ပဝါမကူ ရေမရှူ
Vol. 8 Ch. 99
ကောင်းရှု ထွက်သွားလိုက်တာနဲ့ ကောင်းယိုက တစ်စခန်း ပြန်ထလာပြန်ပါပြီ။
“လီဖူချန်း ... ကောင်းမိန်ကတော့ စိတ်ထား နူးညံ့လို့ အရှုံးကို ဝန်ခံသွားပြီ။ ဒါပေမဲ့ ငါကတော့ အရှုံးပေးမှာ မဟုတ်ဘူး”
ကောင်းယိုက လီဖူချန်းက ဒဏ်ရာ အကြီးအကျယ် ရအောင် သမချင်နေတာပါ။
လီဖူချန်းရဲ့ စိတ်ဓာတ်တွေပါ ပျက်ပြားသွားရင် ပိုကောင်းပါတယ်။
“ကောင်းယို ... မင်းအရမ်း ချချင်နေရင် ငါနဲ့ချမလား”
လီကျင်းရွယ်က အရှေ့ကို ထွက်လာပြီး ကောင်းယိုကို စိန်ခေါ်ပါတယ်။
“လီကျင်းရွယ်... မင်းက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်အဆင့် ၈က ပညာရှင်လေ။ ကောင်းယိုကို စိန်ခေါ်နေတာ မရှက်ဘူးလား။ လာခဲ့... မင်းနဲ့ငါ ချမယ်”
ကောင်းကလန်က စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၈ ပညာရှင် တစ်ယောက်ကလည်း တိုက်ပွဲ စည်းဝိုင်းထဲကို ဝင်လာပြီး လီကျင်းရွယ်နဲ့ ချဖို့ ဆင်းလာပါတယ်။
နောက်ဆုံး လီရှန်းရှီ ကိုယ်တိုင်တောင်မှ မနေနိုင်တော့ပဲ ဝင်ပါလာပါပြီ။
“မင်းတို့ဘက်က ကောင်းယိုကလည်း စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၅ပဲလေ။ သူကကော လီဖူချန်းကို စိန်ခေါ်နေတာ အရှက် မရှိဘူးလား”
ကောင်းရီလုံက နှာခေါင်း ရှုံ့လိုက်ပြီး
“တူမလားကွ။ ငါတို့ ကောင်းကလန်က မင်းတို့ လီကလန်ထက် အင်အား ကောင်းတယ်ကွ။ ငါတို့ လုပ်တာက အမှန်ပဲ။ မင်းတို့ လီကလန်က ငါတို့ စည်းကမ်း ထုတ်တာကို နာခံ”
“လီရှန်းရှီ ... ကောင်းရီလုံ ပြောတာ မှန်တယ်။ မင်းတို့ လီကလန်ရဲ့ ရွှေထီးဆောင်းတဲ့ခေတ် ကုန်သွားပြီ။ မင်းတို့ ကံကြမ္မာကို မင်းတို့ လက်ခံလိုက်တော့။ ကောင်းဟိုက သူ လုပ်ရမယ့်အရာကို သူသိတယ်။ သူက လီဖူချန်းကို ဒဏ်ရာ အကြီးအကျယ် မရအောင် ထိန်းပြီး တိုက်မှာပါ”
ယန်အိုကလည်း ကောင်းကလန် ဘက်ကနေ ကူပြီး ပြောလိုက်ပါတယ်။ ယန်အိုက တော်တော် ပါးနပ်တဲ့လူပါ။
ကောင်းကလန်နဲ့ လီကလန် အကျေအလည် ဖြစ်နေတာကို တွေ့လိုက်တာနဲ့ ကောင်းကလန် ဘက်ကနေ အခွင့်ကောင်းယူပြီး လီကလန်ကို ဝင်ဖိပါတော့တယ်။
ကလန် ၃ခုတိုက်ပွဲမှာ သူတို့က ဝင်မပါပဲ ကောင်းကလန်နဲ့ လီကလန်နှစ်ခုပဲ တိုက်တဲ့ တိုက်ပွဲဖြစ်အောင် 'မီးလောင်ရာလေကူပင့်' တဲ့သဘောပါပဲ။
လီဖူချန်းကို ဆက်ပြီး အတောင်အလက် စုံခွင့်ပေးလို့ မရဘူးဆိုတာကို ယန်အိုကလည်း ကောင်းကောင်းကြီး သဘောပေါက် နေတယ်လေ။
“ယန်အို … မင်း ... မင်း ...”
လီရှန်းရှီကတော့ ဒေါသ ထွက်လွန်းလို့ စကားကိုတောင် အပြီး မပြောနိုင်တော့ပါဘူး။
“အစ်ကိုကြီး ရှန်းရှီ… ကောင်းယိုက ဒီလောက် တိုက်ချင်နေမှတော့ ကျွန်တော် တိုက်လိုက်ပါ့မယ်။ အစ်ကိုတို့ နောက်ဆုတ် လိုက်ပါလား”
လီဖူချန်းကလည်း သူ့အခြေအနေကို ကောင်းကောင်းကြီး တွက်ထား ပြီးပါပြီ။
အခုလက်ရှိ သူက ကောင်းကလန်နဲ့ ယန်ကလန် နှစ်ခုစလုံးကလူတွေ အကုန်လုံးကို အနိုင် မတိုက်နိုင်သေးဘူး ဆိုပေမဲ့ လူသားနယ်ပယ် အဆင့်၅ အောက်ကလူတွေ အကုန်လုံးကိုတော့ အနိုင်ယူနိုင်ဖို့ အခွင့်အရေး ရှိပါတယ်။
ပြီးတော့ လီဖူချန်းက ရသေ့၊ သူတော်စင် တစ်ပါး မဟုတ်ပါဘူး။
ဒီလောက် မာန ထောင်လွှားနေတဲ့ လီကလန်နဲ့ ကောင်းကလန်ကို သူတစ်ခုခုတော့ ပြန်လုပ်ရမှ ကျေနပ်နိုင်မှာပါ။
ပြီးတော့ နောင်အနာဂတ်မှာ ဒီလောက် အနိုင်ကျင့်ချင်တဲ့ ကလန်နှစ်ခုလုံးကို ဆုံးမဖို့လည်း သူဆုံးဖြတ် ထားပြီးပါပြီ။
သူ့ရဲ့ သိုင်းပညာအပေါ် နားလည် သဘောပေါက် နိုင်မှုနဲ့ဆိုရင် စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၄ ကိုရောက်တဲ့ အထိပဲ စောင့်ရမှာပါ။
အဆင့်၄ကို ရောက်ပြီ ဆိုတာနဲ့ ဒီယန်အိုနဲ့ ကောင်းရီလုံကို သောက်ခွက်တွေချည်း မေးမေးပြီး ရိုက်လို့ ရပါပြီ။
“ဖူချန်း ... ကောင်းယိုက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်အဆင့်၅ ဆိုတာတော့ မင်း သိတယ်မလား"
လီရှန်းရှီက သတိပေး လိုက်ပါတယ်။ လီဖူချန်းက ခေါင်းညိတ် လိုက်ပြီး
“ကျွန်တော့် လုပ်နိုင်စွမ်းကို ကျွန်တော် သိပါတယ်”
“ဒါဆိုလည်း ဟုတ်ပြီလေ။ ကျင်းရွယ် ... နောက်ဆုတ်မယ်”
လီရှန်းရှီက လီကျင်းရွယ်ကို ခေါ်ပြီး နောက်ဆုတ် သွားပါပြီ။ လီကျင်းရွယ်က လီဖူချန်းကို စိတ်ပူနေပေမဲ့လည်း လီဖူချန်းရဲ့ ယုံကြည်မှု အပြည့်ရှိသည့်ဟန်ကို ကြည့်ပြီး မူလနေရာကို ဆုတ်သွား ပါတယ်။
“ငါ နားကြားမှားတာတော့ မဟုတ်ပါဘူးနော်။ ဒီကလေးက ကောင်းယိုရဲ့ စိန်ခေါ်တာ ကိုတောင် လက်ခံလိုက်တယ်”
ယန်ကလန် သားတွေက ပထမတော့ အံ့အားသင့် သွားပါတယ်။ ထို့နောက်မှာတော့ အားရပါးရကို ရယ်မော နေကြပါတယ်။
ကမ္ဘာမှာ အရယ်ရဆုံး ဟာသတစ်ပုဒ်ကို ကြားလိုက်ရတဲ့ အတိုင်းပါပဲ။ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်အဆင့် ၅နဲ့ အဆင့်၂။ ကြားထဲမှာ အဆင့်၃ဆင့်တောင် ကွာခြားတယ်လေ။
လူသားနယ်ပယ် အဆင့်၂က လူက သူ့ထက် အဆင့်၅ဆင့်မြင့်တဲ့ လူသားနယ်ပယ် အဆင့်၇ က လူကို စိန်ခေါ်ရင်တောင် နိုင်ဖို့ ဖြစ်နိုင် ပါသေးတယ်။
ဒါက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ပါ။ အဆင့်ကလေးတစ်ဆင့် ကွာသွားရင်တောင် နိုင်ဖို့ အခွင့်အရေးက ၄၀ ရာခိုင်နှုန်းအောက်ပဲ ရှိတာလေ။ အဆင့်၃ဆင့် ဆိုရင်တော့ စဉ်းစားသာ ကြည့်ပါတော့။
“စောက်ရူး”
ဒီစကားလုံးက ယန်ခိုင်ရဲ့ ပါးစပ်ကနေ ထွက်ကျလာတာပါ။ သူကလည်း ဒီနှစ်ပိုင်းမှာ လူသားနယ်ပယ် အဆင့်၉ ကို ရောက်လာခဲ့ပါပြီ။
“တကယ့် စောက်ရူးပဲ”
ယန်ကျန်းနဲ့ ယန်လီရဲ့ ပါးစပ်ထဲကနေလည်း လီဖူချန်းကို ချီးကျူးထောမနာ ပြုသံတွေ ထွက်လာ ပါတယ်။
ရှန်းတုကလန်က ကောင်တွေကတော့ လီဖူချန်းရှုံးတာနဲ့ ဟားဖို့ ပါးစပ်ပြင်နေ ကြပါတယ်။ ပြီးခဲ့တဲ့ တစ်ခေါက်က ကလန်၃ခု တိုက်ပွဲက ပျင်းစရာ ကောင်းသလောက် ဒီတစ်ခေါက် ပြိုင်ပွဲကတော့ တော်တော် ရသပေးပါတယ်။ သူတို့ ဒီနေ့ ဒီကိုလာရတာ တော်တော် တန်သွားပါပြီ။
“မြှောက်ကားထနေတဲ့ ကလေးပဲ။ ဒီကောင် ဒီနေ့ ငါ့လက်ထဲနေ ဘာမှမဖြစ်ပဲ လွှတ်သွားမယ်ဆိုရင် ငါ့ဘောကိုတောင် ဖြတ်ပြချင် လိုက်သေးတယ်"
ကောင်းယိုက စိတ်ထဲမှာ ကောင်းကောင်းကြီး ကြိမ်းဝါး နေပါတယ်။
“မင်း အရင်စလိုက်”
လီဖူချန်းက ဓားလက်ကိုင်ပေါ်မှာ လက်တင်ပြီး အသင့် အနေအထားနဲ့ စောင့်ဆိုင်း နေလိုက်တယ်။
စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၅က လူကို လက်နက်မဲ့ တိုက်ရအောင် သူ အဲဒီလောက် မရူးမိုက်သေးပါဘူး။
“မြေကြီးပေါ်မှာ လိမ့်ပြီး ငိုနေလိုက် စောက်ကလေး”
ကောင်းယိုက အရိုး တည်ဆောက်ပုံ ဘက်မှာကော၊ သိုင်းပညာကို နားလည် သဘောပေါက်မှု ဘက်မှာကော သာမန်ပါပဲ။
ဒါပေမဲ့ သူက မိုးပြာရောင် ဂိုဏ်းထဲကို ရောက်နေတာ ၁၀နှစ် ကျော်နေပါပြီ။
ဒီ၁၀နှစ်ဆိုတဲ့ အချိန်ကြီးက သူ့ကို ကျောက်စိမ်း ဆန်းကြယ်အရိပ် ကျင့်စဉ်ရဲ့ အဆင့်၉ကို ရောက်ဖို့အတွက် ကောင်းကောင်းကြီး လုံလောက် တယ်လေ။
သူက ကျောက်စိမ်း ဆန်းကြယ် အရိပ်အတွင်းအားကို ထုတ်ဖော်လိုက်တဲ့ အခါမှာတော့ လက်ထဲက အနက်ရောင် သံသေဓားက ၄ပေလောက် ထပ်ရှည် သွားပါတယ်။
ထို့နောက်မှာတော့ လီဖူချန်းကို အားကုန် ခုတ်ချ လိုက်ပါတော့တယ်။
လီဖူချန်းကလည်း ကြက်သွေးရောင် လျှို့ဝှက် မီးတောက် အဆင့်၁၁ကို ထုတ်ဖော်လိုက်ပြီး ကောင်းယိုရဲ့ ဓားချက်ကို ခုခံလိုက်ပါတယ်။
ဓားနှစ်လက် ထိပ်တိုက် တွေ့ဆုံလိုက်တာနဲ့ ဓားနှစ်လက်မှာ ပါလာတဲ့ အတွင်းအား အရှိန်အဟုန်တွေကြောင့် လေဟာနယ် အက်ကြောင်းကြီးတွေ သာမက မြေကြီးပေါ်မှာတောင် ကျင်းတွေ ချိုင့်တွေ ဖြစ်ပေါ် လာပါတယ်။
“မျက်နှာဖုံးနဲ့ လူထက်တော့ နည်းနည်း ပိုစွမ်းသားပဲ”
လီဖူချန်းက ကောင်းယိုရဲ့ အရည်အချင်းကို ကောင်းကောင်းကြီး ခန့်မှန်း လိုက်နိုင်ပါပြီ။
မျက်နှာဖုံးနဲ့လူက အဝါရောင် အထွတ်အထိပ် အဆင့် အတွင်းအား ကျင့်စဉ်ကို လေ့ကျင့် ထားတာပါ။ ဒါကြောင့် အဲကျင့်စဉ်ရဲ့ အဆင့်အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ရင်တောင် လီဖူချန်းရဲ့ ကြက်သွေးရောင် လျှို့ဝှက် မီးတောက်ကျင့် အဆင့်၇နဲ့ပဲ ညီပါသေးတယ်။
ကောင်းယိုရဲ့ ကျောက်စိမ်း ဆန်းကြယ် အရိပ်ကျင့်စဉ် ကတော့ ကြက်သွေးရောင် လျှို့ဝှက်ကျင့်စဉ် အဆင့်၉နဲ့ ညီတူမျှတူလောက် ရှိတဲ့အတွက် မျက်နှာဖုံးနဲ့ လူထက် ၂ ဆင့်လောက်သာ ပါတယ်။
ဒါပေမဲ့ မျက်နှာဖုံးနဲ့လူက ကျင့်ကြံခြင်းမှာ ကောင်းယိုထက် သာတဲ့အတွက် သူတို့ နှစ်ယောက်စလုံးရဲ့ အတွင်းအားကတော့ ညီတူလောက် သွားကျပါတယ်။
ဒီလို ညီနေတဲ့အခါမှာ ကောင်းယိုရဲ့ ခန္ဓကိုယ် ပြင်ပအားကို ပြန်ကြည့်ရပါမယ်။ ကောင်းယိုရဲ့ ခန္ဓာကိုယ် ပြင်ပအားက မျက်နှာဖုံးနဲ့လူထက် အတော်လေး သာနေပါတယ်။
ဒါကြောင့် အဘက်ဘက်ကနေ ယှဉ်ကြည့်လိုက်တဲ့ အခါမှာတော့ ကောင်းယိုက မျက်နှာဖုံးနဲ့ လူထက် အစွမ်းထက် ပါတယ်။
' အရင်တုန်းက လီဖူချန်း မဟုတ်တော့တာ မင်း ကံဆိုးတာပဲ'
အရင်တုန်းက ဆိုရင်တော့ လီဖူချန်းက ကောင်းယိုကို ထိပ်တိုက် ရင်တိုင်ဖို့ မဖြစ်နိုင်ပါဘူး။ သူအတတ်နိုင်ဆုံး လုပ်နိုင်တာဆိုလို့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို အားကိုးပြီး ခံစစ်နဲ့နေမယ်။ ပြီးရင် လေအရိပ်ခြေလှမ်းနဲ့ ပတ်ပြေးမယ်။
ဒါပဲ လုပ်နိုင်မှာပါ။
အခုလက်ရှိ လီဖူချန်းကတော့ ကြက်သွေးရောင် လျှို့ဝှက် မီးတောက် ကျင့်စဉ် အဆင့်၁၁ကို အောင်မြင်ပြီး သွားတဲ့သူလေ။
လေအရိပ်ခြေလှမ်းနဲ့ ကြယ်ပျံ ဓားသိုင်းကလည်း ပြီးပြည့်စုံခြင်း အဆင့် ရောက်ပြီး သွားပါပြီ။ ပြောရမယ်ဆိုရင် သူ့ရဲ့ စွမ်းရည် အလုံးစုံက အဆင့်နောက်တစ်ဆင့် တက်သွားခဲ့ပါပြီ။
ချွင်ချွင် ထန်ထန်…
သူတို့ နှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် အဆက်မပြတ် တိုက်ခိုက် နေပါတယ်။ ဓားနှစ်လက် ထိမိလိုက်တိုင်းမှာ မီးပွင့်လေးတွေက ဖြာထွက်လာသလို အတွင်းအားလှိုင်း ပေါက်ကွဲမှုတွေ ကလည်း နေရာ အနှံ့မှာပါပဲ။
(ဒီကောင်က တကယ်ကြီး ငါ အစွမ်းကုန် တိုက်တာကို ခံနိုင်တာလား)
ကောင်းယိုက လုံးဝ မယုံကြည်နိုင်ပဲ ဖြစ်နေပါတယ်။
“မင်း ဒီတစ်ခါ ခံနိုင်ရင် ခံစမ်း”
ကောင်းယိုက သူ့ရဲ့ သက်စောင့် အတွင်းအားတွေကို အကုန် ထုတ်သုံးလိုက်ပြီး လီဖူချန်းကို သွေးရူးသွေးတန်း တိုက်ခိုက် လိုက်ပါတယ်။
သူ့ရဲ့ဓားထိပ်က ချီအတွင်းအား ဓားသွားကလည်း ၆လက်မလောက် ထပ်ရှည် လာပါပြီ။ သူက သူ့ဓားရဲ့ အရှည်ကို အားကိုးပြီး လီဖူချန်းအပေါ် အသာစီးယူဖို့ ကြိုးစား လိုက်တာပါ။
ဒါပေမဲ့ လီဖူချန်းရဲ့ တိုက်ခိုက်မှု အတွေ့အကြုံက အရမ်း ကောင်းနေတယ် ဆိုတာကို သူ မျက်ဝါးထင်ထင် ကြုံတွေ့ လိုက်ရပါပြီ။
သူ့ဓားရဲ့အရှည်က လီဖူချန်း အပေါ် အသာစီး မယူနိုင်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လီဖူချန်းက အရမ်းကို နီးကပ်စွာနဲ့ သူ့ကို တိုက်ခိုက် လာလို့ပါပဲ။
ကောင်းယိုက သူ့ဓားကွက်တွေကို ထုတ်ဖို့တောင် အတော်လေး ခက်ခဲနေပါတယ်။
လီဖူချန်းက ကောင်းယိုဓားရဲ့ လက်တစ်ကမ်းမှာ ရှိမနေပဲ ဓားချက် ဧရိယာ အတွင်းပိုင်းထဲအထိ ထိုးဝင်လာတဲ့ အတွက် ကောင်းယိုရဲ့ ရှစ်ပေနီးပါးရှိတဲ့ ဓားရှည်ကြီးက တုတ်တစ်ချောင်း သာသာလောက်တောင် အသုံး မကျတော့ပါဘူး။
ပြီးတော့ လီဖူချန်းရဲ့ဓားက ၃ ပေကျော်ကျော်ပဲ ရှိတဲ့အတွက် ကောင်းယိုကို ကောင်းကောင်း ဒုက္ခပေးနေပါတယ်။
ကောင်းယိုက လီဖူလျန်းနဲ့ ဓားတစ်ကမ်း အကွာအဝေး ဖြစ်အောင် ဆုတ်နေပေမဲ့ တိုက်ခိုက်ရေး အရာမှာ ဖျံကျလွန်းတဲ့ လီဖူချန်းက လေအရိပ် ခြေလှမ်းကို သုံးပြီး ထက်ကြပ်မကွာ ကပ်လိုက် နေပါတယ်။
တိုက်ကွက်တွေ အတော်လေး ယှဉ်ပြိုင် အပြီးမှာတော့ တစ်ကွက်မှာ ကောင်းယိုက သူ့ဓားရှည်ကို ကောင်းကောင်းကြီး အသုံးချ နိုင်မယ့် အခွင့်အရေး တစ်ခု ရလာပါတယ်။
“လေနှင်ရာ တိမ်ခရီး”
သူ့ရဲ့ ချီအတွင်းအား ဓားသွားက ကျာပွတ် ပုံသဏ္ဌာန် ပြောင်းသွားပြီး လီဖူချန်းကို အလစ်အငိုက် ဖမ်းပြီး ရိုက်ချ လိုက်တာပါ။
“ဘန်း…"
ချီအတွင်းအား ဓားသွားက လီဖူချန်းကို ခုတ်မိ သွားပါတယ်။ ခက်တာက အဲဒါက လီဖူချန်းရဲ့ အရိပ် ဖြစ်နေတာပါပဲ။
လေအရိပ်ခြေလှမ်းကို ပြီးပြည့်စုံခြင်း အဆင့်ရောက်အောင် လေ့ကျင့်ထားနိုင်ပြီ ဖြစ်တဲ့အတွက် လီဖူချန်းရဲ့ သွက်လက်မှုတွေက လုံးဝ တစ္ဆေတစ်ကောင် အလားပါပဲ။
သူက ကောင်းယိုရဲ့ ဘေးမှာ ရုတ်တရက် ပေါ်လာပြီး
“ကြယ်ပျံ ဓား”
လေထဲမှာပဲ လီဖူချန်းက သူ့ရဲ့ အထူးဓားကွက်ကို ထုတ်ဖော်လိုက်ပါတယ်။
ဓား အလင်းတန်းတွေက ဖြာထွက်သွားပြီး ကောင်းယိုရဲ့ ချီအကာအကွယ်ကို ဖျက်ဆီး လိုက်ပါတယ်။
ထို့နောက်မှာတော့ လီဖူချန်းရဲ့ အနက်ရောင် သံဓားကို ကောင်းယိုရဲ့ ဘယ်ဘက်ပခုံးမှာ ထိုးစိုက် သွားပါပြီ။
လီဖူချန်းက သူ့လက်မောင်းကို အားစိုက်လိုက်ပြီး ကောင်းယိုကို မတင် လိုက်ပါတယ်။
“မင်း ရှုံးပြီ”
လီဖူချန်းဆီက ရေခဲတမျှ အေးစက်နေတဲ့ စကားသံတစ်ခု ထွက်ပေါ် လာပါတယ်။ ကောင်းယိုက သူ့ခန္ဓာကိုယ်က နာကျင်နေပေမဲ့လည်း သူ့ရဲ့အရှက်သိက္ခာတွေ ဗြန်းဗြန်းကွဲ သွားတာထက်တော့ ပိုပြီး နာကျင်စရာ မရှိတော့ဘူးလို့ ခံစား နေရပါတယ်။
လူတစ်ယောက်က ဓားနဲ့မပြီး လေပေါ် မြှောက်ခံထားရတယ် ဆိုတာထက်ပိုပြီး ရှက်စရာ ကောင်းတဲ့ ဖြစ်ရပ်မျိုး ဒီကျင့်ကြံခြင်း လောကမှာ မရှိတော့ပါဘူး။
“လီဖူချန်းက လူကော ဟုတ်သေးရဲ့လား”
လီရှန်းရှီနဲ့ လီကျင်းရွယ်က ပါးစပ် အဟောင်းသားနဲ့ လီဖူချန်းကို ငေးကြည့် နေပါတယ်။ ကျင့်ကြံခြင်း နယ်ပယ် အဆင့်၃ဆင့်ကွာတဲ့ ကောင်းယိုကို အနိုင်ယူ လိုက်တယ်။
ဒါက သူတို့ တွေးထင် နိုင်တာထက်ကို လွန်နေပါပြီ။ ကောင်းယိုက အပြင်လောကက သိုင်းပညာရှင်တွေလို မဟုတ်ပါဘူး။
အတွင်းစည်း ဂိုဏ်းသား ဖြစ်တဲ့အတွက် သူ့ဆီမှာ အဆင့်မြင့် အတွင်းအား ကျင့်စဉ်နဲ့ အဆင့်မြင့် ဓားသိုင်းပညာ ရှိပါတယ်။
“မဖြစ်နိုင်ဘူး”
ကောင်းရီလုံက မျက်နှာပျက်နေပြီး စကားတစ်ခွန်းကို ခပ်တိုးတိုး ရေရွတ် လိုက်ပါတယ်။ သူ့ရဲ့နောက်မှာ ရပ်နေတဲ့ ကောင်းကလန် သားတွေ ကလည်း “အတိတ်မေ့သလို ရွှေပျောက်သလို” ယောင်အအ ဖြစ်နေကြပါပြီ။
တချို့ဆိုရင် သူတို့ အသားသူတို့ ဆိတ်ပြီး အိပ်မက်လား တကယ်လား ဆိုတာ စမ်းသပ် နေကြပါတယ်။
“တကယ်လို့ အခွင့်အရေးရရင် ဒီစောက်ကလေးကို ရှင်းပစ်ရမယ်”
ယန်အိုကလည်း ဖြစ်ပျက် သွားတာတွေကို မြင်ပြီး နောက်မှာတော့ လီဖူချန်းကို သတ်ပစ်မှ ဖြစ်မယ် ဆိုတာကို နားလည် သဘောပေါက် သွားပါပြီ။
လီဖူချန်း ရှိနေသရွေ့ ကတော့ ယန်ကလန်က အန္တရာယ်ဇုံထဲမှာ ဖြစ်နေမှာပါပဲ။
ဒီလိုပုံအတိုင်းသာ ဆက်သွားမယ်ဆိုရင် လီဖူချန်းက မြေကမ္ဘာအဆင့်ကို လုံးဝမလွဲမသွေ ရောက်မှာပါ။
လီဖူချန်း မြေကမ္ဘာအဆင့်ကို ရောက်သွားပြီ ဆိုတာနဲ့ ယန်ကလန်ဘဝ ပျက်ပါပြီ။ ယုံဝူးမြို့စား ရှန်းတုကျန်းဟီတောင် လီဖူချန်းကို နိုင်ပါ့မလား ဆိုတာ မသိနိုင်တဲ့အဖြစ်ပါ။ ရှန်းတုကလန် ဘက်မှာလည်း အကျေအလည် ဆွေးနွေးပွဲတွေ စနေပါပြီ။
"မင်းတို့ အမြင်မှာ ဒီလီဖူချန်းက ငါတို့ ရှန်းတုကလန်ကို ဖိအား ပေးနိုင်မယ်လို့ မြင်လား”
ရှန်းတုကျန်းမင်က ကလန်သားတွေရဲ့ အမြင်ကို မေးလိုက်ပါတယ်။ ရှန်းတုကလန် သားတွေက တညီတညွတ်တည်း ခေါင်းညိတ် လိုက်ကြပါတယ်။
“ဒီကောင်လေး ကြီးလာရင် ငါတို့ ရှန်းတုကလန်တော့ ပြဿနာ အကြီးကြီး တက်ပြီ”
ရှန်းတုကလန်သားတွေ အားလုံးရဲ့အမြင်က တစ်ထပ်တည်း တူညီနေပါတယ်။
“အခွင့်အရေး ရအောင် ရှာပြီး ဒီကောင့်ရဲ့ ဒန့်တျန်ကို ဖျက်ဆီး”
ရှန်းတုကျန်းမင်က တစ်ချက်လွှတ် အမိန့် ထုတ်လိုက်ပါတယ်။
(ဒန့်တျန်= စွမ်းအင်စု ဆောင်းရာ ချီပင်လယ်။ ဒန့်တျန် ၃နေရာ ရှိပါတယ်။ ရင်ခေါင်း တည့်တည့်ရယ်။ မျက်ခုံနှစ်ခုကြား အပေါ်တစ်လက်မ နေရာရယ်။ ချက်အောက် နှစ်လက်မ နေရာရယ်ပါ။ လီဖူချန်းရဲ့ စိတ်ဝိညာဉ် နှစ်ခုက နဖူးတည့်တည့် ဒန့်တျန်မှာ ရှိနေပါတယ်။)
***