← Chapters

စကားဖြတ်ပြောခြင်း

Vol. 77 Ch. 1069

စကားဖြတ်ပြောခြင်း

Vol. 77 Ch. 1069

အန်လင်းနှင့် လန်ရှောင်နီမှာ အံ့အားသင့်သွားရသည်။

သူက နှုတ်ဆက်နေတာလား......

အန်လင်းသည် ထိုသည်ကို မငြင်းပယ်ရဲသောကြောင့် ချက်ချင်းပင် လက်ဆွဲနှုတ်ဆက်လိုက်သည်။ ၎င်း၏လက်သည် အေးစက်ချောမွေ့ကာ ဂျယ်လီတစ်ခုလိုပင်။

ထို့နောက် အန်လင်းမှာ လက်ပြန်ရုတ်လိုက်သည်။

နတ်ဘုရားသည် ၎င်းတို့အား ရန်သူအဖြစ် သတ်မှတ်ထားပုံ မရပေ။

နှုတ်ဆက်ခြင်းမှာ ကောင်းမွန်ပါသော်လည်း အန်လင်းသည် စိတ်ဒုန်းဒုန်း မချရဲသေးပေ။

“စီနီယာ ကျုပ်တို့ကို အိမ်ပြန်ပို့ပေးပါလား။”

သူလေးလေးစားစား တောင်းဆိုကြည့်လိုက်သည်။

နတ်ဘုရားသည် မည်သည့်စကားမှ မဆိုပဲ လန်ရှောင်နီဘက် လှည့်သွားသည်။

အန်လင်းတို့၏ စိတ်ဝိဥာဥ်ထဲသို့ စကားသံတစ်ခု ရောက်ရှိလာသည်။

“မင်းက ဒီနေရာနဲ့ မသက်ဆိုင်ဘူး။ မင်း....”

အန်လင်း စကားဖြတ်ပြောလိုက်သည်။

“ကျုပ်တို့ အိမ်ပြန်သင့်တယ်လေ။ ကျေးဇူးပြုပြီး အိမ်ပြန်ပို့ပေးပါဗျာ။”

နတ်ဘုရားမှာ ငြိမ်သက်သွားရသည်။

အန်လင်းနှင့် လန်ရှောင်နီသည်လည်း သက်ပြင်းခိုးချလိုက်ကြ၏။

နတ်ဘုရားကသာ ပျောက်ကွယ်သွားသင့်တယ်ဟု ဆိုလာပါက ငါးပါးမှောက်ပြီပင်။

ကံကောင်းထောက်မစွာဖြင့် အန်လင်းမှာ ရဲတင်းစွာ စကားဖြတ်ပြောခဲ့သည်။

လန်ရှောင်နီ ကျေးဇူးတင်စွာဖြင့် အန်လင်းအား လှမ်းကြည့်လိုက်သည်။

အန်လင်းသည် အန္တရာယ်များမှန်း သိသိရက်နှင့် စွန့်စားခဲ့ခြင်း ဖြစ်သည်။

အန်လင်းမှာ သတိလက်လွတ် အဖြစ်မခံပဲ နတ်ဘုရားအား တစ်ချိန်လုံး စောင့်ကြည့်နေသည်။

မကြာမီပင် ၎င်းမှာ အန်လင်းဘက် လှည့်လာပြန်သည်။

“မင်းလုပ်လို့မရ......”

“ဟုတ်တယ်။ ကျုပ်ဒီမှာ နေလို့မရဘူး။ ကျုပ်ကမ္ဘာကျုပ် ပြန်သင့်တယ်လေ။ ပြန်ပို့ပေးပါလား။”

အန်လင်း စကားဖြတ်ပြောလိုက်ပြန်သည်။

နတ်ဘုရား : “.....”

အန်လင်းမှာ နှလုံးခုန်သံများ မြန်နေသည်။

ထိုနတ်ဘုရား၏ စကားတစ်ခွန်းအား ထိတ်လန့်လွန်းသောကြောင့် ၎င်းတို့ အိမ်ပြန်သင့်ကြောင်း သုံးကြိမ်တိုင်တိုင် ပြောပြခဲ့သည်။

နတ်ဘုရားအနေဖြင့် အပေါက်တစ်ခုဖြစ်ဖြစ် ပြုလုပ်ကာ ၎င်းတို့အား အိမ်ပြန်ပို့ပေးရန်လည်း ဆုတောင်းနေမိသည်။

အန်လင်းမှာ နတ်ဘုရားအား မျက်ခြေမပြတ် ကြည့်ရှုနေသည်။

နတ်ဘုရားမှာ အချိန်အတန်ကြာ ငြိမ်သက်နေပြီးနောက် စကားဆိုလာသည်။

“ငါအခု.....”

“ဟုတ်တယ်။ ကျုပ်တို့ကို အခုပဲ ပြန်ပို့ပေးတော့မယ်မလား။”

အန်လင်း စိတ်လှုပ်ရှားသော အမူအရာနှင့် ပြောလာသည်။

နတ်ဘုရား : “.....”

လန်ရှောင်နီ : “......”

ဆရာကြီးအန်လင်းက နည်းနည်းများနေပြီမလား.....

ဖြောင်း.....

အန်လင်း ဖင်ထိုင်ရက် လဲကျသွားသည်။

အားကောင်းလှသော ချိပ်ပိတ်စွမ်းအင်ကြောင့် သူလှုပ်မရတော့ပေ။

သေစမ်း......

အန်လင်း လန့်ဖြန့်သွားရသည်။

ငါတော့နားကားပြီပဲ.....

“ဆရာကြီးအန်လင်း....”

လန်ရှောင်နီမှာ အန်လင်းရှေ့သို့ ချက်ချင်းရောက်ရှိလာသည်။

အန်လင်းသည် လန်ရှောင်နီအား စိတ်အေးအေးထားရန် ဖြောင်းဖြလိုပါသော်လည်း စကားပင် မပြောနိုင်တော့ပေ။

သူသည် မည်သည်ကိုမှ ဝင်ပါခွင့် မရှိတော့ပေ။

နတ်ဘုရားသည် အန်လင်းအားကြည့်ကာ စိတ်ကျေနပ်သွားဟန်ဖြင့် လန်ရှောင်နီထံ လှည့်လာသည်။

“ငါအခု သဘောတူညီချက်ကို ဖြည့်ပေးရတော့မယ်။”

လန်ရှောင်နီမှာ မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူရော်နေသည်။

“မင်းက ဒီနေရာနဲ့ မသက်ဆိုင်ဘူး။ မင်းက ဂျူနီယာနှစ်ယောက် ရွေးချယ်ထားတဲ့ ကြမ္မာဆောင်သူမလား။”

“အမ်....”

လန်ရှောင်နီ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

အန်လင်း : “......”

ဟုတ်တယ်လို့သာ မြန်မြန်ပြောလိုက်ပါဟ.....

အန်လင်း စိတ်ထဲမှ အော်ဟစ်နေမိသည်။

လန်ရှောင်နီ အလိုလို ခေါင်းညိတ်လိုက်သည်။

“ဟုတ်ပါတယ်။ ကျွန်မက ကြမ္မာဆောင်သူပါ။”

နတ်ဘုရား ခေါင်းညိတ်ပြလာသည်။

“မင်းက လိုအပ်ချက်တွေနဲ့ ကိုက်ပါတယ်။ တကယ်ကိုကောင်းတဲ့ အိုးတစ်လုံးပဲ။”

အိုး.... အိုးလား.....

ဘယ်လိုစကားကြီးလဲ.....

အန်လင်းရော၊ လန်ရှောင်နီပါ ကြောင်တောင်တောင် ဖြစ်သွားရသည်။

လန်ရှောင်နီမှာ ကြမ္မာဆောင်သူ မဟုတ်ကြောင်း ငြင်းဆိုချင်ပါသော်လည်း ထိုသို့ပြောလိုက်ပါက နောက်ဘဝသို့ အမြန်ချောပို့နှင့် ရောက်သွားနိုင်ကြောင်း ခံစားနေရသည်။

နတ်ဘုရားသည် လက်ညှိုးနှစ်ချောင်းအားပူးကာ ခွာလိုက်သည်နှင့် သမုဒ္ဒရာ စွမ်းအင်များ ပါဝင်နေသယောင်ရှိသော အပြာရောင် အလုံးတစ်ခု ဖြစ်ပေါ်လာသည်။

နတ်ဘုရားမှာ လက်တစ်ချက် လှုပ်လိုက်သည်နှင့် ထိုစွမ်းအင်လုံးမှာ လန်ရှောင်နီ နဖူးထဲ ဝင်ရောက်သွားသည်။

လန်ရှောင်နီ အော်ဟစ်လိုက်ပါသော်လည်း သူမ၏ အရှိန်အဝါများမှာ သမုဒ္ဒရာတခွင် ပျံ့နှံ့သွားလေသည်။

ထိုအရှိန်အဝါမှာ တဖြည်းဖြည်းနှင့် ပိုမိုအားကောင်းလာသည်။

အန်လင်းမှာ ရုန်းကန်နေပါသော်လည်း မည်သို့မျှ မလှုပ်နိုင်ပေ။

လန်ရှောင်နီ ဘာမှဖြစ်လို့ မရဘူး......

မြန်မြန်လှုပ်ရှားမှဖြစ်မယ်.....

ဝုန်း.....

ကြောက်မက်ဖွယ် စွမ်းအင်တစ်ခု ပေါက်ကွဲသွားသည်။

လန်ရှောင်နီထံမှ ညင်သာပါသော်လည်း လေးနက်၊ နက်ရှိုင်းလွန်းသော စွမ်းအင်များ ဖြာထွက်လာသည်။

ထိုစွမ်းအင်သည် နတ်ဘုရား တစ်ပါး၏ စွမ်းအင်အလား ဤလောကကိုပင် ကျော်လွန်နေကြောင်း အန်လင်း ခံစားမိသည်။

အိုး... အိုးလား....

သူမက လန်ရှောင်နီ ဟုတ်သေးရဲ့လား....

လန်ရှောင်နီသည် ထိုအတွေးကို သိနေသည့်အလား အန်လင်းဘက်သို့လှည့်ကာ ပြုံးပြလာသည်။

“ဆရာကြီးအန်လင်း ငါအဆင်ပြေပါတယ်။”

လန်ရှောင်နီ၏ နဖူးထက်တွင် အပြာရောင် ရေစက်သဏ္ဍာန် အမှတ်အသားတစ်ခု ရှိနေလေပြီ။

နတ်ဘုရားမှာ စိတ်ကျေနပ်သွားဟန်ရှိသည်။

“အားလုံး အဆင်ပြေသွားပြီပဲ။ အခုက မင်းတာဝန်ကို ထမ်းဆောင်ရမယ့် အချိန်ပဲ။”

အန်လင်းနှင့် လန်ရှောင်နီ ဝမ်းသာသွားရသည်။

မည်သို့ပင်ဆိုစေကာမူ ထိုနတ်ဘုရားသည် ၎င်းတို့အား အိမ်ပြန်ပို့ပေးမည့်ပုံ ရှိသည်။

နတ်ဘုရားမှာ လက်ညှိုးထိုးလိုက်သည်နှင့် လမ်းကြောင်းတစ်ခု ချက်ချင်းဖြစ်ပေါ်လာသည်။

“အနောက်ပင်လယ်ကို အုပ်စိုးပြီး ထိုက်ချူကုန်းမြေက လူသားမျိုးနွယ်စုကို သုတ်သင်ခဲ့။”

All Chapters