နတ်ဘုရားမ လန်ရှောင်နီ
Vol. 77 Ch. 1071
လမ်းကြောင်းထဲ၌.....
အန်လင်းနှင့် လန်ရှောင်နီအား တွေ့လိုက်ရသောကြောင့် နတ်ဆရာခေါင်းဆောင် နှစ်ပါး အံ့အားသင့်သွားရသည်။
အန်လင်းတို့ ပြန်လာနိုင်စရာ အကြောင်းမရှိပေ။
နတ်ဆရာခေါင်းဆောင်များသည် ရုပ်ထုပြန်ဖြစ်သွားသည့်အလား တောင့်တောင့်ကြီး ရပ်နေမိကြသည်။
အန်လင်းတို့ ထွက်လာပြီးနောက် အပေါက်ကြီးမှာ ပြန်ပိတ်သွားလေသည်။
နတ်ဘုရားကိုယ်တိုင် ပြန်လည်ပို့ဆောင်ပေးလိုက်ခြင်းဖြစ်ကြောင်း သိသာလှသည်။
ထျန်းချန်ကျီ မယုံကြည်နိုင် ဖြစ်နေသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကြယ်စင်ကချေသည်နဲ့ မတွေ့ခဲ့ဘူးလား။ ငါအသိအမှတ် မပြုတဲ့သူကို နတ်ဘုရားက လက်ခံမှာတဲ့လား။ ဘာဖြစ်လို့ ပြန်တောင်ပို့ပေးလိုက်တာလဲ။”
သူမ၏ စိတ်ထဲတွင် မေးခွန်းများစွာ ရှိနေသည်။
အန်လင်းတို့သည် သူမအား ဂရုပင် မစိုက်ပဲ တချိုးတည်း ထွက်ပြေးတော့သည်။
“ပြန်လာခဲ့....”
ထျန်းချန်ကျီ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
အန်လင်းသည် မြေအောက်ကမ္ဘာ၏ မူလစွမ်းအင်နှင့်အတူ နယ်မြေထိုးဖောက်လက်သည်းအားသုံးကာ ထျန်းချန်ကျီ၏ လေဟာနယ်ချိပ်စည်းအား ထိုးဖောက်လိုက်သည်။
ထိုအချိန်မှာပင် အဖြူရောင် ပုံရိပ်တစ်ခု ရောက်ရှိလာလေသည်။
ထိုအဖြူရောင် လူသားသည် ၎င်းတို့နောက် သည်းကြီးမည်းကြီး လိုက်လာသည်။
၎င်းသည် အန်လင်း၏ သိုလှောင်လက်စွပ်ကိုသာ အာရုံထားနေသည်။
အန်လင်း မျက်နှာပျက်သွားရသည်။
ယီးဖြစ်လို့ ငါ့သိုလှောင်လက်စွပ်ပဲ လိုချင်နေကြတာလား....
“ယီးပဲ....”
အန်လင်းမှာ အထွဋ်အထိပ် မြေကြာပန်းအတတ်နှင့်အတူ တောင်ခွင်းလက်သီးအားသုံးကာ ထိုပုံရိပ်အား တစ်လုံးကျွေးလိုက်သည်။
ဘန်း....
ကြောက်မက်ဖွယ် စွမ်းအင်များ ပေါက်ကွဲသွားတော့သည်။
အဖြူရောင် လူသားမှာလည်း သွေးများနှင့်အတူ နတ္ထိတံသွားသည်။
“ပိုင်လေး.....”
ထျန်းချန်ကျီ ဒေါသထွက်သွားသည်။
ပိုင်လေးအား သူမနှင့် ရှီးဟိုင်ဇယ်တို့အတူ ဖန်ဆင်းခဲ့ရသည်။
အန်လင်းသည် ပိုင်လေးအား လက်သီးတစ်လုံးဖြင့် ဖျက်စီးပစ်လိုက်သည်။
“ဘယ်မှသွားဖို့ မစဥ်းစားနဲ့။”
ရှီးဟိုင်ဇယ်မှာ အံ့ဖွယ်တာအို အစွမ်းများအား ထုတ်ဖော်လိုက်သည်။
ထိုအစွမ်းတွင် ဟင်းလင်းပြင်သို့အပြန် အဆင့်များကိုပင် တစ်စစီ ဖြစ်စေနိုင်သော အေးခဲခြင်းနှင့် တိုက်စားခြင်းများ ပါဝင်နေသည်။
လှိုင်းလုံးကြီးမှာ ကောင်းကင်လက်ဝါးကြီးအလား ရက်ရက်စက်စက် ကျဆင်းလာသည်။
၎င်းတို့အတွက် ထွက်ပြေးစရာ နေရာမရှိပေ။
အန်လင်းမှာ စစ်ပွဲအတွက် အသင့်ပြင်လိုက်သည်။
ထိုအချိန်မှာပင် ပုံရိပ်တစ်ခုမှာ သူ၏ရှေ့သို့ ရောက်ရှိလာလေသည်။
အန်လင်း အော်ဟစ်လိုက်သည်။
“လန်ရှောင်နီ မင်းရူးနေတာလား။”
လန်ရှောင်နီမှာ လှိုင်းလုံးအားကြည့်ကာ စကားတစ်ခွန်းသာ ဆိုလိုက်သည်။
“ရပ်လိုက်....”
ရပ်တန့်မရနိုင်သော လှိုင်းလုံးကြီးမှာ ရုတ်ချည်းဆိုသလို ရပ်တန့်သွားသည်။
အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ရှီးဟိုင်ဇယ်နှင့် ထျန်းချန်ကျီလည်း မျက်လုံးပြူးကုန်သည်။
လန်ရှောင်နီ၏ နဖူးထက်မှ ရေစက်သဏ္ဍာန် အမှတ်အသားမှာ လင်းလက်နေပြီး နတ်ဘုရားမတစ်ပါးဟု ထင်မှတ်ရစေသည်။
“သွားစမ်း.....”
ဝုန်း......
လှိုင်းလုံးကြီးမှာ ရှီးဟိုင်ဇယ်တို့ဘက် လှည့်သွားလေသည်။
“ဒါက.....”
ရှီးဟိုင်ဇယ် ဘာမှပင် မပြောနိုင်ပေ။
ထိုစွမ်းအင်သည် ရှေးဟောင်းကောင်းကင်နတ်ဘီလူးနှင့် ဆင်တူလွန်းနေသည်။
ထျန်းချန်ကျီသည် အကာအရံ တစ်ခုအား အမြန်ဖန်ဆင်းလိုက်ပါသော်လည်း ရှီးဟိုင်ဇယ်၏ အံ့ဖွယ်တာအို လှိုင်းလုံးအား ယှဥ်နိုင်မည် မဟုတ်ပေ။
လှိုင်းလုံးကြီးမှာ ရှီးဟိုင်ဇယ်တို့အား ဖုံးလွှမ်းသွားသည်။
ခန်းမတစ်ခုလုံးသည်လည်း သမုဒ္ဒရာအသွင် ပြောင်းသွားရသည်။
အန်လင်းသည် လန်ရှောင်နီအားကြည့်ကာ အားကိုးရသားပဲဟု တွေးနေမိသည်။
ကြောက်တတ်လွန်းသော သူမသည် နတ်ဆရာခေါင်းဆောင်များကိုပင် သမနေလေပြီ။
“မင်းဒီအစွမ်းတွေ ဘယ်ကခိုးလာတာလဲ။”
အန်လင်း အံ့သြနေသည်။
လန်ရှောင်နီ မကျေမနပ် ဖြစ်သွားရသည်။
“ငါ့ကို ဒီတိုင်းချီးကျူးလို့ မရဘူးလား။”
အန်လင်း လက်မထောင်ပြလိုက်သည်။
“လက်အောက်ငယ်သားလေး လန်ရှောင်နီက အရမ်းတော်တာပဲ။”
လန်ရှောင်နီ : “......”
“နီလေး မင်းကိုငါ မှီခိုလို့ ရပြီပဲ။”ဟူသော စကားမျိုး ပြောလာလိမ့်မည်ဟု တွေးထားခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ အန်လင်းသည် ငကြွားတစ်ယောက်သာဖြစ်ကာ အခြားသူအား မချီးကျူးတတ်ပေ။
ရှီးဟိုင်ဇယ်မှာ လှိုင်းလုံးများကြား ခေါင်းထောင်လာသည်။
လန်ရှောင်နီ အမူအရာ ပြောင်းသွားကာ အန်လင်းအား လက်ဆွဲပြေးတော့သည်။
“ပြေးရအောင်လေ။”
အန်လင်း ကြောင်တောင်တောင် ဖြစ်သွားသည်။
“မင်းက ဆရာမကြီး ဖြစ်နေပြီပဲ။ ပြေးရဦးမှာလား။”
လန်ရှောင်နီမှာ အန်လင်းအား အသံပို့ဆောင်လိုက်သည်။
“ရေတွေအားလုံးကို ထိန်းချုပ်နိုင်ပေမယ့် တခြားစွမ်းအင်သာဆိုရင် ငါတို့နားကားလိမ့်မယ်။”
အန်လင်း သဘောပေါက်သွားကာ လျှပ်စီးခြယ်လှယ်နည်းစနစ်အား တွေးမိလိုက်သည်။
အန်လင်း လန်ရှောင်နီအားကြည့်ကာ မေးလိုက်သည်။
“ရိုးရိုးသားသားပြောနော်။ မင်းစနစ်တွေဘာတွေ ရလိုက်တာလား။”
လန်ရှောင်နီ နားမလည်ပေ။
“အမ်...”
အန်လင်း : “......”
အထင်လွဲသွားတာ ထင်ပါတယ်.....
ရှေးဟောင်းကောင်းကင်နတ်ဘီလူး.......
ကြယ်စင်ကချေသည် ရေးထားတာ ရှေးဟောင်းကောင်းကင်နတ်ဘီလူးက ရေတွေအားလုံးကို ထိန်းချုပ်နိုင်တယ်တဲ့.....
အန်လင်း အတွေးများကာ နတ်ဘုရား၏ စကားများအား သေချာပြန်စဥ်းစားမိသည်။
တစ်ချိန်တည်းမှာပင် ခေါင်းတလား ထွက်ပေါက်ထံ ပြေးနေကြလေသည်။
နတ်ဆရာခေါင်းဆောင်များမှာ ၎င်းတို့နောက်မှ လိုက်လာသည်။
သို့သော် ရှီးဟိုင်ဇယ်မှာ ရုတ်တရတ် ရပ်တန့်ကာ ထျန်းချန်ကျီကိုပါ ဆွဲထားလိုက်သည်။
“ဘာဖြစ်တာလဲ။ ဆက်မလိုက်ရင် သူတို့ထွက်ပြေးသွားလိမ့်မယ်။”
ထျန်းချန်ကျီ စကားဆိုလာသည်။
ရှီးဟိုင်ဇယ် အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်။
“ကိုယ်တို့မှားနေတယ်ထင်တယ်။”