းလာသည်။ သူက သစ်သားနတ်ဘုရားရုပ်တု၏ ခေါင်းပြတ်အား အ‌လေးအနက် ကြည့်နေ၏။

စောစောက သဲဘီလူးများကို အပြင်မြှားထုတ်ပြီးနောက်တွင် သူ နန်းဆောင်ပျက်ထဲ ပြန်သွားပြီး အနီရောင်ကောင်းကင်မျက်လုံးဖြင့် ကြည့်ခဲ့သည်။ သစ်သားနတ်ဘုရားရုပ်တုအပေါ်တွင် လှိုင်းကဲ့သို့ စီးဖြာနေသော ဆန်းဆန်းပြားပြား အမှတ်အသားများကို သူ တွေ့လိုက်ရသဖြင့် နတ်ဘုရားရုပ်တုအား ခေါင်းဖြတ်လိုက်ခြင်း ဖြစ်သည်။

ခေါင်းပြတ်သွားသည်နှင့် လင်းလက်နေသော အမှတ်အသားများမှာ တဖြည်းဖြည်း မှိန်ကျသွား၏။

ထို့နောက် နတ်ဘုရားရုပ်တုဆီမှ ကြောက်မက်ဖွယ်ရာ ဦးနှောက်လှိုင်းတစ်လှိုင်းက ချင်မူ့ဆီ တရှိန်ထိုး ဖြာထွက်လာခဲ့သော်လည်း သူ့လည်ပင်းတွင် ဆွဲထားသည့် ကျောက်စိမ်းလည်ဆွဲက ကာဆီးပေးခဲ့သည်။

“ထူးဆန်းလိုက်တာ....” ချင်မူ နောက်လှည့်ကြည့်ကာ မေးလိုက်သည်။ “ချီအာ၊ အနောက်ကမ္ဘာမြေရဲ့ အစစ်အမှန်နန်းတော်ထဲမှာ နတ်ဘုရားတွေ ရှိလား”

ရှုန်းချီအာက ခေါင်းယမ်းပြသည်။ “တစ်ခါမှ မကြားခဲ့ဖူးဘူး”

ချင်မူ ကျောက်စိမ်းလည်ဆွဲကို ဆုပ်ကိုင်၍ ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။ “ဒီနတ်ဘုရားရုပ်တုထဲမှာ အသိစိတ်အလျဉ်တစ်ခု ပုန်းကွယ်နေတယ်။ ငါ ခေါင်းဖြတ်လိုက်တဲ့အချိန်မှာ ငါ့ကိုတောင် တိုက်ခိုက်ခဲ့တာဆိုတော့ ဒီနတ်ဘုရားရုပ်တုရဲ့ ပိုင်ရှင် သက်ရှိထင်ရှား ရှိနေသေးလောက်တယ်”

“ဂိုဏ်းသခင်၊ ပန်ကုန်းစုန် လွတ်သွားပြီ” နဂါးချီလင်က ပြောလိုက်သည်။

ချင်မူက ဂရုမစိုက်ပေ။ “သူက နှစ်တစ်သောင်းလုံး ထွက်ပြေးနေတာလေ၊ အပြေးသိုင်းမှာ တော်လွန်းလို့ တစ်ဖက်ကမ်းတောင် ရောက်နေပြီ။ သူ့ကို တစ်ချက်တည်း ဖယ်ရှားလို့ ရမှာမဟုတ်ဘူး။ ဧကရာဇ်အတိုင်ပင်ခံ လိုလန်ရွှေနန်း‌တော်ကို ဝိုင်းထားတုန်းကတောင် လွတ်အောင် ပြေးနိုင်ခဲ့တာပဲ မဟုတ်လား။ အခု ငါ ရင်ထိတ်နေမိတာက အနောက်ကမ္ဘာမြေရဲ့ အစစ်အမှန်‌ကောင်းကင်နန်းတော်မှာ သက်ရှိနတ်ဘုရားတစ်ပါး ရှိနေမှာကိုပဲ....”

သူက ခေါင်းမော့ကာ အနောက်သို့ လှမ်းကြည့်လိုက်သည်။ သစ်သားရုပ်တုသည် သဲများကို စုဝေး၍ ဘီလူးများအသွင် ဖွဲ့တည်နိုင်၏။ ဤအခြင်းအရာမှတစ်ဆင့် အစစ်အမှန်ကောင်းကင်နန်းတော်၏ ပြိုင်ဘက်ကင်းကောင်းကင်နတ်သိုင်း ဖြစ်သည်မှာ ယုံမှားစရာမရှိပေ။

အစစ်အမှန်‌ကောင်းကင်နန်းတော်၏ ကျင့်စဉ်သည် ဝိညာဉ်တစ်သောင်းသဘာဝကျင့်စဉ်ဟု ခေါ်ပြီး အမျိုးသမီးများ ကျင့်ကြံရန် သင့်တော်၏။ ရှုန်းရှီယွီ သူ့ကို သင်ပေးခဲ့သော်လည်း ချင်မူ့အတွက် အကူအညီသိပ်မဖြစ်ပေ။

‘ဧကရာဇ်အတိုင်ပင်ခံက အစစ်အမှန်ကောင်းကင်နန်းတော်ကို သွားနေပြီ။ သူတော့ ကံဆိုးတော့မှာပဲ’ ချင်မူ အကြည့်လွှဲကာ သူ့ဘာသာ တွေးလိုက်မိသည်။ ‘အဲဒီနတ်ဘုရားရဲ့ အစွမ်းအစက သိပ်မကြီးမားပါစေနဲ့ပဲ မျှော်လင့်ရမယ်။ မဟုတ်လို့ကတော့...

သူ ခေါင်းယမ်းလိုက်မိသည်။

“ငါ ပိုပြီး စိတ်ပူမိတာက အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ နတ်ဘုရားက ဒီနန်းတော်ပျက်ကို ဘာလို့ ထားရစ်ခဲ့တာလဲ ဆိုတဲ့ မေးခွန်းပဲ။ သဲဘီလူးတွေက မဟာမြို့ပျက်ရဲ့ အစွန့်ပစ်ခံလူတွေကို သတ်ဖို့ဆိုတာ ရှင်းတယ်။ အစစ်အမှန်ကောင်းကင်နန်းတော်က အရင်တုန်းက ဘယ်လိုနေရာမျိုးပါလိမ့်”

သူ နဂါးချီလင်၏ ကျောပေါ် ခုန်တက်ကာ အ‌နောက်ယွန်းယွန်းသို့ ဆက်လက်ဦးတည်လာခဲ့သည်။ မကြာခင် ဆယ်မိုင်ကျော် ရောက်လာ၏။

နန်းဆောင်ပျက်မှာ တိတ်ဆိတ်နေသော်လည်း တခဏကြာသော် တရှဲရှဲမြည်သံများ ထွက်လာသည်။ သစ်သားရုပ်တု၏ ခေါင်းပြတ်နှင့် ခန္ဓာကိုယ်အပေါ်ရှိ အမှတ်အသားများ တဖြည်းဖြည်း တောက်ပလာသည်။ ခေါင်းပြတ်က ရုတ်တရက် မြောက်တက်သွားပြီး သစ်သားရုပ်တု၏ လည်ပင်းအပေါ် ကျသွား၏။

အမှတ်အသားများက ပိုမိုလင်းထိန်လာသည်။ ရုပ်တုက ဖြည်းဖြည်းချင်း ပြောင်းလဲစပြုလာပြီး သစ်သားရုပ်ခန္ဓာက အသွေးအသားဖြစ်လာသည်။

ပို၍ကြောက်မက်ဖွယ်ရာကောင်းသည်မှာ ရုပ်တု၏ခေါင်းက နောက်ပြန်လည်လာပြီး မျက်လုံးဖွင့်၍ ချင်မူရှိရာသို့ ကြည့်နေခြင်းဖြစ်သည်။

သစ်သားရုပ်တုက ပါးစပ်ဟကာ အက်ကွဲကွဲအသံဖြင့် ပြောလိုက်သည်။ “အစွန့်ပစ်ခံလူတွေရဲ့ တော်ဝင်သွေး ငါ...”

ဝှစ်

မြေကြီးပေါ်၌ ဝပ်နေသော ဓားရောင်တစ်ခုက အသွေးအသားဖြစ်လာသည့် သစ်သားရုပ်တု၏ ခေါင်းကို ထိုးဖောက်သွားသည်။ ထို့နောက် ဓားရောင်သည် တဖျပ်ဖျပ် လက်သွားကာ သစ်သားရုပ်တုအား အပိုင်းပိုင်း ခုတ်ထစ်ပစ်လိုက်၏။

အချိန်အနည်းငယ်ကြာသော် မိုင်နှစ်ဆယ်အကွာတွင်

ဓားရောင်က ချင်မူ့ဓားအိမ်ထဲ ပြန်ရောက်လာသည်။

“နတ်ဘုရား ငါ မင်းလိုကောင်တွေကို သတ်ဖူးပြီးသားပါ” ချင်မူ လက်ပိုက်လျက် နဂါးချီလင်၏ ကျောပေါ်တွင် ရပ်နေသည်။ နဂါးချီလင်၏ ရွေ့လျားမှုအတိုင်း သူ့ခန္ဓာကိုယ်က နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။

All Chapters